Burma Lawyers' Council

Burma Lawyers' Council Everyone should know the concept of legal knowledge.

မင်း‌အောင်လှိုင်အစိုးရ၏ ပြည်ထောင်စုလွှတ်‌တော်က ထုတ်ပြန်သည့် အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေအပေါ် ဥပဒေရေးရော...
25/08/2026

မင်း‌အောင်လှိုင်အစိုးရ၏ ပြည်ထောင်စုလွှတ်‌တော်က ထုတ်ပြန်သည့် အွန်လိုင်း လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေအပေါ် ဥပဒေရေးရောသုံးသပ်ချက်

၂၀၂၆ခုနှစ်၊ သြဂုတ်လ (၂၅) ရက်

၁။ အာဏာသိမ်း အစိုးရ၏ ပြည်ထောင်စုလွှတ်တော်က အွန်လိုင်းလိမ်လည်မှု တိုက်ဖျက် ရေးဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းခဲ့သည်။

၂။ ယင်းဥပဒေသည် မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူး မှုနှင့် အကျင့်စာရိတ္တပျက်ပြားစေနိုင်သည့် လောင်းကစားမှုများကို ကာကွယ်ပေးနိုင်ခြင်း၊ တား မြစ်ပိတ်ပင်‌ပေးနိုင်ခြင်း လုံးဝ မရှိကြောင်း အောက်ပါအတိုင်း ဥပဒေရေးရာ သုံးသပ်ချက် ထုတ် ပြန်အပ်ပါသည်။

ဥပဒေ၏စီရင်ပိုင်ခွင့်

၃။ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ၏ စီရင်ပိုင်ခွင့်ကို ယင်းဥပဒေ၏ ပုဒ်မ ၂ တွင်ပြဌာန်းထားသည်။ အွန်လိုင်းလိမ်လည်မှုအတွက် စီရင်ပိုင်ခွင့်အား နိုင်ငံအတွင်း၊ နိုင်ငံအပ၊ နိုင်ငံသား၊ နိုင်ငံခြားသား၊ မြန်မာနိုင်ငံ ဆိုက်ဘာ နယ်ပယ်၊ မြန်မာနိုင်ငံ ဆိုက်ဘာနှင့် ချိတ်ဆက်သော အခြားဆိုက်ဘာ နယ်ပယ် စသည်တို့၌ စီရင်ပိုင်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

၄။ ထိုသို့ဖော်ပြရာ၌ Territorial Jurisdiction စီရင်ပိုင်ခွင့်နယ်မြေ ကိုသာ အဓိကထား ခြင်းနှင့် Personal Jurisdiction လူပုဂ္ဂိုလ်အပေါ် စီရင်ပိုင်ခွင့်ကိုသာတွေ့ရှိရသည်။

၅။ အွန်လိုင်းလိမ်လည်မှု Online Scam များသည် တဦးတယောက်က ကျူးလွန်ခြင်းထက် အဖွဲ့အစည်း၊ ဂိုဏ်းဂဏနှင့် ကုမ္ပဏီသဏ္ဌာန်‌ဆောင်သည့် အသင်းအဖွဲ့ Scammer Group များက ကျူးလွန်ခြင်းဖြစ်သည်။ ထို့ကြောင့် ဥပဒေအရတရားဝင်မှု Legal Entity ရရှိထား သည့်တိုင်အောင် အဖွဲ့အစည်းဆိုင်ရာတာဝန်ရှိမှု Corporate Liability ကို စီရင်ပိုင်ခွင့်၌ ထည့် သွင်းပြဌာန်းရန်လိုအပ်ပါသည်။

၆။ တနည်းအားဖြင့် Territorial Jurisdiction စီရင်ပိုင်ခွင့်နယ်မြေနှင့် Personal Jurisdi -ction လူပုဂ္ဂိုလ်အ‌‌ပေါ်စီရင်ပိုင်ခွင့်တို့အပြင် အဖွဲ့အစည်းဆိုင်ရာတာဝန်ရှိမှု Corporate Liability ပါဝင်သည့် အကြောင်းအရာအပေါ်စီရင်ပိုင်ခွင့် Subject – matter Jurisdiction ထည့်သွင်း ပြဌာန်းရန် လိုအပ်သည့်အပြင် အ‌ကြောင်းအရာအပေါ် စီရင်ပိုင်ခွင့် Subject – matter Jurisdiction တွင်လည်း အွန်လိုင်း‌လိမ်လည်မှု တခုတည်းကိုသာ ကျဥ်း‌မြောင်းစွာ သတ်မှတ်ထားခြင်းမျိုးမဟုတ်ဘဲ အဂတိလိုက်စားမှု၊ လူကုန်ကူးမှု၊ မူးယစ် ‌‌‌‌ဆေးဝါးမှု၊ ညှဥ်းပန်း နှိပ်စက်မှု၊ အတင်းအဓမ္မခိုင်းစေမှု စသည့် အွန်လိုင်းလိမ်လည်မှုကို အခြေပြု၍ ဖြစ်ပေါ်လာနိုင် သည့် ပြစ်မှုများအပေါ် စီရင်ပိုင်ခွင့်ကို အထူးစီရင်ပိုင်ခွင့် Special Jurisdiction မျိုး ထည့်သွင်း ပြဌာန်းရန် လိုအပ်ပါသည်။

၇။ တနည်းအားဖြင့် အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရန် ကြံစည်ခြင်း၊ အားထုတ်ခြင်း၊ ကျူးလွန်ခြင်းတို့နှင့်စပ်လျဥ်း၍ ဆက်စပ်ဖြစ်ပေါ်လာသည့် ပြစ်မှုများအပေါ် စုံစမ်းစစ်ဆေး ခြင်း၊ တရားစွဲဆိုခြင်းနှင့် နိုင်ငံဖြတ်ကျော်ပူးပေါင်းဆောင်ရွက်ခြင်းအတို့အတွက် လွယ်ကူထိ ရောက်စေသည့် တရားစီရင်ရေးဆိုင်ရာ မူဘောင်များ Jurisdictional Framework နှင့် Inter – agency coordination mechanisms ပူး‌ပေါင်းဆောင်ရွက်မှုဆိုင်ရာ ယန္တရားများအတွက် တိကျပြည့်စုံစွာ ပြဌာန်းရန်လိုအပ်မည်ဖြစ်ပါသည်။

ဗဟိုကော်မတီနှင့်ဗဟိုဌာန

၈။ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီကို ပြည်ထောင်စုအစိုးရ က ဖွဲ့စည်း၍ ယင်းကော်မတီတွင် ပြည်ထဲရေးဝန်ကြီးက ဥက္ကဌဖြစ်သည်။ ကော်မတီအဖွဲ့ဝင် (၂၁) ဦးအထိ ဖွဲ့စည်းထားရှိသည်။ သို့သော် အစိုးရနှင့်ဌာနဆိုင်ရာဝန်ထမ်းများဖြင့်သာဖွဲ့စည်း ထားခြင်းဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ထည့်သွင်းဖွဲ့စည်း ထားခြင်းမရှိကြောင်း သုံးသပ်‌‌တွေ့ရှိရသည်။

၉။ ကြီးကြပ်မှု ဗဟိုကော်မတီက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာနကို ဖွဲ့စည်း ၍ မှုခင်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးက အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ဗဟိုဌာနသည် အွန်လိုင်းလိမ် လည်မှုဆိုင်ရာပြစ်မှုများနှင့်စပ်လျဥ်း၍ ပြည်ပနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ အာဆီယံရဲအဖွဲ့တို့နှင့် ပူးပေါင်း‌‌ဆောင်ရွက်ရန်အတွက် ဗဟိုကော် မတီ၏ ခွင့်ပြုချက်ရယူရမည်ဖြစ်သည်။

၁၀။ ဆုံးဖြတ်ချက်ချသည့် ဗဟို‌‌ကော်မတီအဆင့်တွင်ပါဝင်သူများသည် ဆိုက်ဘာ လုံခြုံမှု Cybersecurity နှင့် ဆိုက်ဘာ နည်းပညာ Cybertechnology ကို ကျွမ်းကျင်သူများမဟုတ် ခြင်းကြောင့် နည်းပညာအခြေပြုဆုံးဖြတ်ချက် Technical Decision အတွက် အားနည်းချက် များစွာဖြစ်လာနိုင်သည်။ ထို့‌ကြောင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်‌ရေးဥပ‌‌‌ဒေတွင် နည်းပ ညာကျွမ်းကျင်မှုကို လျစ်လျူရှုခြင်း Lack of Technical Expertise မှာ ကြီးမားသော အားနည်း ချက် ဖြစ်ပါသည်။

၁၁။ အွန်လိုင်းလိမ်လည်မှုသည် အချိန်နှင့်အမျှ ပြောင်းလဲမှုများဖြစ်ပေါ်နိုင်ပါသည်။ ဌာန သည် ကော်မတီ၏ အတည်ပြုချက်ကို ‌စောင့်နေရချိန်၌ အွန်လိုင်းလိမ်လည်သူများ Scammer သည် လိမ်လည်ထားသည့် သက်သေခံ‌‌‌‌ငွေ‌ကြေးများကို "ခရစ်ပတိုကာရန်စီ (Crypto currency) သို့မဟုတ် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများအဖြစ် ပြောင်းလဲခြင်း"၊ တခြားနိုင်ငံသို့ လွှဲ ခြင်းများပြုလုပ် သွားနိုင်သည်။ သတင်းအချက်အလက်ဖလှယ်ခြင်းဆိုင်ရာမှအစ ‌ကော်မတီ ၏ အတည်ပြုချက်ကို ရယူရခြင်းမှာ ဌာန၏ လွတ်လပ်စွာ တာဝန်ထမ်းဆောင်မှုနှင့် နိုင်ငံ တကာ အွန်လိုင်းလိမ်လည်မှုအား အချိန်မီကာကွယ်တားဆီးနိုင်ရန် များစွာ အားနည်းချက်များ ရှိနေနိုင်ပါသည်။ ထို့‌ကြောင့် ဥပ‌ဒေ၏ အားနည်းချက်ဖြစ်သော အဆင့်ဆင့်ကွပ်ကဲကြန့်ကြာမှု Chain of Command Delay ကို ‌‌လျော့ချပစ်ရမည် ဖြစ်ပါသည်။

အဂတိလိုက်စားမှုနှင့်အွန်လိုင်းလိမ်လည်မှုဥပဒေ

၁၂။ မြန်မာနိုင်ငံ၌ အာဏာရှိသူတို့၏ အလွန်အမင်းအဂတိလိုက်စားမှုသည် အွန်လိုင်းလိမ် လည်မှုများအတွက် အခွင့်အလမ်းများဖြစ်လျက်ရှိပြီး အွန်လိုင်းလိမ်လည်မှုအတွက် တိုက်ရိုက် ဖြစ်‌စေ သွယ်ဝိုက်၍ဖြစ်စေ အဂတိလိုက်စားကြောင်း သက်သေခိုင်လုံပါက ထိရောက် ဟန့် တားသည့် ပြစ်ဒဏ်များဖြင့် အရေးယူခြင်းမျိုးကို အွန်လိုင်းလိမ်လည်မှု ဥပဒေတွင် ထည့်သွင်း ပြဌာန်းရန် လိုအပ်လျက်ရှိသည်။ တနည်းအားဖြင့် အွန်လိုင်းလိမ်လည်မှုအတွက် အဂတိလိုက် စားကြောင်း ပြစ်မှုထင်ရှားပါက အွန်လိုင်းလိမ်လည်မှုဥပဒေတွင် ပြဌာန်းထားသည့် အမြင့်ဆုံး ပြစ်ဒဏ်မျိုးကို ထိုက်သင့်စေသည့် ပြဌာန်းချက်မျိုးကို ထည့်သွင်းပြဌာန်းသင့်ပါသည်။

လက်နက်ကိုင်များနှင့် နည်းလမ်းမမှန်ပဲ ငြိမ်းချမ်းရေးရယူထားမှုအခြေအနေ

၁၃။ စစ်အာဏာရှင် အဆက်ဆက် လက်နက်ကိုင်တော်လှန်ရေးကို မမှန်ကန်သော နည်း လမ်းဖြင့် အပစ်ခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးရယူရန်ကြိုးပမ်းလုပ်ဆောင်မှုများရှိခဲ့ သည်။ ယင်းတို့အနက် BGF (Border Guard Forces) နယ်ခြားစောင့်တပ်များအဖြစ်ထားရှိ ခြင်းသည်လည်း နည်းလမ်းတခုအဖြစ်ပါဝင်လျက်ရှိသည်။

၁၄။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်းရှိလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင် ရှိရမည် ဟူ၍ပြဌာန်းထားသဖြင့် BGF (Border Guard Forces) များနှင့်စပ်လျဥ်းလျှင် တာဝန်ယူမှု တာဝန်ခံမှုသည် အာဏာ သိမ်း အစိုးရ၏ လက်‌အောက်ခံ စစ်တပ်အ‌ပေါ်၌ ကျရောက်နေခြင်းကြောင့် အွန်လိုင်းလိမ် လည်မှု ဥပဒေပြဌာန်းချက်ပါ အပ်နှင်းထားသည့် အခွင့်အာဏာသည် ပြည့်စုံလုံလုံလောက် သည့် အခွင့်အာဏာမျိုး ဟုတ်ခြင်း၊ မဟုတ်ခြင်းနှင့်စပ်လျဥ်း၍ သံသယဖြစ်ဖွယ်များစွာရှိနေပါသည်။

၁၅။ နယ်စပ်ဒေသနယ်မြေအချို့ရှိကျားဖြန့်ငွေလိမ်ဂိုဏ်းမှ မကြာသေးမီက
အွန်လိုင်း လိမ် လည် မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပြေးလွတ်မြောက်လာသူ များ၏ဝန်ခံထွက်ဆိုချက်များအရ -လက်ရှိ (၂၈)ဦးခန့်ရောက်ရှိ လာခဲ့ပြီး၊ ယင်းလုပ်ငန်းလုပ် ဆောင်သည့်နေရာတွင် - လူများစွာကျန်ရှိနေသေးကြောင်းသိရှိခဲ့ ရသည်။ ထို့ပြင် - မကြာသေး မီကထွက်ဖေါ်ခဲ့သောသတင်းများအရ-လူပေါင်း ၁၃၆၇၀ ကျော်ကို အတင်းအကြပ်ခိုင်းစေထား ပြီး အရေးပေါ်ကယ်ဆယ်ရန်လိုအပ်ကြောင်း Civil Society Network for Human Trafficking Victim Assistance က အစီရင်ခံစာထုတ် ပြန်ထားသည် ကိုလည်း သတင်းမီဒီ ယာများမှတဆင့် ကြားသိခဲ့ရပါသည်။

အနှစ်ချုပ် သုံးသပ်ချက်

၁၆။ အာဏာသိမ်းအစိုးရ၏ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဌာန်းလိုက်သည့် အွန် လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ၌ အပ်နှင်းထားသည့်အာဏာ၊ စီရင်ပိုင်ခွင့်နှင့် အကောင်အထည်ဖော်ဆောင်ရေး ယန္တရား စသည်တို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိ သည့် အွန်လိုင်းလိမ်လည်မှုများ၊ လူကုန်ကူးမှုများနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ထိ ရောက်စွာ တားဆီးနှိမ်နင်းနိုင်မည့် အာမခံချက်များ လုံလောက်စွာ မတွေ့ရှိရပါကြောင်း ဥပဒေရေးရာ သုံးသပ် ထုတ်ပြန်အပ်ပါသည်။

ဦးမြင့်သိဏ်းအောင်
အထွေထွေအတွင်းရေးမှူး

Contact -
+ 66 650797982
[email protected]

အလုပ်သမားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၈/၂၀၂၄) အား ရုတ်သိမ်းသင့် ကြောင်းဥပဒေရေးရာ သုံးသပ်ထုတ်ပြန်ချက်၂၀၂၆ ခုနှစ်၊...
11/08/2026

အလုပ်သမားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၈/၂၀၂၄) အား ရုတ်သိမ်းသင့် ကြောင်းဥပဒေရေးရာ သုံးသပ်ထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်

၁။ အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်မှုအောက်၌ရှိခဲ့သော အလုပ်သမားဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀၈/၂၀၂၄) ကိုထုတ်ပြန်ခဲ့ သည်။ ၎င်းအမိန့်ကြော်ငြာစာ၌ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သား အလုပ်သမားများအား လစဥ်ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို တလတကြိမ် သို့မဟုတ် သုံး လတကြိမ် မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံဗဟိုဘဏ်မှခွင့်ပြုထားသည့် Remittance Business License (RBL) လုပ်ငန်းများမှတဆင့် သို့မဟုတ် ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသည့် နိုင်ငံ တကာငွေလွှဲဝန်ဆောင်မှုများမှတဆင့် မိသားစုထံ သို့မဟုတ် မိမိ၏ဘဏ်စာရင်းထံ လွှဲပြောင်း ပေးပို့ရန် သတ်မှတ်ထားပါသည်။

၂။ ယင်းအမိန့်ကြော်ငြာစာအရ အလုပ်သမားများသည် တရားဝင်ငွေလွှဲပြောင်းပေးပို့ထား ကြောင်း အထောက်အထားများကို သိမ်းဆည်းထားရမည်ဖြစ်ပြီး၊ လိုင်စင်ရ ပြည်ပအလုပ် အကိုင် အကျိုးဆောင်အဖွဲ့အစည်းများမှတစ်ဆင့် ပြည်ပသို့ သွားရောက်အလုပ် လုပ်ကိုင် သူများသည် ယင်းငွေလွှဲအထောက်အထားများကို သက်ဆိုင်ရာအလုပ်အကိုင်အကျိုးဆောင် အဖွဲ့အစည်းထံ ပေးပို့ရမည်ဟုလည်း သတ်မှတ်ထားပါသည်။ ထို့အပြင် အဆိုပါအဖွဲ့အစည်း များက ယင်းအထောက်အထားများကို အလုပ်သမားဝန်ကြီးဌာနထံ လစဉ် မပျက်မကွက် တင်ပြရမည်ဟု သတ်မှတ်ထားပါသည်။

၃။ အထက်ပါသတ်မှတ်ချက်များကို လိုက်နာရန်ခြင်းမရှိသော ပြည်ပအလုပ်သမားများ အား ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာခွင့် ကာလအကန့်အသတ်ဖြင့်ပိတ်ပင်ခြင်း၊ ပြည်ပအလုပ် ကိုင် အလုပ်သမားသက်သေခံကဒ် (Overseas Worker Identification Card – OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုခြင်း ထပ်မံစုံစမ်းစစ်‌ဆေး အရေးယူခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း စသည့်နည်းလမ်းများဖြင့် ဖော်ပြထားသည်။

၄။ အလုပ်သမားဝန်ကြီးဌာနသည် ယင်းအမိန့်ကြော်ငြာစာကို ပြည်ပအလုပ်အကိုင်ဆိုင် ရာ ဥပဒေ ပုဒ်မ ၃၁ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ထုတ်ပြန်ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

မူရင်းဥပဒေ၏ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေသည့် အမိန့်ကြော်ငြာစာအမှတ် (၁၀၈/၂၀၂၄)

၅။ ပြည်ပအလုပ်ကိုင်ဆိုင်ရာ ဥပဒေသည် လူ့စွမ်းအားကို စနစ်တကျအကျိုးရှိစွာ အသုံး ချနိုင်ရန်၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး စနစ်တကျသွားရောက်လုပ်ကိုင် နိုင်ရန်၊ ပြည်ပအလုပ်သမားများ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်နှင့် ရသင့်ရထိုက်သည့်အခွင့်အရေးများ ရရှိခံစားနိုင်စေရန်၊ ပြည်ပအတွေ့အကြုံ အသိပညာ၊ အတတ်ပညာများကို ပြည်တွင်းတွင် စနစ်တကျပြန်လည်အသုံးချဆောင်ရွက်ခွင့်ရရှိနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြဌာန်းထားခြင်းဖြစ်သည်။

၆။ ထိုသို့ မူရင်းဥပဒေ၏ရည်ရွယ်ချက်များအနက် ပြည်ပအလုပ်သမားများ၏ အခွင့်အရေး နှင့် ရပိုင်ခွင့်များ မဆုံးရှုံးစေရေးကို အတိအလင်းပြဌာန်းထားသော်လည်း အမိန့်ကြော်ငြာစာ အမှတ် (၁၀၈/၂၀၂၄)သည် ပြည်ပအလုပ်သမားများ ရရှိပြီးဖြစ်သော လုပ်ခလစာ၏ အနည်း ဆုံး ၂၅ ရာခိုင်နှုန်းကို မဖြစ်မနေ သတ်မှတ်ထားသည့် နည်းလမ်းများဖြင့် ပြန်လည်လွှဲပြောင်း ပေးရန်နှင့် မလိုက်နာပါက ပြည်ပအလုပ်အကိုင်နှင့် သက်ဆိုင်သော အခွင့်အရေးများကို ထပ်မံ ပိတ်ပင်မည့်အရေးယူမှုများကိုလည်း သတ်မှတ်ထားကြောင်းတွေ့ရှိရသည်။

၇။ ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ (၁၀၈/၂၀၂၄) သည် ပြည်ပ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ရန် ရည်ရွယ်ထားသည့် မူရင်းဥပဒေ၏ ရည် ရွယ်ချက်နှင့် မည်သို့ကိုက်ညီမှုရှိသည်ကို အလေးအနက် စိစစ်ရန်လိုအပ်ပါသည်။ အထူးသ ဖြင့် မူရင်းဥပဒေက ပြည်ပအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ရန် ရည်ရွယ် ထားသော်လည်း ယင်းဥပဒေက ခွင့်ပြုထားသည့် အခွင့်အာဏာကို ကျင့်သုံး၍ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာသည် ပြည်ပအလုပ်သမားများ၏ လုပ်ခလစာအသုံးပြုမှုနှင့် ပြည်ပအလုပ် အကိုင်ဆိုင်ရာ အခွင့်အရေးများအား အုပ်ချုပ်ရေးနည်းလမ်းဖြင့် ကန့်သတ်ပိတ်ပင်မှုများ ပြု လုပ်ထားခြင်းသည် မူရင်းဥပဒေ၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်နေကြောင်း သုံးသပ်ရမည်ဖြစ် သည်။

အပ်နှင်းထားသည့် အုပ်ချုပ်ရေး လုပ်ပိုင်ခွင့် အတိုင်းအတာနှင့် ဥပဒေအာဏာ၏ တရားဝင်မှု

၈။ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ ၃၁(ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း ဥပဒေတရပ်အရ အုပ်ချုပ်ရေးအာဏာကို အပ် နှင်းထားခြင်းသည် ယင်းအာဏာကို အကန့်အသတ်မရှိ ကျင့်သုံးနိုင်သည်ဟု ဆိုလိုခြင်းမဟုတ် ပါ။

၉။ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အာဏာကိုကျင့်သုံးရာတွင် မူရင်းဥပဒေ၏ ရည်ရွယ် ချက်၊ ဥပဒေက အပ်နှင်းထားသည့် အာဏာ၏ အတိုင်းအတာ၊ ဥပဒေ၏ အခြေခံမူများနှင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။ အထူးသဖြင့် မူရင်းဥပဒေက အလုပ်သမားများ၏ အခွင့်အရေး များကို ကာကွယ်ရန် ရည်ရွယ်ထားခြင်းကြောင့် အုပ်ချုပ်ရေးအမိန့်တရပ်ဖြင့် အလုပ်သမား များ ရရှိပြီးဖြစ်သော လုပ်ခလစာ၏ သတ်မှတ်ရာခိုင်နှုန်းတစ်ခုကို မဖြစ်မနေ လွှဲပြောင်းစေရန် သတ်မှတ်ခြင်းနှင့် ယင်းကို မလိုက်နာပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ OWIC ထုတ်ပေးခြင်းနှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ အခွင့်အရေးများကို ကန့်သတ်ခြင်းတို့သည် မူရင်းဥပဒေအရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်၏ အတိုင်းအတာအတွင်း အမှန်တကယ် ကျရောက်မှုရှိ/မရှိကို သီးခြားစိစစ်ရန် လိုအပ်ပါသည်။

၁၀။ အမိန့်ကြော်ငြာစာအမှတ် (၁၀၈/၂၀၂၄)၏ တရားဝင်မှုကို ဆန်းစစ်ရာတွင် “အမိန့် ထုတ်ပိုင်ခွင့် ရှိ/မရှိ” ဆိုသည့် ကောက်ချက်တခုတည်းသာမက “အဆိုပါလုပ်ပိုင်ခွင့်ကို ဥပဒေ ၏ ရည်ရွယ်ချက်နှင့် အညီ၊ ဥပဒေအရ အပ်နှင်းထားသည့် အတိုင်းအတာအတွင်း ကျင်းသုံး ထားခြင်း ရှိ/မရှိ” ဆိုသည့် ကောက်ချက်ကိုပါ ထည့်သွင်းစဥ်းစားရန်လိုအပ်ပြီး အမိန့်ကြော်ငြာ စာအမှတ် (၁၀၈/၂၀၂၄) သည် ဥပ‌ဒေအရ အပ်နှင်းထားသည့် အတိုင်းအတာ‌ဘောင်‌ကျော်၍ ကန့်သတ်ပိတ်ပင်မှု အာဏာကျင့်သုံးထားကြောင်း တွေ့ရှိရပါသည်။

လုပ်ခလစာကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်အပေါ်ကန့်သတ်ခြင်း

၁၁။ မည်သည့်အလုပ်သမားမဆို မိမိ၏လုပ်အားဖြင့် တရားဝင်ရရှိထားသည့် လုပ်ခလစာ ကို မိမိ၏လိုအပ်ချက်များ၊ နေထိုင်ရာနိုင်ငံရှိ စားဝတ်နေရေး၊ မိသားစု၏ လိုအပ်ချက်များနှင့် အခြားလိုအပ်ချက်များအတွက် မည်သို့အသုံးပြုမည်၊ မည်မျှကိုစုဆောင်းမည်၊ မည်မျှကို မိ သားစုထံ လွှဲပြောင်းပေးမည် - စသည်တို့ကို မိမိ၏ အခြေအနေအရ လွတ်လပ်စွာ စီမံခန့်ခွဲပိုင် ခွင့် ရှိသင့်ပါသည်။

၁၂။ အမိန့်ကြော်ငြာစာအမှတ်(၁၀၈/၂၀၂၄) အရ လုပ်ခလစာကို အလုပ်ရှင်ဘက်မှ တိုက် ရိုက်ဖြတ်တောက်ယူခြင်း မဟုတ်သော်လည်း အလုပ်သမား ရရှိထားပြီးဖြစ်သော လုပ်ခလစာ ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားသော နည်းလမ်းဖြင့် မဖြစ်မနေလွှဲပြောင်းပေး ရန် သတ်မှတ်ထားခြင်းကြောင့် “Wage Deduction” လုပ်ခလစာဖြတ်တောက်မှုဟု တိုက် ရိုက် သတ်မှတ်ခြင်းထက် “အလုပ်သမား၏ ရရှိပြီးဖြစ်သော လုပ်ခလစာ တစိတ်တပိုင်းကို မည်သို့စီမံခန့်ခွဲအသုံးပြုမည်ဆိုသည့် လွတ်လပ်ခွင့်အ‌ပေါ် အမိန့်အာဏာဖြင့် မဖြစ်မနေ ကန့် သတ်ခြင်း” အဖြစ် သုံးသပ်ရမည်ဖြစ်ပါသည်။

ILO Protection of Wages Convention, 1949 (No.95) ပါ နိုင်ငံတကာအလုပ်သမားစံနှုန်း များနှင့် မကိုက်ညီခြင်း

၁၃။ မည်သည့်အလုပ်သမားမဆို ကိုယ်ပိုင်လုပ်အားဖြင့်ရရှိသည့် လုပ်ခလစာကို လွတ်လပ် စွာ စီမံခန့်ခွဲပိုင်ခွင့် (Right to Wage Discretion) ရှိသည်။ မိမိသဘောဆန္ဒမပါဘဲ လုပ်ခ လစာ ဖြတ်တောက်ခံရခြင်း၊ လွှဲပြောင်းပေးရန် အတင်းအကြပ် ခိုင်းစေခံရခြင်းတို့မှ ကင်းလွတ်ခွင့် ရှိသည်။

၁၄။ မြန်မာနိုင်ငံသည် ILO Protection of Wages Convention, 1949 (No.95) ကိုလက် မှတ်ရေးထိုးထားခြင်းမရှိသော်လည်း ILO အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် သက်ဆိုင်ရာ နိုင်ငံ တကာအလုပ်သမားစံနှုန်းများ (Relevant International Labor Standards) အလေးအ နက်ထား စဥ်းစားရန်လိုအပ်ပါသည်။ အလုပ်သမားဝန်ကြီးဌာန၏ အမိန့်အကြော်ငြာစာအ မှတ် (၁၀၈/၂၀၂၄) သည် နိုင်ငံတကာအလုပ်သမားစံနှုန်းများကို လေးစားတန်ဖိုးထားခြင်း မရှိ ကြောင်း ထင်ရှားစွာ ပြသနေခြင်းဖြစ်ပါသည်။

ငွေလဲနှုန်း ကွာဟမှုကြောင့် အလုပ်သမားများ နစ်နာဆုံးရှုံးနိုင်ခြင်း
၁၅။ ပြည်ပအလုပ်သမားများသည် မိမိတို့ရရှိသည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင် နှုန်းကို သတ်မှတ်ထားသည့် နည်းလမ်းများမှတဆင့် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးရမည်ဆို ခြင်းကြောင့် တရားဝင်သတ်မှတ်ထားသည့် ငွေလဲနှုန်းနှင့် ပြင်ပစျေးကွက်တွင် အမှန်တကယ် ဖြစ်ပေါ်နေသည့် ငွေလဲနှုန်းတို့အကြား သိသာသော ကွာဟမှုရှိသည့်အခြေအနေတွင် အလုပ် သမားများအနေဖြင့် မိမိတို့၏ လုပ်ခလစာ တန်ဖိုးအမှန်ကို အပြည့်အဝ မရရှိနိုင်သည့် စီးပွား ရေးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။

၁၆။ ဗဟိုဘဏ်၏ငွေလဲနှုန်း Reference Rate သည် အမေရိကန် ၁ ‌ဒေါ်လာတွင် မြန်မာ ကျပ်ငွေ ၂၁၀၀ ကျပ်ကို ညွှန်းဆိုသည့် အချိန်တွင် Market Trading Rate သည် ၃၆၅၈ ကျပ် ဖြစ်ပါသည်။ တရားမဝင် ပြင်ပစျေးကွက်တွင် ကျပ်ငွေ ၄၀၀၀ ဝန်းကျင်အထိ စျေးပေါက် လျက်ရှိသဖြင့် ငွေလဲနှုန်းကွာဟမှုအလိုက် အလုပ်သမားများ၏ လုပ်ခလစာ နစ်နာဆုံးရှုံး မှုများဖြစ်ပေါ်လာနိုင်ပါသည်။

ICESCR (International Covenant on Economic, Social and Cultural Rights)နှင့် ဆန့်ကျင်ခြင်း

၁၇။ မိသားစုလွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်လျှင် ပြည်ပသို့ အလုပ်ဖြင့်ထွက်ခွာမှု ကာလ အကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူး လက်မှတ် သက်တမ်းတိုးခွင့်မပြုခြင်း စသည်တို့မှာ လွဲမှားသည့် အရေးယူမှုပုံစံများ တနည်းအားဖြင့် နိုင်ငံသားတို့၏ အခွင့်အရေး ချိုးဖောက်ခံရသည့် အရေးယူမှု ပုံစံများဖြစ်နေသည်ကို အလေး အနက် ဆင်ခြင်သုံးသပ်ရမည် ဖြစ်သည်။

၁၈။ ပြည်ပတွင် တရားဝင်အလုပ်လုပ်ကိုင်ပြီး ခွင့်ရက်ဖြင့် (သို့မဟုတ်) အကြောင်းကိစ္စ တခုခုဖြင့် မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက် ပြည်ပသို့ ပြန်လည်ထွက်ခွာခွင့်မရဘဲ ပိတ်ပင်ခံရ သည့် အလုပ်သမားအရေအတွက် များသထက်များလာကြောင်း သိရှိရသည်။ ပြည်ပသို့ထွက် ခွာခွင့်များကိုလည်း စည်းကမ်းချက်များတိုးမြှင့်၍ တင်းကြပ်ထားကြောင်းသိရှိရသည်။

၁၉။ မြန်မာနိုင်ငံသည် ICESCR (International Covenant on Economic, Social and Cultural Rights) နိုင်ငံတကာ စီးပွားရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှုဆိုရာ သဘောတူစာချုပ် ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့တွင် အတည်ပြုပြီးအဖွဲ့ဝင်နိုင်ငံအဖြစ် ရောက်ရှိခဲ့ပါသည်။

၂၀။ အဆိုပါစာချုပ်တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားတိုင်း၏ အလုပ်လုပ်ပိုင်ခွင့်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးချဲ့ပေးရန်၊ အလုပ်အကိုင်အခွင့်အလမ်း ညီမျှမှု၊ လုပ်ခ လစာတန်းတူညီမျှမှု၊ လုပ်ငန်းခွင်သာယာရေး၊ လုပ်ငန်းခွင် လုံခြုံရေး၊ လုပ်ငန်းခွင်ရာထူး ဌာန အဆင့်အတန်းအလိုက် တိုးတက်ပိုင်ခွင့် အခွင့်အလမ်းသာတူညီမျှမှု၊ အလုပ်သမားများ၏ လူမှု‌ရေးလုံခြုံမှု အခွင့်အရေး(Social Security) စသည့် အခွင့်အရေးများကို အသိအမှတ်ပြု ကာကွယ်ပေးရမည်ဟု ပြဌာန်းထားပါသည်။

၂၁။ အလုပ်သမားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၈/၂၀၂၄) သည် ပြည်ပ အလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card – OWIC) ထုတ်ပေးမှုမပြုခြင်း၊ နိုင်ငံကူး လက်မှတ် သက်တမ်းတိုးခွင့်မပြုခြင်း စသည့် ကန့် သတ်ချက်များသည် ICESCR ပြဌာန်းချက်ပါ အလုပ်သမားအခွင့်အ‌‌ရေးများနှင့်ဆန့်ကျင်နေ သည့်အပြင် အလုပ်သမားများ၏ ဝင်‌ငွေ ၂၅ ရာခိုင်နှုန်းကိုတောင်းဆိုသိရှိခြင်းအားဖြင့် လူမှု ရေးလုံခြုံမှု အခွင့်အရေး (Social Security) ကို ဖောက်ဖျက်ခြင်းဖြစ်‌‌ကြောင်း မှတ်ယူရမည် ဖြစ်သည်။

ချမှတ်ထားသည့် အရေးယူမှုသည် မျှတမှုမရှိခြင်းနှင့် လွဲမှားနေခြင်း

၂၂။ အလုပ်သမားတဦးအား အရေးယူခြင်းမှာ ၎င်း၏ လုပ်ငန်းခွင်ဆိုင်ရာ စည်းမျဥ်းစည်း ကမ်း ဥပဒေများကို ချိုး‌ဖောက်ခြင်းကြောင့်သာ အရေးယူသည့် ပုံစံမျိုးဖြစ်သင့်သော်လည်း ၎င်း၌ မည်သည့် စည်းမျဥ်းစည်းကမ်း ဥပဒေကိုမျှ ချိုးဖောက်ထားခြင်းမရှိပါဘဲ လွတ်လပ်စွာ အလုပ်လုပ်ပိုင်ခွင့်၊ မိမိလုပ်အားဖြင့် ကိုယ်ပိုင်လုပ်အားခရှာဖွေပိုင်ခွင့်ကို အကန့်အသတ် အနှောင့်အယှက်ဖြစ်အောင် အုပ်ချုပ်ရေးအာဏာအားဖြင့် တားမြစ်ထားခြင်းမှာ နိုင်ငံသားတို့ ၏ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သည့် လွဲမှားသည့် အရေးယူမှုပုံစံမျိုး ဖြစ်ပါသည်။

တရားမဝင်အဖြစ်သို့ အတင်းအကြပ်ရောက်ရှိစေခြင်း

၂၃။ မည်သည့်ဥပဒေ မည်သည့်စည်းမျဥ်းစည်းကမ်း အမိန့် ညွှန်ကြားချက်မျိုးမဆို ပြစ်မှု ပြစ်ဒဏ် မမျှတခြင်း၊ အရေးမယူသင့်သည်ကို အပြစ်ပေးအရေးယူခြင်းတို့၌ နောက်ဆက်တွဲ မလိုလားအပ်သည့် ပြဿနာများပေါ်ပေါက်လာနိုင်သည်ဖြစ်ရာ အလုပ်သမားဝန်ကြီးဌာန၏ ဖေါ်ပြပါ အမိန့်ကြော်ငြာချက်ကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားအများစုမှာ မြန်မာ နိုင်ငံသို့ ပြန်လိုသည့် ဆန္ဒမရှိတော့ပါက ပြည်ပနိုင်ငံများတွင် တရားမဝင်ရွှေ့ပြောင်းအလုပ် သမားများ အဖြစ်သို့ မလွဲမသွေ ရောက်ရှိရမည့်အခြေအနေမျိုးဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ ကြောင့် အလုပ်သမားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၈/၂၀၂၄) သည် ပြည်ပ ရောက် မြန်မာအလုပ်သမားများ၏ တရားဝင်ဖြစ်မှုမှ တရားမဝင် အလုပ်သမားဘဝရောက်ရှိ အောင် အတင်းအကြပ် တွန်းပို့ပေးနေသည့် မတရားသည့် အမိန့်အာဏာဖြစ်ပါကြောင်း မချွင်း မချန် သုံးသပ်ရမည်ဖြစ်ပါသည်။

၂၄။ အထက်ဖေါ်ပြပါ သုံးသပ်ချက်များအရ အလုပ်သမားဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် (၁၀၈/၂၀၂၄) သည်

(က) မူရင်း ဥပဒေ၏ အနှစ်သာရနှင့် ဆန့်ကျင်နေခြင်း
(ခ) နိုင်ငံတကာအလုပ်သမားအခွင့်အရေးနှင့်စံနှုန်းများကိုချိုးဖောက်ခြင်း
(ဂ) နိုင်ငံသားများ၏ စီးပွားရေးဆိုင်ရာအခွင့်အရေးများကို ချိုးဖောက်
ခြင်း
(ဃ) မတရားသည့် အ‌ရေးယူမှုပုံစံများ ပါဝင်နေခြင်း

တို့ကြောင့် ရုတ်သိမ်းသင့်သည့် အမိန့်ကြော်ငြာစာဖြစ်ပါကြောင်း ဥပဒေရေးရာ သုံးသပ်ချက် ထုတ်ပြန်အပ်ပါသည်။

ဦးမြင့်သိဏ်းအောင်
အထွေထွေအတွင်းရေးမှူး

Contact -
+ 66 650797982
[email protected]

၃၈ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြော်ငြာချက်၂၀၂၆ ခုနှစ် သြဂုတ်လ (၈) ရက်၁။ ယနေ့သည်...
08/08/2026

၃၈ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ အထိမ်းအမှတ်
ထုတ်ပြန်ကြော်ငြာချက်

၂၀၂၆ ခုနှစ် သြဂုတ်လ (၈) ရက်

၁။ ယနေ့သည် မြန်မာပြည်သူတရပ်လုံး တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေးနှင့်တရားဥပဒေစိုးမိုး‌‌‌ရေးတို့အတွက် ညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြသည့် သမိုင်း ဝင် (၈၈၈၈) အရေးတော်ပုံကြီး၏ ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။

၂။ မြန်မာနိုင်ငံရှေ့နေများကောင်စီအနေဖြင့် အာဏာရှင်အဆက်ဆက် ခေတ်အဆက်ဆက် တွင် ဖိနှိပ်မှုကို တွန်းလှန်ရင်း အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်း များကို အလေးနက်ဆုံး ဦညွှတ်ဂုဏ်ပြုအပ်ပါသည်။

၃။ စစ်အာဏာရှင် အုပ်ချုပ်သည့် ယနေ့မြန်မာနိုင်ငံသည် မင်းမဲ့တိုင်းပြည်ကဲ့သို့ လွတ်လပ်မှု တရားမျှတမှု တန်းတူညီမျှမှု အခွင့်အရေးများဆုံးရှုံးကာ တရားဥပဒေစိုးမိုးရေးပျက်ပြားနေလျက် ရှိပြီး ပြည်သူလူထုအပေါ် အကြမ်းဖက် ယုတ်မာသည့် ရာဇဝတ်မှု ကျူးလွန်သူတို့ ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိနေဆဲဖြစ်သည်။

၄။ ပြည်သူလူထုအား ဖိစီးနှိပ်စက်သည့် မည်သည့်အာဏာရှင်မျိုးမဆို လုံးဝချုပ်ငြိမ်းမှသာ လွတ်လပ်၍ တရားမျှတသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။

၅။ မြန်မာနိုင်ငံရှေ့နေများကောင်စီသည် ပြည်သူလူထုနှင့်အတူလက်တွဲ၍ တရားမျှတမှုဖော် ဆောင်ရေး၊ ပြစ်ဒဏ်ထိုက်သင့်သူများကို အပြစ်ပေးအရေးယူနိုင်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို မမှတ်မသုန် ဆောင်ရွက်သွားမည့်အပြင် ပြည်သူလူထုလိုလားသော ပြည်ထောင်စုပေါ်ထွန်းရေး အတွက် ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြု ထုတ်ပြန်အပ်ပါသည်။

ဦးမြင့်သိဏ်းအောင် အထွေထွေအတွင်းရေးမှူး

Legal Analysis by the Burma Lawyers' Council on the Meeting Between Daw Aung San Suu Kyi and a Representative of the Int...
06/08/2026

Legal Analysis by the Burma Lawyers' Council on the Meeting Between Daw Aung San Suu Kyi and a Representative of the International Committee of the Red Cross (ICRC)

6 August 2026

1. It has come to our attention that on 3 August 2026, a representative of the International Committee of the Red Cross (ICRC) was granted access to meet with the State Counsellor and National Leader, Daw Aung San Suu Kyi.

2. The Burma Lawyers’ Council has consistently maintained that the arrest, detention, and sentencing of the State Counsellor and National Leader, Daw Aung San Suu Kyi, is inconsistent with the principles of law . Burma Lawyers' Council has further urged that she be granted access to meet with her family members and/or legal counsel, to receive proper healthcare, to have her health condition publicly disclosed in a timely manner, and to be allowed meetings with responsible representatives of the International Committee of the Red Cross (ICRC).

3. Granting access for the International Committee of the Red Cross (ICRC) to meet with the National Leader, Daw Aung San Suu Kyi, reflects a positive humanitarian engagement between an international organization and the relevant State. While such a meeting represents a positive and constructive development, it cannot be deemed to have fully restored the fundamental rights of the National Leader, Daw Aung San Suu Kyi, which continue to be violated.

4. Although Burma has not signed the International Covenant on Civil and Political Rights (ICCPR), under internationally recognized human rights standards as well as the UN Standard Minimum Rules for the Treatment of Prisoners (Nelson Mandela Rules), particularly Rules 58–60, it remains imperative that Daw Aung San Suu Kyi, the State Counsellor and National Leader, be granted the right to communicate with and meet her family members, to have access to legal counsel, and to be afforded visitation rights.

5. Within the framework of the criminal justice system, no detainee may be deprived of legal assistance and granting only symbolic (merely symbolic or superficial access) or superficial access cannot be regarded as genuine fairness. Such practices cannot be deemed to ensure justice for those under arrest or detention. According to the Body of Principles for the Protection of All Persons under Any Form of Detention or Imprisonment, particularly Principles 15–18, any denial or restriction of communication and visitation rights with family members or legal counsel constitutes arbitrary detention and must be recognized as a violation of fundamental international human rights standards.

6. Under Section 40 of the Prisons Act currently in force in Burma, expressly provides that prisoners shall be permitted visitation rights, including the right to meet with legal counsel. Nowhere in the law is there any provision authorizing the denial of visitation rights based on household registration.

7. It must not be overlooked that Daw Aung San Suu Kyi, the National Leader of the people, served as the State Counsellor and as the Union Minister for Foreign Affairs, having been democratically elected and entrusted with responsibilities at the highest level of the State. The unlawful arrest, detention, and imposition of sentences upon a Head of the government, together with the denial of rights that ought properly to be accorded, constitute violations of both international and domestic law.

8. Furthermore, the Burma Lawyers’ Council notes that in prisons across Burma, political prisoners and those detained for their political beliefs continue to face violations of their fundamental rights, including visitation rights and adequate healthcare. The Council emphasizes that international organizations, particularly the International Committee of the Red Cross (ICRC), should continue their humanitarian engagement and monitoring efforts to ensure the protection and fulfillment of these rights. This legal analysis is hereby issued accordingly.

9. The Burma Lawyers’ Council hereby solemnly urges the following points:

(a) unconditional release of all political prisoners, including the
National Leader Daw Aung San Suu Kyi.

(b) The granting of visitation rights for Daw Aung San Suu Kyi to meet with her family members and/or legal counsel.

(c) The provision of adequate healthcare services.

(d) The full guarantee of unrestricted and independent humanitarian access for humanitarian organizations to monitor and safeguard conditions.

U Myint Thein Aung
Secretary General

Contact -
+ 66 650797982
[email protected]

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်...
04/08/2026

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်‌‌ပေးခြင်းအပေါ် မြန်မာနိုင်ငံရှေ့နေများကောင်စီ၏
ဥပဒေရေးရာသုံးသပ်ချက်

၂၀၂၆ ခုနှစ် သြဂုတ်လ (၄) ရက်

၁။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ကိုယ်စားလှယ်တဦးသည် ၂၀၂၆ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

၂။ မြန်မာနိုင်ငံရှေ့နေများကောင်စီသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်ချမှတ်ထားခြင်းမှာ ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း နှင့် မိသားစု (သို့မဟုတ်) ရှေ့နေနှင့်တွေ့ဆုံခွင့်ရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်ခွင့်ရရှိရေး၊ ကျန်းမာရေးအခြေအနေကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးနိုင်ရေး၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ပေးရေး တို့ကို တိုက်တွန်းတောင်းဆို ထားခဲ့ပြီးဖြစ်သည်။

၃။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် လူထုခေါင်း‌ဆောင် ဒေါ်အောင် ဆန်းစုကြည်တို့အား တွေ့ဆုံခွင့်ပေးခြင်းသည် နိုင်ငံတကာအဖွဲ့အစည်းတခုနှင့် သက်ဆိုင်ရာ နိုင်ငံ၏ အခြေခံသဘောတူညီမှုတခုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသာဖြစ်သည်။ ယင်းတွေ့ဆုံမှုသည် အပြုသဘောဆောင်သော တိုးတက်မှုတရပ်ဖြစ်သော်လည်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ချိုးဖောက်ခံနေရသည့် အခြေခံ အခွင့်အရေးများကို အပြည့်အဝရရှိစေခဲ့သည်ဟု သတ်မှတ်နိုင်မည်မဟုတ်ပေ။

၄။ International Covenant on Civil and Political Rights (ICCPR) နိုင်ငံသားနှင့်နိုင်ငံ ‌ရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို လက်မှတ်မရေးထိုးထားသည့် တိုင် အောင်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစံချိန်စံညွှန်းများအရလည်းကောင်း၊UN Standard Minimum Rules for the Treatment of Prisoners (Nelson Mandela Rules) ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးမှသတ်မှတ်ထားသော အကျဥ်းသားများအတွက်ထားရှိအပ်သည့် အခြေခံ စံနှုန်းစည်းမျဥ်းများ အပိုဒ် ၅၈-၆၀ တို့အရလည်းကောင်း၊ မိသားစုနှင့် ဆက်သွယ်ခွင့် တွေ့ ဆုံခွင့်၊ ရှေ့နေရှေ့ရပ်များနှင့် ဆက်သွယ်ခွင့်၊ တွေ့ဆုံခွင့်တို့ကိုလည်း မဖြစ်မနေခွင့်ပြုပေး ရမည် ဖြစ်သည်။

၅။ Criminal Justice System အရ ဖမ်းဆီးချုပ်နှောင်ခံရသူမှန်သမျှအတွက် ဥပဒေ ရေး ရာ အထောက်အကူပြု ကဏ္ဍအား လုံးဝပျက်ကွက်ခွင့်မရှိသကဲ့သို့ သဏ္ဌာန်ဆောင်ခွင့်ပြု ခြင်းသည် မရိုးဖြောင့်ခြင်းဖြစ်၍ ဖမ်းဆီးထိန်းသိမ်းခံရသူ၌ တရားမျှတမှုရှိသည်ဟု ယူဆ၍ ရနိုင်မည် မဟုတ်ပါ။ Body of Principles for the Protection of All Persons under Any Form of Detention or Imprisonment မည်သည့်ပုံစံဖြင့်ဖြစ်စေ ဖမ်းဆီးထိန်း သိမ်းခံရသူ (သို့မဟုတ်) ပြစ်ဒဏ်ချမှတ်ထောင်ချခံရသူ မည်သူ့ကိုမဆို ကာကွယ်စောင့်ရှောက်ရန် အခြေ ခံမူများ အပိုဒ် ၁၅-၁၈ တို့အရ မိသားစုနှင့် ဆက်သွယ်ခွင့် တွေ့ဆုံခွင့်၊ ရှေ့နေရှေ့ရပ်များ နှင့် ဆက်သွယ်ခွင့် တွေ့ဆုံခွင့် မပေးခြင်း သို့မဟုတ် တားမြစ်ခြင်းတို့အား arbitrary detention အဖြစ် သတ်မှတ်နိုင်ပြီး နိုင်ငံတကာလူ့အခွင့်ရေးဥပဒေ၏ အခြေခံစံနှုန်းများနှင့်ဆန့်ကျင်နေ သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။

၆။ မြန်မာနိုင်ငံ၌ ကျင့်သုံးလျက်ရှိသော အကျဥ်းထောင်များအက်ဥပဒေ ပုဒ်မ ၄၀ တွင် အကျဥ်းသားများ၏ ဧည့်တွေ့ခွင့်၊ ရှေ့နေ ရှေ့ရပ်များနှင့် တွေ့ဆုံခွင့်တို့ကို ခွင့်ပြုရန် အတိအ လင်းပြဌာန်းထားသည်။ ဧည့်တွေ့ခွင့်ကို အိမ်ထောင်စုစာရင်းကိုမူတည်၍ ငြင်းပယ်နိုင် ကြောင်း မည်သည့်ဥပဒေတွင်မှ ပြဌာန်းထားခြင်းမရှိပါ။

၇။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သည့် ပြည်သူလူထု၏ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်အဆင့် ခေါင်း ဆောင် တယောက်ဖြစ်သည်ဆိုခြင်းကိုလည်း လျစ်လျူရှု၍ ရမည်မဟုတ်ပါ။ နိုင်ငံတော် အဆင့် တာဝန်ရှိသူ ခေါင်းဆောင်တဦးအား ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ မတရား သဖြင့် ပြစ်ဒဏ်များချမှတ်ထားခြင်းနှင့် ပေးသင့်ပေး ထိုက်သည့် အခွင့်အရေးများကို မပေးဘဲ မျက်ကွယ်ပြုထားခြင်းတို့မှာ နိုင်ငံတကာဥပဒေများ ပြည်တွင်းဥပဒေများကို ချိုးဖောက်ထား ဆဲဖြစ်သည်ဟူ၍ သုံးသပ်ရမည်ဖြစ်သည်။

၈။ ထို့ပြင် မြန်မာနိုင်ငံ၏ အကျဥ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေး အကျဥ်းသားများ၊ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဥ်းကျခံနေရသူများအားလုံး၏ ဧည့် တွေ့ခွင့်၊ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်ခံပိုင်ခွင့် စသည်တို့အပါအဝင် အခြေခံ အခွင့်အရေးများ ချိုးဖောက်ခံနေရသည့် အခြေအနေများကိုလည်း နိုင်ငံတကာအဖွဲ့အစည်း များ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) တို့အနေဖြင့် စဥ်ဆက် မပြတ် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်ပါကြောင်း ဥပဒေရေး‌ရာ သုံးသပ်ချက် ထုတ် ပြန်အပ်သည့်အပြင် -

၉။ မြန်မာနိုင်ငံရှေ့နေများကောင်စီအနေဖြင့် အောက်ပါအချက်များအား အလေးအနက် တိုက်တွန်းတောင်းဆိုအပ်ပါသည် -

(က) လူထုခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်

(ခ) လူထုခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်အား မိသားစုဖြင့်ဖြစ်‌‌စေ ရှေ့နေများဖြင့်ဖြစ်စေ တွေ့ဆုံခွင့်ပေးရန်

(ဂ) လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးရန်

(ဃ) လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းများ၏ လွတ်လပ်စွာ ဝင်ရောက် စောင့်ကြည့်ခွင့်ကို အပြည့်အဝ အာမခံချက်ပေးရန်

ဦးမြင့်သိဏ်းအောင်
အထွေ‌ထွေအတွင်းရေးမှူး

ဆက်သွယ်ရန် − + 66 650797982
[email protected]

နိုင်ငံတော်၏ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရုပ်ထုများ၊ သွင်ပြင်လက္ခဏာများကို ဖ...
02/07/2026

နိုင်ငံတော်၏ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရုပ်ထုများ၊ သွင်ပြင်လက္ခဏာများကို ဖျက်ဆီးခြင်း၊ ရှင်းလင်းခြင်း၊ ဖယ်ရှားခြင်းများသည် ကြီးလေး‌သောရာဇဝတ်ပြစ်မှုဖြစ်ကြောင်း ဥပဒေ‌ရေးရာ သုံးသပ်ထုတ်ပြန်ချက်

၂၀၂၆ ခုနှစ် ဇူလိုင်လ ( ၂ ) ရက်

၁။ နိုင်ငံတော်၏ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရုပ်ထုများ၊ သွင်ပြင်လက္ခဏာများကို အာဏာသိမ်းအစိုးရလက်အောက်ခံ ဝန်ထမ်းများက ခိုး‌ကြောင်ခိုးဝှက်ဖြင့် ဖျက်ဆီးခြင်း၊ ရှင်းလင်းခြင်း၊ ဖယ်ရှားပစ်ခြင်းများကို မြန်မာနိုင်ငံ ‌‌နေရာဒေသအနှံ့အပြားတွင် ပြုလုပ်ကျူးလွန်လျက်ရှိ‌ကြောင်းတွေ့ရှိနေရသည်။

၂။ ယင်းလုပ်ရပ်သည် လွန်စွာ သိက္ခာမဲ့၍၊ ‌အောက်တန်းကျ‌‌သော၊ စက်ဆုပ်ရွံရှာဖွယ် ကောင်း‌သော လုပ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံ‌ရှေ့နေများကောင်စီက ပြတ်သားစွာရှုမြင်ပါသည်။

၃။ နိုင်ငံ‌တော်၏ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်း‌ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရုပ်ထုများ၊ သွင်ပြင်လက္ခဏာများသည် အမျိုးသား‌ရေးအထိမ်းအမှတ်များဖြစ် ပြီး အများပြည်သူပိုင်ဖြစ်ခြင်းကြောင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်‌ရှောက်ကြရမည်ဖြစ် ပါသည်။ အ‌‌တွေးအခေါ်ယဥ်ကျေးမှု မြင့်မားခြင်း၏ ပြယုဂ်မှာ အမျိုးသား‌‌‌‌‌ရေးအထိမ်းအမှတ် များ သွင်ပြင်လက္ခဏာများကို ထိန်းသိမ်းစောင့်‌ရှောက်ခြင်း၊ လက်ဆင့်ကမ်းသယ်ဆောင်နိုင် ခြင်းပင်ဖြစ်သည်။

၄။ နိုင်ငံ‌တော်၏ လွတ်လပ်ရေးဖခင် အမျိုးသားခေါင်း‌ဆာင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရုပ်ထုများ၊ သွင်ပြင်လက္ခဏာများကို ဖျက်ဆီးခြင်း၊ ရှင်းလင်းခြင်း၊ ဖယ်ရှားပစ် ခြင်းများသည် အတွေးအခေါ်ယဥ်ကျေးမှု နိမ့်ကျ‌သော လုပ်ရပ်ဖြစ်ကြောင်း ငြင်းနိုင်မည်မဟုတ်ပါ။

၅။ နိုင်ငံတော်၏လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရုပ်ထုများ၊ သွင်ပြင်လက္ခဏာများကို ဖျက်ဆီးခြင်း၊ ရှင်းလင်းဖယ်ရှားခြင်းများ အား ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ကျူးလွန်နေခြင်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေတွင်ပြဌာန်းထားသည့် “အကျိုးဖျက်ဆီးမှု” ပုဒ်မ − ၄၂၅ ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်သည်။

၆။ နိုင်ငံတော်၏လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရုပ်ထုများ၊ သွင်ပြင်လက္ခဏာများသည် အများပြည်သူ ပိုင်ဆိုင်ခြင်းဖြစ်၍ ဖျက် ဆီးခြင်း၊ ရှင်းလင်းဖယ်ရှားခြင်းများပြုလုပ်သည်မှာ ထိခိုက်နစ်နာ‌စေသောပြုလုပ်မှု ပင်ဖြစ် သည်။ ပြည်သူပိုင်ပစ္စည်းတရပ်ရပ်နှင့်စပ်လျဥ်း၍ အကျိုးဖျက်ဆီးမှုကိုကျူးလွန်လျှင် ‌ထောင် ဒဏ် ၇ နှစ်အထိ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုကို ကျူးလွန်ခြင်းပင်ဖြစ်သည်။

၇။ ထိုကဲ့သို့ ပြုလုပ်ကျူးလွန်နေကြခြင်းမှာ အာဏာသိမ်းအစိုးရအုပ်ချုပ်နေသည့် နယ်မြေ ဒေသများတွင်ဖြစ်နေခြင်း၊ ထိရောက်စွာတားမြစ်ပေးနိုင်ခြင်းမရှိဘဲ ခွင့်ပြုထားခြင်း၊ ကျူးလွန် သူများကိုလည်း စုံစမ်းဖေါ်ထုတ် အရေးယူမှုမရှိခြင်းတို့ကြောင့် ယင်းပြစ်မှုကို အာဏာသိမ်း အစိုးရကိုယ်တိုင် ပြုလုပ်ကျူးလွန်နေသည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဥပဒေ‌ရေးရာသုံးသပ် ထုတ်ပြန်အပ်ပါသည်။

ဦးမြင့်သိဏ်းအောင်
အထွေထွေအတွင်းရေးမှူး

ဆက်သွယ်ရန် -
+ 66 650797982
[email protected]

ที่อยู่

Mae Sot
63110

เบอร์โทรศัพท์

+66980818663

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Lawyers' Councilผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Burma Lawyers' Council:

ทางลัด

แชร์