The Right - Legal Consultants

The Right - Legal Consultants Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Right - Legal Consultants, Lawyer & Law Firm, Yangon.

27/09/2025

# ဒီကရီ နှင့် အမိန့်အကြောင်း
နိဒါန်း။
တရားရုံး၏ ဒီကရီနှင့် အမိန့်များကို အမှုသည်တို့၏ ရသင့်ရထိုက်သောသက်သာခွင့်များကို ပေါ်လွင်အောင်ရေးဆွဲနိုင်ရန်အတွက်လည်းကောင်း၊ ဒီကရီနှင့် အမိန့်တို့သည် တိကျမှန်ကန်၍ ပြည့်စုံစွာရေးဆွဲနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ ဤစာစုကို အကြံပြုရေးသားရခြင်းဖြစ်ပါသည်။
၁။ #တရားရုံး၏ ဆုံးဖြတ်ချက်များကို ဒီကရီနှင့် အမိန့်ဟူ၍ ခွဲခြားနိုင်သည်။
ဒီကရီ ၏ အဓိပ္ပာယ်ကို တရားမကျင့်ထုံးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(၂) တွင် အောက်ပါ အတိုင်းဖော်ပြထားသည် -
# “ဒီကရီ ဆိုသည်မှာ အမှုကို ဆုံးဖြတ်သည့် တရားရုံးနှင့်သက်ဆိုင်သမျှ ယင်းအမှုတွင် အငြင်းပွားလျှက်ရှိသော အကြောင်းအရာအားလုံး သို့မဟုတ် ယင်းတို့အနက် အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ အမှုသည်တို့၏ ရပိုင်ခွင့်များကို အပြီးအပြတ်သတ်မှတ်ပေးသည့် စီရင်ဆုံးဖြတ်ချက်တစ်ရပ်အား ထုံးနည်းတကျ ရေးသား ဖော်ပြချက်ကို ဆိုသည်။ ဒီကရီသည် ပဏာမဒီကရီသော်လည်းကောင်း၊ အပြီးသတ်ဒီကရီသော်လည်းကောင်း ဖြစ်နိုင်သည်။ ဒီကရီဆိုသည့် စကားရပ်တွင် အဆိုလွှာကို ပယ်သည့် အမိန့်နှင့် ပုဒ်မ ၄၇ သို့မဟုတ် ပုဒ်မ ၁၄၄ ၌ အကျုံးဝင်သော ပြဿနာတစ်ရပ်ရပ်အပေါ်တွင် ဆုံးဖြတ်ချက်လည်း ပါဝင်သည်ဟု မှတ်ယူရမည်။ သို့ရာတွင် အောက်ပါတို့ မပါဝင်စေရ -
# (က) အမိန့်တစ်ရပ်ရပ်ကို အယူခံမှုအဖြစ် အယူခံဝင်နိုင်သော စီရင်ဆုံးဖြတ်ချက်၊
# (ခ) တရားရုံးသို့ မလာရောက်ခြင်းကြောင့် ပလပ်သည့် အမိန့်။
ရှင်းလင်းချက်။ ။ အမှုကို အပြီးအပြတ်စီရင်ခြင်းမပြုနိုင်သေးဘဲ နောက်ထပ် ဆောင်ရွက်ဖွယ်ရာများကျန်ရှိသော ဒီကရီသည် ပဏာမဒီကရီဖြစ်သည်။ အမှုကို အပြီးအပြတ် စီရင်သော ဒီကရီသည် အပြီးသတ်ဒီကရီဖြစ်သည်။ ဒီကရီတစ်ရပ်သည် တစ်စိတ်တစ်ဒေသအားဖြင့် ပဏာမဒီကရီဖြစ်၍ တစ်စိတ်ဒေသအားဖြင့် အပြီးသတ်ဒီကရီဖြစ်နိုင်သည်။
ဟု ပြဌာန်းထားသည်။
# အမိန့်
၂။ အမိန့်၏ အဓိပ္ပာယ်ကို တရားမကျင့်ထုံးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(၁၄) တွင် အောက်ပါ အတိုင်းပြဌာန်းထားသည် -
# “ အမိန့်” ဆိုသည်မှာ တရားရုံး၏ ဒီကရီ မဟုတ်သော ဆုံးဖြတ်ချက် တစ်ရပ်ရပ်အား ထုံးနည်းတကျရေးသားဖော်ပြချက်ကို ဆိုသည်။
# ဒီကရီနှင့် ထုံးပုံကျအမိန့်များကို ရေးဆွဲခြင်း
၃။ ဒီကရီသည် အမှုသည်တို့က ရထိုက်သော သက်သာခွင့်ကို အပြီးသတ်ဖော်ပြချက်ဖြစ်၍ ဒီကရီ (သို့မဟုတ်) အမိန့်ကို ရေးဆွဲရခြင်းလုပ်ငန်းသည် အလွန်အရေးကြီး၍ ခက်ခဲသော လုပ်ဆောင်မှုတစ်ရပ်ဖြစ်ပေသည်။ ဒီကရီ (သို့မဟုတ်) အမိန့်၏ တိကျမှန်ကန်မှု၊ ပြည့်စုံမှုတို့အပေါ်တွင်၊ အမှုသည်တို့၏ နောင်အနာဂါတ်ရရှိလာ မည့် အခွင့်အရေးတို့သည် တည်မှီနေသည်။
၄။ ဒီကရီ (သို့မဟုတ်) အမိန့်ရေးဆွဲရာတွင် လိုက်နာရမည့် အချက်များ
ဒီကရီ ( သို့မဟုတ်) အမိန့် တစ်ခုခုတွင် -
- ချွတ်ယွင်းချက်ရှိလျှင်သော်လည်းကောင်း၊
- မပြည့်မစုံရှိလျှင်သော်လည်းကောင်း၊
- မသေမချာရှိလျှင်သော်လည်းကောင်း၊
အမှုသည်တို့ကိုယ်တိုင်ဆုံးရှုံးနစ်နာခြင်းဖြစ်စေမည်သာမက၊ အယူခံတရားရုံးတွင် ဖြစ်စေ၊ အခြားနေရာ၌ဖြစ်စေ အလျဉ်းမဖြစ်ပွားထိုက်သော မှုခင်းဆိုင်ပြိုင်မှုများ နောက် ထပ်တလဲလဲ ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့်ဒီကရီ နှင့် အမိန့်များကို ရေးဆွဲရာတွင် အောက်ပါ ညွှန်ကြာချက်များကို ဂရုပြုလိုက်နာရမည်ဟု တရားရုံးများလက်စွဲအပိုဒ် ၁၇၅ တွင် ညွှန်ကြားထားသည်။
# (၁) ဒီကရီရေးဆွဲရန် တာဝန်ဝတ္တရားရှိသည့် စာရေးသည်၊ တရားသူကြီး၏ စီရင်ချက်အလုံးစုံကို ဂရုတစိုက်ဖတ်ရှုခြင်းအားဖြင့်၊ တရားသူကြီးက မည်သည့် သက်သာခွင့်ကို ပေးရန်ကြံရွယ်သည်ကို မိမိကိုယ်တိုင် အမှန်သိရှိနားလည် ကြောင်း ဦးစွာပထမကျေနပ်စေရမည်။ ထိုသက်သာခွင့်မှာ သီးခြားအက်ဥပဒေပုဒ်မ ( သို့မဟုတ်) အမိန့်၊ သို့တည်းမဟုတ် နည်းဥပဒေတစ် ခုခုအပေါ်တွင် အမှီပြုလျှင်၊ အဆိုပါမည်သည့်အက်ဥပဒေပုဒ်မ၊ အမိန့်၊ သို့မဟုတ် နည်းဥပဒေအရ ထိုသက်သာခွင့်ကို ပေးကြောင်း ၎င်းကအမှန်သိရှိ အောင် ပြုလုပ်ရမည်။ ဤကိစ္စ၌ စီရင်ချက်၏ အဆုံးသတ်စာပိုဒ်၊ သို့မဟုတ် စာပိုဒ်များကိုသာ ဖတ်ရှုလက်ခံပြီးသကာလ ၊ ထိုစာပိုဒ်တွင် ရေးသားဖော်ပြ ထားသည်ကို ဒီကရီ သို့မဟုတ် အမိန့်ထဲသို့၊ ကူးယူရေးသွင်းယုံမျှနှင့် လုံလောက်သည် မဟုတ်။ အမှုအများအပြားတွင် တရားသူကြီးသည် မိမိ ပေးရန်ကြံရွယ်သည့် သက်သာခွင့်ကို မိမိ၏စီရင်ချက်၌ အချုပ်ထက်ပို၍ ဖော်ပြရန် ကြံရွယ်သည်မဟုတ်၊ အချုပ်ထက်ပို၍ဖော်ပြရန်မှာလည်း မျှော်လင့်နိုင်ဖွယ်ရာ အကြောင်းမရှိချေ။
# ( ထို့ကြောင့် တရားမ တရားခွင်စာရေးတို့သည် ဒီကရီရေးဆွဲရာတွင် စီရင်ချက်ကို ကောင်းစွာဖတ်ရှု၍ တရားသူကြီးက အမှုသည်အားပေးသည့် သက်သာခွင့် ကို ပေါ်လွင်အောင် ဒီကရီတွင် ရေးသားဖော်ပြရန်ဖြစ်သည်။)
ဥပမာ - လင်မယားကွာရှင်းပြတ်စေပေးစေလိုမှု ဆိုပါက -
မောင်ဖြူ(ဘ) ဦးနီ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - ပတခ(နိုင်) ၀၀၃၇၂၆ နှင့် မဝါ(ဘ) ဦးစိုး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - နခတ(နိုင်) ၀၀၄၅၂၃ တို့သည် အကြင်လင်မယားအရာမှ ကွာရှင်းပြတ်စဲစေ ဟုလည်းကောင်း
မရွှေ့မပြောင်းနိုင်သော ပစ္စည်းလက်ရောက်ရလိုမှုဆိုပါက -
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ နယ်မြေ(၆)၊ ဇီဇဝါလမ်း၊ အိမ်အမှတ်- ၂၃၄၊ နှစ်ထပ်အာစီအဆောက်အအုံနှင့် ယင်းအဆောက်အအုံတည်ရှိရာပေလေးဆယ်၊ ခြောက်ဆယ် မြေကွက်၊ နှင့် အကျိုးခံစားခွင့်အရပ်ရပ်တို့ကို တရားရှုံး မောင်နက် (ဘ) ဦးဝါ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - နတလ(နိုင်) ၀၀ ၆၇၅၄ က တရားနိုင်ဖြစ်သူ မောင်လေးနိုင်(ဘ) ဦးမောင်မောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -ရကတ(နိုင်) ၀၀၉၈၇၆ အား လက်ရောက်ပေးအပ်စေ ၊
စသည်ဖြင့် ရေးသားရန်ဖြစ်သည်။
( ဆိုလိုသည်မှာ ဒီကရီကို ဖတ်ကြည့်လိုက်သည်နှင့် ဒီကရီကို အတည်ပြု ဆောင်ရွက်ရန် တာဝန်ပေးအပ်ခံရသ ည့် ဘိလစ်စာရေးက မည်သို့ ဆောင်ရွက်ရမည်ကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြရန်ဖြစ်ပါသည်)
# (၂) ဒီကရီရေးဆွဲရာတွင် သံသယရှိသော အချက်များရှိပါက အဆိုပါ ဒီကရီ( သို့မဟုတ်) အမိန့်ကို ရေးဆွဲမည့် စာရေးသည်၊ ဒီကရီ သို့မဟုတ် အမိန့်သည် မည်သို့ မည်ပုံရှိစေရန် ကြံရွယ်ချက်ရှိသည်ကို အမှန်သိရှိနိုင်ရန် အမိန့်ချမှတ်ပေးသည့် တရားသူကြီးထံသို့ သွားရောက်၍ မေးမြန်း စုံစမ်းရန် တာဝန်ရှိပါသည်။ (သွားရောက်မေးမြန်းရပါမည်။)
ဒီကရီ( သို့မဟုတ်) အမိန့် တို့၏ တိကျမှန်ကန်မှုနှင့် ပြည့်စုံမှုတို့အတွက် တာဝန်မှာ တရားသူကြီး၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် တရားသူကြီးသည် စာရေးဖြစ်သူက ရေးဆွဲပြီးတင်ပြလာသည့် ဒီကရီ ( သို့ဟုတ်) အမိန့်ကို မှန်ကန်ကြောင်း သိရှိနိုင်ရန် ဂရုတစိုက် စေ့ငှသေချာစွာ မစစ်ဆေးဘဲ မည်သည့်အခါမျှ လက်မှတ်မထိုးရ။
( သို့ဖြစ်၍ ဒီကရီ (သို့မဟုတ်) အမိန့် တို့၏ တိကျမှန်ကန်မှု၊ ပြည့်စုံမှုတို့ရှိစေရန် အဓိကတာဝန်ရှိသူသည် တရားသူကြီးဖြစ် သောကြောင့် တရားသူကြီးတို့သည် မိမိတို့၏ တရားခွင်စာရေးများအား ဒီကရီ ရေးဆွဲနည်း၊ အမိန့်ထုံးပုံကျ ရေးဆွဲနည်းတို့ကို သင်ကြားပြသထားသင့်ပေသည်။
# (၃) သီးခြားအမှုတစ်ခုနှင့် သင့်လျော်သည့် ဒီကရီ ပုံစံ( သို့မဟုတ်) အမိန့်ပုံစံကို တရားမကျင့်ထုံးဥပဒေတွင်ဖြစ်စေ၊ အခြားနေရာတွင်ဖြစ်စေ၊ ပြဌာန်းထား ကြောင်း တွေ့ရှိနိုင်ပါက သက်ဆိုင်ရာအမှုများတွင် လိုအပ်သည့်အတိုင်း သင့်တင့်ဆီလျော်အောင် ပြလုပ်ရန်ရှိပါက ထိုသို့ဆီလျော်အောင်ရှေးဦးစွာ ပြုလုပ်ပြီးမှ သာ ထိုပုံစံများကို အသုံးပြုရပါမည်။ အထူးသဖြင့် ဤညွှန်ကြား ချက်သည် အပေါင်ဒီကရီအမှုများနှင့် သက်ဆိုင်သည်။
ဥပမာ - “ ရွေးနုတ်ရန် …….. အစရှိသည်တို့အတွက် ဒီကရီကို ဒီကရီချပေးလိုက်သည်။” ဆိုသည့်ပုံစံမျိုး အပေါင်အမှုဒီကရီကို ရေးဆွဲမည် ဆိုပါက အဓိပ္ပာယ်မရှိဖြစ်ချေမည်။
“ ပေါင်နှံထားသည့် မရွှေ့မပြောင်းနိုင်သော တစ်ထပ်တိုက်အာစီအဆောက်အအုံနှင့် ယင်းအဆောက်အအုံတည်ရှိရာ ပေလေးဆယ်၊ ပေခြောက်ဆယ်ရှိ မြေကွက်တို့ကို အပေါင်ထားငွေကျပ်….. နှင့်အတိုးကျပ်….. တို့ကို တရားစရိတ်နှင့် တကွအပေါင်ထားသူ ဦးကျား(ဘ) ဦးဆင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - ပမန(နိုင်) ၀၀၈၉၇၆ အား အပေါင်ခံသူ ဒေါ်ဖြူမိ(ဘ) ဦးတင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်- တကန(နိုင်) ၀၀၆၅၄၃ ထံမှ ပြန်လည်၍ ရွေးနုတ်ခွင့်ပြုလိုက်သည်။ အပေါင်ရွေးနုတ်ငွေများနှင့် တရားစရိတ်တို့ကို ဦးကျားက ပေးသွင်းပြီးပါက အပေါင်ခံသူ ဒေါ်ဖြူမိသည် အပေါင်ခံသည့် စာရွက်စာတမ်းအားလုံးကို ဦးကျားထံသို့ ပြန်လည်ပေးအပ်ရမည်။
အစရှိသည်ဖြင့် ဒီကရီကို ရေးဆွဲသင့်ပါသည်။
# (၄) လက်အောက်တရားရုံးများမှ အယူခံနှင့်စပ်လျဉ်း၍ ခရိုင်တရားမရုံးများသို့ ဒီကရီများရောက်ရှိလာသည့်အခါ၊ ခရိုင်တရားမတရားသူကြီးသည်၊ အယူခံမှုကို အမှု၏ အရည်အသွေးအလျောက် ဆုံးဖြတ်ရမည်သာမက၊ အောက်ရုံးဒီကရီရေးဆွဲပုံကိုလည်း စေ့ငှသေချာစွာ စစ်ဆေးရန် သတိထား ဂရုပြုရမည်။ ထို့ပြင် ဒီကရီကို ပြင်သင့်လျှင်လည်း ပြင်ဆင်ရမည်။
( ထို့ကြောင့် ခရိုင်အဆင့်တရားသူကြီးတို့သည်လည်း လက်အောက်ခံရုံးများမှ ဒီကရီများကို စိစစ်ခြင်း၊ ပြင်ဆင်သင့်က ပြင်ဆင်ပေးခြင်း စသောတာဝန်များ ရှိပေသည်။)
# (၅) သီးခြားအက်ဥပဒေပုဒ်မ၊ အမိန့်၊ သို့တည်းမဟုတ် နည်းဥပဒေတစ်ခုခုအရ သက်သာခွင့်ပေးသော အမှုများတွင်၊ ဒီကရီကိုဖြစ်စေ၊ အမိန့်တွင် ဖြစ်စေ၊ ထိုပုဒ်မ၊ အမိန့် သို့တည်းမဟုတ် နည်းဥပဒေကို အကြောင်းအားလျော်စွာ တတ်နိုင်သရွေ့သီးခြားဖော်ပြရမည့်ပြင်၊ ထိုပုဒ်မ၊ အမိန့်၊ သို့မဟုတ် နည်း ဥပဒေတွင် သီးခြားဖြစ်သော စကားလုံးများကို အသုံးပြုထားလျှင်၊ ထိုစကားများကို ဒီကရီတွင်ဖြစ်စေ၊ အမိန့်တွင်ဖြစ်စေ တတ်နိုင်သရွေ့ အသုံးပြုရမည်။
# (၆) ရှုပ်ထွေးသော၊ သို့မဟုတ် ခက်ခဲသော အမှုများတွင်၊ အမိန့်၊ သို့မဟုတ် ဒီကရီအကြမ်းကို စေ့စပ်စွာရေးဆွဲရန်အလို့ငှာ မိမိရှေ့လာရောက်စေရန်၊ သက်ဆိုင်ရာ ရှေ့နေများသို့ တရားသူကြီးက နို့တစ်စာထုတ်ရမည်။ ရှုပ်ထွေးခက်ခဲသော အမိန့် သို့မဟုတ် ဒီကရီများရေးဆွဲရန်ရှိသည့် အမှုများ တွင်တရားသူကြီးက၊ အမှုအနိုင်ရရှိသော ရှေ့နေအား၊သဘောတူသည့် ဒီကရီ တစ်ရပ်ချမှတ်နိုင်ရန် အလို့ငှာ မိမိရထိုက်ခွင့်ရှိသည့် နည်းလမ်းတကျအမိန့်၊ သို့မဟုတ် ဒီကရီ၏ မှတ်တမ်းအကြမ်းကို တရားရုံးသို့ ယူဆောင်လာစေခြင်းငှာ တောင်းဆိုရန်လည်း အကြံပေးလိုက်သည်။
( ထို့ကြောင့် ခက်ခဲရှုပ်ထွေးသော တရားမမှုခင်းများတွင် ဒီကရီရေးဆွဲခြင်း မပြုမီဆိုင်ရာတရားသူကြီးသည် အမှုအနိုင်ရသည့် ရှေ့နေထံမှ အကြံပေးငြင်းချက်တင်ပြစေသကဲ့သို့ အကြံပေး ဒီကရီအကြမ်းကို တောင်းဆိုနိုင်ပေသည်။)
# (၇) စာပိုဒ် ၁၁၁၅ မှ ၁၁၁၈ အထိပါ ပြဌာန်းချက်များကို ဂရုပြုကြရန် နိုးဆော်လိုက်သည်။ “ တိုသော” သို့မဟုတ် “ လုပ်ရိုးလုပ်စဉ်ဖြစ်သော” အမိန့်တို့ထက်များစွာပိုလွန်နေသော အမိန့်များကို အမှုနေ့စဉ်မှတ်တမ်းတွင် ရေးမှတ်ကာမျှဖြင့် ချမှတ်သောကိစ္စများရှိတတ်သည်။
အမှုရွှေ့ဆိုင်းခြင်း၊ ရက်ချိန်းသတ်မှတ်ခြင်း အစရှိသည့် လုပ်ရိုးလုပ်စဉ်လောက် ဖြစ်သောကိစ္စများနှင့် စပ်လျဉ်းသည့် အမိန့်များကို သာ နေ့စဉ်မှတ်တမ်းတွင် ချမှတ်ရၕမည်။ အရေးပါသောအမိန့်များကို ချမှတ်သည့် ကိစ္စအားလုံးလိုလို၌ပင် နည်းလမ်းတကျဖြစ်သော အမိန့်ကို ရေးမှတ်ရမည်။ အမှုနေ့စဉ်မှတ်တမ်းရေးသွင်းချက်များမှာ တရားသူကြီးက မိန့်ညွှန်းသည့် အရာများကို မှတ်သားသည့်မှတ်တမ်းမျှသာ အမှန်စင်စစ် ဖြစ်သောကြောင့် ထိုနေ့စဉ်မှတ်တမ်းရေးသွင်းချက် အနေမျိုးသက်သက်ဖြင့် ချမှတ်သော အမိန့်များမှ၊ မရေမရာ၊ သံသယဖြစ်ဖွယ်ရာ အချက်များ မကြာခဏဖြစ်ပေါ်တတ် လေသည်။ များသောအားဖြင့် ရှေ့နေတို့သည် မိမိတို့ စိတ်ဝင်စားသည့်အတိုင်း ဒီကရီ သို့မဟုတ် အမိန့် ရေးဆွဲပုံရေးဆွဲနည်းတွင် စိတ်ဝင်စားခြင်း မရှိကြချေ ။ သို့ဖြစ်သောကြောင့် မည်သည့်အခါ၌ နည်းလမ်းတကျ အမိန့်ကို ရေးဆွဲသင့်သည်၊ မည်သည့်အခါ၌ မရေးဆွဲသင့် ဟူသော အချက်ကို ဆုံးဖြတ်ရန်မှာ တရားသူကြီး၏ တာဝန်ဖြစ်သည်။
၅။ # အကြံပြုချက်
# ဒီကရီ( သို့မဟုတ်) ထုံးပုံကျအမိန့်တို့ကိုရေးဆွဲရန်အတွက် အထက်ဖော်ပြပါ တရားရုံးများလက်စွဲအပိုဒ် ၁၇၅ ပါ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ပါက # ခရိုင်အဆင့်တရားရုံးကရေးဆွဲထားတဲ့ ထုံးပုံကျ အမိန့်က ဒီလိုတဲ့ဟေ့ ဆိုပြီး အများသူငှာ အပြစ်ပြောရန် အကြောင်းပေါ်ပေါက်တော့မည် မဟုတ်ပေ ။
# တရားရုံးလက်စွဲပါဆိုင်ရာအပိုဒ်များ
၆။ # နေ့စဉ်မှတ်တမ်းတွင် ရေးသားရမည့် အကြောင်းအရာများ
တရားရုံးနေ့စဉ်မှတ်တမ်းတွင် ရေးသွင်းရမည့် အကြောင်းအရာများမှာ အောက်ပါတို့ဖြစ်သည် -
- အမိန့်ဆင့်စာ စသည်များထုတ်ဆင့်ခြင်း၊ အမှုသည်များနှင့်သက်သေများလာရောက်ခြင်း၊
- ငြင်းချက်များ စီစဉ်ထုတ်ပေးခြင်း၊
- စာမှတ်စာတမ်းများ တင်သွင်းခြင်း၊
- သက်သေများ စစ်ဆေးခြင်း၊
- ကြားဖြတ်အမိန့်များ ချမှတ်ခြင်း၊
- စီရင်ချက်ချပေးခြင်းမှ စ၍ အမှုကို အဆင့်ဆင့်တိုးတက်ဆောင်ရွက်ခြင်း နှင့် အမှု ဆောင်ရွက်ပုံတို့ကို ရှင်းလင်းဖော်ပြရန်လိုသည့် အခြားအကြောင်းအရာများကို ရေးမှတ် ရမည်။
(တရားရုံးလက်စွဲအပိုဒ် - ၁၁၁၆)
# တရားရုံးသို့တင်သွင်းသော အဆိုလွှာအစရှိသည်တို့အပေါ်တွင် ရေးမှတ်ခြင်း
အမှုတွဲတွင် တင်သွင်းသော အဆိုလွှာ၊ လျှောက်လွှာ၊ ချေလွှာ၊ တိုင်လျှောက်ချက် (သို့မဟုတ် ) အခြားအလွှာ (သို့မဟုတ်) စက္ကူရပ်အသီးသီးအပေါ်တွင် တင်သွင်းသည့် နေ့စွဲနှင့် တင်သွင်းသူအမည်ကို ထပ်ဆင့်ရေးမှတ်ထားရမည်။ တင်သွင်းသည့် အကြောင်းကို အမှု့နေ့စဉ်မှတ်တမ်းတွင် ရေးမှတ်ထားရမည်။
(တရားရုံးများလက်စွဲအပိုဒ် - ၁၁၁၇)
# အမိန့်များချမှတ်ပါက ရေးမှတ်ရန်လိုခြင်း
လျှောက်လွှာအစီရင်ခံစာ အစရှိသည်တို့အပေါ်တွင် ထင်ရှားပြတ်သားစွာ နည်းလမ်းတကျ အမိန့်များရေးသားရန် နေရာရှိလျှင် ထိုသို့ရေးသားခြင်းအလေ့အထကို အလျဉ်းပိတ်ပင်ခြင်း မရှိချေ။ သို့ရာတွင် စာပိုဒ် ၁၁၁၅ ၊ နှင့် ၁၁၁၆ တို့အရ နေ့စဉ်မှတ် တမ်း ပေါ်တွင် ရေးမှတ်နိုင်သည့် အမိန့်များမှ တစ်ပါး အခြားအမိန့်များနှင့် မှုခင်းဆောင်ရွက်ချက် များကို သာမန်အားဖြင့် သီးခြားစာရွက်ပေါ်တွင်ဖြစ်စေ၊ ပြဌာန်းသတ်မှတ်ထားသည့် ပုံစံများ ပေါ်တွင် ဖြစ်စေ ရေးသားရမည်။
# ဒီကရီရေးဆွဲရန် မဟုတ်ဘဲ ထုံးပုံကျအမိန့်ရေးဆွဲရန် နှင့် သက်ဆိုင်သော စီရင်ထုံးများ
၇။ အယူခံတရားလိုသည် တရားရုံးချုပ် ၁၉၈၈ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၁၇၂ ၌ ပြင်ဆင်မှုလျှောက်ထားရာတွင် တရားဝင်ကိုယ်စားလှယ်အဖြစ် ထည့်သွင်းခြင်းမပြုသည့် တိုင်းတရားရုံး၏ အမိန့်မိတ္တူကို ပြင်ဆင်လွှာနှင့် အတူ တင်ပြခဲ့သော်လည်း အမှုပိတ်သည့် အမိန့်မိတ္တူကို တင်သွင်းခဲ့ခြင်းမရှိချေ။ သို့ရာတွင် ထိုအမိန့်အပေါ် အခြေခံ၍ ရေးဆွဲထားသော မူလအမှုတွင် ဒီကရီ ဟူသည့် ဒီကရီမိတ္တူကို တင်သွင်းထား ကြောင်း တွေ့ရသည်။ အမှန်ဆိုသော် လျှောက်လွှာကို ပလပ်သည့် အမိန့်သည် ဒီကရီ မဟုတ်သဖြင့် ဒီကရီရေးဆွဲရန် မဟုတ်ချေ။ ထုံးပုံကျ အမိန့်သာ ရေးဆွဲရန်ဖြစ်သည်။ တိုင်းတရားရုံးက ဒီကရီဟု မှားယွင်းဖော်ပြခြင်းကြောင့် သက်သာခွင့်တောင်းဆိုရာ၌ ဒီကရီကို ပယ်ဖျက်ပေးရန် မှားယွင်းလျှောက်ထား မိခဲ့ခြင်းသာဖြစ်သည်။ ပြင်ဆင်မှုလျှောက်လွာပါအကြောင်းပြချက်များကို ခြုံငုံ၍ ဖတ်ကြည့်ပါက အမှုကို ပိတ်သည့် အမိန့်ကို အယူခံဝင်ရောက်ခြင်း မဟုတ်ကြောင်း တွေ့မြင်နိုင်သည်။ တိုင်းတရားရုံးက ဒီကရီ မှားယွင်းရေးဆွဲမိရုံဖြင့် အယူခံဝင်ခွင့်မရသည့်အမိန့်ကို အယူခံဝင်နိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍ အယူခံတရားပြိုင်၏ ရှေ့နေ တင်ပြချက်ကို လက်ခံရန် အကြောင်းမရှိချေ။
ဒေါ်တင်ကြည်နှင့် ဦးစန်းမြင့်ပါ (၂)
# ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ -၃၄
ဤအယူခံကို အဆုံးမသတ်မီ မှတ်ချက်ပြုလိုသော အချက်များကို ဖော်ပြလိုပေသည်။ တိုင်းတရားရုံးက အမှု ပလပ်ခြင်းနှင့်စပ်လျဉ်း၍ ဒီကရီ ရေးဆွဲထားသည်ကို တွေ့ရသည်။ အမှု ပလပ်သည့် အမိန့်သည် ဒီကရီ မဟုတ်ကြောင်း တရားမကျင့်ထုံး ဥပဒေပုဒ်မ ၂(၂) (ခ) တွင် အတိအလင်း ပြဌာန်းထားသည်။ သို့ဖြစ်ရာ တရားလိုမလာ၍ အမှုကို ပလပ်ရာတွင် ဒီကရီရေးဆွဲရန် အကြောင်းမပေါ်ပေါက်ချေ။ ထုံးပုံကျ အမိန့်သာ ရေးဆွဲရန် လိုသည်။
ဦးစိန်လှိုင် နှင့် ဦးမောင်မောင်အေးပါ(၂)
# ၁၉၈၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ- ၁၃၇
နိဂုံး
၈။ အမှုသည်တို့၏ သက်သာခွင့်များကို ပေါ်လွင်အောင်ရေးဆွဲနိုင်သော ဒီကရီများ၊ ဒီကရီကို အတည်ပြုသည့် ဘိလစ်စာရေးများ က မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်ကို ရှင်းလင်းတိကျစွာသိမြင်နိုင်သော ဒီကရီများ ကို ရေးဆွဲနိုင်ခြင်းဖြင့် တရားရုံးများ အပေါ်တွင် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု ရှိလာကြမည်ဟု မျှော်လင့်ပါသည်။
လိုအပ်ချက်များကိုဖြည့်စွက်ဆွေးနွေးဝေဖန်ပေးကြပါရန် ဖိတ်ခေါ်လျှက် -

23/08/2025

စာချုပ်စာတမ်းပယ်ဖျက်ပေးစေလိုမှု
(သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၃၉)
မှတ်စုမှတ်ရာအကျဉ်း(၁)
*****************

စာချုပ်စာတမ်းဆိုသည်မှာ အဘိုးတန်
စာတမ်းအမှတ်အသားဖြစ်ပေသည်။
စာချုပ်ချုပ်ဆိုရာတွင် ဥပဒေနှင့်ညီသောစာချုပ်
စာတမ်းရှိသလို ဥပဒေနှင့်မညီသောစာချုပ်
စာတမ်းလည်းရ်ှတတ်ပေသည်။ တခါတရံ
ဥပဒေနှင့်မညီသောစာချုပ်စာတမ်းတစ်ခုကို
မပယ်ဖျက်ဘဲ ထားပါက စာချုပ်စာတမ်းတွင်
ပါဝင်သူ(သို့မဟုတိ) အကျိုးခံစားခွင့်ရှိသူများသည်
ထိခိုက်နစ်နာစေနိုင်ပါသည်။ မပယ်ဖျက်သည့်
အတွက်လည်း ထိုစာချုပ်သည် အတည်သဘော
သက်ရောက်ကာ တရားတစ်ဘောင်ဖြစ်လာပါက
ရာဇဝင် တုတ်ထမ်း၍ ငြင်းရခုန်ရတော့ ပေမည်။
သို့ဖြစ်၍လည်း အစကောင်းအနှောင်းသေချာ
ဆိုသကဲ့သို့ ထိုစာချုပ်ကို ပယ်ဖျက်ရန်
(သို့မဟုတ်) ဖျက်သိမ်းရန် သီးခြားသက်သာခွင့်
ဥပဒေပုဒ်မ-၃၉ အရ သက်ဆိုင်ရာ တရားရုံး
များတွင် တရားစွဲဆိုနိုင်ပါသည်။

အမှုအင်္ဂါရပ်
=======
(၁) တရားလိုသည် အချင်းဖြစ်ပစ္စည်းတွင်
အကျိုးခံစားခွင့်ရှိခြင်း
(၂) စာချုပ်စာတမ်းကို ပယ်ဖျက်ခြင်းမပြု
ပါက တရားလို၏ အကျိုးခံစားခွင့်ကို
ထိခိုက်နစ်နာစေခြင်း

တရားစွဲဆိုခွင့်ရှိသူ
==========
စာချုပ်စာတမ်းကို ပယ်ဖျက်ရန် ယင်းဥပဒေ
ပုဒ်မအရ တရားစွဲဆိုရာ၌ အကျိုးခံစားခွင့်ရှိသူ
သာတရားစွဲဆိုနိုင်ပြီး ကြားလူက ချုပ်ဆို
ထားသောမှတ်ပုံတင်စာချုပ်စာတမ်းကို
ပယ်ဖျက်ပေးရန် တရားစွဲဆိုခွင့်မရှိချေ။
[ AIR 1972 All 376 ]

ကိတ္တိမမွေးစားစာချုပ်ကို ပယ်ဖျက်ရန်
စွဲဆိုခြင်းသည် သီးခြား ၃၉အရ စွဲဆိုခြင်း
ဖြစ်သည်။ သီးခြား ၃၉ အရ စွဲဆိုရာ၌
ပုဂ္ဂိုလ်တိုင်းစွဲဆိုခွင့်မရှိ။ နစ်နာသူကသာ
စွဲဆိုခွင့် ရှိသည်။ နစ်နာသူ ဆိုသည်မှာ
သေသူ၏ ပစ္စည်းတွင် အကျိုးခံစားခွင့်
ရှိသူ ဖြစ်ရပေမည်။
[ မောင်သိန်းဝင်း နှင့် ကိုမင်းအောင် ၁၉၇၈ မတစ ၁၁၃]

မေတ္တာဖြင့်ပေးကမ်းခြင်း
=============
အမွေရှင်မကွယ်လွန်မီ ပစ္စည်းအားလုံးကို
ပေးကမ်းခြင်းနှင့် စပ်လျဉ်း၍ အမွေဆက်ခံခွင့်
ရှိသူ တစ်ဦးက ပေးကမ်းခြင်းကို ပယ်ဖျက်
ပေးရန် တရားစွဲဆိုခွင့်မရှိပေ။
[ ဒေါ်လှပိုပါ ၂ နှင့် ဦးတင်အုန်းပါ ၂ ၁၉၉၀ မတစ ၁၀၄]

မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦးသည် မိမိပိုင်ပစ္စည်းကို
ပေးကမ်းခွင့်မရှိဟု တားမြစ်ချက်မရှိချေ။
သို့ရာတွင် အထက်ပါပြဌာန်းချက်အရ မြန်မာဗုဒ္ဓ
ဘာသာတစ်ဦးသည် ပစ္စည်းအားလုံးအား
အခြားသူတစ်ဦးအပေါ် ပေးကမ်းထားပါက
ထိုသူကွယ်လွန်သောအခါ သူ၏ အမွေစား
အမွေခံများအတွက် ဝေခြမ်းစရာပစ္စည်းမရှိသည့်အခါ
ထို့သို့ ပေးကမ်းခြင်းသည် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ
နှင့် ဆန့်ကျင်သည်ဟု မှတ်ယူရမည်ဖြစ်ပြီး
ပေးကမ်းခြင်းကြောင့် ရရှိထားသည့်ပစ္စည်းအားလုံးကို
အမွေပုံတွင်ထည့်သွင်း၍ ခွဲဝေယူကြရမည်ဖြစ်သည်။
[ ဦးတင်ဝင်းပါ၂ နှင့် ဦးတင်ညွန့်ပါ ၃ ၁၉၈၃ မတစ ၁၉၁]

အမွေဆိုင်မြေကိုလှူဒါန်းခြင်း
===============
အမွေဆိုင်မြေကို လှူဒါန်းခြင်းကြောင့် ကျန်အမွေဆိုင်
အနေဖြင့် ထိခိုက်နစ်နာမည်ဖြစ်သည်။ လှူဒါန်းသည့်
စာချုပိကြောင့် နစ်နာသူကျန်အမွေဆိုင်တို့အနေဖြငိ့
စာချုပ်ပျက်ပြယ်ကြောင်း နှင့် စာချုပ်ပယ်ဖျက်ပေးရန်
သီးခြား ၃၉ အရ တရားစွဲဆိုခွင့်ရှိသည်။
[ ဦးဟန်ထွန်းပါ ၄ နှင့် ဦးစံမြပါ ၁၀ ၁၉၉၈ မတစ ၂၈၆]

သို့ရာတွင် အချင်းဖြစ်ပစ္စည်းတွင် အကျိုးခံစားခွင့်
မရှိသူတစ်ဦးသည် သီးခြား ၃၉ အရ အချင်းဖြစ်
ပစ္စည်းနှင့်စပ်လျဉ်း၍ စာချုပ်စာတမ်းကို ပယ်ဖျက်
ပေးရန် တရားစွဲခွင့်မရှိချေ။
[ ဦးမြင့်စိုး နှင့်ဦးတင်ရွှေပါ ၂ ၂၀၀၂ မတစ ၃၆၂ ]

မွေးစားခြင်း
======
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မွေးစားခြင်းသည်
ပဋိညာဉ်ဖွဲ့ခြင်းဖြစ်၍ ပဋိညာဉ်အက်ဥပဒေတစ်ရပ်ရပ်
နှင့် ငြိစွန်းလျှင် မွေးစားစာချုပ် ချုပ်ဆိုသူက စာချုပ်
ကိုပယ်ဖျက်ပေးရန် စွဲဆိုနိုင်သည်။
[ ဦးတင်အောင် နှင့် ဦးဇော်ဝင်းအောင်ပါ၄ ၂၀၀၃မတစ၂၂၆]

မှတ်ပုံမတင်ရသေးသောစာချုပ်
================
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို မှတ်ပုံမတင်ရသေးသော
စာချုပ်ဖြင့် ဝယ်ယူပြီး လက်ရောက်ရရှိသူသည်
အဆိုပါမြေကို ပိုင်ရှင်က အခြားသူအား ရောင်းချသည့်
မှတ်ပုံတင်စာချုပ်အား ပယ်ဖျက်ပေးရန် တရားစွဲဆိုခြင်း
မပြုနိုင်ပေ။
[ ဦးမောင်မောင်လတ်ပါ ၃ နှင့် ဦးကြီးကြိန် ၂၀၀၁ ]
မတစ (စုံညီ) ၂၀၁

ပျက်ပြယ်သောစာချုပ်
===========
ပဋိညာဉ်အက်ဥပဒေ ၂(ဆ) အရ ပျက်ပြယ်နေသော
စာချုပ် စာချုပ်မျိုးကို ပယ်ဖျက်ပေးရန် မလိုချေ။
[ ဒေါ်ညွန့်သီ နှင့် ဦးအောင်ခင်ပါ၁၀ ၁၉၈၃ မတစ ၂၆ ]

အမှုတန်ဘိုးနှင့်ရုံးခွန်
===========
စာချုပ်စာတမ်း ဖျက်သိမ်းပေးရန် စွဲဆိုသည့်အမှုတွင်
တောင်းဆိုသောသက်သာခွင့်သည် ဖျက်သိမ်း
ပေးစေလိုသည့် စာချုပ်တန်ဘိုးအပေါ် သတ်မှတ်ရမည်။
[ ဦးစိုးအောင် နှင့် ဒေါ်မြသန်းပါ၃ ၁၉၇၀ မတစ ၈၃ ]

အရောင်းအဝယ်အရ ရေစစ္စတီ ချုပ်ဆိုထားသော
စာချုပ်ကို ပျက်ပြယ်ကြောင်း လျှောက်ထား တောင်းဆို
သည့်အခါတွင် ထိုတောင်းဆိုချက်မှာ သာမန်မြွက်ဟ
ဒီကရီ တောင်းခွင့်ရှိသည့် အမှုမျိုးမဟုတ် စာချုပ်ကိုပါ
ဖျက်သိမ်းပေးရမည့် အမှုမျိုးဖြစ်သဖြင့် စာချုပ်၏
တန်ဘိုးပေါ်တွင် တံဆိပ်ခေါင်း ထမ်းဆောင်ရမည်။
[ ဦးသန်းမောင် နှင့် မခင်ကြည် ၁၉၆၇ မတစ ၂၈၃ ]

ရုံးခွန်ဥပဒေ
======
ရုံးခွန်အက်ဥပဒေပုဒ်မ ၇(၄)(ဂ)အရ ပယ်ဖျက်လိုသော
စာချုပ်တန်ဘိုးအပေါ် ရုံးခွန်ဥပဒေဇယား(၁) အမှတ်စဉ်
(၁) နှုန်းထားအတိုင်း ထမ်းဆောင်ရမည်။

ကာလစည်းကမ်းသတ်ဥပဒေ
================
ကာလစည်းကမ်းသတ်ဥပဒေ ပုဒ်မ ၉၁ အရ
စာချုပ်မှတ်ပုံတင်သည့်နေ့ (သို့မဟုတ်) စသိသည့်
နေ့မှစ၍ (၃)နှစ်အတွင်း တရားစွဲဆိုနိုင်သည်။

23/08/2025

“အပျောက်စနစ်နှင့် အပျောက်တိုက်ခန်းများ အကြောင်း"

၁။ "အပျောက်စနစ်"

ယခုအခါ နေအိမ် တိုက်ခန်းများကို အပျောက်စနစ်ဖြင့်
ဝယ်ယူနေထိုင်လျက် ရှိကြသည်။

အပျောက်စနစ်ဖြင့် ဝယ်ယူသူသည် အပျောက်ငွေကို
အခန်းလက်ရှိနေသူသို့ ပေးချေကာ
အခန်းကို လက်ပြောင်း လက်လွှဲရယူနိုင်သည် ။

နေထိုင်ခွင့်အတွက် တန်ရာတန်ကြေးပေး၍ ဥပစာကို
လွဲှပြောင်းရယူသည့် စနစ် ဖြစ်သည်။
တိုက်ခန်းကို လုံးဝပိုင်ဆိုင်ခြင်း မဟုတ်ဘဲ
တိုက်ခန်းပိုင်ရှင် ရှိပေသည်။

တိုက်ခန်းကို ရောင်းမည်ဆိုလျှင် တိုက်ခန်းပိုင်ရှင်ကို
အသိပေးပြီး ရောင်းခွင့်ရှိသည်။
ထိုသို့ အခန်းကိုလက်ပြောင်း လက်လွဲှပြုရာတွင်
အိမ်ရှင်၏ အသိအမှတ်ပြုခြင်းကို ရယူရန် လိုအပ်သည်။
သတ်မှတ်သည့် အိမ်လခ ရှိ၍ အဆိုပါ အိမ်လခကို
တိုက်ရှင်သို့ ပေးဆောင်ရသည်။

ထိုကဲ့သို့ တိုက်ခန်းကို အပျောက်စနစ်ဖြင့် ရောင်းချရာတွင်
အိမ်ရှင်၏ အသိအမှတ်ပြုခြင်းကို ရယူရန်အတွက်
ရောင်းသူက အမည်ပြောင်းခ အဖြစ် အိမ်ရှင်သို့
ပေးရသည်။

ထိုအခါတွင်မှ အိမ်ရှင်က နောက်ဝယ်သူကို အသိအမှတ်
ပြုသည်။ အပျောက်စနစ်ဖြင့် ဝယ်ယူသော်လည်း ဝယ်သူသည်
အိမ်ဌားသာလျှင် ဖြစ်သည်။

အပျောက်တိုက်ခန်း ပိုင်ဆိုင်သူမှာ နေထိုင်ခွင့်နှင့် ထပ်ဆင့်
လွဲှပြောင်းဌားရမ်းပိုင်ခွင့် ရှိသော အိမ်ဌားတစ်ဦးပင် ဖြစ်သည်။
အပျောက်တိုက်ခန်း ဝယ်ယူရာတွင် မြေပိုင်ဆိုင်မှု
မပါဝင်သဖြင့် ဝယ်ယူသူသည် မြေပိုင်ရှင် ( တိုက်ပိုင်ရှင်) အား
အိမ်လခပေးရသော အိမ်ဌားတစ်ဦးသာ ဖြစ်သည်။

အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူရာတွင်
မြေပိုင်ရှင် (တိုက်ပိုင်ရှင်) ၏ လက်မှတ်ပါဝင် ရေးထိုးပေးရန်
အရေးကြီးသည်ဖြစ်ရာ မြေပိုင်ရှင် ၊ တိုက်ပိုင်ရှင်ဖြစ်ကြောင်း ၊
၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်နှင့် အတူ ပြသ စိစစ် စုံစမ်း
နိုင်ရန်နှင့် အရောင်းအဝယ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး
ပေးနိုင်ရန် ရောင်းချသူအနေဖြင့် ကြိုတင်ညှိနှိူင်းဆောင်ရွက်
ထားရန် လိုအပ်ပါသည်။

*****

၂။ "အပျောက်တိုက်ခန်းများ အကြောင်း"

၁။ အပျောက်တိုက်ခန်း
။။။။။။။။။။။။။။။။။။။။။။။။။။

အပျောက်တိုက်ခန်းဆိုသည်မှာ
ယင်းတိုက်ခန်းအား တန်ဖိုးတစ်ရပ်ဖြင့်ပေးဝယ်၍
နေထိုင်ခွင့်နှင့် ထပ်ဆင့်လွဲှပြောင်း၊ ဌားရမ်းပိုင်ခွင့်ရှိသော
အိမ်ဌား (Tenant) တစ်ဦးဖြစ်ပါသည်။

၁၉၆၀ ပြည့်နှစ်၊ မြို.ပြဆိုင်ရာဌားရမ်းခ ကြီးကြပ်ရေး
အက်ဥပဒေနှင့် အကျုံးဝင်သဖြင့်
ဝယ်ယူသူသည် မြေရှင်အား အိမ်လခပေးရန်နှင့်
ယင်းဥပဒေကို လိုက်နာရပါမည်။

၂။ အပျောက်တိုက်ခန်းအမျိုးအစားများ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(က) ပုဂ္ဂလိကတိုက်ခန်း
- ပုဂ္ဂလိကပိုင်မြေကွက်ပေါ်တွင် ပုဂ္ဂလိကပိုင် ငွေဖြင့်ဖြစ်စေ၊
ကန်ထရိုက်တာနှင့် အခန်းပေး အခန်းယူဆောက်လုပ်သည့်
တိုက်ခန်းများဖြစ်ပြီး၊
- မြေရှင်အား အိမ်လခပေးနေရသော အခန်းများ ဖြစ်ပါသည်။
- အိုးအိမ်မှ ပုဂ္ဂလိကသို. အပြီးအပြတ်ရောင်းချသော
အခန်းများလည်း ပါဝင်ပါသည်။
- ယင်းတိုက်ခန်းများကိုမူ အိမ်လခ တောင်းခံခြင်း မပြုပါ။

(ခ) ပြည်သူပိုင်မှ ပြန်ပေးသောတိုက်ခန်း
- ပြည်သူပိုင် သိမ်းယူသောတိုက်ခန်းများအနက်
နိုင်ငံတော်မှ အသုံးပြုရန် မလိုအပ်သည့် အခန်းများအား
ပြန်လည်စိစစ်၍ မူလပိုင်ရှင်များအား ပြန်လည်လွဲှပြောင်း
ပေးအပ်လိုက်သည့် အခန်းအမျိုးအစား ဖြစ်ပါသည်။

(ဂ) စည်ပင်မှ ယာယီထိန်းသိမ်းထားသည့် တိုက်ခန်း
- တိုက်ခန်းနေထိုင်သူမှ ကြွေးမဆပ်နိုင်သဖြင့်
စည်ပင်က ယာယီထိန်းသိမ်းထားသည့် အခန်းဖြစ်ပြီး၊
- စည်ပင်ကြွေးကို အိမ်ဌား (တိုက်ခန်းအပျောက်ဝယ်သူ) မှ
ပေးဆပ်ရပြီး
- တိုက်ပိုင်ရှင်သို့ အိမ်လခပေးရန် မလိုဘဲ
- စည်ပင်ခွန်များကိုသာ ပေးဆောင်နေရသည့်
အခန်းအမျိုးအစား ဖြစ်ပါသည်။

(ဃ) ဘာသာရေးပိုင်အခန်းများ
- ဗလီဝကဖ်အခန်းများ၊ ဟိန္ဒူဘုရားကျောင်းပိုင် အခန်းများ၊
တရုတ်ဘုံကျောင်းပိုင်အခန်းများအား
အပျောက်စနစ်ဖြင့်ရောင်းချပြီး
- ရရှိသည့်ငွေများ၊ အိမ်လခများကို ဘာသာရေးရန်ပုံငွေ
အဖြစ် အသုံးပြုသည့်အခန်းများ ဖြစ်ပါသည်။
- အဆိုပါအခန်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊
ပိုင်ဆိုင်မှု အမည်ပြောင်းခြင်းများကို သက်ဆိုင်ရာ
ဂေါပကအဖွဲ့ လူကြီးများက စီမံခန့်ခွဲကြပါသည်။

(င) ပြည်သူပိုင် (သို့) အစိုးရပိုင်အခန်းများ

1. အိုးအိမ်ခန်း

- နိုင်ငံတော်ပိုင်မြေပေါ်တွင် နိုင်ငံတော်ပိုင်ငွေဖြင့်
ဆောက်လုပ်ပြီး
- ဝန်ထမ်းများအား နေထိုင်ခွင့် အဌားချထားသောအခန်းမျိုး
ဖြစ်သည်။
(ဥပမာ- ဦးဝိစာရအိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ ဖဆပလအိမ်ရာ)
- ၎င်းအပြင် ယခင်တိုင်းပြည်သူူ့ ကောင်စီမှ
ထိန်းသိမ်းထားသော ပြည်သူပိုင် အခန်းများအား
အိုးအိမ်သို့ လွဲှအပ်ပေးလိုက်သော အခန်းများ ပါဝင်ပါသည်။

2. ဌာနဆိုင်ရာအခန်းများ

- အစိုးရဌာနဆိုင်ရာ အဖွဲ.အစည်းအသီးသီးတို့မှ
မိမိတို့ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက်
နိုင်ငံတော်မှ စီစဉ်ဆောက်လုပ်ပေးသော
အဆောက်အဦးတိုက်ခန်းများ ဖြစ်ပါသည်။
- ပြည်သူပိုင်အဖြစ် ပြုလုပ်ထားသော အခန်းများ
ပါဝင်ပါသည်။

3. တိုင်းချခန်း

- ယခင်တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၊
တစ်ဖန် တိုင်းပြည်သူ့ကောင်စီသည် တိုင်းအဆင့်စီမံခန့်ခွဲမှု၊
အုပ်ချုပ်မှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များအား
ချပေးသောအခန်း ဖြစ်ပါသည်။

4. နိုင်ငံခြားပြန် အခန်း

- နိုင်ငံခြားသားပိုင် အခန်းဖြစ်ပြီး မိမိတို့၏နိုင်ငံသို့
အပြီးအပိုင် ပြန်ကြရာတွင် ယင်းအခန်းများကို
နိုင်ငံတော်သို့ အပ်နံှခြင်း(သို့) နိုင်ငံတော်မှ
သိမ်းယူထားသော အခန်း ဖြစ်သည်။

5. စည်ပင်ယာယီထိန်းအခန်း

- စည်ပင်သာယာရေးကော်မတီ၏ စည်းကမ်းချက်များ၊
ဥပဒေပြဌာန်းချက်များနှင့် မကိုက်ညီခြင်း
- ညွှန်ကြားချက်များအားမလိုက်နာခြင်းတို.ကြောင့်
စည်ပင်သာယာရေးကော်မတီမှ
ယာယီထိန်းသိမ်းထားသောအခန်း ဖြစ်ပါသည်။

(စ) အခြားအခန်းများ

- ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ
(မူးယစ်ဆေးဝါး၊ ချဲထီစသည်)
အရေးယူခံရပြီး နိုင်ငံဘဏ္ဍာအဖြစ်သိမ်းခြင်းခံရသည့်
အခန်းများ ဖြစ်ပါသည်။

(ဆ) DB တိုက်ခန်းများ

အန္တရယ်ရှိ အဆောက်အဦ DB(Dangerous Building)မှာ
အချိန်မရွေး ပြိုကျနိုင်ပြီး နေထိုင်သူနှင့်
အနီးအနားရှိသည့်လူများ၏ အသက်အန္တရာယ်ကို
ထိခိုက်စေနိုင်သည့် အဆောက်အဦကို ခေါ်ပါသည်။

အန္တရာယ်ရှိအဆောက်အဦကို အိမ်ရှင်ဖြစ်စေ၊ နေထိုင်သူဖြစ်စေ၊
ပတ်ဝန်းကျင်မှဖြစ်စေ မြို.တော်စည်ပင်သာယာရေးကော်မတီသို့
လျှောက်ထားနိုင်ပါသည်။

လျှောက်ထားမှုအပေါ် ရှေးဦးစွာ ပဏာမအဖွဲ့ဖြင့်
စစ်ဆေးပြီး အသေးစားပြင်ဆင်ရန် (သို့)
အကြီးစားပြင်ဆင်ရန်ဆုံးဖြတ်ပါသည်။

ထိုသို့ မဟုတ်ဘဲ အန္တရာယ်ရှိ အဆောက်အဦဖြစ်က
အဖွဲ.ဝင်(၁၂) ဦး ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ကြီးဖြင့်
ထပ်မံစစ်ဆေး ဆောက်ရွက်ပါသည်။

ထိုအဖွဲ.၏ စစ်ဆေးချက်ကို မြို.တော် စည်ပင်သာယာရေး
ကော်မတီသို့ တင်ပြအတည်ပြုချက် ရယူပြီးနောက်
မြို.တော်သတင်းစာ(သို့) အခြားနည်းဖြင့် မြေရှင်မှ
လာရောက်၍ပိုင်ဆိုင်မှုတင်ပြရန်
အကြောင်းကြားပါသည်။

ပိုင်ဆိုင်မှုမှန်က မြေရှင်မှ မိမိကြိုက်ရာစည်ပင်အသိအမှတ်ပြု
လိုင်စင်ရကန်ထရိုက်တာဖြင့် အန္တရာယ်ရှိအဆောက်အဦးကို
ဖြိုဖျက်၍ အသစ်ပြန်လည်တည်ဆောက်ရေးကြီးကြပ်အဖွဲ့ မှ
နေထိုင်သူများအားခေါ်၍ နေရာချထားပေးပြီး
ဆောက်လုပ်စေပါသည်။

အိမ်ရှင်မြေရှင်နှင့် နေထိုင်သူများ၊ စပေါ်ဖြင့်နေသူ (သို့)
အခြားနည်းဖြင့်နေသူများ၏ အခွင့်အရေးမှာ-

1 - နေထိုင်သူများကို လက်ရှိအခန်းများ၏ အကျယ်အဝန်း
အတိုင်း ပြန်လည်နေရာ ချထားပေးပါသည်။
2 - အခန်းရသူများမှ ကန်ထရိုက်တာကို(၃)ရစ်ခွဲ၍
အလိုက်ငွေပေးရပါမည်။ ပျက်ကွက်လျှင် အခန်းရယူသူ
စာရင်းမှ ပယ်ဖျက်ပါသည်။
3 - စည်ပင်၏ သတ်မှတ်အခွင့်အရေးမှအပ
အခြားမည်သည့်အခွင့်အရေးမျှ မရရှိပါ။

အန္တရာယ်ရှိအဆောက်အဦးမှ ဖယ်ရှားမပေးသူကို
တည်ဆဲဥပဒေအရ အရေးယူပါသည်။

၃။ နိုင်ငံတော်ပိုင် (ပြည်သူပိုင်/အစိုးရပိုင်) အခန်းများကို
ရောင်းဝယ် လွှဲပြောင်းပိုင်ခွင့် မရှိပါ။

၄။ ပုဂ္ဂလိကပိုင်တိုက်ခန်းများနှင့်
အိုးအိမ်နှင့် ဆောက်လုပ်ရေးကုမ္ဗဏီတို့
အကျိုးတူဆောက်လုပ်ပြီး
ပုဂ္ဂလိကများသို. အပြီးအပိုင် ရောင်းချသည့်တိုက်ခန်းများကို
ပုဂ္ဂလိကအချင်းချင်း ရောင်းပိုင်၊ ဝယ်ပိုင်၊
လွဲှပြောင်းပိုင်ခွင့်ရှိပါသည်။

Credit

ပြန်လည်ကူးယူဖော်ပြပါသည်။

"မိသားစုစီမံမှု"...ဆရာဦးဝင်းဖေ(တရားလွှတ်တော်ရှေ့နေ)ရေးသားပြုစုသည်။
14/06/2025

"မိသားစုစီမံမှု"...ဆရာဦးဝင်းဖေ(တရားလွှတ်တော်ရှေ့နေ)ရေးသားပြုစုသည်။

18/11/2024

ဂရန်ကတုံး ဖြစ်သော်လည်း အမည်ပြောင်းနည်း
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

မြေနှင့်အိမ်ဝယ်လျှင် ဝယ်သည့်မြေမှာ မိမိအမည်ပေါက်ဖြစ်ရန်လိုသည်။ သို့မှသာ အိမ်ဆောက်ရန် မြေပုံကူးယူခြင်း ၊ ခြံစည်းရိုးကာခြင်း ၊ ဘဏ်ငွေချေးခြင်း ပြုလုပ်ရန် အတွက် အိုးအိမ်/စည်ပင်မြေပုံကူးနိုင်သည်။ မြေကွက်မှာ မိမိဝယ်ထားသည်မှာ မှန်သော်လည်း ဥပဒေအရ မိမိအမည်ပေါက် မဟုတ်လျှင် အဆိုပါ ကိစ္စများလုပ်ဆောင်ခြင်း မပြုနိုင်ပါ။
သို့သော် မူလဂရန်ပိုင်ရှင် က မှတ်ပုံတင် General Power/ Special Power မိမိအားပေးထားလျှင်တော့ အထက်ပါ ကိစ္စရပ်များ ဆောင်ရွက်နိုင်ပါသည်။

မူလဂရန်ပိုင်ရှင် သေသွားလျင် ဝယ်သူအမည်ပြောင်းဖို့အဆင့်များ
========================================
အကယ်၍ မိမိဝယ်ယူခဲ့သည့်၊ ဂရန်အမည်ပေါက် / မြေအမည်ပေါက်များက သေဆုံးသွား၍ ကျန်ရစ်သူ သားသမီးများထံမှ အမွေဆက်ခံသည့် မြေနှင့်အိမ်ကို ဝယ်ယူထားသော သူများမှာ ဥပဒေနှင့် အညီ မိမိအမည်ပေါက် ဂရန်မြေရရှိရေးအတွက် ဆောင်ရွက်ရသည့်အခါ အချိုအချောင် ဟု ထင်ခဲ့သော မြေနှင့်အိမ်မှာ သူများအပူကိုယ့်အပူဖြစ်တော့သည်။ သူများ ဒုက္ခကို ဝယ်ယူသူ ဖြစ်သွားသည်။

အိုးအိမ်ဂရန်လား ၊ စည်ပင်ဂရန်လား ခွဲခြားစုံစမ်းပါ
==================================
အိမ်ကလည်း အသစ်ဆောက်ချင်သည်၊ ခြံစည်းရိုးကာဖို့လည်းလိုသည်။ သည်တော့ မိမိအမည်ပေါက် မြေငှါးဂရန် ရရန် ဘာတွေလုပ်ရမည်နည်း။ သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြမြေ စီမံခန့်ခွဲမှုဌါန နှင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန မြို့မြေစာရင်းတွင် သွားရောက်စုံစမ်းရသည်။

အလာကောင်းမှ အနှောင်းသေချာဖို့ အကူအညီယူပါ
===================================
ဂရန်ကတုံးဝယ်မိပါက မြေအမည်ပေါက် မိသားစုထံသွား၍ အကူအညီတောင်းရသည်။ သေဆုံးသူ၏ သေစာရင်းမူရင်းပြ၍ ကျန်ရစ်သူများက တရားသူကြီးထံတွင် မြေအမည်ပေါက် မိခင်/ ဖခင်သေဆုံး၍ မိမိတို့မှာ အမွေဆက်ခံပိုင်ဆိုင်သူများဖြစ်ကြောင်း၊ ကျမ်းကျိန်တင်ပြရသည်။ အိမ်နီးနားချင်းနှစ်ဦးကလည်း သေဆုံးသူများမှာ လျှောက်ထားသည့်မြေနှင့်အိမ်ကို ပိုင်ဆိုင်သူများဖြစ်ကြောင်း၊ ကျန်ရစ်သည့် သားသမီးများက အမွေဆက်ခံပိုင်ဆိုင်သည်မှာ မှန်ကန်ပါကြောင်း ဘေးက ဝိုင်းကူ၍ ကျမ်းကျိန်ပေးရသည်။

သားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း လျှောက်ရန်
=======================================
ကျမ်းကျိန်(၃) စောင် ဂရန်မူရင်း ၊ သေစာရင်း၊ သားသမီးများ၏ မှတ်ပုံတင်မူရင်း၊ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်များယူဆောင်၍ ကျန်ရစ်သူသားသမီးများ ကိုခေါ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာန (သို့) မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှာ သွားရောက်ပြီး ပိုင်ဆိုင်ကြောင်း မြေပုံကူးလျှောက်ထားရသည်။ ထို့အတူ အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံ/မြေရာဇဝင်ကိုပါ တပါတည်းလျှောက်ထားရသည်။ သို့မှသာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုပြီးသည့်နှင့် တဆက်တည်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုနိုင်သည်။

ပိုင်ဆိုင်သူများဖြစ်ကြောင်း သားသမီးများက မှတ်ပုံတင်ထားရမယ်
=======================================
မြို့တော်စည်ပင်မှ တစ်လခန့်ကြာပြီး မြေပုံ မြေရာဇဝင် ရလာသည်နှင့် ရန်ကုန်မြို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ကျန်ရစ်သူသားသမီးများက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ရသည်။ နှစ်ပတ်ခန့်အကြာ စာချုပ်ရုံးက ပိုင်ဆိုင်ကြောင်း စာချုပ်ရလာသည့်အခါ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်မချုပ်မီ၊ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနသို့ သွားရသည်။

ဝင်ငွေခွန်ဥပဒေအရ တန်ဖိုးဖြတ်ပေးဖို့ အခွန်ရုံးကို တင်ပြရန်ပြန်
========================================
မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်သည့်အတွက် မိမိဝယ်ယူထားသည့် မြေနှင့်အိမ်ကိုတန်ဖိုးပြပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့သို့ တင်ပြရသည်။ ယင်း ဘုတ်အဖွဲ့ကလည်း ဆက်စပ်သက်ဆိုင်သည့် စာရွက်စာတမ်းများပြည့်စုံမှ လက်ခံသည်။ ဥပမာ- ဂရန်/ စာချုပ် ပိုင်ဆိုင်ကြောင်း စာချုပ်၊ မြေပုံမြေရာဇဝင် ၊ ဝယ်သူ၏မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်း၊ စသည်တို့ကို (၆)စုံစီတွဲ၍တင်ပြရသည်။ ယင်းဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ မြေနှင့်အိမ်တန်ဖိုးသတ်မှတ်တန်ဖိုးကို မြေနှင့်အိမ်တည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနတွင် သွားရောက်ပေးဆောင်ရသည်။

နှစ်ထပ်ရှိမှ မှတ်မိဆိုသလို စာချုပ်ရုံးကို သွားရပြန်ပြီ
===================================
ရန်ကုန်တိုင်း အခွန်ရုံးမှ အခွန်တံဆိပ်ခေါင်းနှင့်ငွေသွင်းပြီး ချလန်စာရွက်များရရှိပါက အထက်တွင်ဖော်ပြခဲ့သည့် စာရွက်စာတမ်းတင်ပြ၍ အမွေဆက်ခံသူတို့နှင့် မြေဝယ်ထားသူတို့ ရန်ကုန်မြို့စာချုပ်ရုံးမှာ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုရပြန်သည်။ စာချုပ်ပြီး ချက်ခြင်းမရ။ (၁၄) ရက်ခန့်အကြာမှ မှတ်ပုံတင်စာချုပ်ထုတ်ယူ၍ရသည်။

မိမိအမည်ပြောင်းဖို့ မြို့တော်ခန်းမသို့ နောက်တစ်ခါက်
=====================================
စာချုပ်စာတမ်းရုံးမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ရရှိသည်နှင့် ဝယ်သူအမည်ပေါက်ရရှိရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (၄၆)လမ်းရုံး ခန်းမ သို့သွား၍ အရောင်းအဝယ်စာချုပ် (မူရင်း) ဂရန် (မူရင်း) မှတ်ပုံတင် (မူရင်း) ကြွေးကျန်ကင်းရှင်းကြောင်းထောက်ခံချက်တို့ကို တင်ပြ၍ မြို့နယ်အလိုက် အမည်ပြောင်းခ ပေးသွင်းရသည်။ ကန့်ကွက်ရန်ရှိမရှိ မြို့ပြ မြေစီမံခန့်ခွဲမှုဌါန မှ ကွင်းဆင်းစစ်ဆေးသည်။ ကန့်ကွက်သူမရှိမှသာ တစ်လခန့်အကြာ၌ မိမိဝယ်ယူထားသည့် ဂရန်(သို့) မြေပိုင်မြေ စာချုပ်ပေါ်တွင် မိမိအမည်ပြောင်းပေးတော့သည်။

Credit : လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ

15/11/2024

စွဲချက်နှင့်ပါတ်သတ်၍လေ့လာရန်စီရင်ထုံးများ

တရားခံကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ အရ စွဲချက်မတင်မီလွှတ်ခြင်း နှင့် ပတ်သက်၍
××××××××××××××××××××××××××××××××××××××××××××××××××

မည်သည့်အခါ စွဲချက်မတင်မီလွှတ်ထားရခြင်း။
×××××××××××××××××××××××××××××××

အမှုတစ်ခုကို တရားရုံးတွင် စုံစမ်းစစ်ဆေးရာ၌ တရားလိုပြ သက်သေ အချို့ကို စစ်ဆေးပြီးသည့်အခါ တရားခံအပေါ်၌ စွပ်စွဲချက်သည် အခြေအမြစ်မရှိကြောင်း တွေ့ရှိရပါလျှင် တရားရုံးက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၂) အရ အကျိုးအကြောင်းကို မှတ်တမ်းတင်ပြီး တရားလိုပြသက်သေအားလုံးကို စစ်ဆေးမပြီးမီမှာပင် တရားခံကို စွဲချက်မတင်ဘဲ လွှတ်နိုင်သည်။ တရားလိုပြသက်သေများအားလုံးကို စစ်ဆေးပြီးသည့်အခါတွင်လည်း တရားခံက ချေပခြင်း မပြု သည့် တိုင်အောင် တရားခံအပေါ်တွင် အပြစ်ပေးနိုင်လောက်သည့် ပြစ်မှုတစ်စုံ တစ်ရာမတွေ့ရှိလျှင် တရားရုံးက ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၁)အရ တရားခံကို စွဲချက် မတင်ဘဲ လွှတ်ရမည်သာဖြစ်သည်။

ဦးအပ္ပလယ်ကွန်တာပါ (၂) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ(၂) (၁၉၉၂ ၊ မတစ၊ စာ ၉၅ )

-----

ငြိစွန်းချက်ရှိလျှင်စွဲချက်တင်ရခြင်း။
×××××××××××××××××××××××

မခင်ရှီ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ပါ-၂ (၁၉၇၉ ၊ မတစ၊ စာ ၄၁) အမှုတွင် အောက်ပါအတိုင်းထုံးဖွဲ့ထားပါသည်။
ပြစ်မှုဆိုင်ရာအမှုများတွင် တိုင်တန်းသူသည် စွဲချက်တင်နိုင်လောက်သည့် အထောက်အထား တင်ပြရန်တာ၀န်ရှိသည်။ စွပ်စွဲရုံမျှနှင့် မပြီးပေ။ တရားရုံးကလည်း စွဲချက်တင်နိုင်လောက်သည့် ငြိစွန်းချက်ရှိမရှိ သုံးသပ်ရသည်။

THE UNION OF BURMA v. U TUN YIN (၁၉၆၄၊ မတစ၊ ရုံးချုပ်၊ စာ ၃၃၇) အမှုတွင် တရားရုံး၏တာဝန်မှာ တင်ပြသည့်အကြောင်းခြင်းရာများကို အသေအချာစစ်ဆေး၍ အမှုပေါ်ပေါက်သည်ဟု ယုံကြည်ရန်အကြောင်းရှိလျှင် စွဲချက်တင်ရန်ဖြစ်ပြီး စွဲချက်တင်ရမည်ဆိုသဖြင့် မလွှဲမရှောင်သာ အပြစ်ပေးရမည်ဟု မဆိုလိုကြောင်း အောက်ပါအ တိုင်းညွှန်ပြသည်။
It is the duty of the Court to go carefully into the facts as disclosed, and to frame charges, if prima facie cases are revealed. That is not to say that a charge must be invariably followed by a conviction.

ပြစ်မှုဆိုင်ရာအမှုများတွင် သက်သေခံချက်များအရ တရားခံတစ်ဦးအပေါ် ဖြေရှင်းရန် ငြိစွန်းနေသည့် သက်သေခံ အထောက်အထားများ ပေါ်လွင်နေလျှင် တရားခံအား စွဲချက်တင်၍ ဖြေရှင်းစေရမည်။

မောင်ခင်ဆက် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ပါ ၂ (၁၉၈၁ ၊ မတစ၊ စာ ၄(၇))

ပြစ်မှုဆိုင်ရာအမှုများတွင် တရားလိုပြသက်သေများ၏ထွက်ချက်အရ စွပ်စွဲခံရသူသည် ပြစ်မှုကျူးလွန်သည် ဟု မှတ်ယူနိုင်ရန် ငြိစွန်းချက်ရှိလျှင် စွဲချက်တင်ရမည်ဖြစ်သည်။

ဒေါ်မြဦး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ - ၄ (၁၉၉၁၊ မတစ၊ စာ ၁၁၃)

---

ငြိစွန်းချက်ဟူသည်
×××××××××××××

ငြိစွန်းချက်ဟူသည် တရားခံ အပြစ်ရှိမရှိ သုံးသပ်ရာ၌ ထည့်သွင်း စဉ်းစား ရမည့် အချက်အလက်များဖြစ် သည်။
( ဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ၊ အမှတ် - ၆ ၊ စာ ၂၁၃)

---

စွဲချက်တင်ထိုက် မတင်ထိုက်နှင့် ပတ်သက်သော စဉ်းစားရန်ရှိသော အချက်အလက်မျိုးသည် အပြစ်ပေးထိုက် မပေးထိုက် စဉ်းစားသည့်အခါ စဉ်းစားဆင်ခြင်ရန် ရှိသော အချက်အလက်မျိုးနှင့်မတူညီခြင်း။
××××××××××××××××××××××××××××××××××××××××××××××××

တရားခံတစ်ဦးအပေါ် စွဲချက်တင်ထိုက် မတင်ထိုက် စဉ်းစားဆင်ခြင်ရန်ရှိသော အချက်အလက်မျိုးသည် တရားခံအား အပြစ်ပေးထိုက် မပေးထိုက် စဉ်းစားသည့်အခါ စဉ်းစားဆင်ခြင်ရန် ရှိသော အချက်အလက်မျိုးနှင့် သဘောအားဖြင့် တူညီခြင်းမရှိပေ။ စွဲဆိုသည့်ပြစ်မှုကို တရားခံက ကျူးလွန်သည်ဟု ထင်မြင်ဖွယ်ရာ ရှိကြောင်း ညွှန်ပြသည့် သက်သေခံချက်များရှိပါက သူ့အပေါ် စွဲချက်တင်၍ ဖြေရှင်းစေရမည်သာ ဖြစ်ပေသည်။

ကိုဝေလွင် နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ပါ ၂(၁၉၈၂၊ မတစ၊ စာ ၆၇)

တရားခံတစ်ဦးအပေါ် စွဲချက်တင်ထိုက် မတင်ထိုက်နှင့် ပတ်သက်သော စဉ်းစားရန်ရှိသော အချက် အလက်မျိုးသည် တရားခံအား အပြစ်ပေးထိုက် မပေးထိုက် စသည့် စဉ်းစားရန်ရှိသော အချက်အလက်မျိုးနှင့် ဥပဒေအရ မတူညီပေ။

ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် အွန်ချင်ရင်(ခေါ်) ဦးဘိုးရင် (၁၉၆၆၊ မတစ၊ ရုံးချုပ်၊ စာ - ၉၂၁)

---

စွဲချက်တင်ခဲ့လျှင် ယင်းစွဲချက်နှင့်ပတ်သက်၍ တရားခံသည် ဖြေရှင်းခြင်း မပြုနိုင်ပါက သံသယကင်းရှင်းစွာ အပြစ် ပေးနိုင်မှသာ စွဲချက်တင် ရမည်ဖြစ်ခြင်း။
××××××××××××××××××××××××××××××××××××××××××××××××

စွဲချက်တင်စစ်ဆေးခြင်းမှာ တရားခံအပေါ်တွင် အပြစ်ပေးခြင်းမဟုတ် ဆို သော်လည်း စွဲချက်တင်ရန်အချက်အလက်များပြည့်စုံမှသာလျှင် စွဲချက်တင်ရန်လိုအပ် ပေလိမ့်မည်။

#အလေးပေး၍ စဉ်းစားသင့်သည်မှာ တရားခံအပေါ်တွင် စွဲချက်တင်ခဲ့လျှင် ယင်းစွဲချက်နှင့်ပတ်သက်၍ တရားခံသည် ဖြေရှင်းခြင်းမပြုနိုင်ပါက သံသယကင်း ရှင်းစွာ အပြစ်ပေးနိုင်ရန်အကြောင်းရှိမရှိပင် ဖြစ်သည်။

ဦးငြိမ်းလှိုင်ပါ၂ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (၁၉၇၅ ၊ မတစ ၊ စာ -၂၉(၃၀))

----

ပြစ်မှုမြောက်ကြောင်းမပေါ်လွင်လျှင် စွဲချက်တင်ရန်မသင့်ခြင်း။
×××××××××××××××××××××××××××××××××××××××××

ပြစ်မှုဆိုင်ရာ မှုခင်းများတွင် တရားခံဘက်က ချေဖျက်ခြင်းမပြုနိုင်လျှင် တရားခံအား အပြစ်တွေ့ရှိ နိုင် လောက်အောင် တရားလိုဘက်မှ တရားခံအပေါ် အထောက်အထားတင်ပြနိုင်ခြင်းမရှိပါက၊ တရားခံအား စွဲချက် မတင်မီ လွှတ်ထားရမည်ဟု ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၁)တွင် ပြဋ္ဌာန်းထားပေသည်။ ယခုအမှုတွင် လျှောက်ထားသူတို့၏ပြုလုပ်မှုတို့သည် ယင်းတို့အပေါ် စွဲဆိုထားသည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မများအရ ပြစ်မှု မြောက်ကြောင်း မပေါ်လွင်သဖြင့် လျှောက်ထားသူတို့အပေါ် စွဲချက်တင်ရန်မသင့်ပေ။

ဦးသောင်းညွန့် ပါ ၂ နှင့် ပြည်ထောင်ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (၁၉၇၉၊ မတစ၊ စာ ၁၅၉)

---

ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ခဲ့သည်ဟု ယူဆရန်အကြောင်းရှိလျှင် စွဲချက် တင်ရခြင်း။
×××××××××××××××××××××××××××××××××××××××××××××××

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ ပါ ပြဌာန်းချက်အရ တရားခံက ခုခံချေပခြင်းမပြုသည့်တိုင်အောင် တရားလိုဘက်မှ တင်ပြသော သက်သေခံချက်များအရ တရားခံအပေါ်အပြစ်ပေးနိုင်ဖွယ်ရာ မတွေ့ရသည့်အခါမှသာ တရားရုံးက စွဲချက်မတင်ဘဲ လွှတ်နိုင်မည်ဖြစ်သဖြင့် ဤအမှုတွင် တရားခံကို စွဲချက်မတင်ဘဲ လွှတ်သင့်မည်မဟုတ်ပေ။ တရားခံတို့သည် ပြစ်မှုတစ်စုံတစ်ရာကျူးလွန် ခဲ့သည်ဟု ယူဆရန်အကြောင်းရှိသည်ဟု ထင်ြ်မင်လျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅၄ အရ တရားခံတို့ကို စွဲချက်တင်၍ ဖြေရှင်းစေသင့်သည်။

ထွန်းထက်ဝင်းပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၂ (၁၉၉၈၊ မတစ၊ စာ ၇၄)

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ပါ ပြဋ္ဌာန်းချက်အရ တရားခံက ခုခံချေပခြင်းမပြုသည့်တိုင် အောင် တရားလိုဘက်မှ တင်ပြသော သက်သေခံချက်များအရ တရားခံအပေါ် အပြစ်ပေးနိုင်ဖွယ်ရာ မတွေ့ရ သည့် အခါမှသာ တရားရုံးက စွဲချက်မတင်ပဲ လွှတ်နိုင်မည်ဖြစ်သဖြင့် ဤအမှုတွင် တရားခံကို စွဲချက်မတင်ပဲ လွှတ်ရန် သင့်မည်မဟုတ်ပေ။ တရားခံကို ပြစ်မှုထင်ရှားတွေ့ရှိမှသာ အပြစ်ပေးနိုင်မည်ဖြစ်သော်လည်း တရားခံသည် ပြစ်မှုတစ်စုံတစ်ရာကို ကျူးလွန်ခဲ့သည်ဟု ယူဆရန် အကြောင်းရှိသည်ဟု ထင်မြင်လျှင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၄ အရ တရားရုံးသည် တရားခံအပေါ် စွဲချက်တင်၍ ဖြေရှင်းစေရမည်ဖြစ်သဖြင့် မြို့နယ် တရားရုံးက ဦးကြည်ရင်အပေါ် စွဲချက်တင်ခြင်း နှင့် တိုင်းတရားရုံးက စွဲချက်ကို အတည်ပြုခြင်းသည် မှားယွင်း သည်ဟု မဆိုသာချေ။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်(ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့) နှင့် ဦးကြည်ရင် (၁၉၈၂၊ မတစ၊ စာ ၃၅)

--

တရားခံအား ဖြေရှင်းထုချေစေလျှင် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံ ပိုမိုထင်ရှားစေ မည်ဖြစ်လျှင် စွဲချက်တင်ရခြင်း။
×××××××××××××××××××××××××××××××××××××××××××××××××

အထူးတရားသူကြီးဆုံးဖြတ်ထားသည်မှာ ချွတ်ချော် မှားယွင်းသည်ဟု မဆိုသာချေ။ သို့ရာတွင် တရားခံများကို တရားရှင်လွှတ်မည့်အစား ၄င်းတို့အား ဖြေရှင်းထုချေစေလျှင် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံ ပိုမိုထင်ရှားစေမည်။ ၄င်းတို့အား အပြစ်ပေးလောက်အောင် အခိုင်အလုံ အထောက်အထားများမရှိဟု အထူးတရားသူကြီးက ယူဆ သော်လည်း ၄င်းတို့အား ညွှန်ပြသည့် သက်သေခံ အထောက်အထားများကား ရှိနေပေသည်။ ထို့ကြောင့် ၄င်းတို့အား ထုချေဖြေရှင်းစေခြင်းမပြုဘဲ တရားရှင်လွှတ်လျှင် တဖက်က နစ်နာသူများအဘို့ ရုံး၏စီရင်ချက်သည် တရားမျှတမှု ကင်းမဲ့ခဲ့ပြီဟု ထင်မြင်ယူဆဘွယ်ရာရှိသည်။ တရားစီရင်ရာတွင် အမှန်ကို ဆုံးဖြတ်ရုံမျှသာမကဘဲ ထိုသို့ အမှန်တရားကို စီရင်ကြောင်း အများမြင်စေရာသည်။ တရားရုံးအနေနှင့်လည်း ဆီလျော်ဆက်စပ်သော အချက် အလက်ဟူသမျှကို ဖော်ထုတ်ပြီးမှ ဆုံးဖြတ်ချက်ချလျှင် ပိုမို၍လည်း မှန်ကန်နိုင်သည်။ အမှန်တရားကို စီရင်ကြောင်း ပိုမိုထင်ရှားစွာ အများက မြင်နိုင်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံ နှင့် မောင်ရွှေ(ခေါ်) မောင်ရှေ ပါ ၂ (၁၉၆၆၊ မတစ၊ ရုံးချုပ်၊ စာ ၆၁၆)

----

တရားခံ၏ဖြေရှင်းချက် ပြည့်စုံမှသာ၊ ပိုမို၍ တရားမျှတမှု ရှိနိုင်မည်ဟုလည်း တထစ်ချမှတ်ယူရန် မဟုတ်ခြင်း။
×××××××××××××××××××××××××××××××××××××××××××××××××

ရခိုင်ပြည်နယ် တရားရုံးက ဦးဘစိန်၏ ပြင်ဆင်မှုကို ပလပ်ရာတွင် တရားခံတစ်ဦးအား တရားရုံးက စွဲချက်တင်ကာမျှဖြင့် အပြစ်ပေးရမည်ဟု မဆိုနိုင်သောကြောင့် တရားခံအား စွဲချက်တင်ပြီး ထုချေရှင်းလင်းမှသာလျှင် ပိုမိုတရားမျှတ မှန်ကန်မှု ရှိနိုင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

သို့ရာတွင် စွဲချက်တင်ခြင်းမှာ အပြစ်ပေးခြင်း မဟုတ်ဟုဆိ်ုစေကာမူ စွဲချက်တင်နိုင်လောက်သောအချက်အလက်များ ပြည့်စုံမှသာလျှင် စွဲချက်တင်သင့်ပေသည်။ အမှုစစ်ဆေးကြားနာရာ၌ တရားခံ၏ဖြေရှင်းချက် ပြည့်စုံမှသာ၊ ပိုမို၍ တရားမျှတမှု ရှိနိုင်မည်ဟုလည်း တထစ်ချမှတ်ယူရန် မဟုတ်ချေ။

ဦးဘစိန် နှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (ရော်ရှိတ်အာမက်) (၁၉၇၇ ၊ မတစ ၊ စာ - ၁၂)

----

ဆရာကြီး ဦးမြ၏အဆို
×××××××××××××

ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် မောင်ရွှေ စီရင်ထုံးကို အလွန်ပွဲ ထုတ် ကြသည်။ ဦးဘစိန် နှင့် ပြည်ထောင် စု ဆိုရှယ်လစ်သမ္မတမြန် မာနိုင်ငံတော် တွင် ချမှတ်သည့် စီရင်ထုံးကိုမူ ဘေးချိတ်ထားလိုကြဟန်တူသည်။

တရားခံများသည် စွဲချက်တင်ခြင်း၏ သဘောသကန်ကို ကောင်းစွာ သိရှိသူများမဟုတ်ပါ။

စွဲချက်တင်ခံရ လျှင် အလွန်စိုးရိမ်ကြောင့်ကြ တတ်ပါသည်။ စွဲချက်တင်လောက်အောင် အထောက်အထားမရှိဘဲ စွဲချက်တင်ခြင်းဖြင့် တရားခံအား စိတ်သောကရောက်အောင် မပြုလုပ်သင့်ကြပါ။

( ဦးမြ၊ သောင်းပြောင်းထွေလာဥပဒေပြဿနာ၊ အမှတ် - ၆ ၊ စာ ၂၁၃)

----

မည်သည့်အခါ ကျင့်ထုံးပုဒ်မ ၂၅၃(၂)အရ စွဲချက်မတင်မီလွှတ်ရခြင်း
××××××××××××××××××××××××××××××××××××

ကျင့်ထုံးပုဒ်မ ၂၅၃(၂)ပြဋ္ဌာန်းချက်၏ ရည်ရွယ်ချက်။
+++++++++++++++++++++++++++++++++

ဦးသန်းအောင် ပါ ၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ(မောင်သောင်းစိန်) (၁၉၇၂၊ မတစ၊ စာ -၃၃) အမှုတွင် အောက်ပါတိုင်းညွှန်ပြသည်။

ရာဇဝတ်ကျင့်ထုံးပုဒ်မ ၂၅၃(၂)အရ ရာဇဝတ်တရားသူကြီး သို့မဟုတ် အထူးတရားသူကြီးသည် တရားလိုပြသက်သေအားလုံးကို စစ်ဆေးခြင်းမပြုရသေးစေကာမူ၊ တရားခံအပေါ် ပြုလုပ်ထားသည့် စွပ်စွဲချက်မှာ အခြေအမြစ်မရှိဟု ယူဆလျှင် အကျိုးအကြောင်း ဖော်ပြပြီး တရားခံအား တရားရှင်လွှတ်နိုင်ပေသည်။ ရည်ရွယ် ချက်မှာ အရေးကြီးသည့် သက်သေအားလုံးကို စစ်ဆေးပြီးနောက် တရားခံသည် ပြစ်မှုကျူးလွန်ကြောင်း မပေါ်ပေါက်လျှင် ပြစ်မှုကျူးလွန်ခြင်းနှင့် တိုက်ရိုက်မပတ်သက်သော အရေးမကြီးသည့် သက်သေများကို စစ်ဆေးခြင်းမပြုရသေးသော်လည်း တရားခံအား မလိုအပ်ပဲ ချုပ်နှောင်ထားခြင်း၊ စွပ်စွဲထားခြင်းမဖြစ်ရအောင် တရားရှင်လွှတ်ခြင်းဖြစ်သည်။

---

ပုဒ်မ ၂၅၃(၂) အရ အခွင့်အာဏာကို သုံးစွဲပါက အကြောင်းပြချက် ခိုင်လုံရခြင်း
+++++++++++++++++++++++++++++++++++++++++

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၁ နှင့် ၂၅၂ တို့၏ ပြဋ္ဌာန်းချက်အရ တရားလိုဘက်ကို ထောက်ခံတင်ပြမည့် သက်သေများကို တရားသူကြီးက စစ်မေးရန်တာဝန်ရှိသည်။ ပုဒ်မ ၂၅၂(၂)ပါ ပြဋ္ဌာန်းချက် အလိုအရ အမှုကိစ္စ ကို သိရှိနိုင်သူများအား တိုင်ကြားသူထံမှ ဖြစ်စေ၊ အခြားနည်းအားဖြင့်ဖြစ်စေ၊ သိရှိနိုင်ရန် တရားသူကြီးက ဖော်ထုတ် ရန်လိုအပ်သည်။ ထိုသို့ ဖော်ထုတ်ပြီးနောက် တရားရုံးသို့ ဆင့်ခေါ်စစ်မေးရမည်ဖြစ်သည်။ ထို့ကြောင့် အမှုအတွက် သိရှိနိုင်သူအားလုံးကို စစ်မေးဖော်ထုတ်ရန်ကိစ္စမှာ တရားသူကြီးက ဆောင်ရွက် ရမည့်ကိစ္စဖြစ်သည်။ တရားလိုဘက် မှ တင်သွင်းသော သက်သေအားလုံးကို စစ်မေးမပြီးမီ စွပ်စွဲခံရသူအား အမှုမှ စွဲချက်မတင်မီ လွှတ်နိုင်သော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၂) အရ အခွင့်အာဏာကို သုံးစွဲပါက အကြောင်းပြချက်ခိုင်လုံရမည်။ ဥပဒေအရာရှိမှ သက်သေကို ပယ်ထုတ်ရန် လျှောက်ထားခြင်းရှိသောအချက်မျှဖြင့် သက်သေများကို မစစ်ဆေးဘဲ ချန်ထားခဲ့ခြင်းမှာ မျှတမည်မဟုတ်ပေ။ လိုအပ်သော သက်သေခံချက်များကို ပြည့်စုံစွာ ရယူပြီးမှ စွဲချက်တင်ထိုက် ခြင်း ရှိမရှိ စဉ်းစားဆုံးဖြတ်သင့်သည်။

မခင်ဌေး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ - ၄ (၁၉၉၉၊ မတစ၊ စာ ၇)

-----

ဦးတိုက်လျှောက်ထားမှုများတွင် ကျင့်ထုံးပုဒ်မ ၂၅၃(၂)အရ တရားခံအား စွဲချက်မတင်မီ လွှတ်နိုင်သလား။
×××××××××××××××××××××××××××××××××××××××××××××××××

ဦးချစ်သန်းပါ (၂) နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ (၂) (၁၉၉၀၊ မတစ၊ စာ ၁၂) အောက်ပါအတိုင်း ညွှန်ပြပါသည်။

မြို့နယ်တရားရုံးသည် တရားလိုအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးပြီး တရားခံ များအပေါ် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၄ အရ လက်ခံအရေးယူဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရသည်။ ယင်းသို့ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၄ အရ လက်ခံ အရေးယူဆောင်ရွက်ပြီးနောက် တရားခံများအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်းသည် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းကဲ့သို့ ဆောင်ရွက်ပြီးနောက် မြို့နယ်တရားရုံးသည် တရားလိုမှ တင်ပြသော သက်သေများကို စစ်ဆေးပြီး မည်သည့်အဆင့်တွင်မဆို တရားလို၏စွပ်စွဲချက်များသည် အခြေအ မြစ်မရှိကြောင်း ပေါ်ပေါက်ပါက တရားခံများအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၂)အရ တရားရှင်လွှတ် ရန်ဖြစ်သည်။ ယခုမူ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၄ အရ လက်ခံအရေးယူဆောင်ရွက်ပြီးနောက် မူလရုံး တရားလို ဒေါ်ညိုလေးအား စစ်ဆေးနေစဉ် တစ်နည်းဆိုသော် တရားလိုအား စစ်ဆေးရာ၌ ဆုံးခန်းတိုင် မရောက်ရှိသေးမီ မည်သို့မျှ တိုးတက်မှုအခြေအနေ ပေါ်ပေါက်ခြင်း မရှိသေးပါဘဲလျက် ယင်းအမှုကို ရဲစခန်းမှ ပိတ်သိမ်းခဲ့ပြီးဖြစ်သည့်အပေါ် အခြေခံ၍ တရားခံများအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၂)အရ တရား ရှင်လွှတ်ခဲ့ခြင်းသည် ဥပဒေအရ မှန်ကန်သည်ဟု မဆိုနိုင်ချေ။

--

ဒေါ်လသာဒေဝီ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ ၂ (၂၀၁၂၊ မတစ၊ စာ ၄၉) အမှုတွင် အောက်ပါ အတိုင်း ညွှန်ပြပါသည်။

ဆုံးဖြတ်ချက်။ အမှုတွင် တရားလို ဦးအောင်စိုးမင်းအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၀ အရ စစ်ဆေးပြီး ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂ အရ စုံစမ်းစစ်ဆေးကာ တရားခံများအပေါ် ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေပုဒ်ိမ ၂၀၄ အရ အရေးယူဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ ယင်းသို့ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၄ အရ လက်ခံ အရေးယူဆောင်ရွက်ပြီးနောက် တရားခံများအပေါ် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁၁ ဖြင့် အရေးယူဆောင်ရွက်ခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ထားသည်ဟု ဆိုရပေမည်။

ယင်းကဲ့သို့ဆောင်ရွက်ပြီးနောက် တရားရုံးအနေဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၂(၁) နှင့်အညီ တရားလိုနှင့် တရားလိုတင်ပြသော သက်သေများကို စစ်ဆေးပြီး မည်သည့််အဆင့်တွင်မဆို တရားလို၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း ပေါ်ပေါက်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၂) အရ တရားရှင်လွှတ်ရန်ဖြစ်သည်။

ထပ်မံဆုံးဖြတ်ချက်။ ။အမှုတွင် တရားခံများအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၀၄ အရ လက်ခံအရေးယူဆောင်ရွက်ပြီးနောက် တရားလို ဦးအောင်စိုးမင်း အား စစ်ဆေးခြင်းမပြုမီအဆင့်တွင်သာ ရှိသေး၍ အမှုတိုးတက်မှုအခြေအနေပေါ်ပေါက်ခြင်းမရှိသေးသော အခြေ်အနေတွင် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၂၅၃ (၂) အရ တရားရှင်လွှတ်ခြင်း မှာ ဥပဒေနှင့် ညီညွှတ်သည်ဟု ဆိုနိုင်မည်မဟုတ်ပေ။

---

ဦးလှနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပါ (၂) (၁၉၉၀ မတစ စာ ၆၅)အမှုတွင် အောက်ပါအတိုင်း ညွှန်ပြ ပါသည်။

မြို့နယ်တရားရုံးသည် တရားလိုတစ်ဦးတည်းကိုသာ စစ်ဆေးပြီး တရားလိုပြ သက်သေ တစ်စုံတစ်ဦးကိုမျှ စစ်ဆေးခြင်း မရှိဘဲ တရားခံအား စွဲချက်မတင်မီ ပြန်လွှတ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၂ ပါ ပြဌာန်းချက်နှင့်အညီ ဆောင်ရွက်ခဲ့သည်ဟု မဆိုနိုင်ပေ။ အကယ်၍ တရားလို၏ တိုင်လျှောက်ချက်သည် ပြစ်မှုကြောင်းအရ အရေးယူရန် ငြိစွန်းချက် မရှိဟု ပေါ်ပေါက်လျှင်လည်းပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၀ အရ စစ်ချက်ကို ရယူပြီးနောက် တွင် ယင်းဥပဒေပုဒ်မ ၂၀၃ အရ တိုင်လျှောက်ချက်ကို ပလပ်ရမည် ဖြစ်သည်။ ယခုမူ ယင်းကဲ့သို့ ပလပ်ခဲ့ခြင်းမရှိ်ဘဲယင်းဥပဒေပုဒ်မ ၂၀၄ အရ တရားခံကို ဆင့်ခေါ်ပြီး တရားလို တစ်ဦးတည်းကိုသာ စစ်ဆေးကာတရားမကြောင်းသက်သက်သာ စွဲဆိုထိုက်သည့် အမှုဖြစ်သည်ဟု သုံးသပ်လျက် တရားခံအား စွဲချက်မတင်မီပြန်လွှတ်ခြင်းမှာ ဥပဒေအရ ဆီလျှော်မှန်ကန်မှု မရှိပေ။

-----

စွဲချက်ပယ်ဖျက်ပေးရန် လျှောက်ထားသောပြင်ဆင်မှုတွင် စဉ်းစားရန် အချက်များ
××××××××××××××××××××××××××××××××××××××××××

သက်သေခံချက်များအရ စွဲချက်တင်ထားသည့်ပြစ်မှုပုဒ်မ၏ လိုအပ်ချက်များပြည့်စုံခြင်းရှိမရှိ အဓ်ိကဆင်ခြင်ရခြင်း။
×××××××××××××××××××××××××××××××××××××××××

စစ်ဆေးဆဲအမှုတွင် စွဲချက်တင်ထားခြင်းကို ပယ်ဖျက်ပေးရန် လျှောက်ထားသောအမှုမျိုးတွင် အဓိက ဆင်ခြင်သုံးသပ်ရန်မှာ အမှုတွင်ပေါ်လွင်သည့် သက်သေခံချက်များသည် စွဲချက်တင်ထားသည့် ပြစ်မှုပုဒ်မ၏ လိုအပ် ချက်များနှင့် ပြည့်စုံခြင်း ရှိမရှိပင်ဖြစ်သည်။ အမှုအကြောင်းအချင်းရာများသည် စွဲချက်တင်ခဲ့သည့် ပုဒ်မ အင်္ဂါရပ်များ သို့ အကျုံးမဝင်မူ၊ အမှုကို ထိုစွဲချက်အရ စစ်ဆေးခြင်းမှာ ရုံးတော်၏အခွင့်အာဏာကို မတရားအသုံးပြုရာ ရောက်မည်ဖြစ်သောကြောင့်ဖြစ်သည်။

ကိုဘာဘူပါ ၂နှင့် ကိုကျင်သိန်း (၁၉၆၄၊ မတစ၊ ရုံးချုပ် ၊ စာ ၄၇၆)

--

တရားခံတွင် အပြစ်ရှိမရှိ နက်နဲစွာ သုံးသပ်ရန်မဟုတ်ခြင်း။
××××××××××××××××××××××××××××××××××××××××

စွဲချက်ကို ပယ်ဖျက်ပေးရန် လျှောက်ထားသည့် ပြင်ဆင်မှုများကို ကြားနာရာ၌ ပြင်ဆင်မှုရုံးသည် မူလရုံးကဲ့သို့ တရားခံတွင် အပြစ် ရှိမရှိ နက်နဲစွာ သုံးသပ်၍ ဆုံးဖြတ်ရသည် မဟုတ်ပေ။ စွပ်စွဲခံရသူအပေါ် ငြိစွန်းချက်များရှိ၍ ဖြေရှင်းရန် အချက်အလက်များပေါ်လွင်နေလျှင် စွဲချက်တင်၍ ၄င်းအားဖြေရှင်းစေရမည် သာဖြစ်ပေသည်။

ဦးပညာဝံသဘိဓဇ နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် (ဦးရေဝတ) (၁၉၈၁၊ မတစ၊ စာ ၆၄)

----

စွပ်စွဲခံရသူက မည်သည့်ပြစ်မှုမျိုးကိုမျှ ကျူးလွန်ခဲ့သည်ဟု မပေါ်လွင်ရန် လိုခြင်း။
×××××××××××××××××××××××××××××××××××××××××××

စွဲချက်ကို ပယ်ဖျက်ပေးရန်ဆိုလျှင် တရားလိုပြသက်သေများ၏ ထွက်ချက်တို့ကို ယုံကြည်လက်ခံစေဦးတော့၊ စွပ်စွဲခံရသူသည် မည်သည့်ပြစ်မှုမျိုးကိုမျှ ကျူးလွန်ခဲ့သည်ဟု မပေါ်လွင်ရန် လိုသည်။ အစွပ်စွဲခံရသူက ဖြေရှင်းရန် အချက်အလက်များပေါ်လွင်နေလျှင် စွဲချက်တင်၍ ၄င်းအား ဖြေရှင်းစေရပေမည်။

မောင်ဥာဏ်ထွန်းပါ (၅)ဦး နှင့် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ပါ၂ (၁၉၈၂၊ မတစ၊ စာ ၂၂)

-

အမှု၏ အကြောင်းအချက်အားလုံးကို ခြုံ၍ကြည့်ရှုရာ တရားလိုသက်သေတွင် ကွဲလွဲခြင်းများ၊ ပျော့ ကွက်များ ရှိနေသည်မှန်သော်လည်း စွဲချက်တင်၍ လျှောက်ထားသူအား ဆက်လက်စစ်ဆေးသင့်သော အခြေ အနေကား ရှိသည်ဟု ဆိုရပေမည်။ ဆက်လက်စစ်ဆေး၍ အချက်အလက် အစုံအလင် အမှုတွဲတွင် မှတ်တမ်းတင်ပြီးမှ ရုံးသည် ပြည့်စုံမှန်ကန်ုစွာ ဆုံးဖြတ်စီရင်နိုင်ပေလိမ့်မည်။ စွဲချက်ကို ပယ်ဖျက်ပေးရန်ဆိုလျှင် တရားလိုပြသက်သေများ၏ ထွက်ချက်တို့ကို ယုံကြည်လက်ခံစေဦးတော့ အစွပ်စွဲခံရသူသည် မည်သည့် ပြစ်မှုမျှ ကျူးလွန်ခဲ့သည်ဟု မပေါ်လွင် ရန်လိုသည်။ အစွပ်စွဲခံရသူက ဖြေရှင်းရန် အချက်အလက်များပေါ်လွင်နေလျှင် စွဲချက်တင်၍ ၄င်းအား ဖြေရှင်းစေ ရမည်။

မောင်ဝင်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (ဆာလီအာမွတ်) (၁၉၆၆၊ မတစ၊ရုံးချုပ်၊ စာ ၆၉၁)

---

စွဲချက်မတင်မီလွှတ်သည့်အမိန့်ကို မည်သည့်အခါ ထပ်မံစုံစမ်းစစ်ဆေးရန် အမိန့်ချရခြင်း။
×××××××××××××××××××××××××××××××××××××××××××××××

တရားရှင်လွှတ်မိန့်သည် အလွန်တရာ မှားယွင်းချွတ်ချော်မှသာ ထပ်မံစစ်ဆေးစေရခြင်း
××××××××××××××××××××××××××××××××××××××××××××××

တရားရှင်လွှတ်ရန် အမိန့်ချမှတ်ခြင်းသည် အလွန်တရာ မှားယွင်းချွတ်ချော်နေသည်ကိုမတွေ့ရပေ။ အလွန်တရာ မှားယွင်းချွတ်ချော်မှသာလျှင် အမိန့်ကို ပယ်ဖျက်၍ ထပ်မံပြီးစစ်ဆေးရန် အကြောင်းရှိသည်။
မောင်ကျော်မြင့် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ(၁၉၆၅၊ မတစ၊ရုံးချုပ်၊ စာ ၉၂၄)

---

ပြဿနာမှာ အကြောင်းခြင်းရာနှင့်ဆိုင်လျှင် ထပ်မံစစ်ဆေးစေရန် ညွှန်ကြားနိုင်သည့် အာဏာကို သတိကြီးစွာ၊ အမျှော်အမြင်ကြီးစွာ နှင့် ရှားရှားပါးပါး အသုံးပြုရမည်ဖြစ်ခြင်း။
×××××××××××××××××××××××××××××××××××××××××××××××
The power to direct further inquiry must be sparingly used and with great caution and circumspection especially whether the questions involved are mainly matters of fact.
THE UNION OF BURMA v. U PO CHEIN (၁၉၆၃၊ မတစ၊ ရုံးချုပ် ၊ စာ ၁၁၁)

----

ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ပြီးပါက တရားခံက စွဲချက်အပေါ် ဖြေရှင်းခြင်း မပြုနိုင်လျှင် ပြစ်မှုထင်ရှားစီရင်ရခြင်း။
×××××××××××××××××××××××××××××××××××××××××××××××××××

တရားခံအပေါ် ပြစ်မှုတစ်ရပ်ဖြင့် စွဲချက်တင်ပြီးပါက တရားခံက စွဲချက် အပေါ် ဖြေရှင်းခြင်းမပြုနိုင်လျှင် တရားခံအား ပြစ်မှုထင်ရှားစီရင်ရန်သာ ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် ဦးတင်အေး (၂၀၀၂၊ မတစ၊ စာ ၆၇)

----

လေးစားစွာဖြင့်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Right - Legal Consultants posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share