25/05/2025
ပါမစ်မြေ ဝယ်ရင်ကွယ်
အတု/အစစ်’’ ဘယ်လိုခွဲခြားမယ်
-----------------------------------------------------------
အိမ်ခြံမြေတွေတကယ်အရောင်းအဝယ်တွေ ဖြစ်မဖြစ် ဗေဒင်မေးစရာမလိုဘဲ
ကြေးမုံသတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ရှေ့နေ ငှားပြီး
မြေကွက်၊ ခြံကွက်၊ တိုက်ခန်း ဝယ်တာတွေ ကန့်ကွက်နိုင်ကြောင်း
ကြော်ငြာတွေ ဖတ်ကြည့်ရင် သိနိုင်ပါတယ်။
ဒီလိုကန့်ကွက်နိုင်ကြောင်း ကြော်ငြာတာကိုတော့ မောင်ကောင်းဖေလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။
မြေကွက်ကိုင်လက်ဝယ်ရှိသူတွေ ဖတ်ကြည့်တာမကြည့်တာကတော့ သူတို့အလုပ်လေ။
နိုင်ငံပိုင် သတင်းစာက ကြော်ငြာတဲ့အတွက် တရားဝင် အရောင်းအဝယ်လုပ်တယ်ဆိုတာကို တစ်ပိုင်းတစ်စ ဆောင်ရွက်ပြလိုက်တာဘဲ။
သတင်းစာကြော်ငြာ စာရွက်ဟာ “စကားမပြောသောသက်သေ” ဖြစ်သွားတဲ့အတွက်သက်သေခံ အထောက်အထားရတာပေါ့။
ပါမစ်အမည်ပေါက် မှန်၊ မမှန်
======================
စစ်ဆေးရန် စည်ပင်ပြေးရပြန်
======================
“မြေချပါမစ်” အရောင်းအဝယ်တွေဆိုရင်တော့ ဒီလိုသတင်းစာကြော်ငြာရုံနဲ့တင် မလုံလောက်ဘူးလေ။
အဲဒီ မြေကွက်ဟာ မြို့တော်စည်ပင် မြေစီမံဌာန မြို့မြေစာရင်းမှာ
အမည်ပေါက် ပါ/မပါ၊
ကန့်ကွက်ချက် ရှိ/မရှိ၊
ဂရန်လျှောက်ထားခြင်း ရှိ/မရှိ
စသဖြင့် သိနိုင်အောင်
အရင်စုံစမ်းသင့်ပါတယ်။
မြို့မြေစာရင်းမှာ အမည်ပေါက်တယ်၊
ကန့်ကွက်ချက်မရှိဘူး၊
ဂရန်လျှောက်ထားခြင်း၊
မြေပုံကူးယူထားခြင်း မရှိဘူး
ဆိုရင်တော့ စရန်ငွေချဖို့
ပြင်ဆင်လို့ ရပြီပေါ့။
“ပါမစ်မြေ” ကို ဘာကြောင့် ဒီလိုစစ်
ရသလဲဆိုရင် မြို့မြေကွက်တွေ
ဖော်ထုတ်တာက
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဆောင်ရွက်ပေးတာဖြစ်တယ်။
အဲဒီလို ဖော်ထုတ်ပြီးနောက် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနကို လွှဲပြောင်းပေးလိုက်တယ်။
အဲဒီလို လွှဲပြောင်းပေးတဲ့အခါမှာ တစ်ချို့မြေကွက် နံပါတ်တွေက စည်ပင်ကို ပါမသွားဘဲ ကွက်လပ်
ကျန်ရစ်ခဲ့တာမျိုးတွေ ရှိတယ်။
အဲဒီအခါမှာ မြေချပါမစ် စာရွက်စာတမ်းတွေ ပြည့်စုံပါလျက် မြို့မြေစာရင်းမှာ အမည်ပေါက်မရှိတာမျိုးတွေလည်း ရှိတယ်။
အဲဒါဆိုရင်လည်း မြို့တော်စည်ပင်
ကနေ အိုးအိမ်ပြန်မေးနေရတော့ အချိန်တစ်နှစ်လောက်ကြာသွားတတ်တာမျိုးတွေလည်း ရှိကြတယ်။
ကျွမ်းကျင်သူကိုရှာ
ပါမစ် မှန်/မမှန် စစ်ဆေးပါ။
=======================
အဲဒီထက် အခြေအနေဆိုးတာက အခုလို အိမ်ခြံမြေ အရောင်းအဝယ်တွေကောင်းလာတဲ့အခါမှာ
မြေချပါမစ် ဝယ်ရတာ အထူးဂရုစိုက်ရမယ့်ကာလ ဖြစ်လာနေပြီ
အထက်ကပြောခဲ့သလို သတင်းစာကြော်ငြာတာ၊
စည်ပင်မြေကွက်ပြေးစစ်တာနဲ့တင်
မလုံလောက်တော့ဘူး။
ပါမစ်မြေကွက် ဝယ်ပြီဆိုရင် ကျွမ်းကျင်သူထံမှာ ပြသပြီး
ပါမစ်အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုချက်ရမှ ဝယ်ယူသင့်တဲ့အချိန် ရောက်နေပါပြီ။
ဘာကြောင့်လဲဆိုတော့ ရှေ့နေကတော့ လာငှားရင် သတင်းစာမှာကြော်ငြာပေးလိုက်မှာဘဲ။
အဲဒီအတူဘဲ စည်ပင်မြေစီမံဌာနကလည်း
အမည်ပေါက် မှန်/မမှန် လျှောက်ထားလာရင်
မြို့မြေစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အကြောင်းပြန်ပေးလိုက်မှာဘဲ။
အခက်ဆုံးက စရန်ငွေပေးပြီးအပိုင်
ဝယ်ယူတော့မယ်ဆိုရင်တော့••••••
ပါမစ်မူရင်းဟာ အတုအစစ်ခွဲခြားသိနိုင်ဖို့အတွက်
ဝယ်သူအများစုကတော့
အိမ်ခြံမြေအကျိုးဆောင်နဲ့
ရှေ့နေတွေကိုပဲအားကိုးကြတာဘဲ။
အတုအစစ်ခွဲခြားပေးဖို့ဆိုတာ အကျိုးဆောင်နဲ့ ရှေ့နေတွေကလည်း
မိမိတို့ရဲ့ လုပ်သက်အတွေ့အကြုံအရပဲခန့်မှန်းပေးနိုင်ကြတာလေ။
ပါမစ်တွေကို တကယ်ထုတ်ပေးခဲ့တဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူလောက် ဘယ်သူမှ
သိနိုင်ကြမှာ မဟုတ်ဘူးလေ။
ဒါကြောင့် ပါမစ်မြေကွက် ဝယ်ပြီဆိုရင်တော့ အိုးအိမ်ရုံးမှာသွားပြီး ပြေးစစ်တာက စိတ်အချရဆုံးပါ။
ပါမစ်အစစ်ရဲ့သဘော ခန့်မှန်းပြော
=======================
“မောင်ကောင်းဖေ”တို့ သိခွင့်ရတာလေးတွေ ဗဟုသုတက ဖြန့်ဝေရရင်
၁၉၉၀ ခုနှစ်မှ ၁၉၉၈ ခုနှစ်လောက်အထိ ထုတ်ပေးခဲ့တဲ့ ပါမစ်စာရွက်တွေမှာတော့ အိုးအိမ် ဒုတိယညွှန်ကြားရေးမှူးရဲ့ လက်မှတ်နဲ့ ရုံးစည်းတံဆိပ်တွေ ပါရှိရပါတယ်။
အဲဒီလက်မှတ်တွေကလည်း မြေကွက်ရသူနဲ့ ရာဇဝင်အကျဉ်းချုပ်စာမျက်နှာနဲ့ ဓာတ်ပုံနောက်ကျောမှာသာ ရေးထိုးပေးလေ့ရှိတာကို တွေ့ရပါတယ်။
“အိမ်ရာဆောက်လုပ်ခွင့်စာရွက်”နဲ့ “မှီခိုသူစာရင်းစာရွက်”တွေမှာတော့ အိုးအိမ်ဦးစီးအရာရှိက လက်မှတ်ထိုး စည်းတံဆိပ်အဝိုင်း ရိုက်ထားတာကို အများအားဖြင့်တွေ့ရပါတယ်။
မြေချပါမစ်စာရွက်တွေဟာ
ဝါကြင့်ကြင့်စစ်တောင်းစက္ကူတွေပေါ်မှာ ပုံနှိပ်ရေသွင်းတာ တွေ့ရပါတယ်။
အခုဆိုရင် (၂၅)နှစ် (၃၀)နှစ်ကျော်ရှိပြီဆိုတော့ ဟောင်းနွမ်းပြီး စာရွက်နှုတ်ခမ်းသားတွေကို သတိထားကိုင်ရပါတယ်။
ရုံးစည်းတံဆိပ်အဝိုင်းတွေဆိုရင်လည်း "မှုံ”ဝါးဝါး ဖြစ်နေကြပါပြီ။
ပါမစ် လက်ပြောင်းလက်လွှဲများရင် ပိုပြီးသတိထား ကိုင်တွယ်ရတာပေါ့။
ဒါက မြေချပါမစ်အစစ်ရဲ့ သဘာဝကို ခန့်မှန်းပေးလိုက်ရတာပါ။
အဲဒီလို မဟုတ်ဘဲ အခုဈေးကွက်ထဲမှာ မိမိတို့ဝယ်ယူတော့မယ့် ပါမစ်စာရွက်တွေဟာ ၁၉၉၈ ခုနှစ်လောက်က ထုတ်ပေးထားတဲ့စာရွက်တွေ ဖြစ်ပါလျက် စာရွက်အသစ်ကဲ့သို့ ထူထူထဲထဲ ဖြစ်နေမယ်။
ဝါညစ်ညစ်ဖြစ်အောင် နည်းအမျိုးမျိုးနဲ့ ဖန်တီးထားမယ်။
ပြီးတော့ ဒုတိယညွှန်ကြားရေးမှူးလက်မှတ်၊
အိုးအိမ်ဦးစီးအရာရှိတွေရဲ့လက်မှတ်တွေဟာ
ဘောပင်မှင်ရောင် တွေထင်ရှားနေမယ်။
လက်မှတ်ရေးထိုးနေကျ ပုံစံအတိုင်း အဆွဲအရစ်မတူဘဲ ဖြစ်နေမယ်ဆိုရင် သတိထားရပါတော့မယ်။
ဒီထက်ပိုဆိုးတာက စာရွက်တိုင်းရဲ့လက်မှတ်တွေဟာ
မကြာသေးမီကထိုးထားသကဲ့သို့
ဘောပင်မှင်ရောင်တွေဟာ
တောက်ပနေမယ်။
ရုံးစည်းတံဆိပ်အဝိုင်းနဲ့ အရာရှိလက်မှတ်အောက်က တံဆိပ်တုံးမှင်ရောင်တွေဟာ
အသစ်ကဲ့သို့ လင်းလက်တောက်ပနေပြီဆိုရင်တော့
အဲဒီပါမစ်စာရွက်တွေဟာ ဝယ်ယူဖို့ မသင့်ပါကြောင်း ဗဟုသုတမျှဝေ လိုက်ပါတယ်။
အိမ်ခြံမြေ ဝယ်သူများ
ပါမစ်အတုနဲ့ လွှဲပါစေ။
📻📻📻📻📻📻📻📻📻📻📻📻📻
✍️စာဖတ်သူပရိသတ်များ ရွှင်လန်းကျန်းမာ သုခအဖြာဖြာနှင့် ပြည့်စုံနိုင်ကြပါစေ✍️
မူရင်းရေးသားသူ ဆရာ
#လွှတ်တော်ရှေ့နေမောင်ကောင်းဖေ အား
လေးစားစွာဂါရဝပြုအပ်ပါသည်
🙏🙏🙏🙏🙏