LINN AEGIS LAW FIRM

LINN AEGIS  LAW FIRM We always submit the Laws of Myanmar!

07/01/2021

လူသတ်မှု
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)။ ။ မည်သူမဆို
(က) တစ်သက်တစ်ကျွန်းဒဏ် စီရင်ခံရသည့်အတွင်း၊ သို့တည်းမဟုတ်
(ခ) တင်ကူးကြံရွယ်ချက်ဖြင့်၊ သို့တည်းမဟုတ်
(ဂ) ဤပြစ်မှုဆိုင်ရာ ဥပဒေအရ ခုနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သောပြစ်မှုကို ကျူးလွန်နေ စဉ် လူသတ်မှုကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင်၊ ငွေဒဏ်လည်း ချမှတ်နိုင်သည်။
(၂)။ ။ မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်ပြင်၊ ငွေဒဏ်လည်း ချမှတ်နိုင် သည်။
ရှင်းလင်းချက်။ ။ ပြုလုပ်မှုတစ်ခုသည် တင်ကူးကြံရွယ်သော ပြုလုပ်မှုဖြစ်သည် မဖြစ်သည်ဆို သောအချက်မှာ ကြောင်းခြင်းရာပြဿနာ ဖြစ်သည်။
တစ်သက်တစ်ကျွန်း စီရင်ခြင်းခံရသူ
‘’ တစ်သက်တစ်ကျွန်းဆိုသည်မှာ ပြစ်ဒဏ်စီရင်ပြီး နောက်ပိုင်းမှ သေသည်အထိ တစ်သက်လုံး ကို ဆိုလိုသောကြောင့် တစ်သက်တစ်ကျွန်းကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ ခြွင်းချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခံရသူက နောက်ထပ်လူသတ်မှု ကျူးလွန်လျှင် ဤပုဒ်မ၏ပုဒ်မခွဲ(၁(က))အရ ပြစ်မှုကျူး လွန်ရာရောက်မည်ဖြစ်သည်။ ‘’ ( ဖိုးကွန်း နှင့် အစိုးရ ၁၉၃၉၊ ရန်ကုန်စီရင်ထုံး၊ စာ-၄၄ )
တင်ကူးကြံရွယ်ချက်
‘’ တရားခံသည် လူတစ်ဦးအား သတ်သင့်မသင့် အချိန်ယူစဉ်းစားပြီး၊ သတ်မည်ဟု ဆုံးဖြတ်ကာ ယင်းဆုံးဖြတ်ချက်အရသတ်လျှင် တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုကျူးလွန်ရာရောက်သည်။ အဓိက အားဖြင့် စဉ်းစားရန် အချိန်ရှိရမည်။ စဉ်းစားပြီးနောက် သတ်မည်ဟုဆုံးဖြတ်ချက်ချကာ ပြုလုပ်ခြင်းဖြစ် ရမည်။ ‘’ ( သန်းမြင့် နှင့် ပြည်ထောင်စု၊ ၁၉၅၃၊ မြန်မာပြည်စီရင်ထုံး၊ ၃၄၂ (လွှတ်တော်)၊ အထွေး နှင့် ပြည်ထောင်စု၊ ၁၉၅၇ မြန်မာပြည်စီရင်ထုံး၊ ၁၃၄ (လွှတ်တော်) )
“ တင်ကူးကြံရွယ်မှု ရှိသည် မရှိသည်ဆိုသောအချက်မှာ ကြောင်းခြင်းရာပြဿနာ ဖြစ်သော ကြောင့် အမှုကိုလိုက်၍ ပေါ်ပေါက်နေသော ပတ်ဝန်းကျင်အခြေအနေများအပေါ်တွင် မူတည်၍စဉ်းစား ရသည်။ တင်ကူးကြံရွယ်မှုရှိကြောင်း သက်သေအထောက်အထားများရှိနေလျှင် ဤပုဒ်မခွဲအရ ပြစ်မှု ထင်ရှားစီရင်ရမည်။ “ ( မောင်အောင်ထွေး နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်စီရင်ထုံး၊ ၆၉၄ )
“ သို့ရာတွင် တိုက်ရိုက်သက်သေအထောက်အထား မရှိသောအမှုများ၌မူ ပတ်ဝန်းကျင် အကြောင်းအချက်များက အလွန်ထင်ရှားသောကြောင့် တင်ကူကြံရွယ်ချက်ရှိသည်ဟု မယူဆလျှင် မဖြစ်နိုင်သောအခြေအနေရှိမှသာ ယင်းသို့ယူဆရန် ဖြစ်သည်။ “ ( မောင်ဖြူ နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်စီရင်ထုံး၊ ၃၇၈ )
“ စိတ်လိုက်မာန်ပါပြုမိသည်ဟု ယူဆနိုင်စရာအကြောင်းရှိလျှင် ဤပုဒ်မခွဲအရ ပြစ်မှုစီရင်ခြင်း မပြုသင့်ပေ။ “ ( မောင်ညွန့်ဆောင် နှင့် ပြည်ထောင်စု၊ ၁၉၆၄၊ မြန်မာပြည်စီရင်ထုံး၊ ၆၉၈။ မောင်းအုံး နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်စီရင်ထုံး၊ ၆၉၀။ မောင်အောင်သစ် နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာ ပြည်စီရင်ထုံး၊ ၉၅၈။ မောင်ဉာဏ်ရှိန် နှင့် ပြည်ထောင်စု၊ ၁၉၆၄၊ မြန်မာပြည်စီရင်ထုံး၊ ၅၅၆(စစ်ဘက်အ ယူခံ)
“ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂(၁)(ခ)အရ ပြစ်ဒဏ်စီရင်ရန် လူတစ်ဦးကို တင်ကူးကြံရွယ်ချက် ဖြင့် သတ်ဖြတ်ကြောင်းပေါ်ပေါက်ရန်၊ တင်ကူးကြံရွယ်ချက်ရှိကြောင်း လုံလောက်သောသက်သေခံချက် ရှိရန်လိုသည်။ တင်ကူးကြံရွယ်ချက်ရှိကြောင်း သံသယကင်းရှင်းစွာ ပေါ်လွင်ထင်ရှားခြင်း မရှိလျှင် ပုဒ်မ ၃၀၂(၂)အရသာ စီရင်သင့်သည်။ “ မောင်စိုးငြိမ်း နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ ၂၁။ “
“ တင်ကူးကြံရွယ်ချက်ဖြင့် သတ်ဖြတ်ခြင်း ဟုတ်မဟုတ်စဉ်းစားရာတွင် တင်ကူးကြံရွယ်ချက် ဆို သည်မှာ အကြောင်းခြင်းရာနှင့်ပတ်သက်သောပြဿနာ ဖြစ်သည်။ တင်ကူးကြံရွယ်ချက်ရှိကြောင်း အကြောင်းအချက်တို့ကို အထင်အရှားပြဖို့လိုသည်။ သက်သေအထောက်အထား အခိုင်အလုံမရှိလျှင် ပုဒ်မ ၃၀၂(၂)ဖြင့်သာ အပြစ်ပေးရမည်။ “ ( မောင်ဘဆန်း နှင့် ပြည်ထောင်စု၊ ၁၉၇၉၊ မြန်မာပြည်စီရင်ထုံး၊ ၉၅ )
ပြစ်မှုကျူးလွန်နေစဉ် ကျူးလွန်သည့်လူသတ်မှု
“ဤပုဒ်မသည် ကိုယ်တိုင် ထောင်ခုနှစ်နှစ်နှင့်အထက် ပြစ်ဒဏ်သတ်မှတ်ထားသော ပြစ်မှုတစ်ခုခု ကို ကျူးလွန်ခိုက် လူသတ်မှုကိုပါ ကျူးလွန်ကြောင်း ထင်ရှားသူနှင့်သာ သက်ဆိုင်သည်။ ဥပမာ- လုယက် မှုကျူးလွန်ကြောင်းအထောက်အထားရှိသော်လည်း လူသတ်မှုကျူးလွန်ကြောင်း ခိုင်လုံသောအထောက် အထားမရှိလျှင် သာမန်အားဖြင့် ပုဒ်မ ၃၉၄ အရသာ ပြစ်ဒဏ်စီရင်သင့်ပေသည်။“ ( မောင်လှရွှေ နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်ထောင်စု၊ ၆၈၆ )
“ ကြိုတင်ပူးပေါင်းကြံစည်မှုရှိကြောင်း သက်သေထူနိုင်မှသာ ဤပုဒ်မအရ အရေးယူနိုင်မည် ဖြစ်သည်။ လုယက်ပြီး လူသတ်ခဲ့ကြောင်း ဝန်ခံသည့်အမှုတွင် ဤပုဒ်မအရ သေဒဏ်မှအပ အခြား ပြစ်ဒဏ် သတ်မှတ်ရန် မဖြစ်နိုင်ပေ။ “ ( ပေါက်စ(ခ)ဖေဝင်း နှင့် ပြည်ထောင်စု၊ ၁၉၇၅၊ မြန်မာပြည်စီရင် ထုံး၊ ၅၅ )
“ တရားခံသည် သေသူအား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်စဉ် သေသူက အော်ဟစ် အကူအညီတောင်းသဖြင့် တရားခံက ရိုက်ပုတ်သောကြောင့် သေသူတွင် ဒဏ်ရာများရရှိပြီး ဦးခေါင်းခွံ ကွဲအက်၍ သေဆုံးရကြောင်း ပေါ်ပေါက်သဖြင့် တရားခံသည် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ် ခြင်း ခံထိုက်သောမုဒိန်းမှုကို ကျူးလွန်စဉ်အတောအတွင်း တစ်ဆက်တည်းဆိုသလို လူသတ်မှုကို ကျူးလွန်သဖြင့် ပုဒ်မ ၃၀၂(၁)(ဂ)အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်။ “ ( မောင်ထွန်းလွင် နှင့် ပြည်ထောင်စု၊ ၁၉၈၀၊ မြန်မာပြည်စီရင်ထုံး၊ ၂၄ )
သက်သေအထောက်အထား
“ လူသတ်မှုများတွင် တိုက်ရိုက်မျက်မြင်သက်သေအထောက်အထားမရှိစေကာမူ ခိုင်လုံသော ပတ်ဝန်းကျင် သက်သေခံချက်ရှိပါက တရားခံအား ပြစ်ဒဏ်စီရင်နိုင်သည်။ “ ( မမြိုင် နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်စီရင်ထုံး၊ ၃၅၄ )
“ သို့ရာတွင် သေသူအား သတ်သူမှာ တရားခံပင်ဖြစ်ရမည်ဟု တစ်ထစ်ချဆုံးဖြတ်နိုင်စေမည့် ခိုင် လုံသော သက်သေခံချက်ရှိရန်လိုသည်။ “ ( မောင်အောင်ရွှေ နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်စီရင် ထုံး၊ ၉၅၃ )
“ တရားခံအပြစ်ရှိကြောင်း သက်သေကွင်းဆက်မပြတ် ရှိရမည်။ ကွင်းဆက်ပြတ်နေပါက ပြတ် နေသာကွင်းကို ထင်ကြေးဖြင့် ဆက်၍မရချေ။ “ ( မောင်ငြိမ်းမောင် နှင့် ပြည်ထောင်စု၊ ၁၉၇၀၊ မြန်မာ ပြည်စီရင်ထုံး၊ ၁၁ ( အထူးအယူခံ )
“ တစ်နည်းဆိုရသော် မျက်မြင်သက်သေမရှိဘဲ ပတ်ဝန်းကျင်သက်သေအထောက်အထားဖြင့် တရားခံတစ်ဦးအား အပြစ်ပေးလိုလျှင် ထိုအထောက်အထားသည် တရားခံအပြစ်ရှိကြောင်း တစ်ထစ်ချ ကောက်ယူနိုင်သည့် အထောက်အထားဖြစ်ရန်လိုသည်။ မသင်္ကာစရာအချက်ဖြင့် အပြစ်မပေးနိုင်။ မသင်္ကာစရာအချက်ဖြင့် အပြစ်မပေးနိုင်။ မသင်္ကာစရာအချက်ဖြင့် အပြစ်ပေးခြင်းသည် ထင်ကြေးဖြင့် အပြစ်ပေးရာရောက်သည်။ “ ( မောင်သိန်း နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ ၁၅၈ )
“ လူသတ်မှုများတွင် သက်သေဦးရေ မည်ရွေ့မည်မျှရှိမှသာ တရားခံအား အပြစ်ပေးရမည်ဟု သတ်မှတ်ထားခြင်း မရှိ။ သက်သေတစ်ဦးတည်းပင် ရှိစေကာမူ ယင်းသက်သေ၏ထွက်ချက်ကို သံသယ ကင်းရှင်းစွာဖြင့် ယုံကြည်လက်ခံနိုင်လျှင် တရားခံအား ပြစ်ဒဏ်စီရင်နိုင်သည်။ “ ( မောင်ရွှေ နှင့် ပြည် ထောင်စု၊ ၁၉၆၀၊ မြန်မာပြည်စီရင်ထုံး၊ ၂၄၃(လွှတ်တော်) )
“ သက်သေအရေအတွက်ထက် အရည်အချင်းက ပို၍အရေးကြီးသဖြင့် သက်သေတစ်ဦးတည်း ဖြစ်စေကာမူ ယုံကြည်ထိုက်ပါက ၎င်း၏ထွက်ဆိုချက်ကို ပယ်ရန်မဟုတ်ပေ။ “ ( အာရ်အက်စ်ဘွန်း နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ ၆၅ ( အထူးအယူခံ )။ မောင်တိုက်ဖြူ နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ ၆၇၃။ ဦးအေးမောင် နှင့် ပြည်ထောင်စု၊ ၁၉၇၁၊ မြန်မာပြည်စီရင်ထုံး၊ ၄ ( အထူးအယူခံ )
“ သို့ရာတွင် သေဒဏ်ထိုက်သင့်သည့်အမှုမျိုးတွင် စိတ်ချလက်ချယုံကြည်ရန် ခဲယဉ်းသော သက်သေတစ်ဦး၏ထွက်ချက်ဖြင့် တရားခံအား ပြစ်ဒဏ်စီရင်ရန် မသင့်ပေ။ “ ( မောင်စော်ဘွား နှင့် ပြည် ထောင်စု၊ ၁၉၆၄၊ မြန်မာပြည်စီရင်ထုံး၊ ၆၀၆။ မောင်တင်မြ နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီရင် ထုံး၊ ၆၄၄ )
သေကာနီးစွပ်စွဲချက်
“ သေခါနီးစွပ်စွဲချက်သည် သက်သေခံဥပဒေပုဒ်မ ၃၂ အရ သက်သေခံဝင်သဖြင့် ထိုသေခါနီး စွပ်စွဲချက်သည် စိတ်ချယုံကြည်ရပါမူ ယင်းစွပ်စွဲချက်တစ်ခုတည်းနှင့်ပင် တရားခံအား အပြစ်ပေးနိုင် သည်။ သို့ရာတွင် သေသူသည် မတရားလိမ်လည်ပြီး စွပ်စွဲရန်အကြောင်းရှိမရှိ။ လူမှားပြီး စွပ်စွဲခြင်း ဟုတ်မဟုတ် ဆိုသောအချက်အလက်များအပေါ် စိတ်ချလက်ချ ယုံကြည်သင့်မသင့်ဆိုသော အဖြေကို ရှာရသည်။ “ ( မောင်သာထွန်း နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ ၄၆၅ )
“ ထို့ကြောင့် သေခါနီးစွပ်စွဲချက်နှင့်ပတ်သက်၍ သတိဝီရိယကြီးစွာဖြင့် ဝေဖန်သုံးသပ်၍ ဆုံး ဖြတ်ရသည်။ “ ( ကျင်ဟုတ် နှင့် ပြည်ထောင်စု၊ ၁၉၄၉၊ မြန်မာပြည်စီရင်ထုံး၊ ၁၅၄ (လွှတ်တော်)။ မောင်ထွန်းစိန် နှင့် ပြည်ထောင်စု၊ ၁၉၅၄၊ မြန်မာပြည်စီရင်ထုံး၊ ၁၁ (လွှတ်တော်ချုပ်)။ မောင်လှအောင် နှင့် ပြည်ထောင်စု၊ ၁၉၆၄၊ မြန်မာပြည်စီရင်ထုံး၊ ၇၂၁။ မောင်တင်အုံး နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာ ပြည်စီရင်ထုံး၊ ၁၃၇။ )
ပါရဂူထင်မြင်ချက်
“ ဖြစ်တတ်သောသဘောအရ အမှန်အားဖြင့်သေစေလောက်သောနာကျင်မှုရရှိစေလျှင် လူသတ် မှုဖြစ်ပြီး သေစေခြင်းဖြစ်တန်ရာသော နာကျင်မှုမှာ လူသေမှုတွင် အကျုံးဝင်သောကြောင့် ဆရာဝန်အား ယင်းအချက်နှင့်စပ်လျဉ်း၍ သေချာစွာစစ်ဆေးမေးမြန်းရန်လိုသည်။ “ ( မောင်ညွန့် နှင့် ပြည်ထောင်စု၊ ၁၉၄၈၊ မြန်မာစီရင်ထုံး၊ ၇၈၀ )
“ ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိပြီးနောက် ဆယ်ရက်အကြာတွင် သေဆုံးသည့်အမှု၌ မည် သည့်အတွက်ကြောင့် သေဆုံးရကြောင်း ဆေးစစ်ဆေးချက်မရှိသဖြင့် ယင်းဒဏ်ရာသည် အမှန်အားဖြင့် သေစေလောက်သောဒဏ်ရာ သို့မဟုတ် သေစေခြင်းဖြစ်တန်ရာသောဒဏ်ရာဟု ယူဆခြင်းမပြုနိုင်သော ကြောင့် လူသတ်မှု သို့မဟုတ် လူသေမှု ကျူးလွန်းသည်ဟု မဆိုနိုင်ကြောင်း ဆုံးဖြတ်ထားသည်။ “ ( ဖြူ သီးအောင် နှင့် ပြည်ထောင်စု၊ ၁၉၆၀၊ မြန်မာပြည်စီရင်ထုံး၊ ၃၅၆ )
“ ဆရာဝန်တစ်ဦး၏ထင်မြင်ချက်သည် ဒဏ်ရာအနေအထားကိုကြည့်၍ မည်သို့မည်ပုံရရှိခဲ့သည် မည်သည့်လက်နက်ကြောင့် ရရှိခဲ့သည်ဟု အတွေ့အကြုံများအရ ကောက်ယူချက်ဖြစ်သောကြောင့် လက်ဗွေပါရဂူ၊ လက်နက်ပါရဂူတို့၏ ထင်မြင်ချက်နည်းတူ အလေးပေး၍ စဉ်းစားရသည်။ သို့ရာတွင် ယုံ ကြည်စိတ်ချရသော မျက်မြင်သက်သေတစ်ဦး၏ အမှန်တကယ်တွေ့မြင်ခဲ့ရသောဖြစ်ရပ်မှန်ကို လွှမ်းမိုး ခြင်းမပြုနိုင်။ ဆရာဝန်၏ထင်မြင်ချက်မှာ ထင်မြင်ချက်သာဖြစ်၍ ယုံကြည်စိတ်ချရသော မျက်မြင်သက် သေ၏ထွက်ချက်ကို ပို၍အလေးပေးရမည်။ “ ( မောင်ကျော်လှ နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီ ရင်ထုံး၊ ၄၁၉ )
“ လူသတ်မှုများတွင် တရားခံပြုသည့်နာကျင်မှုကြောင့် သေဆုံးရသည်ဆိုသောအချက်မှာ အလွန်ပင်အရေးကြီးသဖြင့် နာကျင်မှုနှင့် သေဆုံးမှု ဆက်စပ်ခြင်းရှိမရှိ ဆရာဝန်အား စစ်ဆေးရာ၌ ဖော် ထုတ်ရန်လိုသည်။ တရားခံပြုသည့် နာကျင်မှုကြောင့် အဓိကမဟုတ်ဘဲ သေသူ၌လူမသိဘဲ ရောဂါစွဲကပ် နေသဖြင့် ခံနိုင်ရည်စွမ်းရည်မရှိ၍ သေဆုံးရကြောင်း ပေါ်လျှင် လူသတ်မှု၊ သို့မဟုတ် လူသေမှုနှင့် အကျုံးမဝင်ဘဲ သာမန်နာကျင်မှုဖြင့်သာ စီရင်ရမည်ဖြစ်သည်။ “ ( မောင်မိုး နှင့် အစိုးရ၊ ၁၉၄၁၊ ရန်ကုန် စီရင်ထုံး၊ ၁၃၈ )
“ လက်ရေးပါရဂူ၏ထင်မြင်ချက်သည် အခြားပါရဂူတို့၏ ထင်မြင်ချက်များနည်းတူ လေးနက်စွာ စဉ်းစားသင့်သော်လည်း၊ အခြားလွတ်လပ်သော သက်သေခံချက်မရှိလျှင် ယင်းထင်မြင်ချက်ကို မဏ္ဍိုင် ပြု၍ တရားခံအား အပြစ်မပေးသင့်ပေ။ လက်ရေးနှိုင်းယှဉ်စစ်ဆေးသောပညာသည် လက်ဗွေပုံစံကို နှိုင်း ယှဉ်စစ်ဆေးသော သိပ္ပံပညာလောက် တိကျခြင်းမရှိသေးသဖြင့် လက်ရေးပါရဂူ၏ထင်မြင်ချက်သည် လွဲမှားနိုင်သည်။ “ ( တင်ရွှေ နှင့် ပြည်ထောင်စု၊ ၁၉၅၄၊ မြန်မာပြည်စီရင်ထုံး၊ ၃၅၈(လွှတ်တော်)။ ပြည်ထောင်စု နှင့် ကေးစီ၊ ကိုတက်၊ ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ ၉၀၉။ ဘာလ်ဘဟာဒူးလ် နှင့် ပြည်ထောင်စု၊ ၁၉၆၈၊ မြန်မာပြည်စီရင်ထုံး၊ ၁၉ ( အထူးအယူခံ )
“ အလားတူပင် လက်နက်ပါရဂူ၏ထင်မြင်ချက်သည် အခြားသက်သေအထောက်အထားများ အပေါ် ပိုမိုခိုင်မာလုံလောက်စေရန် အထောက်အထားဖြစ်စေသည့် သက်သေခံချက်မျိုးသာဖြစ်သည်။ အကယ်၍ အခြားသက်သေအထောက်အထား လုံးဝမရှိပါက လက်နက်ပါရဂူ၏ထင်မြင်ချက်ဖြင့် တရားခံအား စိတ်ချလက်ချ အပြစ်ပေးရန် ခိုင်မာလုံလောက်သည်ဟု မဆိုနိုင်ချေ။ “ ( မောင်ချစ်မောင် နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ ၄၃၂။ )
“ ခြေရာနှိုင်းယှဉ်သည့် အတတ်ပညာသည် လက်ဗွေနှိုင်းယှဉ်သည့်ပညာလောက် တိကျမှန်ကန် ခြင်းမရှိသဖြင့် ခြေရာကောက်ပါရဂူ၏ထင်မြင်ချက်ကို တစ်ထစ်ချမှန်ကန်သည်ဟု မဆိုနိုင်။ အမှုတွင် ပေါ်ပေါက်လျက်ရှိသော အကြောင်းခြင်းရာများနှင့်ဆက်စပ်၍ လက်ခံသင့်မသင့် ဆုံးဖြတ်ရသည်။ “ ( မိုက်စ(ခ)ပေါက်စ နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ ၁၅၁၄။ )
ဒွိဟသံသယအကျိုး
သံသယ ဆိုသည့်စကားရပ်ကို ဆောင်ပုဒ်သဖွယ်မသုံးဘဲ အမှုတွင်ပေါ်ပေါက်သော အထောက်အ ထားတို့ကို ချိန်ဆ၍ အမှန်တရားကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေသော လမ်းညွှန်မှုတစ်ရပ်မျှ သာ ဖြစ်စေရန်လိုပေသည်။ သံသယသည် လွယ်လွယ်ဖြစ်တတ်သော သံသယမဖြစ်ရ။ မည်သည့်အရာ မျိုး၌မဆို ဒွိဟဖုံးတတ်သောစိတ်တွင် ဖြစ်ပေါ်သည့်သံသယလည်း မဟုတ်ရ။ ဖြစ်တတ်သောသဘာဝနှင့် နှိုင်းယှဉ်၍ ဖြစ်ပေါ်သင့်သော သံသယမျိုးကိုသာ ဆိုလိုပေသည်။ “ ( ဒေါ်တင်ဦး နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ ၁၂၉( အထူးအယူခံ )။ မောင်စောဖေ နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည် စီရင်ထုံး၊ ၅၇(အထူးအယူခံ)။ မခင်မြင့် နှင့် ပြည်ထောင်စု၊ ၁၉၇၀၊ မြန်မာပြည်စီရင်ထုံး၊ ၁ (အထူးအယူခံ)
“ တရားခံပြု၍ ရရှိသောဒဏ်ရာသည် ဖြစ်တတ်သောသဘောအရ သေစေလောက်သည့်နာကျင် မှု ဖြစ်ပါသလော၊ သို့တည်းမဟုတ် သေစေတန်ရာသည့် နာကျင်မှုဖြစ်ပါသလောဟု သံသဖြစ်စရာ အကြောင်း ပေါ်ပေါက်နေလျှင် တရားခံအား သံသယအကျိုးကို ခံစားခွင့်ပြုပြီး၊ သေးငယ်သောပြစ်မှုအရ သာ စီရင်ရသည်။ “ မောင်ငွေသာ နှင့် ပြည်ထောင်စု၊ ၁၉၆၀၊ မြန်မာပြည်စီရင်ထုံး၊ ၂၀၅ (လွှတ်တော်)
“ အလားတူပင် တစ်ဦးထက်ပိုသော တရားခံများက တစ်ခုထက်ပိုသော ဒဏ်ရာများကို ရရှိစေခဲ့ သည့်အမှုတွင် သေလောက်သောဒဏ်ရာကို မည်သူပြုလုပ်ခဲ့သည်ဟု တစ်ထစ်ချယူဆခြင်းမပြုနိုင်လျှင် တရားခံများအား သံသယအကျိုးခံစားခွင့်ပြုပြီး လက်နက်ကိုလိုက်၍ ပုဒ်မ ၃၂၆ သို့မဟုတ် ၃၂၅ အရသာ အပြစ်ပေးသင့်သည်။ “ မနှင်း နှင့် ပြည်ထောင်စု၊ ၁၉၆၄၊ မြန်မာပြည်စီရင်ထုံး၊ ၅၀၂။ မောင်စံတင် နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်စီရင်ထုံး၊ ၅၀၅။ သောင်းခိုင် နှင့် ပြည်ထောင်စု၊ ၁၉၆၅၊ မြန်မာပြည်စီ ရင်ထုံး၊ ၉၆၄။
“ လူသတ်မှု ကျူးလွန်ရာ၌ တင်ကူးကြံရွယ်ချက် ရှိမရှိဆိုသောအချက်တွင် သံသယဖြစ်စရာ အကြောင်းရှိက ယင်းသံသယအကျိုးကို တရားခံ ခံစားထိုက်သည်။ “ မောင်ဉာဏ်ရှိန် နှင့် ပြည်ထောင်စု၊ ၁၉၆၄၊ မြန်မာပြည်စီရင်ထုံး၊ ၅၅၆( စစ်ဖက်အယူခံ )။
“ အလားတူပင် ကာကွယ်ခုခံပိုင်ခွင့်အရ လူကိုသေစေခြင်း၊ ဟုတ်မဟုတ် သံသယဖြစ်ပေါ်နေပါ က တရားခံအား ဒွိဟသံသယအကျိုးကို ပေးထိုက်သည်။ “ မောင်ခင်မောင် နှင့် ပြည်ထောင်စု၊ ၁၉၅၆၊ မြန်မာပြည်စီရင်ထုံး၊ ၁၇၈။

Contract
05/11/2020

Contract

Current !
11/09/2020

Current !

08/09/2020
31/08/2020
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်
30/08/2020

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်

၄၀၆/ ၄၂၀
22/08/2020

၄၀၆/ ၄၂၀

Address

No-139(A), Oakzana 11st, Tatlingyake Ward, Nokalapa Township
Yangon

Telephone

+959765099098

Website

Alerts

Be the first to know and let us send you an email when LINN AEGIS LAW FIRM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

LINN AEGIS LAW FIRM PAGE

ဥပဒေဆိုင်ရာ အချက် အလက်တွေကို LINN AEGIS LAW FIRM PAGE မှ ဝေမျှ ပေး

သွားမည်ဖြစ်ပါသည်။