ဥပဒေရေးရာ

ဥပဒေရေးရာ ဆွေးနွေးတိုင်ပင်လိုပါက Page Messenger တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(1)

တရားရုံးသွားလျှင် ဘယ်လိုတိုင်ကြားရမှန်း မသိသူများအတွက် (ဆရာမဒေါ်တင်မိုးခိုင်)ရေးသားထားတဲ့အဆိုလွှာရေးနည်းမှတ်စုကို ဖော်ပြ...
25/08/2026

တရားရုံးသွားလျှင် ဘယ်လိုတိုင်ကြားရမှန်း မသိသူများအတွက် (ဆရာမဒေါ်တင်မိုးခိုင်)ရေးသားထားတဲ့အဆိုလွှာရေးနည်းမှတ်စုကို ဖော်ပြပေးလိုက်ပါတယ်။

အဆိုလွှာရေးနည်း
°°°°°°°°°°°°°°°°°°°°

အဆိုလွှာသည် တရားမမှု၏ အခြေခံအုတ်မြစ်ဖြစ်ပြီး
အုတ်မြစ်မခိုင်လျှင် ပြိုလဲတတ်သဖြင့် ခိုင်မာတောင့်တင်းရန် လိုသည်။အဆိုလွှာတွင် ဥပဒေအရ မဖြစ်မနေ
ပါရှိရမည့် အချက်များကို ဥပဒေနှင့်အညီ ရေးသားရန်လိုအပ်သည်။အဆိုလွှာတွင် ဥပဒေအရ ပါရှိရမည့် အချက်များနှင့် ရေးသားပုံတို့ကို အမိန့် ၆ ၊ အမိန့် ၇ နှင့် နောက်ဆက်တွဲ (က)တွင် အကျယ်တဝင့် ပြဌာန်းထားပါသည် ။

အဆိုလွှာ လျှောက်လွှာ၏ ပထမစာမျက်နှာ အထက်
ပိုင်းတွင် ရုံးခွန်တံဆိပ်ခေါင်း ကပ်ရန်အလို့ငှါ ၄လက်မ
ခန့် ကွက်လပ် ချန်လှပ်ထားပြီး ထိုနေရာ၏ အလယ် သို့မဟုတ် ညာဘက်ထိပ်တွင် ရုံးခွန်တော် တံဆိပ်ခေါင်း ကပ်ရမည်။

ရုံခွန်များနှင့်စပ်လျဉ်း၍ မြို့နယ်တရားရုံးသို့ တင်သွင်း
လျှင် ရုံးခွန် ၅၀ကျပ်၊ခရိုင်သို့ဆိုလျှင် ရုံးခွန်၁၀၀ ကျပ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်ဆိုပါက ရုံးခွန် ၂၀၀ကျပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တင်သွင်းလျှင် ရုံးခွန် ၅၀၀ကျပ် တံဆိပ်ခေါင်းများ ကပ်ရသည်။

ပုံသေရုံးခွန် ထမ်းဆောင်ရသည့် အမှုများ၌ ရုံးခွန်တော် တံဆိပ်ခေါင်း ၁၀၀၀ကျပ် ထမ်းဆောင်ရပြီး အမှုတန်ဘိုး အတိအကျ သတ်မှတ်၍ မရသည့်အမှုများတွင် ရုံးခွန်ဥပဒေအရ တန်ဘိုးအလျောက် ရုံးခွန်တော်များ ထမ်းဆောင်ရာတွင် ရုံးခွန်တံဆိပ်ခေါင်း ကပ်သည့် နေရာ၌ ရုံးခွန်တော်တတ်နိုင်သမျှထမ်းဆောင်ပြီး ရုံးခွန်နှိပ်တံဆိပ်ခေါင်းများဖြင့်လည်း သီးခြား ထမ်းဆောင်နိုင်သည်။ယင်းကဲ့သို့ သီးခြား ရုံးခွန် ထမ်းဆောင်သည့် ရုံးခွန်တံဆိပ်ခေါင်း အသီးသီးတွင် အဆိုလွှာ ခေါင်းစီး၌ ဖော်ပြသကဲ့သို့ ရုံးအမည် ၊ တရားမကြီးမှုအမှတ် အမှုသည်အမည် ၊အမှုအမည်များကို ရေးသားဖော်ပြရပြီး ရုံးခွန် မည်မျှ
ထမ်းဆောင်ထားကြောင်း အမှုသည် သို့မဟုတ်
ရှေ့နေကလက်မှတ်ရေးထိုးရန်လိုသည်။

တရားစွဲဆိုရာတွင် စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့
စွဲတင်ရပြီး ၊ တရားစွဲတင်သည့် တရားရုံး၏ အမည်ကို အဆိုလွှာ စာမျက်နှာထိပ် အခွန်တော်တံဆိပ်ခေါင်းကပ်သည့် အောက်ဘက် စာမျက်နှာ အလည်လောက်တွင်
ရေးသားရမည်။တရားရုံး၏ အမည်အောက်တွင်
စွဲဆိုသည့်ခုနှစ် ၊ တရားမကြီးမှုအမှတ် ( - ) ဟူ၍ အမှတ်ကို ကွက်လပ်ထား ရေးသားရမည်။

ထိုသို့တရားရုံးအမည် ၊ အမှုအမှတ်ဖော်ပြပြီးပါက ၎င်းတို့၏ အောက်တွင် တရားလို ၊ တရားပြိုင် တို့၏ အမည် ၊သိသာရန်ဖော်ပြချက်နှင့် နေရပ်လိပ်စာများ ရေးရမည်။သိသာရန်ဖော်ပြချက်ဟုဆိုရာတွင် အဖအမည် ၊အလုပ်အကိုင် ၊အသက် စသည်တို့ဖြစ်ပါသည်။ထူးခြားသော အမှုသည်များနှင့် ပါတ်သက်၍ ကိုယ်စားစွဲဆိုမှုများတွင် တရားလို ၊ တရားပြိုင်များ၏ အလုပ်အကိုင် ၊ နေရပ်လိပ်စာများ အောက်ဘက်တွင် လက်သည်းကွင်းများဖြင့် မိမိအတွက်နှင့် ကိုယ်စားလွှဲအပ်သူမည်သူ၏
ကိုယ်စား သို့မဟုတ် အခွင့်ရ ကိုယ်စားလှယ် ဟူ၍လည်းကောင်း ၊ အကယ်၍ တရားလို ၊ တရားပြိုင်သည်
အရွယ်မရောက်သေးသူ ၊ စိတ်မနှံ့သူများဖြစ်ပါက ၎င်းတို့အတွက် နီးစပ်ရာဆွေမျိုးမိတ်ဆွေ ဟူ၍
လည်းကောင်း ရေးသားဖော်ပြရမည်။

ထို့နောက်တွင် မိမိတရားစွဲဆိုလိုသော အကြောင်းအရာအား ထင်ရှားစွာ ရေးသားဖော်ပြရမည်။ဥပမာ "လင်မယားကွာရှင်းပေးစေလိုမှု" ၊ "အမွေပုံပစ္စည်းစီမံခန့်ခွဲပေးစေလိုမှု ".... စသည်ဖြင့် တရားလို၊တရားပြိုင်များ၏
အောက်တွင် ထင်ရှားစွာရေးသားဖော်ပြရမည်။

မိမိစွဲဆိုသော ခေါင်းစဉ်၏ ညာဘက် တစ်ဝက်မှစ၍ "အထက်အမည်ပါအမှုမှ မည်သူက အဆိုလွှာတင်သွင်း
လျှောက်ထားကြောင်း " စာမျက်နှာ၏ လက်ဝဲဘက် ကပ်လျှက် ရေးသားရသည်။

၎င်းနောက်တွင် မိမိစွဲဆိုလိုသော အမှုဖြစ်ပျက်နှင့်
အကြောင်းခြင်းရာ ၊သက်သာခွင့် ၊ရပိုင်ခွင့်တို့ကို စာပိုဒ်များခွဲ၍ ရေးသားရမည်ဖြစ်ပြီး စာပိုဒ်အသီးသီးကို
အမှတ်စဉ်တပ်ရမည်။ရက်စွဲ ၊ ငွေကြေး ပမာဏနှင့်
ကိန်းဂဏန်း တို့ကို စာသားဖြင့် မရေးဘဲ ဂဏန်း
ဖြင့်ရေးသားရမည်။

အဆိုလွှာတွင် တရားစွဲဆိုရန် အကြောင်းဖော်ပြချက်နှင့် မည်သည့်အချိန်က စတင်ပေါ်ပေါက်ကြောင်းဖော်ပြချက် ပါရှိရမည်။တရားစွဲဆိုရန် အကြောင်း မဖော်ပြပါက အဆိုလွှာ ပလပ်ခြင်း ခံရမည်ဖြစ်သည့်အတွက် အလေးထားဂရုပြုရမည်။

အမှုမစွဲဆိုမီ အချင်းဖြစ်ကိစ္စနှင့် စပ်လျဉ်း၍ လိုအပ်သော လုပ်ဆောင်ချက် ၊ အခြေအနေ ၊ အဖြစ်အပျက်တို့ကို ထင်ရှားစွာ ဖော်ပြရမည့်အပြင် ထိုကိစ္စအတွက် အခိုင်အမာ ဆောင်ရွက်ခဲ့ကြောင်း ဆိုလိုသည်မှာ တရားမစွဲဆိုမီ နို့တစ်ပေးရန် လိုသောအမှုများတွင် မည်သည့်ကိစ္စအတွက် မည်သည့်နေ့က မည်ကဲ့သို့ပေးခဲ့ကြောင်း အတို
ချုပ် ဖော်ပြရန်လိုသည်။

အဆိုလွှာတွင် တရားလို တောင်းဆိုသော သက်သာခွင့်ကို အတိအလင်း ဖော်ပြရမည်။ တောင်းဆိုသော သက်သာခွင့် တန်ဖိုးကို မှန်ကန်စွာ ဖော်ပြရမည်။အကယ်၍ တန်ဘိုးလျော့ ထားမိပါက ယင်းတန်ဘိုးကို ပြင်ဆင်စေရန် တရားရုံးက ဆင့်ဆိုသတ်မှတ် သည့်အချိန်အတွင်း တရားလိုက ပြင်ဆင်ရန် ပျက်ကွက်ခဲ့လျှင် အဆိုလွှာ
ပလပ်ခံရနိုင်သဖြင့် မူလကတည်းက တန်ဘိုးအမှန်
ဖော်ပြသင့်သည်။

တရားလိုသည် မိမိတောင်းဆိုသော သက်သာခွင့်ကိုဖြစ်စေ ၊ ယင်းသက်သာခွင့် မရနိုင်ပါက အခြားရလိုသည့် သက်သာခွင့်ကို ဖြစ်စေ အဆိုလွှာတွင် အတိအလင်း
ဖော်ပြရန်လိုအပ်ပြီး ထိုတောင်းဆိုချက်များ အနက်မှ
စွန့်ပယ်သော သို့မဟုတ် ခုနှိမ်သော အစိတ်အပိုင်း
ရှိလျှင် ထိုစွန့်ပယ်သော အစိတ်အပိုင်းကို ဖော်ပြရမည်။

အဆိုလွှာရေးရာတွင် အရေးပါသော အကြောင်းအချက်များကို တိုတိုနှင့် လိုရင်း ပြည့်စုံစွာ ဖော်ပြရမည်။
သက်သေခံချက်များ နှင့် ဥပဒေအချက်လက်များ ကို
ဖော်ပြရန်မလိုပါ။

စာချုပ်စာတမ်းများနှင့် ပတ်သက်သော အမှုဖြစ်ပါက
စာချုပ်တွင် အရေးပါသော အချက်ကိုသာ အကျဉ်းချုပ်
ဖော်ပြရန်လိုသည်။မရွှေ့မပြောင်းနိုင်သော ပစ္စည်း ဖြစ်ပါက ထိုပစ္စည်းကို ခွဲခြားသိနိုင်ရန် လုံလောက်သော အချက်များ(ကြေးတိုင်မြေတိုင်းအမှတ် ၊ မြေကွက် အမှတ် ၊နယ်နိမိတ်အမှတ်အသားများ)ကို ဖော်ပြရမည်။

ကာလစည်းကမ်းသတ် အက်ဥပဒေအရ သတ်မှတ်ထားသည့် ကာလ ကျော်လွန်ပြီးမှ စွဲဆိုသော အမှုများတွင် ယင်းဥပဒေအရ ကင်းလွတ်ခွင့် ပြုထားသည့်
အကြောင်းပြချက်ကို အဆိုလွှာတွင် ဖော်ပြရမည်။

အဆိုလွှာတွင် စွဲဆိုသည့်တရားရုံးသည် စီရင်ပိုင်ခွင့် အာဏာရှိကြောင်း ဖော်ပြရမည်ဖြစ်ပြီး တရားရုံး၏ စီရင်ပိုင်ခွင့်နှင့် ရုံးခွန် အလို့ငှါ အမှုတန်ဘိုးကို မှန်ကန်စွာ ဖော်ပြရမည်။

ထို့သို့ဖော်ပြပြီးနောက်တွင် စာမျက်နှာ၏ လက်ဝဲဘက် ကပ်၍ အထက်တွင် အဆိုလွှာလျှောက်ထား ကြောင်း
ရေးသကဲ့သို့ သို့ပါ၍ တောင်းဆိုသည့် သက်သာခွင့်ကို မည်သို့ ပေးစေလိုကြောင်း နိဂုံးချုပ်ရေးသားရမည်။

အဆိုလွှာတွင် တရားလိုက ဖြစ်စေ ၊နည်းလမ်းတကျ လွှဲအပ်ထားသော တရားလို၏ အခွင့်ရ ကိုယ်စားလှယ်က
ဖြစ်စေ လက်မှတ်ရေးထိုးရပြီး ရှေ့နေငှါးရမ်းထားပါက ရှေ့နေကလည်း လက်မှတ်ရေးထိုးရသည်။

အဆိုလွှာ၏ အောက်ခြေတွင် "ဝန်ခံချက်" ဟူ၍ ရေးသားပြီး အဆိုလွှာပါ မည်သည့် အပိုဒ်သည် ကိုယ်တိုင်သိရှိ
မှန်ကန်သည်ဟု ယုံကြည်ကြောင်း ၊ မည်သည့် အပိုဒ်သည် တစ်ဆင့်ကြားသိ မှန်ကန်သည်ဟု ယုံကြည်
ကြောင်း မည်သည့် နေ့ရက်၊ မည်သည့် နေရာတွင်
ကိုယ်တိုင်ဝန်ခံလက်မှတ် ရေးထိုးကြောင်း ဖော်ပြရမည်။

၎င်းဝန်ခံချက်၏ အောက်ဘက်တွင် "အဆိုလွှာနှင့်အတူ ပူးတွဲတင်သွင်းသော စာရွက်စာတမ်းများ" ဟု ရေးသား
ပြီး တရားလို၏ လက်ဝယ် သို့မဟုတ် မည်သူ၏
ထိန်းသိမ်းမှု အောက်တွင် ရှိကြောင်း မူရင်းကို ဖြစ်စေ ၊ မိတ္တူကို ဖြစ်စေ တစ်ပါတည်း တင်သွင်းရမည်။
ထို့ပြင် တရားလိုသည် မိမိတောင်းဆိုချက်ကို ထောက်ခံသော သက်သေခံချက်အဖြစ် အားကိုးအားထားပြုသော စာရွက်စာတမ်းများ ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ "အားကိုးအားထား
ပြုသော စာရွက်စာတမ်းများ" ဟူ၍ပူးတွဲ၍ ဖြစ်စေ ထပ်မံတွေ့ရှိပါက ဖော်ပြမည်ဖြစ်ကြောင်း ရေးသား ဖော်ပြ
ရမည်။

အမှုတွဲချုပ်ရာတွင် စာသားများပါမသွားစေရန် အဆိုလွှာ လျှောက်လွှာစာမျက်နှာ အသီးသီး၏ လက်ဝဲဘက် နံဘေး၌ ၂လက်မခန့် ကွက်လပ်ချန်လှပ် ထားရမည်။

အဆိုလွှာတွင် တရားလို လိပ်စာအား သီးခြား တင်သွင်းရပြီး ကိုယ်စားလှယ်ဖြင့် တရားစွဲဆိုရာတွင် တရားလိုအား ဆင့်ဆိုရန် လိပ်စာကို ကိုယ်စားလှယ်စာ၏
လိပ်စာ ဖော်ပြနိုင်သည်။အဆိုလွှာ မိတ္တူများအား
တရားပြိုင်ဦးရေ ရှိသည့်အတိုင်း မိတ္တူ ပူးတွဲတင်သွင်းရမည်ဖြစ်ပါသည်။

(အဆိုလွှာရေးနည်းမှတ်စု)

Credit ဒေါ်တင်‌မိုးခိုင်

မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲဆိုတာ ဥပဒေမှာ ပြဋ္ဌဌာန်းထားတယ်။ အဲ့ဒ...
24/08/2026

မရွှေ့မပြောင်းနိုင်တဲ့ အိမ်မြေကိုဝယ်ရင်၊ တရားဝင် ဝယ်ယူခြင်းမြောက်အောင် ဘာတွေလုပ်ရမလဲဆိုတာ ဥပဒေမှာ ပြဋ္ဌဌာန်းထားတယ်။
အဲ့ဒီ ဥပဒေမှာပါတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်........
(၁) စာချုပ်ချုပ်ရမယ်။
(၂) ဝယ်ယူတဲ့ တန်ဖိုးအလျောက်တံဆိပ်ခေါင်း ထမ်းဆောင်ရမယ်။
(၃) စာချုပ်မှာ ရောင်းသူနဲ့ဝယ်သူတို့လက်မှတ်ထိုးရမယ်။(၄) သက်သေ(၂)ယောက် လက်မှတ်ရေးထိုးရမယ်။(
၅) စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကြေး ပေးဆောင်ပြီး မှတ်ပုံတင်ရမယ်။
ဒါမှသာ အပြည့်အဝ၊ တရားဝင်၊ ဥပဒေနဲ့အညီဝယ်ယူခြင်း ဖြစ်ကြောင်း၊
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေ၊
- စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ၊
အခွန်တော်ခေါင်းအက်ဥပဒေ၊ ပဋိညာဉ်အက်ဥပဒေတွေမှာ ပြဋ္ဌဌာန်းထားတယ်။
ဒီလိုမှတ်ပုံတင်စာချုပ်နဲ့ ဝယ်ယူ ပြီးနောက် -
* ပြန်လည်ရရှိလာတဲ့ မှတ်ပုံတင်စာချုပ်နဲ့ သက်ဆိုင်ရာမြေစာရင်း၊ မြို့တော်စည်ပင်ဌာနမှာ မိမိ ဝယ်ယူတဲ့မြေအမျိုး အစားအလျောက် အမည်ပြောင်း၊
ဂရန်အမည်ပေါက်ဖောက်ပေးဖို့ ဆက်လက်လုပ်ဆောင်ရပါတယ်။ဘိုးဘွားပိုင်မြေဆိုရင် မိမိအမည်နဲ့ ဂရန်မြေဆိုရင် မိမိအမည်ပေါက်ဂရန်စာချုပ်နဲ့အတူ မြေစာရင်းပုံစံ (၁၀၅)မြေပုံ၊ မြေစာရင်းပုံစံ(၁၀၆)မြေရာဇဝင် ထွက်လာပါမယ်။ဒါဆိုရင် မိမိကဝယ်ယူတဲ့ အိမ်မြေရဲ့ပိုင်ရေးဆိုင်ခွင့်ကို သက်သေခံစာချုပ် စာတမ်းများနဲ့အတူ ပိုင်ဆိုင်တယ်လို့ မှတ်ယူပါတယ်။အပြည့်အဝ တရားဝင် ဥပဒေနဲ့အညီဝယ်ယူခြင်းဟာ အပြည့်အဝ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိစေပါတယ်။ကိုယ်ဝယ်ယူထား တဲ့ အိမ်မြေက နင်ထုတ်လို့မရဘူး။ သူများကျူးကျော်ဝင်ရောက်လို့မရဘူး။ ကိုယ်သေရင် ကိုယ့်ရဲ့အမွေခံများ ဆက်ဆံခွင့်ရကြ တယ်။မသက်ဆိုင်သူများကို အိမ်မြေက နှင်ထုတ်လို့ရတယ်။ကိုယ်က အခြားသူကို လွှဲပြောင်းရောင်းချလို့ရတယ်။နောက်ဝယ် တဲ့သူဟာ တရားဝင်ပိုင်ဆိုင်ခွင့်ရတယ်။
“အရပ်ကတိစာချုပ်နှင့် ဝယ်ယူခြင်း”===================
အိမ်မြေတွေကို အရပ်စာချုပ်နဲ့ဝယ်ခြင်း ဟာ အပြည့်အဝဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းမဟုတ်ဘူး။ တရားဝင်ဝယ်ယူခြင်း မမြောက်ဘူး။
အကြောင်းက -(၁) စာချုပ်ဟာ မှတ်ပုံတင်စာချုပ်မဟုတ်ဘူး။ အရပ်စာချုပ်။(၂) တံဆိပ်ခေါင်းခွန် ထမ်းဆောင်မထားဘူး။(၃) စာချုပ်ကို မှတ်ပုံတင်ကြေးပေးပြီး မှတ်ပုံတင်ရုံးမှာမှတ်ပုံတင်မထားဘူး။ ရုံးမှာ စာချုပ်မရှိဘူး။
(၄) မြေစာရင်းနဲ့စည်ပင်ဌာနမှာ မိမိအမည်ပြောင်း လျှောက်ထားလို့မရဘူး။ မိမိအမည်ပေါက်နိုင်ဘူး။ ဂရန်မရနိုင်ဘူး။(၅) မြေပုံ၊ မြေရာဇဝင်မှာ မိမိအမည်မပေါက်ဘူး။ဒီလိုအရပ်စာချုပ်နဲ့သာ ဝယ်ယူထားခြင်းကို -
တစ်ပိုင်းတစ်စဆောင်ရွက်ခြင်း” PART PERFORMANCE လို့ခေါ်တယ်။အပြည့်အဝဆောင်ရွက်ထားခြင်းမဟုတ်တဲ့အတွက် ပိုင်ဆိုင်ခွင့်မရနိုင်ဘူး။ တစ်ပိုင်းတစ်စ အခွင့်အရေးသာရနိုင်တယ်။မြေရဲ့ ပိုင်ဆိုင်ခွင့်အကြောင်း တရားရုံးမှာ အရေးဆိုလို့မရဘူး။ အကြောင်းကတော့ တရားဝင်ဝယ်ယူခဲ့ခြင်းမဟုတ်လို့ တရားဝင်ပိုင်ရေး ဆိုင်ခွင့်မရဘူး။ပိုင်ရေးဆိုင်ခွင့်ကိုအကြောင်းပြုပြီးတော့ အိမ်မြေအပေါ် ကျူးကျော်သူကို နင်ထုတ်လို့မရဘူး။ကိုယ်ကအခြားသူ ကို တရားဝင်ပြန်လည်ရောင်းချလို့မရဘူး။ရောင်းချခဲ့ရင်လည်း ဝယ်သူဟာ တရားဝင်ပိုင်ရှင်အဆင့် မရနိုင်ဘူး။
ဒါပေမဲ့ ရောင်းသူက ကိုယ့်ကိုဒီမြေပေါ်ကနှင်ထုတ်လိုမှု ဆိုလာရင်တော့ -သူနဲ့ကိုယ်နဲ့ ချုပ်ဆိုထားတဲ့ အရပ်ကတိစာချုပ်ကို ရုံးတော်ကိုတင်ပြပြီး (ဒိုင်း)အဖြစ် ခုခံကာကွယ်နိုင်တယ်။ကိုယ့်ကို နင်ထုတ်လို့မရဘူး။ဒါကြောင့် တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း၊ ဝယ်ယူခြင်းဟာ ဓားအဖြစ် ထိုးခုတ်လို့မရဘူး။ ဒိုင်းအဖြစ်သာ ခုခံကာကွယ်နိုင်တယ်။(PART PERFORMANCE IS A SHIELD, NOT A SWORD) လို့ ဥပဒေဆိုရိုးစကားရှိပါတယ်။ ဒါက ဥပဒေ ပြဋ္ဌဌာန်းချက်ကို တင်ပြရတာပါ။

ကျန်စစ်မင်းနှင့် ယုဇနအိမ်ရာ (၃) အိမ်ခန်း ရမည်ဟု လိမ်ညာမှုများရှိနေ၍ မယုံကြရန် အိုးအိမ်ဦးစီးဌာန သတိပေး
22/08/2026

ကျန်စစ်မင်းနှင့် ယုဇနအိမ်ရာ (၃) အိမ်ခန်း ရမည်ဟု လိမ်ညာမှုများရှိနေ၍ မယုံကြရန် အိုးအိမ်ဦးစီးဌာန သတိပေး

◼ လာမယ့် စက်တင်ဘာလ (၁) ရက်နေ့ကစလို့ ရောင်းသူရောဝယ်သူပါ နှစ်ဘက်စလုံးက အခွန်ဆောင် ထားတဲ့ အထောက်အထားပါမှ မှတ်ပုံတင်စာချုပ်ခ...
21/08/2026

◼ လာမယ့် စက်တင်ဘာလ (၁) ရက်နေ့ကစလို့ ရောင်းသူရောဝယ်သူပါ နှစ်ဘက်စလုံးက အခွန်ဆောင် ထားတဲ့ အထောက်အထားပါမှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခွင့်ပြုတာ၊ မြို့တော်စည်ပင်မှာ အမည်ပေါက် ပြောင်းတာတွေကို ခွင့်ပြုတော့မယ်လို့သိရပါတယ်။

ဒီစနစ်ကို စက်တင်ဘာ(၁)ရက်နေ့ကစလို့ စတင်ကျင့်သုံးတော့မှာဖြစ်လို့ အရောင်းအဝယ်ကိစ္စရပ်တွေမှာ အရင်ကထက်ပိုမိုသတိကြီးစွာဆောင်ရွက်ကြဖို့ အကြံပြုချင်ပါတယ်။

(အသေးစိတ်ကို ပုံထဲမှာ ဖတ်ရှုနိုင်ပါတယ်။)

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်း၏ အားနည်းချက် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (...
20/08/2026

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသော တိုက်ခန်းကို ဝယ်ယူနေထိုင်ခြင်း၏ အားနည်းချက်

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိမှသာ တိုက်ခန်းများတွင် တရားဝင်လူနေထိုင်ခွင့်ရရှိ မှာဖြစ်ပါသည်။

ကန်ထရိုက်တာများသည် အဆောက်အဦဆောက်လုပ်ခြင်းအတွက် အခွန်ဆောင်ရန်ကို ရှောင်ရှားရန် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မလျှောက်ထားဘဲ နေထိုင်နေကျတာကို တွေ့ရပါ တယ်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မရသေးသည့် အဆောက်အဦသည် ကိုယ်ပိုင် မီတာလျှောက်ထားလို့ မရသေးပါဘူး။ တစ်တိုက်လုံးအတွက် စုပေါင်းအသုံပြုသည့်မီတာ တစ်လုံးထဲကို နေထိုင်သည့်အခန်းများ အချိုးကျထည့်ဝင် ကျခံရပါတယ်။

ထိုသို့ အချိုးကျထည့်ဝင်ကျခံခြင်းသည် ကုန်ကျစရိတ်များပြားခြင်း၊ မီအားလုံလောက်စွာအသုံး မပြုနိုင်ခြင်း စသည့်ဒုက္ခတွေရှိပါသည်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) လျှောက်ထားဖို့ မည်သူ့တွင် တာဝန်ရှိသလဲဆိုလျှင် ကန်ထရိုက်တာနှင့် မြေရှင် ချုပ်ဆိုသောစာချုပ်ပေါ်မူတည်ပြီး နှစ်ဦးအချိုးကျထည့်ဝင်ကျခံရန် (သို့မဟုတ်) ကန်ထရိုက်တာတစ်ဦးတည်းကျခံရန် ဆုံးဖြတ်ရမှာဖြစ်ပါသည်။

တိုက်ခန်းဝယ်ယူသူများက စုပေါင်း အခွန်ဆောင်ရန် တာဝန်မရှိပါ။

တိုက်ခန်းဝယ်ယူသူများကို ရောင်းချသည့်အခါ လူနေထိုင်ခွင့်ရရှိရန်အတွက် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိအောင် ဆောင်ရွက်ပေးရမည့်တာဝန်သည် ရောင်းသူနှင့်သာ သက်ဆိုင်ပါသည်။

အဆောက်အဦပြီးစီးကြောင့်လက်မှတ် (BCC) ခွင့်ပြုချက်မကျမီ လူနေထိုင်သည့်ကိစ္စအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီမှ စစ်ဆေးတွေ့ရှိ၍ ဒဏ်ငွေကောက်ခံခြင်းများရှိလာပါကလည်း ဒဏ်ငွေကျခံရန် တာဝန်သည်လည်း ကန်ထရိုက်တာ (သို့မဟုတ်) မြေရှင်ကသာ တာဝန်ယူကျခံရမှာဖြစ်ပါ သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေပုဒ်မ-၃၁၂(င)အရ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် နေထိုင်ခြင်း၊ အသုံးပြုခြင်းအတွက် နေ့စဉ် ငွေဒဏ် ကျပ်တစ်သောင်းမှ ကျပ်ငါးသောင်းထိ ပြစ်ဒဏ်ချ မှတ်နိုင်သည်အထိ အရေးယူခံရနိုင်ပါတယ်။

အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) မကျသေးသည့်တိုက်ဖြစ်သည့်အတွက် ကိုယ်ပိုင် လျှပ်စစ်မီတာတပ်ဆင်ရန်ကိစ္စကိုလည်း ထည့်သွင်းစဉ်စားရပေမည်။

ကိုယ်ပိုင်လျှပ်စစ်မီတာတပ်ဆင်ရန် အတွက် ကုန်ကျစရိတ်ကို မည်သူကျခံမလဲဆိုတာလည်း အရေးကြီးကိစ္စအဖြစ်ပါဝင်လာပြန်သည်။ လျှပ်စစ် မီတာတစ်လုံးကို ၅သိန်းကျော်ကုန်ကျနေသည့် ခေတ်ကာလတွင် အရောင်းအဝယ်စာချုပ်တွင် ကြိုတင်ညှိနှိုင်း ချုပ်ဆိုထားခြင်းမရှိပါက ရောင်းသူများဖြစ်သော ကန်ထရိုက်တာနှင့် မြေရှင်တို့သည် တိုက်ခန်းဝယ်ယူသူထံမှ ကုန်ကျစရိတ်ထပ်မံ ကောက်ခံခြင်းများရှိနေပါသည်။

ထို့ကြောင့် အထက်ပါကိစ္စများကို စတင်ဝယ်ယူသည့်အချိန်က စာချုပ်ချုပ်ရာတွင် ထည့်သွင်းချုပ်ဆို ထားမှသာ အခန်းဝယ်ယူသူများအနေဖြင့် ပိုမိုစိတ်ချရမှာဖြစ်ပြီး စာချုပ်တွင် မပါဝင်ပါက ကန်ထရိုက်တာနှင့် မြေရှင်သည် တိုက်ခန်းဝယ်ယူသူများကို အချိုးကျထည့်ဝင်ခိုင်းခြင်း၊ ကုန်ကျစရိတ်ကောက်ခံခြင်းများ ရှိနိုင်ပါတယ်။ ထို့အတွက် တိုက်ခန်းဝယ်ယူမည်ဆိုလျှင် အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ခွင့်ပြုချက် မရရှိသေး သည့် တိုက်ခန်းများကို မဝယ်ယူသင့်ကြောင်း အဆောက်အဦပြီးစီးကြောင်းလက်မှတ် (BCC) ရရှိပြီး လူနေထိုင် ခွင့်ရပြီးသား တိုက်ခန်းကိုရွေးချယ်ဝယ်ယူခြင်းဖြင့် အထက်ကဖော်ပြထားသည့် ကိစ္စများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါသည်။

ယစ်မျိုးလိုင်စင်လျှောက်ထားခြင်း------------------------------ ယစ်မျိုးလိုင်စင်ရယူနိုင်သူများ----------------------------...
18/08/2026

ယစ်မျိုးလိုင်စင်လျှောက်ထားခြင်း
------------------------------
ယစ်မျိုးလိုင်စင်ရယူနိုင်သူများ
------------------------------

၁။ မြန်မာနိုင်ငံယစ်မျိုးနည်းဥပဒေ ၇(က) (၁) (၂) (၃) အရအောက်ပါပုဂ္ဂိုလ်များကိုလိုင်စင် ခွင့်ပြု ချထား ပေးနိုင်ပါသည်-
(က) နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊
(ခ) မြန်မာနိုင်ငံကုမ္ပဏီအက်ဥပဒေအရဖွဲ့စည်းထားသောကုမ္ပဏီ(သို့မဟုတ်) အဖွဲ့အစည်း၊
(ဂ) အစုစပ်လုပ်ငန်းတစ်ခု။
၂။ ယစ်မျိုးနည်းဥပဒေ ၃၃ က(၂) အရယစ်မျိုးနာမည်ပျက်စာရင်းကြေငြာထားသော အောက်ပါ ပုဂ္ဂိုလ်များအားချထားပေးခြင်းမပြုရပါ-
(က) အာမခံမပေးနိုင်သောရာဇဝတ်မှုဖြင့်အပြစ်ပေးခံရသူ၊
(ခ) လူမွဲစာရင်းဝင်သူ၊
(ဂ) ယစ်မျိုးအက်ဥပဒေအရအပြစ်ပေးခြင်းခံရသူ၊
(ဃ) ယစ်မျိုးခွန်ပေးဆောင်ရန်ပျက်ကွက်၍ လိုင်စင်ပယ်ဖျက်ခံရသူ၊
(င) ယစ်မျိုးဥပဒေနှင့် လိုင်စင်စည်းကမ်းဖောက်ဖျက်၍ လိုင်စင်ပယ်ဖျက်ခံရသူ၊
(စ) လေလံဆွဲ၍ အခြားလေလံဆွဲဝယ်နေသူများထံမှ ငွေကြေး(ပန်းကြေး)တောင်းခံလေ့ ရှိသူ။
၃။ ယစ်မျိုးလိုင်စင်များကို ယခင်ကပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်ခွင့်ပြုချထားခဲ့သော်လည်း ပြည်ထဲရေးဝန်ကြီးဌာန၏ (၄-၁၀-၂၀၁၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၄၂/၂၀၁၁ဖြင့် ထုတ်ပြန်သည့် ယစ်မျိုးနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စ၍ ဘဏ္ဍာရေးနှစ်အလိုက်ခွင့်ပြုချထားခဲ့ပြီးယစ်မျိုးလိုင်စင်သက်တမ်းမှာ ဧပြီလ (၁)ရက်နေ့မှ နောက်နှစ် မတ်လ (၃၁)ရက်နေ့အထိတစ်နှစ်သက်တမ်းသာဖြစ်ပါသည်။
ယစ်မျိုးလိုင်စင်လျှောက်ထားရာတွင်ပါဝင်ရမည့်အချက်များ
၄။ ယစ်မျိုးလိုင်စင်များကိုဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ခွင့်ပြုချထားပေးလျက်ရှိရာ ယစ်မျိုး လိုင်စင်ရယူလိုသူသည် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူလျှောက်ထားရပါသည်-
(က) ယစ်မျိုးလိုင်စင်လျှောက်လွှာ၊
(ခ) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊
(ဂ) သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊
(ဃ) သက်ဆိုင်ရာရဲစခန်း၏ထောက်ခံချက်၊
(င) ပတ်ဝန်းကျင်နေထိုင်သူများ၏ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက်။
အခြားလိုအပ်သောအထောက်အထား
၅။ နိုင်ငံသားနှင့်ဖက်စပ်ဆောင်ရွက်သည့် ကုမ္ပဏီအသင်းအဖွဲ့များအနေဖြင့် လျှောက်ထားမည် ဆိုပါက အောက်ပါအထောက်အထားများ ထပ်မံလိုအပ်မည်ဖြစ်ပါသည်-
(က) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်၊
(ခ) ကုမ္ပဏီ(သို့မဟုတ်)အသင်းအဖွဲ့ကိုယ်စားတာဝန်ခံ ဆောင်ရွက်မည့်သူအား တာဝန် ပေးအပ်သည့်အထောက်အထား၊
(ဂ) ကုမ္ပဏီ(သို့မဟုတ်)အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မိတ္တူ။
ယစ်မျိုးလိုင်စင်ခွင့်ပြုခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း
၆။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ယစ်မျိုးလိုင်စင် လျှောက်ထားလာမှုများအပေါ် အမှုတွဲဖွင့်လှစ်၍ လျှောက်ထားသည့်နေရာသည် ယစ်မျိုးအက်ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးကြည့်ရှု့ခြင်း၊ ကန့်ကွက်လွှာခေါ်ယူခြင်း၊ မြို့နယ်ယစ်မျိုးအကြံပေးအဖွဲ့နှင့် အစည်းအဝေးပြုလုပ်၍ သဘောထားရယူခြင်းများဆောင်ရွက်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ပေးပို့ရပါသည်။
၇။ ခရိုင်အုပ်ချုပ်ရေးမှူးသည် မြို့နယ်ရုံးများမှပေးပို့လာသော ယစ်မျိုးလိုင်စင်အမှုတွဲများအပေါ် ပြည့်စုံမှန်ကန်မှုရှိ/ မရှိစိစစ်မှုများပြုလုပ်ကာသက်ဆိုင်ရာ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့တင်ပြရပါသည်။
၈။ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် လိုအပ်သော စိစစ်မှုများပြုလုပ်ပြီး ခွင့်ပြုသင့်သည့် ယစ်မျိုးလိုင်စင်အရေအတွက်အား သက်ဆိုင်ရာနေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးသို့တင်ပြသဘောထားရယူကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)သို့တင်ပြရပါသည်။
၉။ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် နှစ်စဉ်ယစ်မျိုးအစီအစဉ်များ ရေးဆွဲတင်ပြ လာမှုအပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ စိစစ်ကာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးသို့ တင်ပြသဘောထားရယူပြီးခွင့်ပြုချထားသင့်သည့် ယစ်မျိုး လိုင်စင်အရေအတွက်ကိုပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံတင်ပြရပါသည်။
၁၀။ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ရရှိပါကသက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ အကြောင်းကြားကာ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများကယစ်မျိုးလိုင်စင်ခွင့်ပြုထုတ်ပေးပါသည်။
၁၁။ ယစ်မျိုးလိုင်စင်များခွင့်ပြုချထားရာတွင် ယစ်မျိုးမူဝါဒနှင့် ယစ်မျိုးအခြေခံမူတို့အရ ယစ်မျိုး လိုင်စင်အရေအတွက်ကို ကန့်သတ်ထားပြီး ယစ်မျိုးလိုင်စင်များ တစ်နှစ်ထက်တစ်နှစ်လျှော့ချခွင့် ပြုနေပါသဖြင့် ယခင်ဘဏ္ဍာရေးနှစ် ခွင့်ပြုခဲ့သည့်လိုင်စင်အရေအတွက်ထက် ကျော်လွန်ခွင့်ပြုနိုင်ခြင်း မရှိပါ။
ယစ်မျိုးလိုင်စင်ရယူထားသူများလိုက်နာရမည့်စည်းကမ်းချက်များ
၁၂။ ယစ်မျိုးလိုင်စင်ရယူထားသူများအနေဖြင့် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ရပါမည်-
(က) ယစ်မျိုးလိုင်စင်ရရှိသူသည် လိုင်စင်အမျိုးအစားအရရောင်းချရန်ခွင့်ပြုသည့် အရက်ကို ခွင့်ပြုသည့်နေရာ၌သာရောင်းချရန်၊
(ခ) လိုင်စင်ချထားပေးသည့် ဥပစာတွင် လိုင်စင်ခွင့်ပြုအရက်မှတစ်ပါးအခြားအရက်များ ရောင်းချခြင်းမပြုရန်၊
(ဂ) သတ်မှတ်ဆိုင်ဖွင့်ချိန်/ ပိတ်ချိန်အတွင်း၌သာရောင်းချရန်၊
(ဃ) ခွင့်ပြုလိုင်စင်ကိုဆိုင်အတွင်းအများမြင်သာအောင် ဘောင်သွင်းချိတ်ဆွဲထားရန်၊
(င) အသက်(၁၆)နှစ်အောက်ရှိသူကူးစက်ရောဂါရှိသူတို့အား အရက်ရောင်းချသူအဖြစ် လည်းကောင်း၊ အကူအဖြစ်လည်းကောင်းခိုင်းစေခြင်းမပြုရန်၊
(စ) ယူနီဖောင်းဝတ်ထားသောတပ်မတော်သား၊ ရဲအရာရှိ၊ အကောက်ခွန်အရာရှိ၊ တာဝန်ကျ မီးရထားဝန်ထမ်း၊ စိတ်မနှံ့သူများ၊ အရက်အလွန်အကျွံမူးနေသူများ၊ အသက် (၁၈)နှစ်အောက် ငယ်ရွယ်သူများကိုအရက်ရောင်းချခြင်းမပြုရန်၊
(ဆ) အရက်ကိုအဝတ်အစား၊ ပစ္စည်းများနှင့်လဲလှယ်ရောင်းချခြင်းမပြုရန်၊
(ဇ) ရယူထားသောလိုင်စင်ကိုခွင့်ပြုမိန့်မရရှိဘဲအခြားသူတစ်ဦးသို့ လွှဲပြောင်းခြင်းမပြုရန်၊
(ဈ) သက်ဆိုင်ရာတာဝန်ရှိသူက လုပ်ငန်းတာဝန်အရစစ်ဆေးလျှင် ယစ်မျိုးလိုင်စင်ကို ပြသရန်၊
ယစ်မျိုးအက်ဥပဒေပါ ပြဌာန်းချက်များ
၁၃။ အောက်ပါအရက်များအနက် (၂)မျိုးကိုဖြစ်စေ၊ (၂)မျိုးထက်ပို၍ဖြစ်စေ အမိုးတစ်မိုးတည်း အောက်တွင် ရောင်းချခြင်းမပြုရ -
(က) နိုင်ငံခြားအရက်
(ခ) ပြည်တွင်းဖြစ်ဖိုထွက်အရက်(အရက်ဖြူ)
(ဂ) တည်အရက်(ထန်းရည်မှတစ်ပါးအခြား လှော်ဇာရည် ၊ ခေါင်ရည်)
(ဃ) ထန်းရည်/ ဓနိရည်
ခြွင်းချက်။ အထက်မြန်မာနိုင်ငံရှိ ခရိုင်များတွင် ကော်လိတ္တော်အရာရှိသည် တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ထန်းရည်ဆိုင်နှင့် ပြည်တွင်းဖြစ်ဖိုထွက် ချက်အရက်ကိုဆိုင်ဥပစာတစ်ခုအတွင်း ရောင်းချခွင့်ပြုနိုင်ပါသည်။
၁၄။ အရက်ဆိုင်သည် အရက်သောက်သုံးသူများဝင်/ ထွက်သွားလာခြင်းမပြုနိုင်သောနေရာ မဖြစ် စေရန်လိုအပ်သကဲ့သို့ အများပြည်သူရှုမြင်ရန်မသင့်လျော်သောနေရာတွင်လည်းကောင်း၊ သောက်သုံးသူ တို့က အနီးဖြတ်သန်းသွားလာသူတို့အား အနှောက်အယှက်ဖြစ်စေမည့်နေရာတွင် လည်းကောင်း၊ ဈေး၊ စက်ရုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရား၊ ဝတ်ပြုပူဇော်ရာနေရာ အနီးအနား တွင်လည်းကောင်းမဖြစ်စေရ။
၁၅။ ထန်းရည်မှအပတည်အရက်ဆိုင်နှင့် နိုင်ငံခြားအရက်ဆိုင်ကိုတစ်ဆိုင်နှင့် တစ်ဆိုင်ကိုက်(၁၀၀) အတွင်းခွင့်မပြုရ။
၁၆။ လိုင်စင်ရရှိထားသူသည် လိုင်စင်အမျိုးအစားအလိုက် အောက်ဖော်ပြပါအချိန်အတိုင်း ဆိုင်ဖွင့် လှစ်ရမည် -
စဉ် လိုင်စင်အမျိုးအစား ဖွင့်ချိန် ပိတ်ချိန်
၁။ CFL-1 နေထွက်ချိန် ည(၉)နာရီ
၂။ CFL-2 နေထွက်ချိန် ည(၉)နာရီ
၃။ CS-1 နေထွက်ချိန် ည(၉)နာရီ
၄။ CS-2 နေထွက်ချိန် ည(၈)နာရီ
၅။ CS-3 နေထွက်ချိန် ည(၈)နာရီ
၆။ FL-7 နေထွက်ချိန် ည(၉)နာရီ
၇။ FL-9 နေထွက်ချိန် ည(၉)နာရီ
၈။ FL-10 နေထွက်ချိန် ည(၉)နာရီ
၉။ FL-12 နေထွက်ချိန် ညနေ(၆)နာရီ
၁၀။ FL-13 နေထွက်ချိန် ည(၉)နာရီ
၁၁။ FL-17 နံနက်(၆)နာရီ ည(၁၁)နာရီ
၁၂။ FL-24 နေထွက်ချိန် ညနေ(၆)နာရီ
၁၃။ CS-2A နံနက်(၆)နာရီ ည(၁၁)နာရီ
၁၄။ CFL-2A နံနက်(၆)နာရီ ည(၁၁)နာရီ
ခြွင်းချက်။ ကော်လိတ္တော်အရာရှိသည် သင့်တော်သည်ဟုထင်မြင်လျှင်-
(၁) ဆိပ်ကမ်းမြို့နယ်များ၌ CFL-1, CFL-2, CS-1, FL-7, FL-9, FL-10 နှင့် FL-13 လိုင်စင်ကို ဆိုင်ပိတ်ချိန် ည(၁၀)နာရီထိတိုးမြှင့်ပေးနိုင်သည်။
(၂) FL-17, CS-2A နှင့် CFL-2Aလိုင်စင်ကို ဆိုင်ပိတ်ချိန် ညနေ(၆)နာရီနှင့် ည(၁၁) နာရီကြားသတ်မှတ်ပေးနိုင်သည်။
(၃) CFL-1, CFL-2, CS-1, CS-2, CS-3, FL-7, FL-9, FL-10 နှင့် FL-13 လိုင်စင်များ၏ဆိုင်ပိတ်ချိန်ကိုတိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ခွင့်ပြုချက်ဖြင့် ဖော်ပြပါအချိန်ထက်စော၍ပိတ်စေနိုင်သည်။
(၄) FL-12 လိုင်စင် ဆိုင်ပိတ်ချိန်ကို တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် ည(၈)နာရီထိတိုးမြှင့်ပေးနိုင်သည်။
၁၇။ ခရိုင်ရာဇဝတ်တရားသူကြီးကဖြစ်စေ၊ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့မှူးကဖြစ်စေ၊ ပြည်သူလူထုအေးချမ်းသာယာရေးအတွက် လိုအပ်ချိန်အတွင်း အရက်ဆိုင်ကို ပိတ်ထားရန် ညွှန်ကြား လျှင်လိုက်နာရမည်။
၁၈။ အကယ်၍ ရုန်းရင်းဆန်ခတ်မှု(riot) သည်လည်းကောင်း၊ တရားမဝင်လူစုလူဝေး (unlawful assembly) တစ်ခုသည်လည်းကောင်း ဖြစ်ပွားပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် အကြောင်း ရှိလျှင် ရာဇဝတ်တရားသူကြီးကဖြစ်စေ၊ ယစ်မျိုးအရာရှိသို့မဟုတ် ရဲအရာရှိကဖြစ်စေ လိုအပ်သည်ဟု ထင်မြင်သောအချိန်အထိ အရက်ဆိုင်ကို ပိတ်ထားနိုင်သည်။
၁၉။ အကယ်၍ရုန်းရင်းဆန်ခတ်မှုဖြစ်စေ၊ တရားမဝင်လူစုလူဝေးဖြစ်စေပေါ်ပေါက်လျှင် ရာဇဝတ် တရားသူကြီးထံမှသော်လည်းကောင်း၊ ယစ်မျိုးအရာရှိသို့မဟုတ် ရဲအရာရှိထံမှသော်လည်းကောင်း အမိန့်တစ်စုံတစ်ရာမရရှိသော်လည်းအရက်ဆိုင်ကိုပိတ်ထားရမည်။

Credit

 #အိမ်ထောင်စုစာရင်း အရပ်အခေါ်အဝေါ် (သန်းခေါင်စာရင်း) သည်မရှိမဖြစ်အရေးကြီးသည်။သက်ကြီးမွေးတိုးလျှောက်ထားမှုအတွက်ဆက်လက်ဖတ်ရ...
15/08/2026

#အိမ်ထောင်စုစာရင်း အရပ်အခေါ်အဝေါ် (သန်းခေါင်စာရင်း) သည်မရှိမဖြစ်အရေးကြီးသည်။သက်ကြီးမွေးတိုးလျှောက်ထားမှုအတွက်ဆက်လက်ဖတ်ရှုပေးပါရန်။
သင်နိုင်ကတ်လျှောက်တော့မည်ဆိုလျှင် မရှိမဖြစ်အရေးအကြီးဆုံး စာရွက်စာတမ်းအထောက်အထားတစ်ခုသည် အိမ်ထောင်စုစာရင်းဖြစ်ပါသည်။ အိမ်ထောင်စုစာရင်းနှင့် နိုင်ကတ်တို့သည် အပြန်အလှန်ဆက်စပ်နေသည်။ သင် နိုင်ကတ်လျှောက်လျှင် အိမ်ထောင်စုစာရင်းအထောက်အထားပြရသည်။ အိမ်ထောင်စုစာရင်းမရှိလျှင် နိုင်ကတ်လျှောက်သည့်အခါ အခက်အခဲများရှိနိုင်သည်။ ထို့ကြောင့် သင့်မှာအိမ်ထောင်စုစာရင်းမရှိလျှင် သို့မဟုတ် အိမ်ထောင်စုထဲမပါသေးလျှင် အိမ်ထောင်စုစာရင်းလျှောက်ဖို့နှင့် အိမ်ထောင်စုစာရင်းထဲသို့ သင့်အမည်စာရင်းကို ဦးစွာပထမထည့်ရပါမည်။ ထို့နောက်မှ နိုင်ကတ်လျှောက်၍ ရနိုင်ပါသည်။ ထို့ကြောင့် အမျိုးမျိုးသောအခြေအနေများအပေါ်မူတည်၍ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားမှုအမျိုးမျိုးကို ဆက်လက်ဖော်ပြသွားပါမည်။
(၂) သက်ကြီးမွေးတိုး (၅ နှစ်အထက်) လျှောက်ထားခြင်း
မွေးစာရင်း မူရင်း၊ မိတ္တူ။
ရပ်ကွက်ထောက်ခံစာ
မွေးတိုးဖောင် ထွေ(၁)။
မိဘနှစ်ဦး၏ နိုင်/ကတ် မူရင်း၊မိတ္တူ။
ကာယကံရှင်နှင့် အိမ်ထောင်ဦးစီး( သို့မဟုတ်) မိဘတစ်ဦးပါရမည်။
သက်ကြီးမွေးတိုး ဆယ်နှစ်အထက်ဖြစ်ပါက အထက်ပါအချက်များအပြင် ခရိုင်သို့အစိစစ်ခံတင်ပြရသဖြင့် ကာယကံရှင်၏လက်ရှိဓါတ်ပုံ(ဖြစ်နိုင်မည်ဆိုပါကမိသားစုနှင့်တွဲရိုက်ထားသည့်ပုံ)
အားပူးတွဲတင်ပြပေးရမည်။
ကျောင်းသားဖြစ်လျှင် ကျောင်းထောက်ခံစာယူထားရမည်။
မိဘ၏သက်သေထွက်ချက်နှင့် အိမ်နီးချင်းနှစ်ဦး( အိမ်ထောင်စုစာရင်းရှိသူ၊ နိုင်ကတ်ရှိသူ )တို့၏သက်သေထွက်ချက်များလိုအပ်သည်။
လိုအပ်လျှင် ကျမ်းကျိန်လွှာပြုလုပ်ရနိုင်ပါသည်။

မိဘများက သေဆုံးသူသားသမီး၏ အမွေကို အမွေဆက်ခံခြင်းအကြောင်းမြန်မာဓလေ့ထုံးထမ်းဥပဒေအရ  သေဆုံးသူတွင် ခင်ပွန်း၊ သားသမီး၊ မြေး၊ ...
13/08/2026

မိဘများက သေဆုံးသူသားသမီး၏ အမွေကို အမွေဆက်ခံခြင်းအကြောင်း

မြန်မာဓလေ့ထုံးထမ်းဥပဒေအရ သေဆုံးသူတွင် ခင်ပွန်း၊ သားသမီး၊ မြေး၊ မြစ်နှင့် ညီအစ်ကို မောင်နှစ်မ စသည့် အမွေဆိုင်များ မကျန်ရစ်လျှင် သေသူ၏ အမွေကို၎င်း၏ မိဘများကဆက်ခံခွင့်ရှိပါသည်။

သေဆုံးသူတွင် ခင်ပွန်း၊ ဇနီး ကျန်ရစ်သော်လည်း သားသမီးထွန်းကားခြင်းမရှိပါက ကျန်ရစ်သူ ခင်ပွန်း၊ ဇနီးသည် အမွေဆက်ခံခွင့်မရှိဘဲ မိဘဖြစ်သူကသာ အမွေဆက်ခံနိုင်ပါသည်။
လက်ထပ်ထိမ်းမြားစဉ် က ပါရင်းပစ္စည်းရှိလျှင် ထိုပါရင်း၏ သုံးပုံတစ်ပုံကို ချွေးမဖြစ်သူ ရထိုက်သည်။

မွေးစားသည့် သားသမီးသည် သားရင်း၊ သမီးအရင်းနှင့်မခြားနားပေ။ ထိုနည်းတူ မွေးစားမိဘသည် လည်း မိရင်းဖရင်းနှင့်အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မွေးစားသားသမီးသေဆုံးလျှင် ၎င်း၏အမွေကို မွေးစားသည့် မိခင်ဖခင်တို့ကရရှိပါသည်။

ထို့‌ကြောင့် အထက်ပါအခြေအနေများတွင် မိဘများက သေဆုံးသူသားသမီး၏ အမွေကို အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိပါသည်။

မြေကွက်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးဖြစ်ခဲ့ပါတယ်ဝယ်သူကလင်မယား ၂ ယောက်ပါ။ ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝ...
11/08/2026

မြေကွက်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးဖြစ်ခဲ့ပါတယ်ဝယ်သူကလင်မယား ၂ ယောက်ပါ။
ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝယ်သူနေရာ၌ ယောက်ျား ဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်းနာမည်သာ ထည့်လိုကြောင်းပြောလာပါတယ်။

ဘာကြောင့် လင်မယား၂ ယောက်အမည်မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ။
အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှု့ပါ။ သူတို့အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့မရဘူးဆိုတဲ့ အတွေးရှိကြလို့ပါပဲ။

ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေးလိုက်ပါဆရာတဲ့ နားလည်မှု့ရှိကြတဲ့ လင်မယားပါလားလို့ တွေးလိုက်မိပါတယ်။

ဒီလိုနဲ့ ဝယ်သူနေရာမှာ မိန်းမဖြစ်သူအမည်ကိုပဲထည့်ပြီး သက်သေနေရာမှာတော့ ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ်။

မြေကွက်အရောင်းအဝယ်စာချုပ်ကိစ္စကတော့ ဒီမှာတင်ပြီးပါပြီ။ ဒါပေမယ့် ဥပဒေဗဟုသုတ ဆက်ပြီးတင်ပြလိုက်ပါတယ်။

မြန်မာဗုဒ္ဓဘာသာလင်မယားများဖြစ်ပါကမည်သူ၏ အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ အဆိုပါဝယ်ယူသည့် ပစ္စည်းတွင် လင်မယားနှစ်ဦးအညီအမျှပိုင်ဆိုင်ပါတယ်။

မယားအမည်ပေါက်ယုံဖြင့် မယားတစ်ဦးတည်းမပိုင်ပါ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါတယ်။

ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကိုမခွဲရသေးလျင် ကွာရှင်းပြီး နောက်မှ လင် (သို့မဟုတ်) မယားအမည်ဖြင့် ဂရန်အမည်ပေါက်သွားဦးတော့။

အဆိုပါ ဂရန်အမည်ပေါက်သူ တစ်ဦးတည်းက အလုံးစုံမပိုင်ဆိုင်ပါ။ နှစ်ဦးစလုံးပိုင်ဆိုင်ခွင့်ရှိပါသည် ။

( ၁၉၉၂ မတစ ၁၅၉) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီးဖြစ်ပါသည်။

ထို့ကြောင့် အချုပ်ဆိုရသော် လင် (သို့မဟုတ်) မယားတစ်ဦးဦးအမည်ဖြင့်ဝယ်ယူသော်ငြား လက်ထက်ပွားပစ္စည်းဖြစ်ပါက အမည်ပေါက်ဝယ်ယူသူသာ ပိုင်ဆိုင်မည်မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှပိုင်ဆိုင်ပါကြောင်း ဖော်ပြပေးလိုက်ပါသည်။

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုခံရပါက နှစ်ဦးပိုင်ပစ္စည်းဖြစ်သည့် အိမ်ခြံမြေပိုင်ဆိုင်ခွင့်ကို...
09/08/2026

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့် တရားစွဲဆိုခံရပါက နှစ်ဦးပိုင်ပစ္စည်းဖြစ်သည့် အိမ်ခြံမြေပိုင်ဆိုင်ခွင့်ကိုဆုံးရှုံးပါသလား။

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရ ပုဒ်မ-၁၀အရ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယားတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တရားဝင် ထိမ်းမြားပြီးသည့် ယောက်ျား သို့မဟုတ် မိန်းမသည် အဆိုပါထိမ်းမြားမှု တည်မြဲနေစဉ် ကာလအတွင်း ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ အခြားသူ တစ်ဦးနှင့် ထပ်မံထိမ်းမြားခြင်း မပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်းခြင်း မပြုရဟု ပြဌာန်းထားပါသည်။

တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရ ပုဒ်မ-၁၂အရ မည်သူမျှ ဥပဒေတစ်ရပ်ရပ် အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြားမှု မပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင် နေထိုင်ပေါင်းသင်းခြင်း မပြုရဟု ပြဌာန်းထားပါသည်။
တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရ ပုဒ်မ-၁၃အရ မည်သူမဆိုပုဒ်မ ၁၀ သို့မဟုတ် ၁၂ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုခုနှစ်နှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
အထက်ပါပြဌာန်းချက်များအရလင်သို့မဟုတ် မယားတစ်ဦးဦးသည် တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေဖြင့် အရေးယူခံရပါကထပ်မံထိမ်းမြားခြင်းသို့မဟုတ် ဖောက်ပြန်ခြင်း ပြုလုပ်သည့် လင် သို့မဟုတ် မယားသည် နှစ်ဦးပိုင်ပစ္စည်း၏ ပိုင်ဆိုင်ခွင့်ကိုဆုံးရှုံးမည်ဖြစ်သည်။
သတိပြုရမည့်အချက်မှာထိုသို့ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရတရားစွဲဆိုခံရ၍ ပြစ်မှုထင်ရှားစီရင်ခြင်းခံရယုံဖြင့် ကွာရှင်းပြီးသားမဖြစ်ပါ။ ဥပဒေအရတရားရုံးတွင် လင်မယားကွာရှင်းပေးစေလိုမှု ထပ်မံစွဲဆိုပြီးအနိုင်ဒီကရီရမှသာလျှင် တရားဝင်ကွာရှင်းခြင်းပြီးမြောက်မည်ဖြစ်သည်။
သို့မှ တရားဝင်ကွာရှင်းပြီးမှသာ နှစ်ဦးပိုင်ပစ္စည်းများ၏ ပိုင်ဆိုင်ခွင့်ကိုတစ်လင်တစ်မယားစနစ်ကျင့် သုံးခြင်းဆိုင်ရာဥပဒေအရအရေးယူခံရသူသည် ပိုင်ဆိုင်ခွင့်ဆုံးရှုံးပြီးနစ်နာသူဖြစ်သည့် လင် (သို့မဟုတ်) မယားတစ်ဦးတည်းကပိုင်ဆိုင်မှုအားလုံးကို ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ဥပဒေရေးရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category