Aung Family ဥပဒေအကြံပေးဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • Aung Family ဥပဒေအကြံပေးဝန်ဆောင်မှုလုပ်ငန်း

Aung Family ဥပဒေအကြံပေးဝန်ဆောင်မှုလုပ်ငန်း စာချုပ်စာတမ်းနှင့် ဥပဒေအကြံပေးခြင်း

13/07/2022

မြေကွက်ခွဲစိတ်ခြင်း (ဂရန်ခွဲ) လျှောက်ထားခြင်းတို့နှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ စာစုကလေးကို ဖော်ပြပေးလိုက်ပါသည်။

အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ(မြေကွက်ခွဲစိတ်ခြင်း)

မြေကွက်ခွဲစိတ်ပေးရန်လျှောက်ထားနိုင်သောမြေအမျိုးအစားများ

# (၁) ဂရန်မြေ၊

# (၂) မြေပိုင်မြေ၊

# (၃) ဂရန်ရှိမြေပိုင်မြေ၊

# (၄) B မြေပိုင်မြေ၊

# (၅) Bလ/န ၃(ခ)မြေ၊

# (၆) Bလ/န ၃၉မြေ၊

# (၇) ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃(က) အရ ဝန်ခံချက်လက်မှတ်ရရှိပြီးမြေ (သို့မဟုတ်) ၊ ၃(ခ) လက်မှတ်ရရှိပြီးမြေ (အိမ်ယာမြေသတ်မှတ်) အမျိုးအစားများကို မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်း တို့တွင် ခွဲစိတ်ပေးနိုင်သည်။

# မြေကွက်ခွဲစိတ်ရာတွင် အောက်ပါအချက်များနှင့်ညီညွှတ်ပါက ခွဲစိတ်ပေးမည်ဖြစ်သည် -

(က) ခွဲစိတ်ရန် လျှောက်ထားသော မြေကွက်အတိုင်းအတာသည် မျက်နှာစာတွင် အနည်းဆုံး ပေ(၂၀) ရှိရမည်ဖြစ်ပြီး ကျန်ရှိမြေကွက်မျက်နှာစာမှာလည်း အနည်းဆုံးပေ(၂၀) ရှိရပါမည်။

(ခ) ခွဲစိတ်ရန်လျှောက်ထားသောမြေတစ်ကွက်၏ စုစုပေါင်းဧရိယာသည် အနည်းဆုံးစတုရန်းပေ ၁၂၀၀ ရှိရမည်။

(ဂ) ခွဲစိတ်မည့်မြေကွက်အသုံးပြုရန်အတွက် အများပိုင်လမ်း (သို့မဟုတ်) ကိုယ်ပိုင်လမ်းမရှိပါက ခွဲစိတ်ရန်လျှောက်ထားသောမြေကွက်များသို့ ဝင်ထွက်သွားလာရန် အနည်းဆုံး ၁၀ ပေချန်လှပ်ထားသည့် လမ်းပါရှိရမည်။

(ဃ) မြေကွက်ခွဲစိတ်မျဉ်းနှင့် မြေပြင်ရှိ အဆောက်အအုံတို့ ကင်းလွတ်မှုရှိရမည်။

မှတ်ချက်။ (၁) မြေငှားစာချုပ်(ဂရန်) မြေအမျိုးအစားမှအပ ကျန်မြေအမျိုးအစားများအား ဧရိယာ ၁၂၀၀ စတုရန်းပေမပြည့်သော်လည်း ခွဲစိတ်ပေးနိုင်သည်။

(၂) စက်မှုဇုန်မြေများအတွက် စက်မှုဇုန်အတွင်းရှိ ဧရိယာအနည်းဆုံး မြေကွက်ဧရိယာ ပြည့်မီမှသာ ခွဲစိတ်ပေးနိုင်သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သီးခြားညွှန်ကြားချက်ရှိပါက ယင်းညွှန်ကြားချက်အတိုင်းခွဲစိတ်ပေးနိုင်သည်။

# မြေကွက်(အတည်ပြုတိုင်းခွဲ) လျှောက်ထားနိုင်သူများ

(၁) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင်မြေကွက်များကို (အတည်ပြု တိုင်းခွဲ) မြေကွက်ပေါင်းစည်း နိုင်သည်။

(၂) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင် မြေကွက်များကို (အတည်ပြု တိုင်းခွဲ) မြေကွက်ခွဲစိတ်နိုင်သည်။

(၃) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင် မြေကွက်များကို( အတည်ပြုတိုင်းခွဲ) မြေကွက်ပေါင်းစည်း ခွဲစိတ်နိုင်သည်။

(၄) မှတ်ပုံတင်စာချုပ်အဆက်အစပ်ဖြင့် အစိတ်အပိုင်းဝယ်ယူပိုင်ဆိုင်သူမှ ၎င်းပိုင်ဆိုင်သည့် မြေအစိတ်အပိုင်းအား (အတည်ပြုတိုင်းခွဲ) မြေကွက်ကို တစ်ဖက်သတ်ခွဲစိတ်နိုင်သည်။ (မြေကွက်ခွဲစိတ် ခြင်းနှင့် မြေတိုင်းလျှောက်ထားစဉ်ကပင် သီးခြားသတင်းစာတွင် ကြော်ငြာပြီးဖြစ်ရ ပါမည်။)

(၅) မှတ်ပုံတင်စာချုပ် အဆက်အစပ်ဖြင့် ဦးပိုင်မတူညီသော်လည်း မြေအမျိုးအစားတူညီသည့် မြေကွက် အစိတ်အပိုင်းများကို ဝယ်ယူပိုင်ဆိုင်သူမှ ၎င်းပိုင်ဆိုင်သည့်မြေကွက် အစိတ်အပိုင်းများကို (အတည်ပြုတိုင်းခွဲ) မြေကွက်ပေါင်းစည်း ခွဲစိတ်နိုင်သည်။ (မြေကွက်ခွဲစိတ်ခြင်းနှင့် မြေတိုင်း လျှောက်ထားစဉ်ကပင် သီးခြားသတင်းစာတွင် ကြော်ငြာပြီးဖြစ်ရ ပါမည်။

(၆) အမည်ပေါက်တစ်ဦးတည်း သို့မဟုတ် မြေအမည်ပေါက်များမှ ၎င်းပိုင်မြေကွက်နှင့် အခြားဦးပိုင်မြေကွက်၏ အစိတ်အပိုင်း သို့မဟုတ် မြေကွက်တစ်ကွက်လုံးအား မှတ်ပုံတင်စာချုပ်ဖြင့် ပိုင်ဆိုင်ပါကလည်း မြေအမျိုးအစားတူညီပါက (အတည်ပြုတိုင်းခွဲ) ပေါင်းစည်း/ ပေါင်းခွဲ ခွဲစိတ်နိုင် သည်။

# “မြေကွက်ခွဲစိတ်အတည်ပြုချက်နှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့်မြေပုံလျှေိာက်ထားခြင်း”

အတည်ပြုတိုင်းခွဲ/ပေါင်းခွဲ (မြေကွက်ခွဲစိတ်ခြင်း) လျှောက်ထားလိုသူတို့သည် ဌာနက သတ်မှတ် ထားသော လျှောက်လွှာနှင့် အတူ အောက်ပါ အထောက်အထားမိတ္တူတို့ကို တင်ပြလျှောက် ထားရမည် -

(က) မြေငှားစာချုပ်(ဂရန်)၊ အမည်ပေါက်စာချုပ် (သို့မဟုတ်) မှတ်ပုံတင်ထားသော စာချုပ် စာတမ်းများ၊

(ခ) မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးမှ ချမှတ်ထားသော စီရင်ချက်အမိန့် နှင့် ဒီကရီ၊

(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) အမျိုးသားမှတ်ပုံတင်ကတ်ပြား၊

(ဃ) မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် နောက်ဆုံးပေးဆောင် ထားသော မြေငှားခပြေစာ၊

(င) ခွင့်ပြုသည့်နေ့မှစ၍ တစ်နှစ်သက်တမ်းရှိသည့် မှန်ကန်ကြောင်းသက်သေခံသည့် မြေကွက်ခွဲ စိတ်မြေပုံ၊ မြေရာဇဝင်မူရင်းနှင့် အတိုင်းအတာပါသည့် မြေတိုင်းမြေပုံမိတ္တူ(D-Map)၊

(စ) ကော်မတီ၏ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ အသိအမှတ်ပြုလိုင်စင်ရအင်ဂျင်နီယာ ရေးဆွဲထားသည့် လျှောက်ထားသူ လက်မှတ်ရေးထိုးထားသော မြေကွက်ခွဲစိတ် အတည်ပြုပုံစံ(၃) စုံနှင့် အသေးစိတ်တွက်ချက်မှုပုံစံသုံးစုံမူရင်းများ၊

စသည်တို့ကို တင်ပြလျှောက်ထားရမည်ဖြစ်သည်။

လျှောက်ထားလာမှုအပေါ်တွင်ဌာနမှ အောက်ဖော်ပြပါ အချက်များကို စိစစ်သွားမည်ဖြစ်သည် -

(က) ဌာနကသတ်မှတ်ထားသောလျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်ထားခြင်း ရှိ/ မရှိ၊

(ခ) လျှောက်ထားသူသည် ဌာနက သတ်မှတ်ထားသော ဝန်ဆောင်ခများကို ပေးသွင်းထား ခြင်းရှိ/ မရှိ၊

(ဂ) မြေရာဇဝင်နှင့် မြေစာရင်းမှတ်ချက်များကို အစီရင်ခံခြင်း၊

(ဃ) တင်ပြထားသော မြေဆိုင်ရာအထောက်အထားများနှင့်မြေစာရင်းကိုက်ညီမှုရှိ/ မရှိ၊

(င) မြေရာဇဝင်မှတ်ချက်များကို အောက်ပါအတိုင်းစိစစ်သွားမည်ဖြစ်သည် -

(၁) မြေစာရင်းတွင် မြေသိမ်းမှတ်ချက် ရှိ/ မရှိ၊

(၂) မြေစာရင်းတွင် မြေတန်ဘိုးဖြတ်မှတ်ချက် ရှိ/ မရှိ၊

(၃) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ သို့မဟုတ် အစိုးရအသိအမှတ်ပြု အဖွဲ့ အစည်းများ၏ ကန့်ကွက်တားမြစ်ချက် ရှိ/ မရှိ၊

(၄) မြေစာရင်းတွင် တရားရုံးတစ်ခုခုမှ တားဝရမ်း သို့မဟုတ် မြေပိုင်ဆိုင်မှုနှင့် ပတ်သက် သည့် တရားရုံးတွင် စစ်ဆေးဆဲအမှု ရှိ/ မရှိ၊

(၅) မြေစာရင်းတွင် အခြားကန့်ကွက်ချက်များ ရှိ/ မရှိ၊

(၆) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက် မှတ်ချက် ရှိ/ မရှိ၊

(၇) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထားများနှင့် သက်ဆိုင်မှု ရှိ/ မရှိ။

(စ) ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ/ မရှိ၊

အထက်ဖော်ပြပါအချက်များကို စိစစ်ပြီး ပြည့်စုံမှန်ကန်ပါက -

မြေကွက်ခွဲအတည်ပြုပုံစံခွင့်ပြုရန်နှင့် မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံထုတ်ပေးရန် ဌာနသည် အောက်ပါ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်-

(က) အတည်ပြုတိုင်းခွဲ/ ပေါင်းခွဲ(မြေကွက်ခွဲစိတ်ခြင်း) လျှောက်ထားမှုများအား မြေတိုင်းမှ ကွင်းဆင်းတိုင်းတာစစ်ဆေးရန် ခွင့်ပြုချက်တောင်းခံခြင်းနှင့်မြေတိုင်းတာခြင်း၊

(ခ) မြေပြင်သို့ကွင်းဆင်းတိုင်းတာစစ်ဆေးရာတွင် အောက်ပါ အချက်အလက်များကို အခြေခံ၍ စိစစ်သွားမည်ဖြစ်သည် -

(၁) အဆိုပြုမြေကွက်ခွဲစိတ်အတည်ပြုပုံစံတွင်ပါရှိသည့်ဧရိယာစုစုပေါင်းနှင့်မြေစရင်းဧရိယာစုစုပေါင်းတို့ ကိုက်ညီမှုရှိ/ မရှိ၊

(၂) အဆိုပြုမြေကွက်ခွဲစိတ်ပုံစံတွင် ဝင်၊ ထွက်လမ်းသုံးစွဲမှုနှင့် ပတ်သက်၍ လမ်းအကျယ်အဝန်း လုံလောက် မှုရှိ/ မရှိ နှင့် လမ်းပေးမှု မှန်ကန်မှုရှိ/မရှိ၊

(၃) အဆိုပြုမြေကွက်ခွဲစိတ်အတည်ပြုပုံစံ(၃)စုံနှင့် အသေးစိတ်တွက်ချက်မှုပုံစံ(၃) စုံတို့တွင် မြေကွက် ခွဲစိတ်လိုသည့် မြေပိုင်ရှင်များ သိရှိသဘောတူကြောင်း လက်မှတ်ရေးထိုးထားခြင်းရှိ/ မရှိ၊

(၄) အဆိုပြုမြေကွက် ခွဲစိတ်အတည်ပြုပုံစံနှင့် အသေးစိတ်တွက်ချက်မှုပုံစံတို့အား တွက်ချက်မှု မှန်ကန်မှု ရှိ/ မရှိ၊

(၅) အဆိုပြုမြေကွက် ခွဲစိတ်အတည်ပြုမှုပုံစံတွင် ပါရှိသည့် မူလမြေကွက်နှင့်ခွဲစိတ်မည့်မြေကွက်များ၏ အတိုင်းအတာနှင့်မြေပြင်ရှိအတိုင်းအတာတို့ ကိုက်ညီမှုရှိ/ မရှိ၊

(၆) အဆိုပြုမြေကွက် အတည်ပြုပုံစံတွင် ပါရှိသည့် မြေကွက်ခွဲစိတ်မျဉ်းသည် မြေပြင်ရှိ အဆောက်အအုံ များနှင့် ကင်းလွတ်မှုရှိ/ မရှိ၊

တို့ကို စိစစ်သွားမည်ဖြစ်သည်။

စိစစ်ချက်များပြည့်စုံမှန်ကန်ပါကဆက်လက်ဆောင်ရွက်ပေးမည်မှာ -

(ဂ) အတည်ပြုတိုင်းခွဲ/ ပေါင်းခွဲ(မြေကွက်ခွဲစိတ်ခြင်း) လျှောက်ထားမှုအပေါ် တာဝန်ခံမြေတိုင်း ဌာနခွဲမှူးမှ (Check by me) တံဆိပ်နှင့်လက်မှတ်ရေးထိုး၍ တင်ပြအတည်ပြုခွင့်ပြုမိန့်ကို ရယူခြင်း နှင့် ခွင့်ပြုခြင်း၊

(ဃ) မြေကွက်ခွဲစိတ်သည့် မူလမြေကွက်အား မြို့ကွက်မြေပုံနှင့် မြို့မြေစာရင်းတို့တွင် ဦးပိုင်အသစ်ဖြင့် မြေတိုင်းမှ ခွဲစိတ်သတ်မှတ်ပြီး မြေကွက်ခွဲစိတ်တိုင်းတာသည့် မြေပုံ(၃) ပုံတို့ကို ရေးဆွဲ၍ တာဝန်ရှိသူ အဆင့်ဆင့်က စိစစ်လက်မှတ်ရေးထိုးပြီး ရေးဆွဲခြင်း၊

(င) လိုင်စင်ရ အဆိုပြုအင်ဂျင်နီယာပုံစံ(၃) စုံတွင် ထပ်ဆင့်လက်မှတ်ရေးထိုးရန် နှင့် ဌာနမှ သတ်မှတ် ထားသည့် ခွင့်ပြုပုံစံတို့တွင် မြေကွက်ခွဲစိတ်ခွင့်ပြုရန်အတွက် ဌာနမှူးထံ အဆင့်ဆင့်တင်ပြ၍ အတည်ပြုလက်မှတ်ရေးထိုးခြင်း၊

(စ) ဌာနမှူးမှ အတည်ပြုလက်မှတ်ရေးထိုးပြီးပါက မြေကွက်ခွဲစိတ် အတည်ပြုပုံစံ(၁) နှင့် မြေကွက် ခွဲစိတ် တိုင်းတာသည့် မြေပုံ(၁) ပုံကို လျှောက်ထားသူထံ သို့ထုတ်ပေးခြင်း၊ မြေကွက်ခွဲ အတည်ပြုပုံစံ (၁) စုံနှင့် ခွဲစိတ်တိုင်းတာမြေပုံ(၁) ပုံကို မြေတိုင်းအဖွဲ့တွင် ထားရှိပြီး၊ ကျန်မြေကွက်ခွဲ အတည်ပြုပုံစံ(၁) စုံနှင့် ခွဲစိတ်တိုင်းတာမြေပုံ(၁) ပုံကို အမှုတွဲတွင်ထားရှိခြင်းနှင့် အမှုတွဲထိန်းခန်း၌ သိမ်းဆည်းခြင်း။

ကိုးကား- ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေယာစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ

Credit

ဆရာကြီးမိုးထက်(၂၇.၁၂.၂၀၂၁)

ပြန်လည်ကူးယူဖော်ပြပါသည်။

15/06/2022

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''

''အကိုက မြေကွက်ဝယ်ထား လို့လား''

''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''
''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား''
''အခုက စုံစမ်းရုံအဆင့်ပဲဆို တော့ ဂရန်ဓာတ်ပုံမိတ္တူမရခဲ့သေး ဘူး''
''စရန်ငွေမချရသေးဘူးပေါ့''
''ဟုတ်ပါတယ် ဆရာ။ ဘယ်လို အဆင့်တွေ ဆောင်ရွက်ရမယ်ဆိုတာလဲ သိချင်လို့ ပါ”

''မြေဂရန်မှာ ရောင်းမယ်ဆိုသူ ရဲ့ အမည်ပေါက်လား''

''အကျိုးဆောင် အိမ်ပွဲစားပြောတာတော့ ရောင်းသူအမည်ပေါက်လို့ ပြောတယ်ထင်တယ်။

ဂရန်အမည် ပေါက်ဖြစ်လို့ အဆင်ပြေတယ်လို့ ပြောတာပဲ ဆရာ''

''ရောင်းသူကိုယ်တိုင် မြေဂရန် အမည်ပေါက်ဆိုရင်တော့ လုပ် ဆောင်ရမယ့် အဆင့်က နည်းနည်း သက်သာသွားတာပေါ့။

ဒါပေမယ့် မြေဂရန်အမည်ပေါက်ဖြစ်သူက ကွယ်လွန်သွားမယ်။

မြေဂရန်အမည် ပေါက်သူထံက မှတ်ပုံတင် အရောင်းအဝယ်စာချုပ် မပြုလုပ်ဘဲ ဝယ်ထားသူ ထပ်ဆင့်ရောင်းတာလည်း ရှိတတ် တယ်''

''ပထမဆုံးဘယ်လို စိစစ်ဆောင်ရွက်ရမလဲ ဆရာ''

''ရောင်းသူက မြေဂရန်ဓာတ်ပုံ မိတ္တူမပေးရင်တော့ မြေကွက်အမှတ်၊ ဂရန်အမည်ပေါက်အမည်၊ အတိုင်း အတာ၊ နှစ် ၆ဝ ဂရန် ဟုတ်မဟုတ် စတဲ့အချက်တွေကို ရေးမှတ်ယူပြီး ရန်ကုန်မြို့တော်ခန်းမမှာရှိတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ သွားရောက်စုံစမ်းရပါတယ်''

''အချို့ မြေကွက်တွေက ကန့် ကွက်ထားတာတွေလည်း ရှိတတ် တယ်လို့ ပြောတယ် ဟုတ်ပါသလား''

''ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွားရောက်စုံစမ်းတဲ့အခါမှာ ရောင်း သူအမည်နဲ့ ဂရန်မှာ အမည်ပေါက် နေသလား။

ကန့်ကွက်သူရှိမရှိ၊ ဂရန် သက်တမ်းကုန်မကုန်ဆိုတဲ့ အချက် တွေကို အဓိကစုံစမ်းရမှာဖြစ်တယ်''

''ဒီအချက်တွေ ပြည့်စုံရင် အ ရောင်းအဝယ်လုပ်လို့ရပြီလား''

''မြေဂရန်အမည်ပေါက်က ရောင်းမည့်သူ့ရဲ့ အမည်ဖြစ်နေပြီး၊ နှစ် ၆ဝ ဂရန် သက်တမ်းမကုန်သေး ဘူးဖြစ်မယ်။

ကန့်ကွက်ထားသူလည်း မရှိဘူးဆိုရင် 'စရန်ပေးစာချုပ်' ချုပ် ဆိုလို့ရပြီပေါ့''

''အရောင်းအဝယ်စရန်ပေး စာချုပ်-ချုပ်ဆိုပြီးပြီဆိုတော့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဖို့ ကိစ္စက ဘယ်လိုဆောင်ရွက် ရပါသလဲ''

''အဆင့်တွေကတော့များတယ်၊ အကိုနားလည်အောင် ပြောရရင်-

၁။ ဂရန်အမည်ပေါက်သူထံက တိုက် ရိုက်ဝယ်မယ်ဆိုရင်ရောင်းသူ (ဂရန်အမည်ပေါက်သူ)က မြို့တော်ခန်းမမှာသွားပြီး မြေပုံမြေရာဇဝင်ကူးပေး ရပါမယ်။

၂။ မြေပုံမြေရာဇဝင်ရပြီဆိုရင် အ ရောင်းအဝယ်အရပ်ကတိစာချုပ်ကို ချုပ်ဆိုရပါတယ်။

၃။ အရပ်ကတိစာချုပ်ချုပ်ပြီးရင် အရောင်းအဝယ်ပြုလုပ်တဲ့ အိမ်နဲ့ မြေကို ရှေ့ဘက်၊ ဘေးဘက်ဓာတ်ပုံ နှစ်ပုံစီ၊ စုစုပေါင်း လေးပုံနဲ့အတူ အရောင်းအဝယ် ကတိစာချုပ်မိတ္တူ၊ ဝယ်သူရဲ့ နိုင်ငံသား ကတ်ပြားမိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ ခြောက်စုံစီကို ယူသွားပြီး ရန်ကုန်တိုင်းဒေသ ကြီး ကာလတန်ဖိုး စိစစ်သတ်မှတ် ရေးအဖွဲ့ (အခွန်ဦးစီးဌာန)မှာ အမြတ်ခွန်ပေးဆောင်ဖို့နဲ့ အခွန် တံ ဆိပ်ခေါင်းကပ်ဖု့ိအတွက် တင်ပြ လျှောက်ထားရပါတယ်။

၄။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက လျှောက်ထားသည့် မြေကွက်ကို ကွင်း ဆင်းစစ်ဆေးပါတယ်။ ပြီးတော့မှ အိမ်နှင့်မြေကာလတန်ဖိုး သတ်မှတ် ပေးပါတယ်။

၅။ အိမ်နှင့် မြေကာလတန်ဖိုး သတ်မှတ်သည့် တန်ဖိုးငွေအပေါ် ဝယ်သူ အနေဖြင့် ဝင်ငွေရလမ်းမဖော်ပြနိုင် လျှင်ဖြစ်စေ၊ ဝင်ငွေရလမ်း ဖော်ပြနိုင်သော်လည်း ဝယ်ငွေတန်ဖိုးထက် နည်းနေပါက ယင်းငွေကို နုတ်ပြီး ကျန်ငွေအပေါ်မှာ အိမ်မြေ တန်ဖိုး (၁) ကျပ်မှ၊ ကျပ်သိန်း ၃ဝဝ ထိ - ၁၅ ရာခိုင်နှုန်း။ ကျပ်သိန်း ၃ဝ၁ ကျပ် မှ ကျပ်သိန်း ၁ဝဝဝ ထိ ၂ဝ ရာခိုင် နှုန်း။ ကျပ်သိန်း ၁ဝဝ၁ ကျပ်မှ အထက်ကို ၃ဝ ရာခိုင်နှုန်း သတ်မှတ် ၍ အခွန်ငွေထမ်းဆောင်ရပါတယ်။ တစ်ဆက်တည်း အိမ်မြေတန်ဖိုးပေါ် မူတည်ပြီး တံဆိပ်ခေါင်းခွန် ၄ ရာ ခိုင်နှုန်း စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုရာမှာ ထမ်းဆောင်ဖို့အတွက် သတ်မှတ်ပေးပါတယ်။

၆။ အဲဒီသတ်မှတ်ပေးထားတဲ့ ကျသင့်သည့် အခွန်ငွေကို မိမိနေထိုင်ရာမြို့နယ် အခွန်ဦးစီးဌာနရုံးနဲ့ မြို့နယ် ဘက်တို့မှာ သွားရောက်ငွေသွင်းရပါတယ်။ မြို့နယ်အခွန်ဦးစီးဌာနက ငွေသွင်းပြီးကြောင်း တိုင်းအခွန်ဦးစီး ဌာနကို အကြောင်းကြားပါတယ်။ တိုင်းအခွန်ဦးစီးမှူးရုံးက ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြောင်း အကြောင်းကြားစာ ပေးပို့ပါတယ်။

၇။ ရန်ကုန်မြို့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုတဲ့အခါ မြေအမည်ပေါက် ရောင်းသူကိုယ်တိုင် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးရပါတယ်။ ဝယ်သူနဲ့ သက်သေ နှစ်ဦး၊ လက်မှတ်ရေး ထိုးရတယ်။ စာချုပ်ချုပ်ဆိုပြီးရင်တော့ မှတ်ပုံတင်ကြေးပေးသွင်းရပါ တယ်။

၈။ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး သုံးပတ်ကြာရင်တော့ မှတ်ပုံတင်အ ပြီးအပိုင် အရောင်းအဝယ်စာချုပ်ကို ထုတ်ယူလို့ ရပါပြီ''

''မြေဂရန်အမည်ပြောင်းမယ် ဆိုရင် ဘယ်လိုဆက်လုပ်ရမလဲ ဆရာ''
''အရောင်းအဝယ် မှတ်ပုံတင် စာချုပ်နဲ့ ဝယ်သူ့ရဲ့ မှတ်ပုံတင် ကတ်ပြားကိုယူပြီး မြို့တော်ခန်းမကိုသွား လို့ အမည်ပြောင်းလျှောက်ထားရပါ တယ်။ မြေယာဌာနက သတ်မှတ်တဲ့ အမည်ပြောင်းခ၊ သတင်းစာ ကြော် ငြာခတွေ ပေးသွင်းပြီး ကန့်ကွက်သူရှိ မရှိ တစ်ပတ်၊ ၇ ရက် စောင့်ရပါ တယ်။ ကန့်ကွက်သူမရှိရင်တော့ မိမိ ဝယ်ထားတဲ့ မြေဂရန်မူရင်းကို သက် ဆိုင်ရာက အမည်ပြောင်းလဲမှတ်သား ပေးသွားမှာ ဖြစ်ပါတယ်'' crd

လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) လွှဲပြောင်း ရောင်း၀ယ်မှု တွင် ယနေ့ထိရွာလည်­­နေသေးဟန် တူသော အမေးများ..(၂)လွန်ခဲ့သည့် တစ်...
15/05/2022

လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) လွှဲပြောင်း ရောင်း၀ယ်မှု တွင် ယနေ့ထိ
ရွာလည်­­နေသေးဟန် တူသော အမေးများ..(၂)

လွန်ခဲ့သည့် တစ်ပါတ်က ပုံစံ ၇ အရောင်းအ၀ယ် အလဲအပြောင်း စာချုပ်များ ချုပ်ဆိုခဲ့ရာမှ ယခု ထိုလယ်ယာမြေကို ရောင်းချခဲ့သော ပုံစံ ၇ အမည်ပေါက်သူ အိမ်ထောင်ဦးစီး၊ မရှိ တော့သည့် ကိစ္စရပ်များ အတွက် အမေးရှိသည်များကို သုံးသပ်တင်ပြခဲ့ပါတယ်။ အခု ထပ်တင်ပြမှာကတော့ ပုံစံ ၇ ရောင်းချခဲ့သူ အမည်ပေါက် ကွယ်လွန်ပြီး ဇနီးဖြစ်သူ ကျန်ရစ် သည့်အခါ ဘာဆက်လုပ်ရမလဲ အမေး အတွက် ဖြစ်ပါတယ်။
၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ (ခ) အရ ရောင်းပိုင်ခွင့် ရှိပေမဲ့ ဗဟိုလယ်စီက လိုအပ်တဲ့ ညွှန်ကြားချက်တွေကို ၂၀၁၉ မေလ မှသာ ထုတ်ပြန်‌ ပေးပါတယ်။ ကြားကာလ အရပ်စာချုပ်တွေနဲ့ သွားကြရတယ်။ အဲဒီကာလ လုပ်ခဲ့တဲ့ အရောင်းအ၀ယ်အားလုံးအတွက် အခု ဘာမှ ပြန်စဉ်းစား မပေးဘူး။ ဗဟို အဆင့် ကြောင့် illeagally transaction တွေ ဖြစ်ရတာကို တာဝန်ယူပြီး ဖြေရှင်းပေး လျော့ပေါ့ ပေးခြင်း မရှိဘူး။ ပြဿနာ တက်တာနဲ့ ဆိုင်ရာ လယ်စီတွေက မင်းတို့ ရောင်း၀ယ်ထားတာ ဥပဒေပြဌာန်းချက်နဲ့အညီ လွှဲပြောင်းခဲ့တာ မဟုတ်ဘူး၊ တရား မ၀င်ဘူးလို့ ဆုံးဖြတ်တယ်။ တရားလွှတ်တော်ချုပ်ကလည်း တနင်္သာရီက အမှုတစ်ခုမှာ အဲဒီသဘော စီရင်ထုံးတွေ ထွက်တယ်။
အဲဒီလူတွေကို မေးချင်တယ်။ ၂၀၁၂ နဲ့ ၂၀၁၉ အကြား လယ်ယာမြေ အရေားအ၀ယ်တွေမှာ ပုဒ်မ ၁၂(၈)၊ ပုဒ်မ ၁၈၊ နည်းဥပဒေ ၂၄ အရ တရား၀င် ရောင်း၀ယ်လွှဲပြောင်း ၊ လယ်စီသတ်မှတ် တန်ဘိုးအရ တံဆိပ်ခွန် ထမ်းဆောင်၊ စာချုပ် ချုပ်ဆို၊ မှတ်ပုံတင်ခဲ့သည့် Case ရှိ မရှိ မသိကြဘူးလား။ မရှိနိုင်ဘူးဆိုတာ ပြရင် လည်ဖြတ်ခံ ကြေး လောင်းရဲလား ဆိုတာ..။ (၂/၂၀၁၉၊ ၃/၂၀၁၉ တွေ ဖတ်ကြည့်ပါ.)
အဲလို တရားမ၀င် ၀ယ်ရောင်း ဖြစ်တာ နိုင်ငံတော်ဘက်က၊ အထူးသဖြင့် ဗဟိုလယ်စီဘက်က ချို့ယွင်းချက်ဘဲ။ အခုမှ တရား၀င် လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်တဲ့အခါ အရင် လုပ်ခဲ့တာတွေ အစက ပြန်စရမဲ့ အခြေအနေ ရောက်သွားရော။ ရောင်းသူ ၀ယ်သူ ၂ ယောက်လုံး ရှိနေသေးရင် မထောင်းသာပေမဲ့ တစ်ယောက်ယောက် မရှိရင် ရွာလည်ပါရော။

09/11/2021

နှစ်ဦးသဘောတူကွာရှင်းပြီဆိုလျှင် လက်ထပ်ပြီးနောက်ပိုင်း လက်ထပ်ပွားပစ္စည်းကို အချိုးကျ ခွဲဝေယူရတယ်ဆိုတာ တချို့က မသိရှိနားမလည်ကြပေ။
📢📢📢📢

နှစ်ဦးသဘောတူ ကွာရှင်းရာ၌ အခြေခံပြုသည့် ပစ္စည်းခွဲဝေရေး
=========================

ပါရင်း
===

 ငယ်လင်ငယ်မယား နှစ်ဦးသဘောတူ ကွာရှင်းရာ၌ နိဿယနှင့် နိဿိတအခြေဖြစ်လျှင် ပါရင်းပစ္စည်း ယူဆောင်လာသူ နိဿယက နှစ်စု၊ နိဿိတက တစ်စု ရရှိသည်။ “မောင်စံဘွင့် နှင့် မသန်းစိန် ( ၁၉၄၈ မတစ ၁ ) ”။

 အိမ်ထောင်ကြီးချင်း အပြစ်မရှိဘဲ နှစ်ဦးသဘောတူ ကွာရှင်းလျှင်ဖြစ်စေ၊ အိမ်ထောင်ရေးပြစ်မှုကြောင့် ကွာရှင်းလျှင်ဖြစ်စေ၊ မိမိတို့၏ သက်ဆိုင်ရာ အထက်ပါပစ္စည်းများကို ပြန်ရကြသည်။ အကြောင်းမှာ အ ထက်ပါပစ္စည်းသည် အိမ်ထောင်ကြီးများအဖို့ နှစ်ဦးပိုင်ပစ္စည်း မဖြစ်နိုင်သည့်အပြင် တစ်ဦး၏ပစ္စည်း ၌ တစ်ဦးက အကျိုးခံစားခွင့်မရှိသောကြောင့်ဖြစ်သည်။ “ဦးထန်မှတ် နှင့် ဦးဘသိန်း ( ၁၉၆၂ မတစ ရုံးချုပ် ၃၄ ) ”။

 မုဆိုးဖိုနှင့် အပျိုတို့ အကြောင်းပါလျှင် ငယ်လင်ငယ်မယားပင်ဖြစ်ရာ အပြစ်မရှိဘဲ နှစ်ဦးသဘောတူ ကွာရှင်းရာ၌ နိဿယနှင့် နိဿိတအခြေဖြစ်ပါက လင်၏ ပါရင်းတွင် မယား၌ သုံးပုံတစ်ပုံ ရခွင့်ရှိပေ သည်။ “( မငွေနှစ် နှင့် မောင်ဖိုးမှူး ( ၁၁ အယ်ဘီအာ ၅၂ ) “။

နှစ်ပါးစုံနှင့် သာမန်လက်ထက်ပွား
=================

 ငယ်လင် ငယ်မယားဖြစ်စေ၊ အိမ်ထောင်ကြီးဖြစ်စေ နှစ်ဦးသဘောတူ ကွာရှင်းကြလျှင် “ နှစ်ပါးစုံ” ပစ္စည်းကို အညီအမျှ ခွဲဝေယူကြရမည်။ “ မမြင့်နှင့် မောင်ထွေး [ ၂ ယူဘီအာ ( ၁၉၀၄-၀၆ ) ကွာရှင်း ၁၉ ]’’။ထိုနည်း အတူပင် “သာမန်လက်ပွား’’ ပစ္စည်းကိုလည်း အညီအမျှ ခွဲဝေယူကြရမည်။ “ အက်ပီ အယ်အက် ချစ်တီး ကုန်တိုက်နှင့် မပု ( ၁၄ ရန်ကုန် ၆၉၇ ) “။

 အိမ်ထောင်ကြီးလင်မယား နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲလျှင် လက်ထက်ပွားပစ္စည်းကို နိဿယနှင့် နိဿိတ သဘောအရ ခွဲဝေခွင့်ရှိသည်။ ပါရင်းပစ္စည်းတွင်မူ နိဿယနှင့် နိဿိတသဘောနှင့် မသက် ဆိုင်ပေ။ “ မဆိုင် နှင့် မောင်ရန်ကင်း [၂ ယူဘီအာ ( ၁၉၁၄-၁၆ ) ၁၂၇ ]”။

 အချင်းဖြစ်မြေကွက်သည် ဦးကျော်ဝင်းနှင့် ဒေါ်အေးအေးတို့ လင်မယားအဖြစ် ပေါင်းသင်းစဉ် နှစ်ဦးပိုင် ပစ္စည်းအဖြစ် ရရှိခဲ့ကြသော လက်ထက်ပွားပစ္စည်းဖြစ်ကြောင်း ထင်ရှားရာ လင်မယားနှစ်ဦး ကွာရှင်းစဉ် မခွဲဝေရသေးသည့် နှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းအဖြစ် တည်နေကြောင်း အငြင်းပွား၍ မရနိုင်ပေ။ ထိုပစ္စည်းတွင် လင်မယားကွာရှင်းလိုက်ပြီးနောက် တစ်ဦးဦးအမည်ဖြင့် ဂရန်အမည်ပေါက်လာသည် ဆိုရုံမျှဖြင့်မူ လက်ထက်ပွားပစ္စည်း၏ အနေအထားမှာ ဂရန်အမည်ပေါက်သူတစ်ဦးတည်းပိုင်ပစ္စည်း ဖြစ်မလာနိုင်။ မခွဲဝေရသေးသော လက်ထက်ပွား နှစ်ဦးပိုင်ဂရန်မြေအဖြစ်သာ တည်နေကြောင်း တိုင်းတရားရုံးက သုံးသပ်ဆုံးဖြတ်ခဲ့ခြင်းမှာ မှားယွင်းခြင်း မရှိချေ။ “ ဦးသိန်းနိုင် ( ခ ) ဦးဘိုနီ နှင့် ဒေါ်အေးအေး ( ၁၉၉၂ မတစ ၁၅၉ ) ”။

 ငယ်လင် ငယ်မယားဖြစ်စေ၊ အိမ်ထောင်ကြီးဖြစ်စေ နှစ်ဦးသဘောတူ ကွာရှင်းလျှင် “ အမွေရ လက် ထက်ပွားပစ္စည်း “ ၌ ပစ္စည်းရခဲ့သူက နှစ်စုနှင့် ၎င်း၏ခင်ပွန်းသည်က တစ်စု ရရှိမည်။ “မောင်ရွှေသာ နှင့် မဝိုင်း ( ၁၁ အယ်ဘီအာ ၄၈ ) “၊ ဦးဖေနှင့် ဦးမောင်မောင်ခ [ ၁၀ ရန်ကုန် ၂၆၁ ( ၂၆၈ )]’’။

 လင်ဖြစ်သူ၏ သာမန်အိမ်ထောင်ရေးပြစ်မှုကြောင့် လင်နှင့် မယားတို့ ကွာရှင်းပြတ်စဲကြလျှင် လင် တစ်ဦးတည်း ရှာဖွေရရှိသောပစ္စည်းတွင် မယားဖြစ်သူသည် သုံးပုံတစ်ပုံ ရထိုက်သည်။ “မအေးညွန့် နှင့် မောင်တုတ်ဖြူ [ ၂ယူဘီအာ ( ၁၈၉၇-၀၁ ) ကွာရှင်း ၃၉ ]’’။

 မယားဖောက်ပြန်ကြောင်း ထင်ရှားလျှင် လင်သည် လင်မယားနှစ်ဦးပိုင်ပစ္စည်းအားလုံးကို ရခွင့်ရှိပေ သည်။ “မဒွန်းမယ် နှင့် မောင်စံထွန်း ( ၁၉၃၈ ရန်ကုန် ၂၂၉ ) “။

 သို့ရာတွင် လင်မယားနှစ်ဦးပိုင်ပစ္စည်းတွင် မယား၏အခွင့်အရေး ဆုံးရှုံးရန်မှာ လင်ဖြစ်သူက မိမိမယား သည် တစ်ပါးသောသူနှင့် ကျူးလွန်ကြောင်း အလွန်ထင်ရှားသည့် သက်သေခံချက်များ ပြရန်လိုပေ သည်။ လင်၏စွပ်စွဲချက်နှင့် မသင်္ကာစရာအချက်များ ပေါ်ပေါက်နိုင်သည့် စာရွက်စာမ်းများ တင်ပြနိုင် ရုံမျှဖြင့် ထင်ရှားသည်ဟု မဆိုနိုင်ကြောင်း “ဒေါ်လှချစ် နှင့် ဦးစံ ( ၁၉၆၅ မတစ ၈၈၇ ) “အမှုတွင် ပြဆို သည်။

 မယားသည် ဖောက်ပြန်ပြီး လင်အား စွန့်ပစ်သွားပါက နှစ်ပါးစုံပစ္စည်းရှိ မယား၏အခွင့်အရေးများ ဆုံးရှုံးခြင်းခံရမည်။ဤကိစ္စတွင် လင်မယားတို့သည် ငယ်လင် ငယ်မယားဖြစ်သည် သို့မဟုတ် အိမ် ထောင် ကြီးများ ဖြစ်သည်ဆိုသည့် အချက်မှာ ထူးခြားမှုမရှိပေ။ “အက်အေအက် ချစ်တီးတရားကုန် တိုက် နှင့် ဦးမောင်ကြီး ( ၁၄ ရန်ကုန် ၃၂၉ ) ”။

 လင်ဖြစ်သူ ထောင်ကျစဉ် မယားက နောက်အိမ်ထောင်ပြုခြင်းသည် ဖောက်ပြန်ခြင်းပင်မည်ပေ သည်။ မယားသည် လင်မယားနှစ်ဦးပိုင်ပစ္စည်းများမှ အခွင့်အရေးဆုံးရှုံးခြင်း ခံရပေမည်။ ” အောင်ဖြူနှင့် သက်နှင်း ( ၈ အယ်ဘီအာ ၅၀ ) ”။

 လင်ငယ်နောက်လိုက်ပြေးပြီး လင်ကြီးအား ပြစ်ထားသည့်မယားသည် လင်မယားနှစ်ဦး အတူကြိုး ပမ်းရရှိသည့် ပစ္စည်းများတွင် မည်သည့်အခွင့်အရေးမျှ ရခွင့်မရှပေ။ “မောင်ဘုန်း နှင့် မခင် [ ၂ ယူဘီအာ ( ၁၈၉၂-၉၆) ၁၁၆ ]”။

 မယားဖြစ်သူ ဖောက်ပြန်သည့်ပြစ်မှု၌ လင်နှင့်မယားတို့သည် အိမ်ထောင်ကြီးများဖြစ်ပါက မယား၏ အထက်ပါပစ္စည်းများရှိ အခွင့်အရေးများ မဆုံးရှုံးနိုင်ပေ။ မယားတွင် ၎င်း၏ အထက်ပါပစ္စည်းများကို ရခွင့်ရှိသည်။ အကြောင်းမှာ အိမ်ထောင်ကြီးချင်းလက်ထပ်လျှင် အထက်ပါပစ္စည်းမှာ အိမ်ထောင်သစ် ခင်ပွန်းသည်၌ မည်သည့်အခွင့်အရေးမျှ မရှိပေ။ ထို့ပြင် အိမ်ထောင်ဟောင်းမှ သားသမီးများသည် ၎င်းတို့၏ မိခင် သို့မဟုတ် ဖခင် ယူဆောင်သွားသော အထက်ပါပစ္စည်း၌ အမွေခံစားခွင့်ရှိသည်ဖြစ်ရာ မိဘ၏ပြစ်မှုကြောင့် အပြစ်မဲ့သော သားသမီးများ အခွင့်အရေးမဆုံးရှုံးနိုင်ပေ။ “ ဦးထန်မှတ် နှင့် ဦးဘ သိန်း ( ၁၉၆၁ မတစ ရုံးချုပ် ၃၄ ) “။

 လင်နှင့်မယားတို့သည် အိမ်ထောင်ကြီးများဖြစ်စေကာမူ မယားဖောက်ပြန်ပါက နှစ်ပါးစုံပစ္စည်းရှိမယား ၏ အခွင့်အရေးများ ဆုံးရှုံးခြင်းခံရသည်။ “ အက်အေအက် ချစ်တီးကုန်တိုက်နှင့် ဦးမောင်ကြီး ( ၁၄ ရန်ကုန် ၃၂၉ ) ‘’။

 လင်မယားအဖြစ် တည်ရှိနေသေးသရွှေ့ကာလပတ်လုံး လင်ကဖြစ်စေ၊ မယားကဖြစ်စေ လင်မယား ပိုင်ပစ္စည်းများကို ခွဲဝေပေးစေရန် တရားစွဲခွင့်မရှိချေ။ လင်မယားအဖြစ် ပြတ်စဲမှသာ ပစ္စည်းခွဲဝေခွင့် ရရှိသည်။ ဤအမှုတွင် မူလရုံးကဖြစ်စေ၊ မကွေးတိုင်းတရားရုံးကဖြစ်စေ လင်မယားကွာရှင်းသည့် ဒီကရီချမှတ်ခြင်းမပြုဘဲ ပစ္စည်းခွဲဝေသည့် ဒီကရီချမှတ်ခြင်းမှာ မှားယွင်းပေသည်။ “ ဦးစိုးမြင့် နှင့် မခင်စိုးဝင်း [ ၁၉၈၄ မတစ ၆၉ ( ၇၀ ) ]”။

 လင်မယားကွာရှင်းပြီးသည့်နောက်တွင်မှ ပစ္စည်းခွဲဝေပေးရန်အကြောင်း ပေါ်ပေါက်မည်ဖြစ်ပေသည်။ လင်ယောကျာ်းပိုင်ဆိုင်သည့် ပစ္စည်းအပေါ် မယားဖြစ်သူက အတူပိုင်ဆိုင်ခွင့်ရှိသည်ဖြစ်၍ လင်မယား ကွာရှင်းခြင်းမပြုမီ ပစ္စည်းခွဲဝေခြင်းပြုခဲ့သည့်တိုင်အောင်ပင် ယင်းပစ္စည်းခွဲဝေမှုသည် အပြည့်အဝ အ ကျိုးသက်ရောက်မှု ရှိနိုင်မည်မဟုတ်ချေ။ “ ဒေါ်စန်းရီ နှင့်ဒေါ်ကျော့ကျော့ခိုင် ( ၁၉၈၄ မတစ ၇၆ ) ”။

 မယားဖြစ်သူသည် သူတစ်ပါးနှင့် ဖောက်ပြန်သည်ဆိုရုံမျှဖြင့် လင်ယောကျာ်းဖြစ်သူက နှစ်ဦးပိုင်ပစ္စည်း များကို သိမ်းယူထားပိုင်ခွင့်မရှိပေ။ လင်သည် တရားရုံး၌ ကွာလိုမှု စွဲဆိုပြီး မယား၌ အပြစ်ရှိကြောင်း ထင်ရှားအောင် ပြဆိုရပေမည်။ သို့တည်းမဟုတ် လင်သည် မယားထံမှ အပြစ်ရှိကြောင်း ဝန်ခံချက်ကို ရယူပြီးနောက် နှစ်ဦးသဘောတူညီချက်မှုဖြင့် လင်က နှစ်ပါးစုံပစ္စည်းကို သိမ်းယူပြိး လင်ခန်းမယားခန်း ပြတ်စဲနိုင်ခွင့် ရှိပေသည်။ “ ဒေါ်သိန်းမြ နှင့် ဒေါ်ကျင် ( ခ ) အကျင် ( ၁၉၈၄ မတစ ၃၂၈ ) ”။

( ဦးမြစိန် ၊ မြန်မာဓလေ့ထုံးတမ်းဥပဒေ အခြေခံမူများ ၊ ၂၀၁၁ ခုနှစ် ၊ မတ်လ ၊ စာ ၆၅ ၊ ၆၆ ) ။ ဓာ

မူရင်းရေးသားသူအား Crd ပေးပါသည်။

26/08/2021

ပါမစ်ပျောက် နှင့် လျှောက်ထားရယူထားသည့်
ဂရန် ကိုဝယ်လျှင်သတိထား----/

မြေချပါမစ်ပျောက်ဆုံးသွားသဖြင့် ပါမစ်ပျောက်
ဖြင့် ဂရန်သစ်လျှောက်ထားရာတွင် လျှောက်ထားသူသည်လိမ်လည်လျှောက်ထားပြီး ဂရန်သစ်ထုတ်ယူသွားသော်လည်း၊ မြေချပါမစ် မူရင်းကိုင်ဆောင်ထား သူက ဂရန်သစ်လျှောက်ထားလာပါက #ပါမစ်မူရင်း တင်ပြနိုင်သူကို ဂရန်သစ်ထုတ်ပေးသည်ကိုတွေ့ရသည်။

ပါမစ်ပျောက်ဖြင့် ဂရန်သစ်လျှောက်ထားသွားသူ လက်ဝယ်ရှိ နစ် ၆၀ မြေဌားဂရန် ကိုပယ်ဖျက်ပြီး ပါမစ်မူရင်းတင်ပြနိုင်သူကိုသာဂရန်သစ်ထုတ်ပေးရန် ဆောင်ရွက်ပုံအဆင့်ဆင့်ကို ဤသို့တွေ့မြင်ရသည်။

ပါမစ်ပျောက်ဖြင့် နစ် ၆၀ မြေဌားဂရန် လျှောက်ထားခြင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီး ကန့်ကွက်မှု မရှိ၍လျှောက်ထားသူအား နစ် ၆၀မြေဌားဂရန် ခွင့်ပြုထုတ်ပေးထားသော်လည်း၊ ပါမစ်မူရင်း ရှိသူမှ နစ် ၆၀ မြေဌားစာချုပ်(ဂရန်) အတိုင်း လျှောက်ထားလာခြင်း၊ ပါမစ်မူရင်းတင်ပြ၍ ကန့်ကွက်ခြင်းများဖြစ်ပေါ်လာပါက ယင်းပါမစ်မူရင်းအား မှန်ကန်မှု ရှိ၊မရှိ စိစစ်ပြီးမှန်ကန်မှု ရှိပါက မူလပါမစ်ပျောက်ဖြင့် ထုတ်ပေးခဲ့သည့် နစ် ၆၀ မူရင်းဂရန်ကိုပြန်လည်အပ်နှံရန် ကာယံကံရှင်သို့ အကြောင်းကြားခြင်း၊ အပ်နှံပါက နည်းလမ်းတကျပယ်ဖျက်ခြင်း၊အပ်နှံခြင်း မပြုပါက ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြပြီး ရုံးတွင်းအမိန့်စာထုတ်ပြန်၍ ယင်းဂရန်ကို ပယ်ဖျက်သွားရန် နှင့် ထိုသို့ပယ်ဖျက်ကြောင်းကို သီးခြားသတင်းစာ ကြော်ငြာရန်တို့ဖြစ်ပါတယ်။

ပါမစ်ပျောက်ဖြင့် နစ် ၆၀ မြေဌားဂရန် လျှောက်ထားရာတွင် တင်ပြကန့်ကွက်ခြင်း ပေါ်ပေါက်ခဲ့ပါက ယခုထုတ်ပေးထားသည့် ဂရန်အား ပယ်ဖျက်မည်ကို သိရှိပါသည်၊ ဝန်ခံချက်ထိုးခိုင်းပါမည်။
တံဆိပ်အခွန်ခွဲဝေ စည်းကြပ်မှုမှတ်ပုံတင် စာရင်း၌ အမည်ပေါက်မပါဝင်ကြောင်းစိစစ်တွေ့ရှိပါက သက်ဆိုင်ရာ ဌာနများသို​့ တရားဝင်မေးမြန်းအတည်ပြုချက်ရယူ ဆောင်ရွက်ရပါသည်။ဥပမာ-အိုးအိမ်သို့မေးမြန်းခြင်း။

ပါမစ်ပျောက်ဖြင့် နစ် ၆၀ ဂရန်လျှောက်ထားခြင်းတွင် လျှောက်ထားသူတင်ပြသည့် ပါမစ်အမည်ပေါက်နှင့် အခွန်ခွဲဝေစည်းကြပ်မှုမှတ်ပုံတင်စာရင်း၌မှတ်သားထားသည့်အမည်ပေါက်ကွဲလွဲပါက လျှောက်ထားခြင်းအား ဆက်လက်ဆောင်ရွက်ပေးခြင်းမပြုဘဲ ရပ်ဆိုင်းထားရပါမည်။

ပါမစ်ပျောက်ဖြင့် နစ်၆၀ ဂရန်လျှောက်ထားခြင်းတွင် လျှောက်ထားသူက ပူးတွဲတင်ပြလာသော တရားရုံးစီရင်ချက်၊ အမိန့်၊ဒီကရီ အထောက်အထားများအရ ပါမစ်မူရင်းကိုလျှောက်ထားသူက မတရားလက်လွှတ် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း ပေါ်ပေါက်လျှင် လိုအပ်သည့် စိစစ်မှုများကို ဌာနကစိစစ်ပြီးနောက် ပါမစ်ပျောက်လျှောက်ထားမှုဖြစ်သော်လည်း ပါမစ်ပျောက်ဆုံးကြောင်း တင်ပြလျှောက်ထားခဲ့ပြီး ယခုဂရန်သစ်ထုတ်ယူ့ခြင်းနှင့် ပတ်သတ်၍ တစ်ဦးတစ်ယောက်မှ ယင်းမြေကွက်၏ ပါမစ်မူရင်းတင်ပြလျှောက်ထားလာခြင်း၊ ပါမစ်မူရင်း ရိုက်နှက်ခြင်းမပြုဘဲ ထုတ်ပေးရန်နှင့် ပါမစ်မူရင်းပယ်ဖျက်ရေး ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြရမည်ဖြစ်ပါသည်။

​ေကာ်မတီအစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက ပါမစ်မူရင်း ရှိသူကိုသာ ဂရန်သစ်ထုတ်ပေးပါသည်။ ထို့ကြောင့် ယနေ့အချိန်အခါတွင် ပါမစ်ပျောက်ဖြင့် ဂရန်သစ်လျှောက်ထားလာသူများကိူ သေချာစွာစိစစ်ဆောင်ရွက်ပေးနေသည်ကိုတွေ့ရပါသည်။
ထို့ကြောင့် နစ် ၆၀ ဂရန် အသစ်များကို ထပ်ဆင့်ပြန်လည်ဝယ်ယူသူများအနေဖြင့် ပါမစ်မူရင်းဖြင့်
ဂရန်သစ်လျှောက်ထားခြင်း ဟုတ်၊မဟုတ် လေ့လာစိစစ်ပြီးမှဝယ်ယူသင့်ကြောင်း အကြံတင်ပြလိုက်ရပါသည်။

Crd လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

25/08/2021

အစ္စလာမ်ဘာသာတရားဥပဒေ နှင့် အမွေဆက်ခံခြင်း
=================================

အစ္စလာမ်ဘာသာတရားဥပဒေတွင် သားသမီးမွေးစားခြင်းကို အသိအမှတ်မပြု
( မောင်ခင်မောင် နှင့် ဦးမူဆာ၊ ၁၉၆၇ မတစ -၆၁၅ )

အစ္စလာမ်တရားဥပဒေအရ အမွေဆက်ခံနိုင်သော အခွင့်အရေးသည် အမွေရှင်သေဆုံးသည့်အချိန်မှ အစပြု၍ သာပေါ်ပေါက်သည်။ အမွေရှင်မသေဆုံးမီ လုံးဝအခွင့်အရေးမရှိသေးပေ။ အမွေရှင် ကွယ်လွန်ချိန်တွင် အမွေ ဆက်ခံခွင့်ကို အမွေခံများကအပြီးအပိုင်ရရှိသော အကျိုး ခံစားခွင့် (Vested ritht) အဖြစ်ရရှိသည်။

အမွေရှင် အသက်ထင်ရှားရှိ နေစဉ်ကာလတွင် အမွေခံဖြစ်ရန် အလား အလာရှိသူတစ်ဦးကွယ်လွန်သွားသည့်အခါ ထိုကွယ်လွန်သူ၏ အမွေစားအမွေခံများက ထိုကွယ်လွန်သူ၏ကိုယ်စား အမွေရှင်၏ အမွေကိုဆက်ခံပိုင်ခွင့်ကို ကိုယ်စားပြုအမွေဆက်ခံခြင်းဟု ခေါ်သည်။

အစ္စလာမ်တရားဥပဒေ ( အမွေခန်း ) တွင် ကိုယ်စားပြုအမွေဆက်ခံခြင်း ( Principle of Representation ) ကို လက်မခံကြောင်း
( ဒေါ်ပုနှင့် အာမက်အီစမိုင်ဆီးမားနှင့် အခြား ၁၅ ဦးအမှု ၁၉၅၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး ( လွှတ်တော် ( ၂၁ )) တွင် စီရင်ထုံးဖွဲ့ထားသည်။

အယူခံတရားလိုများသည် အမွေရှင် မကွယ်လွန်မီ ကွယ်လွန်ခဲ့ကြပြီးဖြစ်သော ၎င်းတို့၏ ဖခင်များ ကိုယ်စား အမွေဆက်ခံခွင့်မရှိပေ။

ထပ်မံဆုံးဖြတ်ချက်။ ။ အမွေရှင်တွင် သမီးတစ်ဦးနှင့် သား၏ သား၊ သား ၏ သမီးတို့ ကျန်ရစ်ခဲ့လျှင် သမီးဖြစ်သူသည် ပုံသေ အမွေဆက်ခံသူ ( Sharer ) အဖြစ် အမွေ၏ ၂ပုံ ၁ပုံကိုရရှိမည်။ အမွေရှင်တွင်သား၏ သားကျန်ရှိခြင်းမရှိဘဲ သမီးတစ်ဦးတည်းသာရှိခဲ့လျှင် သား၏သမီးသည် ပုံသေအမွေဆက်ခံသူ (Sharer) အဖြစ် အမွေပစ္စည်း၌ ၆ပုံ ၁ ပုံ ခံစားခွင့်ရှိမည်။ သို့ရာတွင် သား၏သားသည် အမွေခံတစ်ဦးအဖြစ် ကျန်ရှိလျှင် သား၏ သမီးနှင့် သား၏ သားတို့သည် အမွေကျန်ဆက်ခံသူများ (Residuaries) အဖြစ် အမွေဆက်ခံခွင့်ရှိမည်ဖြစ်သည်။

ထို့ကြောင့် ဒေါ်ဖိတ်၏ ကျန်ရစ်သော အမွေကို သမီးဒေါ်လှမြင့်က ၂ပုံ ၁ပုံကိုလည်းကောင်း သား၏သားနှင့် သား၏သမီးတို့က ကျန်အမွေဝေစု ၂ပုံ ၁ပုံကိုလည်းကောင်း ရရှိကြမည်။ ဒေါ်လှမြင့်တွင် မောင်အရင်းမှ မွေးသော တူတူမများမရှိသောအခါမှသာ ကျန်အမွေဝေစု ၂ ပုံ ၁ပုံကို အပြန်ဝေစုပေးခြင်း (Radd) အဖြစ် ဒေါ်လှမြင့် ထပ်မံရရှိမည်ဖြစ်သည်။ ဒေါ်လှမြင့်တွင် မောင်းအရင်းမှ မွေးဖွားသော သားသမီးများရှိနေကြသဖြင့် ကျန်ဝေစု ၂ပုံ ၁ပုံကို ဒေါ်လှမြင့်က အမွေဆက်ခံရရှိနိုင်မည်မဟုတ်ပေ။ အယူခံတရားလိုများနှင့် အမှတ် ၄ အယူခံတရားပြိုင်တို့ က အမွေကျန်ဆက်ခံသူများ ( Residuaries) အဖြစ်ရရှိမည်ဖြစ်သည်။

ထပ်မံဆုံးဖြတ်ချက်။ ။ အစ္စလာမ်တရားဥပဒေ (စွန်နီအမွေခန်း) အရ အမွေရှင် ကွယ်လွန်သည့်အချိန်တွင် သမီးတစ်ဦးနှင့် သား၏သား သား ၏သမီးတို့ကျန်ရှိကြလျှင် သမီးဖြစ်သူက ပုံသေအမွေဆက်ခံခွင့်သူ (Sharer )အဖြစ် အမွေပစ္စည်း၏ ၂ ပုံ ၁ပုံကိုလည်းကောင်း၊ သား၏သားနှင့် သား၏သမီးတို့က ကျန်အမွေဝေစု ၂ ပုံ ၁ ပုံကို အမွေကျန်ဆက်ခံသူများ (Residuaries ) အဖြစ်လည်းကောင်း အမွေဆက်ခံပိုင်ဆိုင်ကြမည်ဖြစ်သည်။
( မအုန်းသန်းပါ ၁၇ နှင့် မလှလှသန်း ပါ ၄၊ ၂၀၀၁ မတစ ၄၉၃ )

စွန်နီအစ္စလာမ်ဘာသာဝင်များ အမွေဆက်ခံခြင်းဆိုင်ရာ ဥပဒေ ( ဟာနာဖီဥပဒေ ) အရ “သား” သည် အမွေကျန်ဆက်ခံသူ
“( အမွေကျန် -၁)” အဖြစ် အမွေဆက်ခံသည်။ ဟာနာဖီဥပဒေအရ အမွေစားအမွေခံတို့အား သုံးမျိုးသုံးစားခွဲခြမ်းထားသည်။

( က ) သတ်မှတ်ထားသည့် အမွေဝေစုရခွင့်ရှိသော ပုံသေဆက်ခံသူများ (Shares)

( ခ ) ပုံသေဆက်ခံသူများအား အမွေခွဲဝေပြီးနောက် ကျန်ရစ်သည့်အမွေကို ဆက်ခံသူ အမွေကျန်ဆက်ခံသူများ
( Residuaries)

( ဂ ) ပုံသေဆက်ခံသူများလည်းမဟုတ် အမွေကျန်ဆက်ခံသူများလည်းမဟုတ်သော ဆွေမျိုးနီးစပ်များ (Disant kindred )

ကွယ်လွန်သူ ဦးမူဆာ၏ အမွေကို ဆက်ခံရန် ပုံသေဆက်ခံသူများနှင့် အမွေကျန် ဆက်ခံသူများ မကျန်ရှိပေ။ ပုံသေဆက်ခံသူများဖြစ်စေ၊ အမွေကျန်ဆက်ခံသူများဖြစ်စေ မရှိလျှင် အမွေကို ဆွေမျိုးနီးစပ်များက ခွဲဝေယူရသည်။ ညီအစ်ကိုအရင်း၏ သမီးသည် “ဆွေမျိုးနီးစပ်” (တတိယအုပ်စု) အဖြစ် ကွယ်လွန်သူ၏ အမွေကို ဆက်ခံသည်။ သို့ဖြစ်ရာ ကွယ်လွန်သူ ဦးမူဆာ၏ အစ်ကိုအရင်းဦးဟာမက်မှမွေးသူ တူမ ဒေါ်လှက “ဆွေမျိုးနီးစပ်”(တတိယအုပ်စု) အဖြစ် အမွေဆက်ခံမည်ဖြစ်သည်။ ဒေါ်လှက အမွေဆက်ခံရရှိသဖြင့် အစ်မမှ မွေးသည့်တူ ဦးမောင်မောင်လတ်သည် ကွယ်လွန်သူ ဦးမူဆာ၏ အမွေကို ဆက်ခံခွင့်မရှိတော့ပေ။

ထပ်မံဆုံးဖြတ်ချက်။ ။ မူလရုံးတရားပြိုင် ဒေါ်မိမိကြီးအပေါ်ချမှတ်သည့် ဒီဂရီကို အဆင့်ဆင့်အယူခံဝင်ရာတွင် ကွယ်လွန်သူ ဒေါ်မိမိကြီး၏ တရား ဝင်ကိုယ်စားလှယ်အားလုံးပါဝင် အယူခံဝင်ရန်လိုမလိုဆိုလိုခြင်းမှာ ချမှတ်သည့် ဒီဂရီအပေါ် မူတည်သည်။ ဒီဂရီကို ခွဲခြား၍ မရရှိနိုင်ပါက ဒီဂရီချမှတ်ခြင်းခံရသော ကွယ်လွန်သူ ဒေါ်မိမိကြီး၏ တရားဝင်ကိုယ်စားလှယ်များအားလုံး အယူခံဝင်ရောက်ရမည်ဖြစ်သည်။ သို့ရာတွင် ဒီဂရီကိုခွဲခြား ၍ရနိုင်လျှင် ကွယ်လွန်သူ၏ တရားဝင်ကိုယ်စားလှယ်အားလုံးက အယူခံဝင်ရောက်ခြင်း မရှိသော်လည်း အမှုသည်စုံလင်ပါက အယူခံမှုသည် ရပ်တည်နိုင်သည်။ ဒီဂရီကို တစ်ဦးထက် ပိုသူတို့အတွက် လည်းကောင်း၊ တစ်ဦးထက်ပိုသူတို့ အပေါ်တွင်လည်းကောင်း ချမှတ်ရာ၌ တစ်ဦးချင်း (severally) သော်လည်းကောင်း ပူးတွဲ၍ (jointly) သော်လည်းကောင်း ပူးတွဲ၍ဖြစ်စေ တစ်ဦးချင်းဖြစ်စေ (Jointly or severlly) သော် လည်း ကောင်း ချမှတ်နိုင်သည်။

အမွေစီမံခန့်ခွဲပေးစေလိုမှုတွင် အမွေဆိုင်တစ်ဦးချင်း၏ ဝေစုကို သတ် မှတ်ပေးသည်။ ထိုအမှုမျိုးတွင် ကွယ်လွန်သူတို့၏ တရားဝင်ကိုယ်စား လှယ်များသည်လည်း မိမိတို့၏ အဆင့်အတန်းအလိုက် ကွယ်လွန်သူ၏ အမွေကို အချိုးကျ ဆက်ခံရရှိသူများဖြစ်ကြသည်။ ထို့ကြောင့် အမွေစီမံခန့်ခွဲပေးစေလိုမှုတွင် ချမှတ်သည့်ဒီဂရီမှာ တစ်ဦးချင်းအတွက် တစ်သီးတစ်ခြားစီ ( severally) ချမှတ်သည့် ဒီဂရီဖြစ်သည်။ ချမှတ်သည့်ခြင်းခံရသည့် ကွယ်လွန်သူ၏ တရားဝင်ကိုယ်စားလှယ်များသည်လည်း တစ်ဦးချင်းတစ်သီးတစ်ခြားစီ (severally) အမွေဆက်ခံကြသည်။

အမွေစီမံခန့်ခွဲပေးစေလိုမှုတွင် ချမှတ်သည့် ဒီဂရီကို ခွဲခြားနိုင်သည်ဖြစ်၍ ဒီဂရီချမှတ်ခံရသူ၏ တရားဝင် ကိုယ်စားလှယ်တစ်ဦးချင်းအနေဖြင့် အယူခံဝင်ရောက်နိုင်ပေသည်။ အမွေပုံကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ရန် အမွေဆိုင်အားလုံးအမှုသည်အဖြစ်ပါဝင်ရေန် လိုအပ်သည်။

ကွယ်လွန်သူ ဒေါ်မိမိကြီးအပေါ်ချမှတ်သည့် ဒီဂရီကို အယူခံဝင်ရာတွင် ကွယ်လွန်သူ ဒေါ်မိမိကြီး၏ တရားဝင် ကိုယ်စားလှယ်အားလုံး ပါဝင်အယူခံခြင်းမရှိသော်လည်း အမွေဆိုင်အားလုံး အမှုသည်အဖြစ် ပါဝင်သဖြင့် အယူခံသည် တရားမဝင်ဟု မဆိုနိုင်ပေ။
( ဒေါ်မိမိလေး ကွယ်လွန်သူ ဒေါ်မိမိကြီး၏ တရားဝင်ကိုယ်စားလှယ်နှင့် ဒေါ်ခင်မူမူ ပါ ၇၊ ၁၉၉၈ မတစ ၂၀၈ )။

အစ္စလာမ်ဘာသာဝင် အမွေရှင်မိခင် ကျန်ရစ်သော အမွေကို မူလကတည်းက ဗုဒ္ဓဘာသာဝင် ကိုးကွယ်သူ သမီးက အမွေဆက်ခံခွင့်မရှိ။ The Caste Disabilities Removal Act သည် ဘာသာကူးပြောင်း ကိုးကွယ်ခြင်းကြောင့် မူလကိုးကွယ်ခဲ့သည့် ဘာသာအရ အမွေဆက်ခံရရှိခွင့်ကို မဆုံးရှုံးစေရန် ရည်ရွယ်ခြင်းသာဖြစ်သည်။

မြန်မာနိုင်ငံရှိ တရားရုံးများတွင် အမွေဆက်ခံရေး အမွေခွဲဝေရေးစသည်တို့နှင့် ပတ်သက်၍ အမှုဖြစ်ပွားလျှင် အမွေရှင်နှင့်သက်ဆိုင်သော မိသားစုဥပဒေအရ အဆုံးအဖြတ်ပြုရန် မြန်မာနိုင်ငံတရားဥပဒေများ အက်ဥပဒေ ပုဒ်မ ၁၃ ( ၁ ) တွင် ပြဌာန်းထားသည်။

အမှုတွင် အမွေရှင် ဒေါ်သိန်းရှင်မှာ အစ္စလာမ်ဘာသာဝင်ဖြစ် ကြောင်း နှစ်ဘက်အငြင်းမပွားပေ။ ဒေါ်သိန်းရှင်သည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်၍ ကွယ်လွန်သွားခြင်းကြောင့် ၎င်းသေဆုံးချိန်၌ ၎င်း၏အမွေနှင့် ပတ် သက်၍ အဆုံးအဖြတ်ပြုရမည့်ဥပဒေမှာ မြန်မာနိုင်ငံတရားဥပဒေများ အက်ဥပဒေပုဒ်မ ၁၃ ( ၁ ) အရ အစ္စလာမ်ဥပဒေဖြစ်သည်။ သို့ဖြစ်၍ ဒေါ်သိန်းရှင်ကျန်ရစ်သော အမွေပစ္စည်းများကို ၎င်း၏မိသားစု ဥပဒေဖြစ်သော အစ္စလာမ်ဥပဒေအရ သတ်မှတ်ထားသည့် အမွေခံများက အမွေခွဲဝေကြရမည် ဖြစ်သည်။

အမွေစီမံခန့်ခွဲပေးရန် စွဲဆိုသောအမှုမှာအမွေဆိုင်များအချင်းချင်း တရားဆိုင်သော အမှုမျိုးအစားဖြစ်သည်။ ဒေါ်ခင်မြင့်သည် အမွေရှင်ဒေါ်သိန်းရှင်၏ အမွေဆက်ခံသူ မဟုတ်သည့်အတွက် ၎င်းအား တရားပြိုင်ထား၍ ဒေါ်သိန်းရှင်ကျန်ရစ်သော အမွေကို စီမံခန့်ခွဲပေးစေလိုမှု စွဲဆိုခွင့်ရှိမည်မဟုတ်ပေ။

ထို့ကြောင့် အစ္စလာမ်ဘာသာဝင်တစ်ဦး၏ အမွေကို ဆက်ခံခွင့်မရှိသော ဗုဒ္ဓဘာသာဝင် ဒေါ်ခင်မြင့်ကို မူလရုံးတရားလိုများနှင့်ပူးတွဲ၍ အမွေခွဲဝေရန် အကြောင်းမရှိသည့်အလျှောက် အမွေပုံ စီမံခန့်ခွဲပေးစေလိုမှု စွဲဆိုရန် အကြောင်း မပေါ်ပေါက်ကြောင်းမြင်သာသည်။

အမွေရှင် ဒေါ်သိန်းရှင်သည် အစ္စလာမ်ဘာသာဝင်အဖြစ် ကွယ်လွန်ခဲ့သဖြင့် ၎င်း၏အမွေဆက်ခံခြင်းမှာ အစ္စလာမ်ဥပဒေနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ဒေါ်ခင်မြင့်သည့် အစ္စလာမ်ဘာသာဝင် ဒေါ်သိန်းရှင်၏ အမွေကို ဆက်ခံခွင့်မရှိကြောင်း အထက်တွင် သုံးသပ်တင်ပြပြီးဖြစ်သည်။ အကယ်၍ ဒေါ်ခင်မြင့်သည် မူလက မိခင်နည်းတူ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး နောက်ပိုင်းတွင် ဗုဒ္ဓဘသာကူးပြောင်း ကိုး ကွယ်လျှင်မူ The Caste Disabilities Removal Act အရ ထိုသို့ ပြောင်းလဲကိုးကွယ်မှုကြောင့် မိခင်ထံမှ အမွေရပိုင်ခွင့် မဆုံးရှုံးနိုင်ပေ။

ယခုအမှုတွင် ဒေါ်ခင်မြင့်သည် မူလကပင် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး အစ္စလာမ်ဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းကိုးကွယ်သူ မဟုတ်သည့်အတွက် အထက်ပါအက်ဥပဒေနှင့် သက်ဆိုင်ခြင်းမရှိပေ။

အဆိုပါ အက်ဥပဒေသည် ကွယ်လွန်သူနှင့် ကိုးကွယ်သည့်ဘာသာခြင်း မတူခြင်းကြောင့် အမွေဆက်ခံခွင့် ပိတ်ပင်ခြင်းကို ဖယ်ရှားရန်မရည်ရွယ်ချေ။ ဘာသာကူးပြောင်းကိုးကွယ်ခြင်းကြောင့် မူလကိုးကွယ်ခဲ့သည့် ဘာသာအရ အမွေဆက်ခံ ရရှိခွင့်ကို မဆုံးရှုံးစေရန် ရည်ရွယ်ခြင်းသာဖြစ်ပေသည်။
( ဒေါ်မာလာပါ ၅ နှင့် ဒေါ်မြင့်မြင့်ခိုင်ပါ ၄၊ ၂၀၀၅ မတစ ၁)။

( ဦးမြစိန်၊ တရားမလမ်းညွှန်းစီရင်ထုံးများ၊ စာ ၂၄၃ )
ာဦးနေလွင်ဦး

Address

Yankin
Yangon
130202

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959946946326

Website

Alerts

Be the first to know and let us send you an email when Aung Family ဥပဒေအကြံပေးဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Family ဥပဒေအကြံပေးဝန်ဆောင်မှုလုပ်ငန်း:

Share