27/09/2025
# ဒီကရီ နှင့် အမိန့်အကြောင်း
နိဒါန်း။
တရားရုံး၏ ဒီကရီနှင့် အမိန့်များကို အမှုသည်တို့၏ ရသင့်ရထိုက်သောသက်သာခွင့်များကို ပေါ်လွင်အောင်ရေးဆွဲနိုင်ရန်အတွက်လည်းကောင်း၊ ဒီကရီနှင့် အမိန့်တို့သည် တိကျမှန်ကန်၍ ပြည့်စုံစွာရေးဆွဲနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ ဤစာစုကို အကြံပြုရေးသားရခြင်းဖြစ်ပါသည်။
၁။ #တရားရုံး၏ ဆုံးဖြတ်ချက်များကို ဒီကရီနှင့် အမိန့်ဟူ၍ ခွဲခြားနိုင်သည်။
ဒီကရီ ၏ အဓိပ္ပာယ်ကို တရားမကျင့်ထုံးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(၂) တွင် အောက်ပါ အတိုင်းဖော်ပြထားသည် -
# “ဒီကရီ ဆိုသည်မှာ အမှုကို ဆုံးဖြတ်သည့် တရားရုံးနှင့်သက်ဆိုင်သမျှ ယင်းအမှုတွင် အငြင်းပွားလျှက်ရှိသော အကြောင်းအရာအားလုံး သို့မဟုတ် ယင်းတို့အနက် အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ အမှုသည်တို့၏ ရပိုင်ခွင့်များကို အပြီးအပြတ်သတ်မှတ်ပေးသည့် စီရင်ဆုံးဖြတ်ချက်တစ်ရပ်အား ထုံးနည်းတကျ ရေးသား ဖော်ပြချက်ကို ဆိုသည်။ ဒီကရီသည် ပဏာမဒီကရီသော်လည်းကောင်း၊ အပြီးသတ်ဒီကရီသော်လည်းကောင်း ဖြစ်နိုင်သည်။ ဒီကရီဆိုသည့် စကားရပ်တွင် အဆိုလွှာကို ပယ်သည့် အမိန့်နှင့် ပုဒ်မ ၄၇ သို့မဟုတ် ပုဒ်မ ၁၄၄ ၌ အကျုံးဝင်သော ပြဿနာတစ်ရပ်ရပ်အပေါ်တွင် ဆုံးဖြတ်ချက်လည်း ပါဝင်သည်ဟု မှတ်ယူရမည်။ သို့ရာတွင် အောက်ပါတို့ မပါဝင်စေရ -
# (က) အမိန့်တစ်ရပ်ရပ်ကို အယူခံမှုအဖြစ် အယူခံဝင်နိုင်သော စီရင်ဆုံးဖြတ်ချက်၊
# (ခ) တရားရုံးသို့ မလာရောက်ခြင်းကြောင့် ပလပ်သည့် အမိန့်။
ရှင်းလင်းချက်။ ။ အမှုကို အပြီးအပြတ်စီရင်ခြင်းမပြုနိုင်သေးဘဲ နောက်ထပ် ဆောင်ရွက်ဖွယ်ရာများကျန်ရှိသော ဒီကရီသည် ပဏာမဒီကရီဖြစ်သည်။ အမှုကို အပြီးအပြတ် စီရင်သော ဒီကရီသည် အပြီးသတ်ဒီကရီဖြစ်သည်။ ဒီကရီတစ်ရပ်သည် တစ်စိတ်တစ်ဒေသအားဖြင့် ပဏာမဒီကရီဖြစ်၍ တစ်စိတ်ဒေသအားဖြင့် အပြီးသတ်ဒီကရီဖြစ်နိုင်သည်။
ဟု ပြဌာန်းထားသည်။
# အမိန့်
၂။ အမိန့်၏ အဓိပ္ပာယ်ကို တရားမကျင့်ထုံးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(၁၄) တွင် အောက်ပါ အတိုင်းပြဌာန်းထားသည် -
# “ အမိန့်” ဆိုသည်မှာ တရားရုံး၏ ဒီကရီ မဟုတ်သော ဆုံးဖြတ်ချက် တစ်ရပ်ရပ်အား ထုံးနည်းတကျရေးသားဖော်ပြချက်ကို ဆိုသည်။
# ဒီကရီနှင့် ထုံးပုံကျအမိန့်များကို ရေးဆွဲခြင်း
၃။ ဒီကရီသည် အမှုသည်တို့က ရထိုက်သော သက်သာခွင့်ကို အပြီးသတ်ဖော်ပြချက်ဖြစ်၍ ဒီကရီ (သို့မဟုတ်) အမိန့်ကို ရေးဆွဲရခြင်းလုပ်ငန်းသည် အလွန်အရေးကြီး၍ ခက်ခဲသော လုပ်ဆောင်မှုတစ်ရပ်ဖြစ်ပေသည်။ ဒီကရီ (သို့မဟုတ်) အမိန့်၏ တိကျမှန်ကန်မှု၊ ပြည့်စုံမှုတို့အပေါ်တွင်၊ အမှုသည်တို့၏ နောင်အနာဂါတ်ရရှိလာ မည့် အခွင့်အရေးတို့သည် တည်မှီနေသည်။
၄။ ဒီကရီ (သို့မဟုတ်) အမိန့်ရေးဆွဲရာတွင် လိုက်နာရမည့် အချက်များ
ဒီကရီ ( သို့မဟုတ်) အမိန့် တစ်ခုခုတွင် -
- ချွတ်ယွင်းချက်ရှိလျှင်သော်လည်းကောင်း၊
- မပြည့်မစုံရှိလျှင်သော်လည်းကောင်း၊
- မသေမချာရှိလျှင်သော်လည်းကောင်း၊
အမှုသည်တို့ကိုယ်တိုင်ဆုံးရှုံးနစ်နာခြင်းဖြစ်စေမည်သာမက၊ အယူခံတရားရုံးတွင် ဖြစ်စေ၊ အခြားနေရာ၌ဖြစ်စေ အလျဉ်းမဖြစ်ပွားထိုက်သော မှုခင်းဆိုင်ပြိုင်မှုများ နောက် ထပ်တလဲလဲ ဖြစ်ပေါ်နိုင်ပေသည်။ ထို့ကြောင့်ဒီကရီ နှင့် အမိန့်များကို ရေးဆွဲရာတွင် အောက်ပါ ညွှန်ကြာချက်များကို ဂရုပြုလိုက်နာရမည်ဟု တရားရုံးများလက်စွဲအပိုဒ် ၁၇၅ တွင် ညွှန်ကြားထားသည်။
# (၁) ဒီကရီရေးဆွဲရန် တာဝန်ဝတ္တရားရှိသည့် စာရေးသည်၊ တရားသူကြီး၏ စီရင်ချက်အလုံးစုံကို ဂရုတစိုက်ဖတ်ရှုခြင်းအားဖြင့်၊ တရားသူကြီးက မည်သည့် သက်သာခွင့်ကို ပေးရန်ကြံရွယ်သည်ကို မိမိကိုယ်တိုင် အမှန်သိရှိနားလည် ကြောင်း ဦးစွာပထမကျေနပ်စေရမည်။ ထိုသက်သာခွင့်မှာ သီးခြားအက်ဥပဒေပုဒ်မ ( သို့မဟုတ်) အမိန့်၊ သို့တည်းမဟုတ် နည်းဥပဒေတစ် ခုခုအပေါ်တွင် အမှီပြုလျှင်၊ အဆိုပါမည်သည့်အက်ဥပဒေပုဒ်မ၊ အမိန့်၊ သို့မဟုတ် နည်းဥပဒေအရ ထိုသက်သာခွင့်ကို ပေးကြောင်း ၎င်းကအမှန်သိရှိ အောင် ပြုလုပ်ရမည်။ ဤကိစ္စ၌ စီရင်ချက်၏ အဆုံးသတ်စာပိုဒ်၊ သို့မဟုတ် စာပိုဒ်များကိုသာ ဖတ်ရှုလက်ခံပြီးသကာလ ၊ ထိုစာပိုဒ်တွင် ရေးသားဖော်ပြ ထားသည်ကို ဒီကရီ သို့မဟုတ် အမိန့်ထဲသို့၊ ကူးယူရေးသွင်းယုံမျှနှင့် လုံလောက်သည် မဟုတ်။ အမှုအများအပြားတွင် တရားသူကြီးသည် မိမိ ပေးရန်ကြံရွယ်သည့် သက်သာခွင့်ကို မိမိ၏စီရင်ချက်၌ အချုပ်ထက်ပို၍ ဖော်ပြရန် ကြံရွယ်သည်မဟုတ်၊ အချုပ်ထက်ပို၍ဖော်ပြရန်မှာလည်း မျှော်လင့်နိုင်ဖွယ်ရာ အကြောင်းမရှိချေ။
# ( ထို့ကြောင့် တရားမ တရားခွင်စာရေးတို့သည် ဒီကရီရေးဆွဲရာတွင် စီရင်ချက်ကို ကောင်းစွာဖတ်ရှု၍ တရားသူကြီးက အမှုသည်အားပေးသည့် သက်သာခွင့် ကို ပေါ်လွင်အောင် ဒီကရီတွင် ရေးသားဖော်ပြရန်ဖြစ်သည်။)
ဥပမာ - လင်မယားကွာရှင်းပြတ်စေပေးစေလိုမှု ဆိုပါက -
မောင်ဖြူ(ဘ) ဦးနီ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - ပတခ(နိုင်) ၀၀၃၇၂၆ နှင့် မဝါ(ဘ) ဦးစိုး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - နခတ(နိုင်) ၀၀၄၅၂၃ တို့သည် အကြင်လင်မယားအရာမှ ကွာရှင်းပြတ်စဲစေ ဟုလည်းကောင်း
မရွှေ့မပြောင်းနိုင်သော ပစ္စည်းလက်ရောက်ရလိုမှုဆိုပါက -
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ နယ်မြေ(၆)၊ ဇီဇဝါလမ်း၊ အိမ်အမှတ်- ၂၃၄၊ နှစ်ထပ်အာစီအဆောက်အအုံနှင့် ယင်းအဆောက်အအုံတည်ရှိရာပေလေးဆယ်၊ ခြောက်ဆယ် မြေကွက်၊ နှင့် အကျိုးခံစားခွင့်အရပ်ရပ်တို့ကို တရားရှုံး မောင်နက် (ဘ) ဦးဝါ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - နတလ(နိုင်) ၀၀ ၆၇၅၄ က တရားနိုင်ဖြစ်သူ မောင်လေးနိုင်(ဘ) ဦးမောင်မောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -ရကတ(နိုင်) ၀၀၉၈၇၆ အား လက်ရောက်ပေးအပ်စေ ၊
စသည်ဖြင့် ရေးသားရန်ဖြစ်သည်။
( ဆိုလိုသည်မှာ ဒီကရီကို ဖတ်ကြည့်လိုက်သည်နှင့် ဒီကရီကို အတည်ပြု ဆောင်ရွက်ရန် တာဝန်ပေးအပ်ခံရသ ည့် ဘိလစ်စာရေးက မည်သို့ ဆောင်ရွက်ရမည်ကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြရန်ဖြစ်ပါသည်)
# (၂) ဒီကရီရေးဆွဲရာတွင် သံသယရှိသော အချက်များရှိပါက အဆိုပါ ဒီကရီ( သို့မဟုတ်) အမိန့်ကို ရေးဆွဲမည့် စာရေးသည်၊ ဒီကရီ သို့မဟုတ် အမိန့်သည် မည်သို့ မည်ပုံရှိစေရန် ကြံရွယ်ချက်ရှိသည်ကို အမှန်သိရှိနိုင်ရန် အမိန့်ချမှတ်ပေးသည့် တရားသူကြီးထံသို့ သွားရောက်၍ မေးမြန်း စုံစမ်းရန် တာဝန်ရှိပါသည်။ (သွားရောက်မေးမြန်းရပါမည်။)
ဒီကရီ( သို့မဟုတ်) အမိန့် တို့၏ တိကျမှန်ကန်မှုနှင့် ပြည့်စုံမှုတို့အတွက် တာဝန်မှာ တရားသူကြီး၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် တရားသူကြီးသည် စာရေးဖြစ်သူက ရေးဆွဲပြီးတင်ပြလာသည့် ဒီကရီ ( သို့ဟုတ်) အမိန့်ကို မှန်ကန်ကြောင်း သိရှိနိုင်ရန် ဂရုတစိုက် စေ့ငှသေချာစွာ မစစ်ဆေးဘဲ မည်သည့်အခါမျှ လက်မှတ်မထိုးရ။
( သို့ဖြစ်၍ ဒီကရီ (သို့မဟုတ်) အမိန့် တို့၏ တိကျမှန်ကန်မှု၊ ပြည့်စုံမှုတို့ရှိစေရန် အဓိကတာဝန်ရှိသူသည် တရားသူကြီးဖြစ် သောကြောင့် တရားသူကြီးတို့သည် မိမိတို့၏ တရားခွင်စာရေးများအား ဒီကရီ ရေးဆွဲနည်း၊ အမိန့်ထုံးပုံကျ ရေးဆွဲနည်းတို့ကို သင်ကြားပြသထားသင့်ပေသည်။
# (၃) သီးခြားအမှုတစ်ခုနှင့် သင့်လျော်သည့် ဒီကရီ ပုံစံ( သို့မဟုတ်) အမိန့်ပုံစံကို တရားမကျင့်ထုံးဥပဒေတွင်ဖြစ်စေ၊ အခြားနေရာတွင်ဖြစ်စေ၊ ပြဌာန်းထား ကြောင်း တွေ့ရှိနိုင်ပါက သက်ဆိုင်ရာအမှုများတွင် လိုအပ်သည့်အတိုင်း သင့်တင့်ဆီလျော်အောင် ပြလုပ်ရန်ရှိပါက ထိုသို့ဆီလျော်အောင်ရှေးဦးစွာ ပြုလုပ်ပြီးမှ သာ ထိုပုံစံများကို အသုံးပြုရပါမည်။ အထူးသဖြင့် ဤညွှန်ကြား ချက်သည် အပေါင်ဒီကရီအမှုများနှင့် သက်ဆိုင်သည်။
ဥပမာ - “ ရွေးနုတ်ရန် …….. အစရှိသည်တို့အတွက် ဒီကရီကို ဒီကရီချပေးလိုက်သည်။” ဆိုသည့်ပုံစံမျိုး အပေါင်အမှုဒီကရီကို ရေးဆွဲမည် ဆိုပါက အဓိပ္ပာယ်မရှိဖြစ်ချေမည်။
“ ပေါင်နှံထားသည့် မရွှေ့မပြောင်းနိုင်သော တစ်ထပ်တိုက်အာစီအဆောက်အအုံနှင့် ယင်းအဆောက်အအုံတည်ရှိရာ ပေလေးဆယ်၊ ပေခြောက်ဆယ်ရှိ မြေကွက်တို့ကို အပေါင်ထားငွေကျပ်….. နှင့်အတိုးကျပ်….. တို့ကို တရားစရိတ်နှင့် တကွအပေါင်ထားသူ ဦးကျား(ဘ) ဦးဆင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် - ပမန(နိုင်) ၀၀၈၉၇၆ အား အပေါင်ခံသူ ဒေါ်ဖြူမိ(ဘ) ဦးတင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်- တကန(နိုင်) ၀၀၆၅၄၃ ထံမှ ပြန်လည်၍ ရွေးနုတ်ခွင့်ပြုလိုက်သည်။ အပေါင်ရွေးနုတ်ငွေများနှင့် တရားစရိတ်တို့ကို ဦးကျားက ပေးသွင်းပြီးပါက အပေါင်ခံသူ ဒေါ်ဖြူမိသည် အပေါင်ခံသည့် စာရွက်စာတမ်းအားလုံးကို ဦးကျားထံသို့ ပြန်လည်ပေးအပ်ရမည်။
အစရှိသည်ဖြင့် ဒီကရီကို ရေးဆွဲသင့်ပါသည်။
# (၄) လက်အောက်တရားရုံးများမှ အယူခံနှင့်စပ်လျဉ်း၍ ခရိုင်တရားမရုံးများသို့ ဒီကရီများရောက်ရှိလာသည့်အခါ၊ ခရိုင်တရားမတရားသူကြီးသည်၊ အယူခံမှုကို အမှု၏ အရည်အသွေးအလျောက် ဆုံးဖြတ်ရမည်သာမက၊ အောက်ရုံးဒီကရီရေးဆွဲပုံကိုလည်း စေ့ငှသေချာစွာ စစ်ဆေးရန် သတိထား ဂရုပြုရမည်။ ထို့ပြင် ဒီကရီကို ပြင်သင့်လျှင်လည်း ပြင်ဆင်ရမည်။
( ထို့ကြောင့် ခရိုင်အဆင့်တရားသူကြီးတို့သည်လည်း လက်အောက်ခံရုံးများမှ ဒီကရီများကို စိစစ်ခြင်း၊ ပြင်ဆင်သင့်က ပြင်ဆင်ပေးခြင်း စသောတာဝန်များ ရှိပေသည်။)
# (၅) သီးခြားအက်ဥပဒေပုဒ်မ၊ အမိန့်၊ သို့တည်းမဟုတ် နည်းဥပဒေတစ်ခုခုအရ သက်သာခွင့်ပေးသော အမှုများတွင်၊ ဒီကရီကိုဖြစ်စေ၊ အမိန့်တွင် ဖြစ်စေ၊ ထိုပုဒ်မ၊ အမိန့် သို့တည်းမဟုတ် နည်းဥပဒေကို အကြောင်းအားလျော်စွာ တတ်နိုင်သရွေ့သီးခြားဖော်ပြရမည့်ပြင်၊ ထိုပုဒ်မ၊ အမိန့်၊ သို့မဟုတ် နည်း ဥပဒေတွင် သီးခြားဖြစ်သော စကားလုံးများကို အသုံးပြုထားလျှင်၊ ထိုစကားများကို ဒီကရီတွင်ဖြစ်စေ၊ အမိန့်တွင်ဖြစ်စေ တတ်နိုင်သရွေ့ အသုံးပြုရမည်။
# (၆) ရှုပ်ထွေးသော၊ သို့မဟုတ် ခက်ခဲသော အမှုများတွင်၊ အမိန့်၊ သို့မဟုတ် ဒီကရီအကြမ်းကို စေ့စပ်စွာရေးဆွဲရန်အလို့ငှာ မိမိရှေ့လာရောက်စေရန်၊ သက်ဆိုင်ရာ ရှေ့နေများသို့ တရားသူကြီးက နို့တစ်စာထုတ်ရမည်။ ရှုပ်ထွေးခက်ခဲသော အမိန့် သို့မဟုတ် ဒီကရီများရေးဆွဲရန်ရှိသည့် အမှုများ တွင်တရားသူကြီးက၊ အမှုအနိုင်ရရှိသော ရှေ့နေအား၊သဘောတူသည့် ဒီကရီ တစ်ရပ်ချမှတ်နိုင်ရန် အလို့ငှာ မိမိရထိုက်ခွင့်ရှိသည့် နည်းလမ်းတကျအမိန့်၊ သို့မဟုတ် ဒီကရီ၏ မှတ်တမ်းအကြမ်းကို တရားရုံးသို့ ယူဆောင်လာစေခြင်းငှာ တောင်းဆိုရန်လည်း အကြံပေးလိုက်သည်။
( ထို့ကြောင့် ခက်ခဲရှုပ်ထွေးသော တရားမမှုခင်းများတွင် ဒီကရီရေးဆွဲခြင်း မပြုမီဆိုင်ရာတရားသူကြီးသည် အမှုအနိုင်ရသည့် ရှေ့နေထံမှ အကြံပေးငြင်းချက်တင်ပြစေသကဲ့သို့ အကြံပေး ဒီကရီအကြမ်းကို တောင်းဆိုနိုင်ပေသည်။)
# (၇) စာပိုဒ် ၁၁၁၅ မှ ၁၁၁၈ အထိပါ ပြဌာန်းချက်များကို ဂရုပြုကြရန် နိုးဆော်လိုက်သည်။ “ တိုသော” သို့မဟုတ် “ လုပ်ရိုးလုပ်စဉ်ဖြစ်သော” အမိန့်တို့ထက်များစွာပိုလွန်နေသော အမိန့်များကို အမှုနေ့စဉ်မှတ်တမ်းတွင် ရေးမှတ်ကာမျှဖြင့် ချမှတ်သောကိစ္စများရှိတတ်သည်။
အမှုရွှေ့ဆိုင်းခြင်း၊ ရက်ချိန်းသတ်မှတ်ခြင်း အစရှိသည့် လုပ်ရိုးလုပ်စဉ်လောက် ဖြစ်သောကိစ္စများနှင့် စပ်လျဉ်းသည့် အမိန့်များကို သာ နေ့စဉ်မှတ်တမ်းတွင် ချမှတ်ရၕမည်။ အရေးပါသောအမိန့်များကို ချမှတ်သည့် ကိစ္စအားလုံးလိုလို၌ပင် နည်းလမ်းတကျဖြစ်သော အမိန့်ကို ရေးမှတ်ရမည်။ အမှုနေ့စဉ်မှတ်တမ်းရေးသွင်းချက်များမှာ တရားသူကြီးက မိန့်ညွှန်းသည့် အရာများကို မှတ်သားသည့်မှတ်တမ်းမျှသာ အမှန်စင်စစ် ဖြစ်သောကြောင့် ထိုနေ့စဉ်မှတ်တမ်းရေးသွင်းချက် အနေမျိုးသက်သက်ဖြင့် ချမှတ်သော အမိန့်များမှ၊ မရေမရာ၊ သံသယဖြစ်ဖွယ်ရာ အချက်များ မကြာခဏဖြစ်ပေါ်တတ် လေသည်။ များသောအားဖြင့် ရှေ့နေတို့သည် မိမိတို့ စိတ်ဝင်စားသည့်အတိုင်း ဒီကရီ သို့မဟုတ် အမိန့် ရေးဆွဲပုံရေးဆွဲနည်းတွင် စိတ်ဝင်စားခြင်း မရှိကြချေ ။ သို့ဖြစ်သောကြောင့် မည်သည့်အခါ၌ နည်းလမ်းတကျ အမိန့်ကို ရေးဆွဲသင့်သည်၊ မည်သည့်အခါ၌ မရေးဆွဲသင့် ဟူသော အချက်ကို ဆုံးဖြတ်ရန်မှာ တရားသူကြီး၏ တာဝန်ဖြစ်သည်။
၅။ # အကြံပြုချက်
# ဒီကရီ( သို့မဟုတ်) ထုံးပုံကျအမိန့်တို့ကိုရေးဆွဲရန်အတွက် အထက်ဖော်ပြပါ တရားရုံးများလက်စွဲအပိုဒ် ၁၇၅ ပါ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ပါက # ခရိုင်အဆင့်တရားရုံးကရေးဆွဲထားတဲ့ ထုံးပုံကျ အမိန့်က ဒီလိုတဲ့ဟေ့ ဆိုပြီး အများသူငှာ အပြစ်ပြောရန် အကြောင်းပေါ်ပေါက်တော့မည် မဟုတ်ပေ ။
# တရားရုံးလက်စွဲပါဆိုင်ရာအပိုဒ်များ
၆။ # နေ့စဉ်မှတ်တမ်းတွင် ရေးသားရမည့် အကြောင်းအရာများ
တရားရုံးနေ့စဉ်မှတ်တမ်းတွင် ရေးသွင်းရမည့် အကြောင်းအရာများမှာ အောက်ပါတို့ဖြစ်သည် -
- အမိန့်ဆင့်စာ စသည်များထုတ်ဆင့်ခြင်း၊ အမှုသည်များနှင့်သက်သေများလာရောက်ခြင်း၊
- ငြင်းချက်များ စီစဉ်ထုတ်ပေးခြင်း၊
- စာမှတ်စာတမ်းများ တင်သွင်းခြင်း၊
- သက်သေများ စစ်ဆေးခြင်း၊
- ကြားဖြတ်အမိန့်များ ချမှတ်ခြင်း၊
- စီရင်ချက်ချပေးခြင်းမှ စ၍ အမှုကို အဆင့်ဆင့်တိုးတက်ဆောင်ရွက်ခြင်း နှင့် အမှု ဆောင်ရွက်ပုံတို့ကို ရှင်းလင်းဖော်ပြရန်လိုသည့် အခြားအကြောင်းအရာများကို ရေးမှတ် ရမည်။
(တရားရုံးလက်စွဲအပိုဒ် - ၁၁၁၆)
# တရားရုံးသို့တင်သွင်းသော အဆိုလွှာအစရှိသည်တို့အပေါ်တွင် ရေးမှတ်ခြင်း
အမှုတွဲတွင် တင်သွင်းသော အဆိုလွှာ၊ လျှောက်လွှာ၊ ချေလွှာ၊ တိုင်လျှောက်ချက် (သို့မဟုတ် ) အခြားအလွှာ (သို့မဟုတ်) စက္ကူရပ်အသီးသီးအပေါ်တွင် တင်သွင်းသည့် နေ့စွဲနှင့် တင်သွင်းသူအမည်ကို ထပ်ဆင့်ရေးမှတ်ထားရမည်။ တင်သွင်းသည့် အကြောင်းကို အမှု့နေ့စဉ်မှတ်တမ်းတွင် ရေးမှတ်ထားရမည်။
(တရားရုံးများလက်စွဲအပိုဒ် - ၁၁၁၇)
# အမိန့်များချမှတ်ပါက ရေးမှတ်ရန်လိုခြင်း
လျှောက်လွှာအစီရင်ခံစာ အစရှိသည်တို့အပေါ်တွင် ထင်ရှားပြတ်သားစွာ နည်းလမ်းတကျ အမိန့်များရေးသားရန် နေရာရှိလျှင် ထိုသို့ရေးသားခြင်းအလေ့အထကို အလျဉ်းပိတ်ပင်ခြင်း မရှိချေ။ သို့ရာတွင် စာပိုဒ် ၁၁၁၅ ၊ နှင့် ၁၁၁၆ တို့အရ နေ့စဉ်မှတ် တမ်း ပေါ်တွင် ရေးမှတ်နိုင်သည့် အမိန့်များမှ တစ်ပါး အခြားအမိန့်များနှင့် မှုခင်းဆောင်ရွက်ချက် များကို သာမန်အားဖြင့် သီးခြားစာရွက်ပေါ်တွင်ဖြစ်စေ၊ ပြဌာန်းသတ်မှတ်ထားသည့် ပုံစံများ ပေါ်တွင် ဖြစ်စေ ရေးသားရမည်။
# ဒီကရီရေးဆွဲရန် မဟုတ်ဘဲ ထုံးပုံကျအမိန့်ရေးဆွဲရန် နှင့် သက်ဆိုင်သော စီရင်ထုံးများ
၇။ အယူခံတရားလိုသည် တရားရုံးချုပ် ၁၉၈၈ ခုနှစ်၊ တရားမပြင်ဆင်မှုအမှတ် ၁၇၂ ၌ ပြင်ဆင်မှုလျှောက်ထားရာတွင် တရားဝင်ကိုယ်စားလှယ်အဖြစ် ထည့်သွင်းခြင်းမပြုသည့် တိုင်းတရားရုံး၏ အမိန့်မိတ္တူကို ပြင်ဆင်လွှာနှင့် အတူ တင်ပြခဲ့သော်လည်း အမှုပိတ်သည့် အမိန့်မိတ္တူကို တင်သွင်းခဲ့ခြင်းမရှိချေ။ သို့ရာတွင် ထိုအမိန့်အပေါ် အခြေခံ၍ ရေးဆွဲထားသော မူလအမှုတွင် ဒီကရီ ဟူသည့် ဒီကရီမိတ္တူကို တင်သွင်းထား ကြောင်း တွေ့ရသည်။ အမှန်ဆိုသော် လျှောက်လွှာကို ပလပ်သည့် အမိန့်သည် ဒီကရီ မဟုတ်သဖြင့် ဒီကရီရေးဆွဲရန် မဟုတ်ချေ။ ထုံးပုံကျ အမိန့်သာ ရေးဆွဲရန်ဖြစ်သည်။ တိုင်းတရားရုံးက ဒီကရီဟု မှားယွင်းဖော်ပြခြင်းကြောင့် သက်သာခွင့်တောင်းဆိုရာ၌ ဒီကရီကို ပယ်ဖျက်ပေးရန် မှားယွင်းလျှောက်ထား မိခဲ့ခြင်းသာဖြစ်သည်။ ပြင်ဆင်မှုလျှောက်လွာပါအကြောင်းပြချက်များကို ခြုံငုံ၍ ဖတ်ကြည့်ပါက အမှုကို ပိတ်သည့် အမိန့်ကို အယူခံဝင်ရောက်ခြင်း မဟုတ်ကြောင်း တွေ့မြင်နိုင်သည်။ တိုင်းတရားရုံးက ဒီကရီ မှားယွင်းရေးဆွဲမိရုံဖြင့် အယူခံဝင်ခွင့်မရသည့်အမိန့်ကို အယူခံဝင်နိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍ အယူခံတရားပြိုင်၏ ရှေ့နေ တင်ပြချက်ကို လက်ခံရန် အကြောင်းမရှိချေ။
ဒေါ်တင်ကြည်နှင့် ဦးစန်းမြင့်ပါ (၂)
# ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ -၃၄
ဤအယူခံကို အဆုံးမသတ်မီ မှတ်ချက်ပြုလိုသော အချက်များကို ဖော်ပြလိုပေသည်။ တိုင်းတရားရုံးက အမှု ပလပ်ခြင်းနှင့်စပ်လျဉ်း၍ ဒီကရီ ရေးဆွဲထားသည်ကို တွေ့ရသည်။ အမှု ပလပ်သည့် အမိန့်သည် ဒီကရီ မဟုတ်ကြောင်း တရားမကျင့်ထုံး ဥပဒေပုဒ်မ ၂(၂) (ခ) တွင် အတိအလင်း ပြဌာန်းထားသည်။ သို့ဖြစ်ရာ တရားလိုမလာ၍ အမှုကို ပလပ်ရာတွင် ဒီကရီရေးဆွဲရန် အကြောင်းမပေါ်ပေါက်ချေ။ ထုံးပုံကျ အမိန့်သာ ရေးဆွဲရန် လိုသည်။
ဦးစိန်လှိုင် နှင့် ဦးမောင်မောင်အေးပါ(၂)
# ၁၉၈၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ- ၁၃၇
နိဂုံး
၈။ အမှုသည်တို့၏ သက်သာခွင့်များကို ပေါ်လွင်အောင်ရေးဆွဲနိုင်သော ဒီကရီများ၊ ဒီကရီကို အတည်ပြုသည့် ဘိလစ်စာရေးများ က မိမိတို့ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်ကို ရှင်းလင်းတိကျစွာသိမြင်နိုင်သော ဒီကရီများ ကို ရေးဆွဲနိုင်ခြင်းဖြင့် တရားရုံးများ အပေါ်တွင် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု ရှိလာကြမည်ဟု မျှော်လင့်ပါသည်။
လိုအပ်ချက်များကိုဖြည့်စွက်ဆွေးနွေးဝေဖန်ပေးကြပါရန် ဖိတ်ခေါ်လျှက် -