09/01/2025
# # #အိမ်ခြံမြေလောကထဲသို့ဝင်ရောက်လာသော
ကျားဖြန့် (သို့ ) Digital Marketing ရဲ့ ဖြတ်မျဥ်းများ.....
အိမ်ခြံမြေလောကထဲကိုပါ ကျားဖြန့်တို့ စတင်ဝင်ရောက်ဖို့ကြိုးစားလာပါပြီ။
အဝေးရောက်သူတွေ၊ နိုင်ငံခြားရောက်သူတွေနဲ့ အယုံလွယ်သူတွေကို ပစ်မှတ်ထားနိုင်ပါတယ်။ အလိမ် မခံရအောင် ကြိုတင်အသိပေးခြင်းဖြစ်ပါတယ်။
စာရေးသူ အိမ်ခြံမြေလောကထဲကို စျေးကွက်စီးပွားရေးစနစ် - Digital Marketing စနစ်ကိုအသုံးပြုပြီးဝင်ရောက်ခဲ့ပါတယ်။ ထိုစနစ်က အိမ်ခြံမြေလောကမှာ အကျိုးဆောင်၊ ရောင်းသူ၊ ဝယ်သူတွေအတွက် အကျိုးအမြတ်များစွာရှိခဲ့ပါတယ်။ ထိုစနစ်ကြောင့် စာရေးသူ အချိန်တိုအတွင်းမှာ အရောင်းအဝယ်တွေဖြစ်ခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ပြောလို့ရပါတယ်။
စျေးကွက်စီးပွားရေးစနစ်နဲ့ပတ်သတ်ပြီး
ဖတ်ရှုလေ့လာခဲ့သောစာအုပ်တစ်အုပ်ထဲတွင် စျေးကွက်ထိုးဖောက်ပုံကို ဤသို့ရှင်းပြထားပါတယ်
မိမိဝန်ဆောင်မှုကို လူအယောက် (၁၀၀) ကို အသိပေးနိုင်အောင်ကြိုးစားပါ...
ထိုလူအယောက် (၁၀၀) လောက်ထဲကမှ (၁၀) ယောက် လောက်သည် ဝန်ဆောင်မှုကိုပိုမိုသိချင်သည့်အတွက် မိမိထံသို့ဆက်သွယ်လာပါလိမ့်မည်...
ထို လူ (၁၀) ယောက်ကိုသေချာရှင်းပြပြီးသောအခါ (၁၀) ယောက်ထဲကမှ (၁) ယောက် သို့မဟုတ် (၂) ယောက်လောက်သည် မိမိ၏ဝန်ဆောင်မှုကို ဝယ်ယူအားပေးလိမ့်မည်...
စျေးကွက်စီးပွားရေးတွင် အောင်မြင်မှု၏လျှို့ဝှက်ချက်မှာ မိမိ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို စျေးကွက်ထဲသို့ မြန်မြန်ဆန်ဆန်၊ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိအောင်စွမ်းဆောင်နိုင်မှုဖြစ်သည်....
မြန်မြန်ဆန်ဆန်နှင့် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနိုင်လေလေ အောင်မြင်မှုနှုန်း မြန်လေလေဖြစ်၏...ဟုရှင်းပြထားလေသည်။
ထိုစနစ်ကြောင့် စာရေးသူအနေနဲ့ ၃ နှစ်ကျော် ဆိုတဲ့ အချိန်တိုအတွင်းမှာ အိမ်ခြံမြေ အရောင်းအဝယ် ပေါင်း ၁၀၀ ကျော် ၂၀၀ နီးပါကို ရောင်းထွက်အောင် အကျိုးဆောင်နိုင်ခဲ့ပါတယ်။
ထိုစနစ်ကိုသုံးပြီး မသမာသူ၊ အလိမ်အညာ၊ ကျားဖြန့်များလည်း အိမ်ခြံမြေလောကထဲကိုဝင်ရောက်ဖို့ကြိုးစားလာပါပြီ။
ကျားဖြန့်များဝင်ရောက်လာသောနည်းလမ်းမှာ
" အရှုပ်အရှင်းရှိသော အိမ်ခြံမြေ၊ မြေကို ရှင်းလင်းပေးခြင်း"
"ဂရန်လျှောက်ပေးခြင်း"
"ခြံအမည်ပေါက်လျှောက်ခြင်း"
"လုပ်ငန်းလိုင်စင် အမည်ပေါက်လျှောက်ခြင်း၊
ပြောင်းခြင်း" စသည့်ဝန်ဆောင်မှုပေးမည်ဟုဆိုကာ
အဝေးရောက်သူတွေ၊ နိုင်ငံခြားရောက်သူတွေနဲ့ အယုံလွယ်သူတွေကို ပစ်မှတ်ထား လိမ်လည်ဖို့ ကြိုးစားလာခြင်းဖြစ်ပါတယ်။
ထိုဝန်ဆောင်မှုများ မဖြစ်မနေလိုအပ်ပါက ဝန်ဆောင်မှုပေးသူကို မျက်မြင်တွေ့ပြီးမှ၊ လူကိုယ်တိုင်တွေ့ပြီးမှ လုပ်ငန်းအပ်နှံဖို့အကြံပေးချင်ပါတယ်။
အဝေးရောက်နေလို့၊ နိုင်ငံခြားရောက်နေလို့ ကိုယ်တိုင်မတွေ့နိုင်ပါက မိမိကိုယ်စားလူလွှတ်၍ ဝန်ဆောင်မှုပေးသူအားတွေ့ပြီးမှ ဝန်ဆောင်မှုယူဖို့အကြံပေးချင်ပါတယ်။ ငွေကြိုလွှဲပေးခြင်းမျိုး(လုံးဝ)မလုပ်ဖို့ကိုလည်း အကြံပေးချင်ပါတယ်။
မသမာသူ၊ အလိမ်အညာ၊ ကျားဖြန့်များ အန္တရာယ်မှကာကွယ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။
အလိမ် မခံရအောင် ယခုpostကို ဝိုင်းShareပေးကြပါဦးခင်ဗျာ
အောက်ကပုံကတော့ စာရေးသူကိုမမြင်တာကြာတော့မေ့နေမှာစိုး၍ တင်ခြင်းဖြစ်ပါတယ်ခင်ဗျာ
ေးပါတယ်။
#ချစ်သဲမောင်
ဥက္ကဌ (တွံတေးမြို့နယ်)
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA)
၇.၁.၂၀၂၅ / ၀၁း၅၀ am