04/10/2023
လွဲမှားနေသော အသုံး(စကားလုံး)-နောက်တိုးသက်သေ ??????
မောင်လိပ်။ ။ အကို…ပြစ်မှုမှာ "နောက်တိုးသက်သေ" ဆိုတာ ဘာပြောတာလဲဗျ.. ဗဟုသုတအနေနဲ့ သိချင်လို့ပါ..ရှင်းပြပေးပါအုန်းဗျ
လိပ်ကြီး။ ။ နေပါအုန်း..မေးပါအုန်းမယ်.. နောက်တိုးသက်သေ လျှောက်ထားတာက ဘယ်ပုဒ်မအရ လျှောက်ထားနေကြတာလဲညီလေး…
မောင်လိပ်။ ။ ညီလေး ကြားခဲ့တာတော့ တရားခံဘက်ကလျှောက်တာဘဲ.."စွဲချက်တင်တုန်းက သက်သေစာရင်းထဲမပါဘဲ အမှုအကြောင်းသိတဲ့သူ..အဲ့အချိန်က ခရီးလွန် နေလို့ သက်သေစာရင်းထဲမထည့်ခဲ့တာ ခုစစ်ဆေးနေတုန်းပြန်ရောက်လာတာနဲ့ သက်သေစာရင်းထည့်ချင်တာဆိုဘဲ..နောက်တိုးသက်သေတဲ့ " ပုဒ်မ မပါဘဲ လျှောက်တာ အကို… အဲ့လို လျှောက်လာရင် ရုံးတော်အနေနဲ့က ဘယ်လိုအမိန့် ချရမလဲ အကို….
လိပ်ကြီး ။ ။ ညီလေးသိချင်မှတော့ ပြောပြပေးရတာပေါ့..
ညီလေးကို အကိုပြန်မေးချင်တာက ဉပမာကွာ…ဝရမ်းမှုစစ်ဆေးနည်းဆိုပါဆို့..
ရာဇဝတ်ကျင့်ထုံးဥပဒေ ဘယ်ပုဒ်မတွေအရ စစ်ဆေးရတာလဲ.
မောင်လိပ်။ ။ ရာဇဝတ်ကျင့်ထုံးဥပဒေ အခန်း ၂၁ မှာပါတဲ့ ပုဒ်မ ၂၅၁ မှ ၂၅၉ အထိ ပြဌာန်းချက်တွေအရ စစ်ဆေးရပါတယ် အကို..
လိပ်ကြီး ။ ။ အေး.. အဲဒါဆိုကွာ ကျင့်ထုံး ပုဒ်မ ၂၅၂ ကို ညီလေးနားလည်သလို ရှင်းပြပါအုန်း…
မောင်လိပ်။ ။ ပုဒ်မ ၂၅၂ မှာက "တရားခံ(စွပ်စွဲခံရသူ) ရုံးရှေ့ရောက်လာရင် တိုင်တန်းသူ (တရားလို) ရှိရင် ၎င်းအား စစ်ဆေးပြီး တရားလိုပြသက်သေများကိုစစ်မေးရန်နှင့် တရားခံအနေနဲ့ ပြန်လှန်စစ်မေးခွင့်ပြုရန်…လို့ မှတ်သားထားမိတယ်အကို.. ရာဇဝတ်ပုံစံ ၇၃ ကို အသုံးပြုရမယ်ဆိုပြီး တရားရုံးများလက်စွဲ၊ အပိုဒ် ၄၄၅ မှာ ပြောထားပါတယ်အကို..
လိပ်ကြိီး။ ။ အင်း… ညီပြောပြတဲ့အတိုင်းဆိုရင် တရားလိုပြသက်သေကို ရုံးတော်အနေနဲ့ မဖြစ်မနေစစ်ပေးရမယ်လို့ အကိုကပြောရင် ညီလက်ခံနိုင်မလား..
မောင်လိပ်။ ။ ပုဒ်မ ၂၅၂ အရဆိုရင်တော့ မှန်ပါတယ်အကို….
လိပ်ကြီး။ ။ ဟုတ်ပြီ…ဆက်ပြီးတော့ ပုဒ်မ ၂၅၆ ကို ညီလေးနားလည်သလိုပြောပြပါအုန်း..
မောင်လိပ်။ ။ ပုဒ်မ ၂၅၆(၁)မှာက စွဲချက်တင်ပြီးနောက် စွဲချက်မတင်ခင်စစ်ဆေးပြီးသော သက်သေများအနက် မည်သည့်သက်သေကို ပြန်ခေါ်စစ်ဆေးလိုခြင်းရှိ/မရှိ ရုံးတော်ကမေးမြန်းရမယ်။ စစ်ဆေးလိုရင် ရုံးတော်က ပြန်ခေါ်ပေးပြီး ပုဒ်မ ၃၄၂(၁)နှင့်အညီ ပြန်လှန်မေးခြင်း၊ ထပ်မံစစ်မေးခြင်းများ ပြုလုပ်ခွင့်ပေးရမယ်။ ပုဒ်မခွဲ(၂)အရ တရားခံက သက်သေအဖြစ်အစစ်ခံလို/မလိုမေးပြီး သက်သေအနေနဲ့ အစစ်ခံခဲ့ရင် တရားခံရဲ့သက်သေခံချက်ကိုယူရမယ်။ ပြီးရင် တရားခံဘက်က တင်ပြတဲ့ သက်သေများ၏ သက်သေခံချက်ရယူရပါမယ်အကို…
လိပ်ကြီး။ ။ ညီလေးပြောပြသွားတဲ့ ထဲမှာ "နောက်တိုးသက်သေ" ဆိုတာပါသလား…
မောင်လိပ်။ ။ မပါ ပါဘူး အကို……
လိပ်ကြီး။ ။ အေးလေ ရှင်းနေတာဘဲ ဥပဒေပြဌာန်းချက်တွေမှာ အတိအလင်းပြောထားတာ ဘဲ.. တရားလိုဘက်က တင်ပြတဲ့သက်သေနဲ့ တရားခံဘက်ကတင်ပြတဲ့သက်သေ ဆိုပြီးရှိတာလေ.. ဘာဖြစ်လို့ " နောက်တိုးသက်သေ" လို့ သုံးနှုန်းနေမလဲ….
မောင်လိပ်။ ။ ဟုတ်တယ်နော် အကို ပြဌာန်းချက်တွေမှာက ရှင်းနေတာဘဲဗျ..
လိပ်ကြီး။ ။ ညီလေးသိချင်တဲ့အပိုင်းကိုရှင်းပြပေးမယ်… ပုဒ်မ ၂၅၆(၂) ပြဌာန်းချက်မှာ "××× the evidence of witnesses for the defence (if any) shall be taken ×××" လို့ပြဌာန်းထားတယ်.. "shall" ဆိုတဲ့စကားလုံးလေးက "မဖြစ်မနေရယူရမည်" လို့ပြောချင်တာဘဲ။ တရားခံဘက်က သူတို့ရဲ့ခုခံရေးလမ်းကြောင်းမှာ အမှုကို အတိအလင်းသိတဲ့သူ(အရေးပါတဲ့သက်သေမျိုး) မည်သူ့ကိုမဆို သက်သေအနေနဲ့ တင်ပြနိုင်တယ်။ နောက်တိုးသက်သေလို့ သုံးနှုန်းမည့်အစား ပုဒ်မ ၂၅၆(၂) အရ "နောက်ထပ်တင်ပြလိုသောသက်သေ" လို့ ပြောပြီး လျှောက်ထားခဲ့ရင် တစ်ဘက်အမှုသည်အနေနဲ့ကလည်း ကန့်ကွက်နေစရာမလိုသလို ရုံးတော်အနေနဲ့လည်း ပုဒ်မ ၂၅၆(၂) အရ လက်ခံကြောင်း အမိန့်ချလိုက်ရင်ရပါပြီ။
မောင်လိပ်။ ။ အကိုရှင်းပြသလိုဆိုရင် တရားလိုဘက်က ပုဒ်မ ၂၅၂(၁)(၂) အရ သက်သေတွေ စစ်ပေးခဲ့သလို တရားခံဘက်အတွက်လည်း ပုဒ်မ ၂၅၆(၂)အရနဲ့ သူတို့နှစ်ဘက်တင်ပြသမျှသက်သေတွေကို စစ်ပေးမယ်ဆိုတော့ ပိုပြီး တရားမျှတမှု ဖြစ်စေ တာပေါ့နော် အကို…
လိပ်ကြီး။ ။ အမှန်ပေါ့ကွာ… ညီလေးမှတ်ထားရမှာက ဥပဒေမှာ "နောက်တိုးသက်သေ" ဆိုတာ မရှိဘူး… တစ်ခုတော့သိထားအုန်း နောက်ထပ်သက်သေထည့်ချင်တဲ့ သူက အမှုဆုံးဖြတ်ရာမှာ တကယ်အရေးပါလားဆိုတာကြည့်ရအုန်းမယ်… အချိန် ဆွဲချင်လို့လျှောက်ထားတာဆိုရင်တော့ မလုပ်သင့်မလုပ်အပ်တာပေါ့…
မောင်လိပ်။ ။ အကို ပြစ်မှုတစ်ရပ်စွဲချက်(ရာဇဝတ်ပုံစံ ၇၉)မှာ စွဲချက်တင်ပြီးအပြစ်မရှိကြောင်း ငြင်းဆိုပြီးရင် စွဲချက်ဒုတိယပိုင်းမှာ တင်ပြလိုတဲ့သက်သေတွေကို ဘာဖြစ်လို့ စာရင်းတောင်းတာလဲ အကို….
လိပ်ကြီး။ ။ အဲ့ဒါ အကို့ အမြင်ကတော့ တရားခံအနေနဲ့ " အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရသလို" သူတင်ပြလိုတဲ့သက်သေတွေကို ကြိုတင်ပြီး စီစဉ်ရလွယ်ကူအောင် ရေးမှတ်ထားတဲ့သဘောလို့ မြင်မိတယ် ညီလေး…
မောင်လိပ်။ ။ ကျေးဇူးတင်ပါတယ်.. အကိုရှင်းပြလို့ နားလည်လာသလိုတော့ရှိလာပါပြီ..
တရားမမှုအကြောင်း နောက်တစ်ပတ်မှလာဆွေးနွေးပါအုန်းမယ်ဗျာ…
လိပ်ကြီး။ ။ အကိုလည်း လေ့လာနေဆဲပါဘဲညီလေး… အကိုပြောလို့ဆိုပြီး မှန်တယ်လို့ မယူဆနဲ့နော် ညီလေးအနေနဲ့လည်း လေ့လာပြီး ပြန်လည်သုံးသပ်ကြည့်အုန်း….
( ကျွန်တော်၏ အမြင်သက်သက်ကိုသာ တင်ပြခြင်းဖြစ်ပါသည်။ )
ဝေဖန်အကြံပြုနိုင်ပါသည်….လေးစားစွာဖြင့်---
U Win Min Zaw(law)
Lape Gyi(law)