19/05/2026
ကိုယ့်အိမ်ရှေ့ ကားလာပိတ်ရပ်ရင် ဒေါသမထွက်ပါနဲ့၊ ဥပဒေအသိနဲ့ အေးဆေး ဘယ်လိုဖြေရှင်းလို့ရနိုင်မလဲ?
အိမ်ကနေ အရေးတကြီးထွက်စရာရှိချိန် ကိုယ့်အိမ်ပေါက်ဝတည့်တည့်မှာ ကားလာပိတ်ရပ်ထားတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုအချိန်မှာ ရန်သွားဖြစ်တာ၊ သူများကားကို ထိခိုက်အောင်လုပ်မိတာမျိုးတွေက ကိုယ့်ကိုပါ အမှုပြန်ပတ်နိုင်ပါတယ်။ ဒါကြောင့် ဒေါသနဲ့မဖြေရှင်းဘဲ ကိုယ်ပိုင် ဥပဒေအသိဖြင့် အေးအေးဆေးဆေး ဘယ်လိုဖြေရှင်းမလဲ ကြည့်လိုက်ရအောင်။
၁။ စည်ပင်ဥပဒေကို သိထားပါ
"လမ်းက အများပိုင်တာပဲ" ဆိုပြီး ထင်သလို ရပ်ချင်တိုင်းရပ်လို့ မရပါဘူး။ မြန်မာနိုင်ငံက စည်ပင်သာယာရေး ဥပဒေတွေမှာရော၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဥပဒေတွေမှာပါ အများပြည်သူပိုင် လမ်းမတွေပေါ်မှာ သွားလာမှုကို အနှောင့်အယှက်ဖြစ်စေမယ့် ယာဉ်ရပ်နားခြင်း၊ လမ်းပိတ်ဆို့ခြင်းတွေကို တားမြစ်ထားပြီးသားပါ။ ဒါကြောင့် သူတို့လုပ်ရပ်က ဥပဒေနဲ့မညီဘူးဆိုတာကို ကိုယ်က ယုံယုံကြည်ကြည် သိထားဖို့လိုပါတယ်။
၂။ ဥပဒေအသိနဲ့ လက်တွေ့လုပ်ဆောင်ပါ
ကိုယ့်ရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ထိခိုက်လာပြီဆိုရင် ပြဿနာကို ဥပဒေဘောင်ထဲကနေ ရှင်းဖို့ အရေးကြီးဆုံးက "သက်သေ" ပါပဲ။
သက်သေယူပါ - သင့်အိမ်ကို ပိတ်ရပ်ထားတဲ့ ကားနဲ့ အခြေအနေကို မှတ်တမ်းဓာတ်ပုံ၊ ဗီဒီယို သေချာရိုက်ထားပါ။
တိုင်ကြားပါ - အဲ့ဒီသက်သေအထောက်အထားတွေနဲ့အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒါမှမဟုတ် စည်ပင်သာယာရေးကော်မတီ ကို ယုံကြည်မှုရှိရှိ သွားရောက်တိုင်ကြားပြီး ဖြေရှင်းနိုင်ပါတယ်။
သတိပြုမှတ်သားထားရန် - ဥပဒေအရ ကားရပ်နားခွင့် (လုံးဝ) မရှိသော နေရာများ စည်ပင်နဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဥပဒေတွေအရ အောက်ပါနေရာတွေမှာ ကားရပ်နားခြင်း၊ ပိတ်ဆို့ခြင်း လုံးဝမလုပ်ရပါဘူး။
- သူတစ်ပါး နေအိမ်၊ ခြံဝ၊ ကားအဝင်အထွက်ဂိတ် ပေါက်တည့်တည့်
- လမ်းဆုံ လမ်းခွနဲ့ လမ်းကွေ့ နေရာများ
(အနည်းဆုံး ပေ ၅၀ အတွင်း)
- လူကူးမျဉ်းကြားပေါ်နှင့် လူကူးမျဉ်းကြားအနီး
- မီးသတ်စခန်း၊ ဆေးရုံ၊ ရဲစခန်း စသည့် အရေးပေါ်ကား အဝင်အထွက် နေရာများ
- ဘတ်စ်ကားမှတ်တိုင်များ
- "ကားမရပ်ရ" (No Parking) ဟု ဆိုင်းဘုတ် တပ်ဆင်ထားသော နေရာများ
- တံတားပေါ် သို့မဟုတ် ဥမင်လိုဏ်ခေါင်း အတွင်းစသည်တို့ဖြစ်ပါတယ်။
ဥပဒေဆိုတာ ခက်ခဲနက်နဲတဲ့အရာမဟုတ်ဘဲ ကိုယ့်ရဲ့ နေ့စဉ်ဘဝ ပြဿနာတွေကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ဖို့ ကာကွယ်ပေးထားတဲ့အရာပါ။ ကိုယ့်မှာ ဒီလို ဥပဒေအသိလေးရှိနေပြီဆိုရင် အိမ်ရှေ့ကားလာပိတ်ရပ်တဲ့ ပြဿနာတင်မကဘူး တခြားကိစ္စတွေကိုပါ မှန်မှန်ကန်ကန်နဲ့ ရဲရဲဝံ့ဝံ့ ဖြေရှင်းနိုင်ပြီပေါ့။
ဒါ့အပြင် အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်လာရင် မိမိတို့ရပ်ရွာထဲက ညှိနှိုင်းဖြန်ဖြေသူနဲ့ ညှိနှိုင်းပြီးဖြစ်စေ၊ ရပ်ရွာအခြေပြုအငြင်းပွားမှုဖြေရှင်းရေးနည်းလမ်းများကို အသုံးပြုပြီးဖြစ်စေ ဖြေရှင်းရေးတွေကို ပြုလုပ်နိုင်ပါတယ်။
See less