04/05/2026
နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများ၏ Work Permit များအား
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးရန် အလုပ်သမားဝန်ကြီး
ညွှန်ကြား
___________________
မေလ ၁ ရက်နေ့ ကော့ဖငန်းကျွန်းမှ ကလေးထိန်းကျောင်းတစ်ခုကို
ဝင်ရောက်စစ်ဆေးပြီး တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနဲ့ နိုင်ငံခြားသား ၉ ဦးကို ဖမ်းဆီးရမိပြီးနောက်၊ အလုပ်သမားဝန်ကြီး
ဂျူလာဖန်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိုက်စိပ်တိုက်စစ်ဆေးဖို့
ညွှန်ကြားလိုက်ပါတယ်။ ဝန်ကြီးက အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး
စူရတ်ဌာနီခရိုင် အလုပ်သမားရုံးကို မြေပြင်မှာ အချက်အလက်တွေကို
အရေးပေါ်စစ်ဆေးဖို့ စေလွှတ်ထားသလို၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်
ကိုင်နေမှုများကိုတွေ့ရှိပါက ဥပဒေအရ တင်းတင်းကြပ်ကြပ်ကိုင်တွယ်
အရေးယူသွားမှာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန (DOE) က တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားရုံးတွေကို နယ်မြေဆင်းစစ်ဆေးဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိသူတွေ၊ ခွင့်ပြုချက်ထက်ကျော်လွန် လုပ်ကိုင်နေသူတွေနဲ့ လုံခြုံရေးအရ စောင့်ကြည့်ရမယ့် နိုင်ငံသားအုပ်စုတွေရဲ့ အလုပ်ပါမစ်လျှောက်ထားမှုတွေကို အရင်ကထက် ပိုမိုတင်းကြပ်စွာ စိစစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဥပဒေဖောက်ဖျက်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေဟာ ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ချမှတ်ခံရမှာဖြစ်ပြီး နေရပ်ပြန်ပို့ခံရမယ့်အပြင် ၂ နှစ်အတွင်း အလုပ်ပါမစ်လျှောက်ထားခွင့် ပိတ်ပင်ခံရမှာပါ။ အလုပ်ရှင်တွေအနေနဲ့လည်း တရားမဝင်အလုပ်သမား တစ်ယောက်ခန့်ထားတိုင်း ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ဒဏ်ငွေရိုက်ခံရမှာဖြစ်ပြီး၊ နောက်တစ်ကြိမ် ထပ်မံကျူးလွန်ရင်တော့ ထောင်ဒဏ် (သို့မဟုတ်) ဒဏ်ငွေ ဘတ် ၂ သိန်းအထိ ကျခံရမယ့်အပြင် နိုင်ငံခြားသား အလုပ်သမားခန့်ခွင့် ၃ နှစ် ပိတ်ပင်ခံရမှာဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ ဥပဒေကို မှန်ကန်စွာလိုက်နာလာစေရန် တာဝန်ရှိသူတွေကိုယ်တိုင် ကွင်းဆင်းစစ်ဆေးမှုတွေနဲ့အတူ အသိပညာပေးမှုတွေကိုပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။