07/03/2024
ထိုင်းနိုင်ငံ၏ပန်းရောင်ကတ်ဆိုတာ
ထိုင်းအစိုးရက တရားမဝင်အလုပ်သမားတွေကို တရားဝင်အလုပ်သမားဖြစ်အောင် ထုတ်ပေးတဲ့ ဘတ်ပန်းရောင်ကတ်ဆိုတာဘာလဲ?
မဲဆောက်၊ ဖေဖော်ဝါရီ ၂၄
ထိုင်းနိုင်ငံအစိုးရက မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေက လာတဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်နိုင်စေဖို့အတွက် ထိုင်းဘာသာနဲ့ (ဘတ်စီချုမ်ဖူး) လို့ခေါ်တဲ့ နေထိုင်ခွင့်အထောက်အထား ပန်းရောင်ကတ်တွေ ထုတ်ပေးလေ့ရှိပါတယ်။
အဲဒီလို ပန်းရောင်ကတ်ထုတ်ပေးချိန်ဟာလည်း ဘယ်အချိန်မှာ ထုတ်ပေးမယ်ဆိုတာမျိုး အချိန်သတ်မှတ်ထားတာမျိုးမရှိပါဘူး။ ထိုင်းအစိုးရက ခွင့်ပြုတဲ့ အချိန်ကြမှာသာ ပြုလုပ်လို့ရတာဖြစ်ပါတယ်။ထိုင်းအစိုးရက ပန်းရောင်ကတ် ပြုလုပ်ပေးတော့မယ်ဆိုရင် ကြိုတင်ကြေညာချက်ထုတ်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ ခရိုင် (၇၇) ခရိုင်းလုံးမှာ တစ်ပြိုင်နက်ပြုလုပ်ပေးတာပါ။
ပန်းရောင်ကတ်ပြုလုပ်မယ်ဆိုရင် ထိုင်းဘာသာနဲ့ (จัดหางาน) လို့ခေါ်တဲ့ အလုပ်သမားစီမံခန့်ခွဲရေးရုံးမှာ ကနဦး အမည်စာရင်းတင်သွင်းရပြီး ထိုင်းနိုင်ငံသား အလုပ်ရှင်က အလုပ်သမားကိစ္စအဝဝကို တာဝန်ယူပါတယ်ဆိုပြီး အာမခံမှသာ ထိုင်းအစိုးရ ပြုလုပ်ခွင့်ပေးတာပါ။ ထုတ်ပေးတဲ့အချိန်ကလည်း နေ့ရက်/အချိန်သတ်မှတ်ချက်တစ်ခုနဲ့ ထုတ်ပေးတာဖြစ်ပြီး အဲဒီအချိန်ကျော်လွန်သွားရင်တော့ လုံးဝထုတ်မပေးတော့ပါဘူး။
ဒီနေရာမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းက ဝင်ရောက်မဲ့ အလုပ်သမားတွေကို ပွဲစားတွေက သူတို့ပိုက်ဆံရရင်ပြီးရောဆိုတဲ့သဘောနဲ့ ပြောတဲ့စကားတစ်ခွန်းရှိပါတယ်။အဲဒါက ထိုင်းကို အောက်လမ်းကနေသွားပြီး အလုပ်ကောင်းတာတွေ သူတို့ ရှာပေးမယ်။
ထိုင်းရောက်တာနဲ့ သူဌေးက တရားဝင် နေထိုင်ခွင့်အထောက်အထား လက် မှတ်ပန်းရောင်ကတ်လုပ်ပေးမှာဆိုတဲ့ စကားပါပဲ။ဒီစကားကို ထိုင်းကိုအောက် လမ်းသွားမဲ့ အလုပ်သမားတွေအနေနဲ့ လုံးဝမယုံကြည်သင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ ပန်းရောင်ကတ်ဟာ အချိန်တိုင်း ပြုလုပ်လို့မရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ပန်းရောင်ကတ်နဲ့အတူ CI တစ်ခါထဲလုပ်လို့ရပြီး နှစ်ခုပေါင်းကုန်ကျစရိတ်က တော့ ကိုယ်တိုင်ပြုလုပ်မယ်ဆိုရင် ဘတ် ၇၀၀၀ နဲ့ ၈၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။ ပွဲစားနဲ့တဆင့်ပြုလုပ်ရင်တော့ ဘတ် ၂၀၀၀၀ လောက်ကုန်ကျနိုင်ပါတယ်။ ပန်းရောင်ကတ်ရဲ့ သက်တမ်းက ၂ နှစ်(သို့) ၄ နှစ်ရှိပါတယ်။ သိထားသင့်တာကတော့ ပန်းရောင်ကတ်ကို ထိုင်းအစိုးရကခွင့်ပြုပေးတဲ့ အချိန်မှသာ ပြုလုပ်ခွင့်ရတာဖြစ်ပြီး၊ ဒီနှစ်ထုတ်ပေးပေမဲ့ နောက်နှစ်ကြရင် ထုတ်ပေးချင်မှထုတ်ပေးတာပါ။
ဒါ့ကြောင့် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံထဲကိုလာပြီး အလုပ်လုပ်ကြမယ်ဆိုရင် အရင်ဆုံး PJ ပတ်စ်ပို့စာအုပ်ပြုလုပ်ပါ။ပြီးတော့ နှစ်နိုင်ငံအသိအ မှတ်ပြုထားတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင် (ထိုင်း) လိုင်စင်ရအေဂျင်စီတွေနဲ့ချိတ်ဆက်ပြီး MoU စနစ်နဲ့သာ လာရောက်လုပ်ကိုင်ကြစေလိုပါတယ်။
ထိုင်းနိုင်ငံကို တရားဝင် အလုပ်သမားစေလွှတ်ခွင့်ရရှိထားတဲ့ ပြည်ပအလုပ် အကိုင်အကျိုးဆောင် (ထိုင်း) လိုင်စင်ရ အေဂျင်စီတွေရဲ့စာရင်းကိုသိချင်ရင်တော့ ကျွန်တော်တို့ မြဝတီ&မဲဆောက်မီဒီယာ မှာ ဖော်ပြပေးထားပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ MoU စနစ်နဲ့လာရောက်အလုပ်လုပ်ကိုင်တာဟာ ရာနှုန်းပြည့်ကောင်းမွန်ခြင်းမရှိပေမယ့် တရားဝင်လာရောက်တာဖြစ်တဲ့အတွက် ပတ်စ်ပို့၊ ဗီဇာ အထောက်အထားစာရွက်စာတမ်းတွေရှိတဲ့အတွက် အလုပ်လုပ်ကိုင်ရာမှာ တစ်စုံတစ်ရာဖြစ်ခဲ့ရင် ထိုင်းနိုင်ငံရဲ့အလုပ်သမားဥပဒေအတိုင်း အကျိုးခံစားခွင့်တွေရမှာဖြစ်သလို တရားမဝင်ဝင်ရောက်လာသူတွေလိုလည်း ပုန်းရှိုးကွယ်ရှိုးနဲ့နေထိုင်စရာမလိုဘူးဆိုတာကို ရေးသားဖော်ပြလိုက်ရပါတယ်။
#မြဝတီမဲဆောက်မီဒီယာ
မြဝတီ&မဲဆောက်မီဒီယာမှထုတ်လွှင့်တက်ဆက်လျက်ရှိသည့် သတင်းများအား အောက်ပါ YouTube Channel , Telegram နှင့် TikTok တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
▪️YouTube https://youtube.com/
▪️Telegram
https://t.me/nwesmedia2023
▪️Facebook
https://www.facebook.com/profile.php?id=100078223843707&mibextid=ZbWKwL
▪️TikTok
https://www.tiktok.com/?_t=8iXO318NCMM&_r=1