Lawyer May Kyae Mone

Lawyer May Kyae Mone ဖုန်းဖြင့်မေးမြန်းပါကconsultant fees လွဲ၍၎င်းAppointmentယူပြီးကိုယ်တိုင်လာရောက်ဆွေးနွေးနိုင်ပါသည်

31.8.2023နေ့ အရောင်းအ၀ယ်စာချုပ်လေး၀ယ်သူဘက်ကချုပ်ပေးတာပါ အစ်မရေ ဒီထက်မက  အိမ်ခြံမြေ တိုးပွားပါစေ 🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰အလုပ်ကိုတန်ဖိ...
31/08/2023

31.8.2023နေ့ အရောင်းအ၀ယ်စာချုပ်လေး၀ယ်သူဘက်ကချုပ်ပေးတာပါ အစ်မရေ ဒီထက်မက အိမ်ခြံမြေ တိုးပွားပါစေ
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰အလုပ်ကိုတန်ဖိုးထားပါတယ် ရက်မတိုင်ခင်ကြိုပြင်တတ်တာ ကိုယ်အကျင့်လေးပါ
🥰🥰🥰🥰🥰

14/01/2023

ပုံစံ ၇ မရသေးတဲ့ လယ်ယာမြေကို အရပ်စာချုပ်နဲ့ဝယ်ထားပါတယ် ။ ကိုယ့်အမည်နဲ့ ပုံစံ ၇ ရအောင် ဘယ်လိုလျှောက်ထားရမလဲဆိုတာကို သိပါရစေ ။
==========================

ပုံစံ ၇ အမည်ပေါက်ရန်အတွက် မြေအခြေအနေကို မူတည်ပြီး နည်းလမ်း အမျိုးအစား ကွဲပြားပါတယ်။ ပုံစံ ၇ ရပြီး လယ်ယာမြေတွင် ဆောင်ရွက်သည့် နည်းလမ်းနှင့် ပုံစံ ၇ မရသေးသည့် လယ်ယာမြေတွင် ဆောင်ရွက် သည့်နည်းလမ်း မတူပါဘူး။ ပုံစံ ၇ ရပြီး လယ်ယာမြေဖြစ်ပါက မိမိဝယ်ယူထားသည့် လယ်ယာ မြေကို မိမိ အမည်ဖြင့် ပုံစံ ၇ အမည်ပြောင်းရန် လုပ်ငန်းစဉ် ၆ ဆင့် ရှိပါတယ် ။

(က) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်း ခြင်း ကိစ္စရပ်များအတွက် မြေစာရင်းပုံစံ ၁၀၅ ရေးကူး ရရှိရေးအတွက် လျှောက်ထား ဆောင် ရွက်ခြင်း။ (စာချုပ်ချုပ်ဆို ဆောင်ရွက်မည့် ဧရိယာကို မြေတိုင်းတာစိစစ်ပြီး သက်သေခံံ မြေပုံ ထုတ်ယူနိုင်ရန် အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ (၂၀-၅-၂၀၁၉) ရက် စွဲပါ စာအမှတ် ၆၁၂၄/ မပ(မြေပုံ)- ထွေ-၂ (၁၉) ဖြင့် ညွှန်ကြားချက်များအရ လိုက်နာ ဆောင် ရွက်ရန် ဖြစ်ပါသည်။)

(ခ) လွှဲပြောင်းသော လယ်ယာမြေအား ဆီလျော်သော ဒေသန္တရတန်ဘိုး သတ်မှတ်ပေးရန် လျှောက် ထားခြင်း။
ဗဟိုလယ်စီ၏ ညွှန်ကြားချက် (၂/၂၀၁၉) အရ ကျေးရွာလယ်စီမှ အဆိုပြုတင်ပြ၍ မြို့နယ်လယ်စီမှ တန်ဘိုး အတည်ပြု သတ်မှတ်ရန် ဖြစ်သည်။

(ဂ) မြို့နယ်လယ်စီမှ သတ်မှတ်ပေးလိုက်သော လယ်ယာမြေတန်ဘိုးအရ ထိုက်သင့်တံဆိပ်ခေါင်းများ ကပ်နှိပ်၍ စာချုပ်ချုပ်ဆိုနိုင်ရန် အခွန်ဦးစီးဌာနတွင် စာချုပ်ခေါင်း ဝယ်ယူခြင်း၊ (တန်ဘိုး၏ ၄ %)

(ဃ) ထိုက်သင့်တံဆိပ်ခေါင်း ကပ်နှိပ်ပြီး ဖြစ်သော လယ်ယာမြေလုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊ ပေါင်နှံ ခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း စာချုပ်များကို ရပ်ကျေးလယ်စီအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆို လက်မှတ်ထိုးခြင်း။ (ဗဟိုလယ်စီ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း များအတွက် စာချုပ်များ ချုပ်ဆိုရန် တင်ပြဆောင်ရွက်ရာ တွင် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ (ညွှန်ကြားချက် အမှတ် ၃/၂၀၁၉) အရ ဆောင် ရွက်ရန်ဖြစ်သည်။ )

(င) ချုပ်ဆိုပြီးသော လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းတို့နှင့် ပတ်သက်သော စာချုပ်များကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံး (မြို့နယ် လယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန) တွင် မှတ်ပုံတင်ခြင်း ၊

(ယင်းစာချုပ်များ မှတ်ပုံတင်ဆောင်ရွက်ရန်အတွက် နည်းလမ်းများကို လယ်/စီ/အင်း ဦးစီးဌာန မှ (၁၇-၅-၂၀၁၉) ရက်စွဲပါ စာအမှတ် ၆၀၂၅/ ၄န-၃(၂၀၁၉) ဖြင့် ထုတ်ပြန်ထားသည့်အပြင် အဆိုပါ စာချုပ်များ မှတ်ပုံတင်ရာတွင် ထမ်းဆောင်ပေးသွင်းရမည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခ အခ ငွေစာရင်းကိုလည်း ထုတ်ပြန်ညွှန်ကြားပြီးဖြစ်သည့်အတိုင်း လိုက်နာရန် ဖြစ်သည်။

(စ) မှတ်ပုံတင်ပြီးသော စာချုပ်စာတမ်းများနှင့် ပူးတွဲ၍ လယ်ယာမြေလုပ်ပိုင်ခွင့်အား အမည်ပြောင်း လျှောက် လွှာ တင်သွင်းခြင်း လုပ်ပိုင်ခွင့်ရသူ အမည်ပြောင်းလဲပေးခြင်း။
(ဗဟိုလယ်စီ၏ ညွှန်ကြားချက်အမှတ် ၄/၂၀၁၉ အရ ဆောင်ရွက်ရန် ဖြစ်ပါသည်။ )

အထက်ပါ အချက် (က)၊ (ခ)၊ (ဂ)၊ (ဃ) နှင့် (င) တို့ ပြည့်စုံစွာ ဆောင်ရွက်ပြီး နောက် အချက် (စ) ပါ ပုံစံ ၇ အမည်ပြောင်းကိစ္စကို ဆောင်ရွက်ပေးပြီးသည့်အခါ ဝယ်ယူထားသော လယ်ယာမြေ၏ လုပ်ပိုင် ခွင့်ပြု လက် မှတ် မိမိအမည်ဖြင့် ရရှိမည် ဖြစ်ကြောင်း ဖြေလိုပါတယ်။

ယခုမေးခွန်းပါ ပုံစံ ၇ မရသေးသည့် တနည်းဆိုသော် မလျှောက်ထားရသေးသည့် လယ်ယာမြေဖြစ်ပါက ဝယ်ယူထားသူသည် ပထမ လယ်ယာမြေအဖြစ် သတ်မှတ်ထားသည့် မြေနှင့် ကွင်းတိုင်းတာ မြေပုံ ထုတ်ပြီး မြေဖြစ်ရပါမယ်။ ဒုတိယ လက်ရောက် လွှဲပြောင်းရယူထားပြီး လက်ရှိလက်ငုတ်အဖြစ် လုပ်ကိုင် နေသူ ဖြစ်ရပါမည်။ သို့မှသာ ပုဒ်မ ၆၊ (က)(၂) ပါ ပြဌာန်းချက်အရ လက်ရှိလုပ်ကိုင်နေသူအဖြစ် လျှောက်ထားခွင့် ရရှိမည်ဖြစ်ပါတယ်။ ကာယကံရှင် အနေဖြင့် လယ်ယာမြေနည်းဥပဒေ အခန်း(၂) ပါ ပြဌာန်းချက်များအရ ရပ် ကျေး လယ်စီထံမှ ပုံစံ (၁) တောင်းခံ ဖြည့်သွင်း၍ ရပ်ကျေးလယ်စီမှတဆင့် မြို့နယ်ဦးစီးဌာနသို့ လျှောက် ထားနိုင်ပါတယ်။ မြေပေါ်အမှန် လုပ်ကိုင်နေသူဖြစ်ကြောင်း ရပ်ကျေး အုပ်ချုပ်ရေးမှူး နှင့် လယ်နီးချင်း သက်သေ ၂ ဦး ၏ ထောက်ခံချက် ပါရှိရပါမယ်။

ထိုလျှောက်ထားမှုကို ဦးစီးဌာနမှ ကန့်ကွက်လွှာခေါ်ယူခြင်း စိစစ်ခြင်းများ ဆောင်ရွက်ပြီးနောက် အမှုတွဲကို သဘောထား မှတ် ချက်နှင့်အတူ မြို့နယ်လယ်စီကို တင်ပြပေး ပါမည်။ မြို့နယ်လယ်စီမှ ဆက်လက်စိစစ်ပြီး သဘောထား မှတ်ချက်နှင့်အတူ ခရိုင်လယ်စီသို့ တင်ပြပါမည်။ ခရိုင်လယ်စီမှ အမှုတွဲလက်ခံ ရရှိသည့်အခါ ထပ်မံ စိစစ်၍ လျှောက်ထားမှုကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပါယ်ကြောင်း ဆုံးဖြတ်ပြီး မြို့နယ်ဦးစီးဌာနသို့ အကြောင်းကြားပါမည်။ ဦးစီးဌာနသည် ခရိုင်လယ်စီမှ ခွင့်ပြု သည့် အကြောင်းကြားစာ ရရှိပါက လျှောက် ထားသူအား မှတ်ပုံတင်ကြေး ၅၀ဝိ ပေးသွင်းခြင်း၊ မှတ်ပုံတင် စာရင်း ပုံစံ ၅ တွင် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး မြီု့နယ်လယ်စီသို့ တင်ပြ၍ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ ၇ ထုတ်ပေးမည် ဖြစ်ပါတယ်။ ယခု မေးမြန်းသူအနေဖြင့် အထက်ပါအတိုင်း လိုက်နာ လျှောက်ထား ဆောင်ရွက်၍ ပုံစံ ၇ အမည်ပေါက် ရရှိနိုင်ပါတယ်။

14/01/2023

တိုက်ခန်းဝယ်ယူသည့်အခါ ဝယ်ယူသူများအနေဖြင့် အပြီးသတ်ငွေချေသည့်နေ့တွင် ရောင်းချသူများထံမှ မဖြစ်မနေတောင်းရမည့် စာရွက်စာတမ်းများ

မဖြစ်မနေ တောင်းရမည့် စာရွက်များမှာ….

မြေရှင်နှင့် ကန်ထရိုက် အကျိုးတူဆောက်ထားသည့် တိုက်ခန်းဖြစ်လျှင် မြေရှင်နှင့် ကန်ထရိုက်တာ တို့ အခန်းပေး၊ အခန်းယူ ချုပ်ဆိုထားသော သဘောတူစာချုပ် မိတ္တူ၊

အဆောက်ဦးဆောက်လုပ်ခွင့်ပြုမိန့် စာရွက်မိတ္တူ၊

BCC စာရွက် (အဆောက်အအုံပြီးစီးကြောင်း သက်သေခံလက်မှတ်) မိတ္တူ၊

ရောင်းချသူမှာ မြေရှင် (သို့) ကန်ထရိုက် မဟုတ်ပါက အဆင့်ဆင့်ဝယ်ယူထားသော အစဉ်အဆက်စာချုပ် မူရင်းများ၊

ခင်ပွန်းကဝယ်ယူထားပြီး ဇနီးက မိမိကိုယ်တိုင်နှင့် ခင်ပွန်းရဲ့ GP (or) SP နဲ့ ရောင်းချပါက ၎င်းတို့​၏ အိမ်ထောင်စုဇယား မိတ္တူ နှင့် GP (or) SP မိတ္တူ၊

မူလဝယ်ယူထားသူထံမှ GP(or)SP ရသူက ရောင်းချခြင်းဖြစ်ပါက GP (or) SP မိတ္တူ နှင့် ကိုယ်စားလှယ်​၏ မှတ်ပုံတင်မိတ္တူ၊

အမွေဆက်ခံခွင့်ရသူ တစ်ဦးဦးက ရောင်းချပါက အမွေဆက်ခံရရှိသည်ဆိုသည့်အထောက်အထား စာရွက်စာတမ်းမိတ္တူ နှင့် ကျမ်းကျိန်လွှာမူရင်း။

အိုးအိမ်နှင့် စည်ပင်တိုက်ခန်းများဖြစ်ပါက owner book စာအုပ်မူရင်းတို့ဖြစ်ပါသည်။

စရံပေးချေတဲ့နေ့မှာ အထက်ဖော်ပြပါစာရွက်စာတမ်းမိတ္တူများ တောင်းယူထားရမယ်ဆိုတာကိုလည်း မမေ့ပါနဲ့….

မိတ္တူများရယူထားမှသာလျှင် အပြီးသတ်ငွေချေခြင်းစာချုပ်မချုပ်ခင်သော်လည်းကောင်း၊ ချုပ်ဆိုရမည့် နေ့ရက်များတွင်သော်လည်း ကန့်ကွက်မှုများရှိခြင်း နှင့် ရောင်းချသူဘက်မှ ပျက်ကွက်ပါက ဝယ်သူမှ တရားစွဲဆိုရာတွင် အထောက်အထား အနေဖြင့် အသုံးပြုနိုင်ရန်အတွက် ရယူထားရန်လိုအပ်ခြင်း ဖြစ်ပါသည်

အသေးစိတ်သိရှိလိုသည်များကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်
☎️ 09790198122
☎️ 09770147469

05/01/2023

အမှုစစ်ရဲတို့ တရားခံဖမ်းဆီးသင့်သောအချိန်
~~~~~~~~~~~~~~~~~~~~~~~~~~~~
အမှုစစ်ရဲတို့သည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ
၅၄(၁)ပထမစာပိုဒ်အရ အပ်နှင်းထားသည့် လုပ်ပိုင်
ခွင့်အရ စုံထောက်စစ်ဆေးသော အမှုမှ တရားခံ
များကိုဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရပါသည်။
သို့ရာတွင်
ထိုလုပ်ပိုင်ခွင့်ကို ကန့်သတ်ဘောင်ခတ်ထားသည်
ကား ရဲလက်စွဲဒုတိယတွဲ အပိုဒ် ၁၇၂၃၊၁၇၂၄ ၊
၁၇၂၅ နှင့် ၁၀၅၀ တို့ပင်ဖြစ်သည်။ထို့သို့ကန်သတ်
ဘောင်ခတ်ထားသည့် ရဲလက်စွဲဒုတိယတွဲကို လိုက်
နာရန်ပျက်ကွက်ပါမူ ရာဇသတ်ကြီးဥပဒေပါ မတ
ရားဖမ်းဆီးရာရောက်စေပြီးနယ်ဘက်ဥပဒေအ
ပြင်ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူခြင်းကိုခံရနိုင်ပေသည်။ထို့ကြောင့် အမှုစစ်ရဲတို့
အနေဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄(၁)
ပထမစာပိုဒ်တွင် ထပ်ခါတစ်လဲလဲ ရေးသားဖော်ပြ
ထားသည့် " ကျိုးကြောင်းဆီလျော်စွာ ယုံကြည်
လောက်အောင် " ဆိုသည့် စကားရပ်ကို သဘော
ပေါက်နားလည်ကြရန် လိုအပ်ပါကြောင်း ဦးစွာ
ပထမ မီးမောင်းထိုး ညွှန်ပြလိုပါသည်။

လက်ရှိအမှုစစ်နယ်ပယ်တွင် အမှုစစ်ရဲအချို့ကျင့်
သုံးလျှက်ရှိကြသည်မှာ တိုင်တန်းခြင်းခံရသူ
တရားခံသည် စွပ်စွဲတိုင်တန်းခဲ့ရသည့် ပြစ်မှုကို
အမှန်တကယ်ကျူးလွန်ခဲ့ကြောင်း စုံစမ်းစစ်ဆေး
မှုမရှိဘဲ တိုင်သူရှိရင်ဖမ်းရမှာဘဲ၊ဖမ်းတဲ့သူမှာ
တာဝန်မရှိဘူး၊မကျေနပ်ရင် တိုင်တန်းသူကို သွား
ပြောပေါ့ ဟု လွယ်လွယ်တွေးလျှက် ဆောင်ရွက်နေ
ကြသည်မှာ အေးချမ်းစွာဖြင့် ပရိယေသနဝမ်းစာ
ကို ရှာမှီးစားသောက်နေသူတို့အတွက် တရားဥပဒေ
၏ အကာအကွယ်ကို အပြည့်အဝ မရရှိဘဲ ဖြစ်နေ
ကြသည်ကို အခြားတစ်ဖက်မှ ရှုမြင်နေမိသည်။
ရဲတပ်ဖွဲ့တွင် မှတ်သားဖွယ်ရာ ဆောင်ပုဒ်များစွာရှိ
သည့်အနက် "အပြစ်ရှိသူ အယောက် တစ်ရာ လွတ်
နေပါစေ၊အပြစ်မဲ့သူတစ်ဦးကို မဖမ်းမိပါစေနဲ့ ဟူ
သော ဆောင်ပုဒ်ကို ပြေးမြင်မိသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄ အရ အမှုစစ်ရဲ
တို့သည် မိမိတို့စုံစမ်းစစ်ဆေးသောအမှုမှတိုင်တန်း
ခြင်းခံရသူကို ဖမ်းဆီးခွင့် အမှန်ပင် ရရှိပါသည်။
သို့သော် တိုင်သူရှိတိုင်း ဖမ်းဆီးရန် အခွင့်အာဏာ
ကိုမူ လုံးဝ(လုံးဝ)ပေးမထားပါ။လူတိုင်းသည် ရဲအ
ရေးယူပိုင်ခွင့်ရှိသောပြစ်မှု(ရဲအရေးပိုင်မှု)ဖြစ်ပွား
ကြောင်း သတင်းပေးတိုင်တန်းခွင့်ရှိသည်။ထိုတိုင်
တန်းချက်သည် တိုင်တန်းခြင်းခံရသူကို ဖမ်းဆီး
ရန် ညွှန်ကြားချက် မဟုတ်ပါ။ညွှန်ကြားချက်တစ်
ခု အနေဖြင့်လည်း လိုက်နာဆောင်ရွက်ရသည်
မဟုတ်ပါ။ထိုတိုင်တန်းချက်ကို မှန်ကန်မှု ရှိ မရှိ၊
တိုင်တန်းခြင်းခံရသူသည် အမှန်တကယ် ပြစ်မှု
ကျူးလွန်ခဲ့သူ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးရန်
အမှုစစ်ရဲဟူသော လူတန်းစားတစ်ရပ် ပေါ်ပေါက်
လာရခြင်း ဖြစ်လေသည်။အမှုစစ်ရဲတို့ အမှုတစ်ခု
ကို စုံစမ်းရာတွင် တရားလို၏တိုင်တန်းချက် မှန်
မမှန်ကို ဦးစွာ စုံစမ်းစစ်ဆေးရပြီး တိုင်တန်းခြင်း
ခံရသူ(တရားခံ)သည် ထိုပြစ်မှုကို အမှန်တကယ်
ကျူးလွန်ခဲ့သူ ဟုတ် မဟုတ် ဆုံးဖြတ်ရန်ဖြစ်သည်။
တိုင်တန်းခြင်းခံရသူ(တရားခံ)သည် အမှန်တကယ်
ပြစ်မှုကျူးလွန်ကြောင်း အတည်ပြုနိုင်ပြီဆိုမှသာ
တရားခံကိုဖမ်းဆီးကြရမည်ဖြစ်သည်။အမှုစစ်ရဲမှ
တိုင်တန်းခြင်းခံရသူ(တရားခံ)အား ဖမ်းဆီးလျှင်
ထိုအမှုစစ်ရဲသည် ထိုသူသည် အမှန်တကယ်ပြစ်မှု
ကျူးလွန်ကြောင်း အတည်ပြုနိုင်၍ ဖမ်းဆီးခဲ့ခြင်း
ဖြစ်သည်ဟု သဘောသက်ရောက်ပါသည်။

ရာဇဝတ်ကျင့်ထုံးဥပဒေ၊သက်သေခံအက်ဥပဒေ
နှင့်ရဲလက်စွဲတို့၌ မည်သည့် အချိန်တွင် တရားခံ
ဖမ်းဆီးရမည်ဟု သတ်မှတ် ပြဌာန်းထားချက်မရှိ
ပေ။အမှုစစ်မှ ဖမ်းဆီးသင့်သည်ဟု ဆုံးဖြတ်သော
အချိန်သည် တရားခံဖမ်းဆီးရမည့် အချိန်သည်
တရားခံဖမ်းဆီးရမည့်အချိန် ဖြစ်ပေသည်။
အမှုစစ်ရဲသည် ပြိုင်ပွဲဝင်သည့်ပမာ တရားခံကို
ချက်ချင်းဖမ်းဆီးရန် တာဝန်ရှိသည်ဟု အယူမလွဲ
သင့်။အမှုအခြေအနေနှင့်ဖမ်းဆီးရန်သင့်သည့်
အချိန်အခါကို ချင့်ချိန်ရန်လိုသည်။

အကယ်၍များ တိုင်သူရှိရင် ဖမ်းရမှာပေါ့ ဟုအယူ
လွဲလျှက် ဖမ်းဆီးရန် လုံလောက်သောအကြောင်း
ပြချက်မရှိဘဲ ဖမ်းဆီးခဲ့ပြီး တရားရုံးကိုရောက်မှ
ထိုသူလွတ်သွားခဲ့မည်ဆိုပါလျှင် ထိုသူ၏ နစ်နာ
မှုများအတွက် တာဝန်ခံရမည်မှာ တိုင်တန်းသူ
တရားလိုမဟုတ်ဘဲ ဖမ်းဆီးသူ အမှုစစ်ရဲသာဖြစ်ပါ
ကြောင်း ရေးသားတင်ဆက်လိုက်ရပေသည်။

05/01/2023

မိသားစုစီမံမှု ဆိုသည်မှာ

ပစ္စည်းရှင်မသေဆုံးမီ ပစ္စည်းရှင်နဲ့ မိသားစုဝင်တို့ရဲ့ သဘောတူညီမှုဖြင့် ပစ္စည်းရှင် သေ ဆုံးတဲ့အခါ အမွေပစ္စည်းတွေကို မည်ကဲ့သို့ ခွဲဝေယူကြမည်ဆိုသည့် စီမံမှု သို့မဟုတ် ပစ္စည်းရှင်ကွယ် လွန်ပြီးနောက် အမွေပစ္စည်းများကို မည်ကဲ့သို့ ခွဲဝေယူကြမည်ဆိုသော မိသားစုတစ်စုရဲ့ သဘောတူစီမံမှု ကို မိသားစုစီမံမှုလို့ ခေါ်ဆိုပါတယ်။
“မိသားစုစီမံမှု”ကို နှုတ်ဖြင့်စီမံ ခန့် ခွဲနိုုင်ကြောင်း စီရင်ထုံးတွေမှာ အညီအညွတ်ပြဆိုထားပါတယ်။ စာဖြင့်ရေး သားပြီး မရွှေ ့မပြောင်းနိုင်သော ပစ္စည်းတွေ ပါဝင်ရင် မှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင်ရပါမယ်။ “မိသားစု စီမံမှု”တွင် ပါဝင်သူများဟာ အမွေပစ္စည်း၌ “အခွင့်အရေးရှိသူများ”ဖြစ်ရမည်။ ၄င်းအပြင် ထိုသူများ သည် စီမံမှုတွင် တာဝန်ရှိစေရန် အတွက် အချင်းချင်း သဘောတူညီ မှုရှိရန် လိုအပ်ပေသည်၊ အမွေဆက် ခံခွင့်မရှိသူများ ပါဝင်ချုပ်ဆိုထားရာ အဆိုပါ စာချုပ်သည် မိသားစု သဘောတူ အမွေခွဲဝေသည့် စာချုပ် မဖြစ်နိုင်ခြေ။

“မိသားစုစီမံမှု”ကို အမွေခံတို့ရဲ့ သဘောတူညီချက်ဖြင့် ပြုလုပ်ပြီး ထို စီမံမှုအတိုင်း ပစ္စည်းများ ခွဲဝေပြီး ဖြစ် ပါက အဆိုပါ စီမံမှုကို ဖောက်ဖျက် ခွင့်မရှိပေ၊ ထို့အပြင် အဆိုပါ စီမံမှု သည် တရားဥပဒေအရ တည်မြဲ ခိုင်မာခြင်း မရှိဟူ၍ လည်း ငြင်း ဆို ခွင့်မရှိပေ။
သို့ရာတွင် မိသားစုတစ်စု၏ စီမံမှု တွင် ပါဝင်သူ တစ်ဦးသည် သဘော တူညီမှုကို လွတ်လပ်စွာ ပေးခဲ့ခြင်း မဟုတ်သည့်အပြင် ပဋိညာဉ်မှာ လည်း မျှတမှု လုံးဝမရှိပါကလိမ်လည် ခြင်း သို့မဟုတ် မတရားဩဇာခံရ ခြင်းတို့ ရှိစေကာမှု အဆိုပါ “မိသား စု စီမံမှု”ကို တရားရုံးမှ ပယ်ဖျက်ခွင့်ရှိ သည်။ ဆိုခဲ့ပြီးသော အမှုမျိုးတွင် မိသားစုဝင်တစ်ဦးက ပေးသမျှ ယူခဲ့ ပြီး ၄င်း၏ ရသင့်ရထိုက် သော အစုကို စွန့်လွှတ်ရန် နှုတ်ဖြင့် သဘောတူညီခဲ့ စေကာမူ စီမံမှု သည် တည်မြဲခိုင်မာ ခြင်း မရှိပေ။ အမွေပုံကို မိသားစုစီမံမှု အရ ညှိနှိုင်း ခွဲဝေယူကြ ရာတွင် အမွေ ဆိုင်အချင်းချင်းသဘောတူညီညွတ် မှုက အဓိက ဖြစ် သည်။
အမွေဆိုင်များသည် တစ်ရပ် တစ်ကျေးစီတွင် သီးခြား နေထိုင် ကြရာဝယ် တစ်နေရာတည်းတွင် စုစည်းဆုံတွေ့ကြရန် လွယ်ကူမည် မဟုတ်ပေ။ ထိုသို့ တညီတညွတ် တည်း စုစည်းဆုံတွေ့မှသာ မိသား စုစီမံမှု အထမြောက်မည်ဆိုလျှင် အထမြောက်သည့် မိသားစုစီမံမှု တစ်ခု ဖြစ်ရန်ခဲယဉ်းပေလိမ့်မည်။ သို့ဖြစ်၍ အမွေဆိုင်အစုံအလင် ပါ ဝင်ရမည် ဆိုရာတွင် ၄င်းတို့အား လုံး၏ ဆန္ဒသဘောထားများ ပါဝင် ရမည်ကို ဆိုလိုခြင်း ဖြစ်သည်ဟု ကောက်ယူသင့်သည်။ သို့ဖြစ်၍ ထိုသို့ အမွေပုံကို ညှိနှိုင်းခွဲဝေကြစဉ်က အကြောင်းကြောင်းကြောင့် ပါဝင်နိုင်ခြင်း မရှိသူကလည်း ထိုကဲ့သို့ ခွဲဝေမှုကို သဘောတူကျေ နပ်သည်ဟုဆိုလျှင် အမွေဆိုင်မစုံ လင်သည်ကို အကြောင်းပြု၍ မိသားစုစီမံမှုသည် ပျက်ပြယ်ရန် အကြောင်းမမြင်ပေလို့ သိရပါတယ်။

သထုံမြို့ မင်းလမ်း စည်သူထွန်းစားဖွယ်ဆိုင်ရှေ့ကအအေးဆိုင်လေးပါငယ်ငယ်တုန်းကစားဖူးတဲ့ရေခဲဆုပ်လေး စားချင်သူများ (ကိုဟိန်း )အအ...
21/12/2022

သထုံမြို့ မင်းလမ်း စည်သူထွန်းစားဖွယ်ဆိုင်ရှေ့က
အအေးဆိုင်လေးပါ
ငယ်ငယ်တုန်းကစားဖူးတဲ့ရေခဲဆုပ်လေး စားချင်သူများ (ကိုဟိန်း )အအေးဆိုင်မှာရပါပြီ

29/10/2022

မြေတစ်ခေတ်မှာ” “ရွှေဖြစ်ဖို့” မြေအကြောင်း လေ့လာကြစို့

ယနေ့ခေတ်တွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများကို စီးပွားရေးလုပ်ငန်းကြီး တစ်ခုသဖွယ် လူအများအပြားက ဝင်ရောက်လုပ်ကိုင်ကာ ရင်းနှီးမြှုပ်နှံလာကြသည်ကိုတွေ့ရသည်။

-မြေအကြောင်း နားလည်သူများ ကောင်းစားနေသည့်ခေတ်

သို့သော် အခြေအနေအချိန်အခါပေး၍ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများကို စီးပွားဖြစ် လုပ်ကိုင်နေကြသော်လည်း “မသိသူကျော်သွား၊ သိသူဖော်စား” ဆိုသကဲ့သို့ အိမ်ခြံမြေတွင် မြေအမျိုးအစား အမျိုးမျိုးရှိသည်ကို သိသူများက တရားဝင်သာည့်မြေ၊ တရားမဝင်သည့်မြေ၊ အဖိုးတန်သည့်မြေ၊ အဖိုးနည်းသည့်မြေ စသည်ဖြင့် သိကျွမ်းနားလည်ကြသူများက အကျိုးအမြတ်များရရှိကာ ကောင်းစားနေကြသည်ကို တွေ့ရသည်။ မြေ (၁၀) မျိုးအကြောင်း ရှာဖွေတင်ပြလိုက်ပါသည်။

-မြေပိုင်မြေ

မြေပိုင်မြေဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော် ထုတ်ကာရောင်းချခဲ့၍ ဝယ်ယူပိုင်ဆိုင်ခဲ့ပြီးမြေပိုင်ရှင်အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

-ဘိုးဘွားပိုင်မြေ

ဘိုးဘွားပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် “ဓါးမဦးချ” ပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိကာ “မစိုက်ပျိုးသည့်မြေ” ကိုဆိုလိုသည်။

-ဂရန်ရှိမြေပိုင်မြေ

ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုလိုသည်။

-လိုင်စင်မြေ

လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အပိုဒ် – ၃၀၊ ၃၄ တို့အရ၊ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကိုဆိုလိုသည်။

-ပါမစ်မြေ

ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အ ညီ “လူနေအိမ်” သိုမဟုတ် “အဆောက်အအုံဆောက်လုပ်နေထိုင် ခွင့်” ပြုထားသော မြေကိုဆိုလိုသည်။

-မြေငှားဂရန်မြေ

မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီကစည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြား သတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။

-စကွာတာမြေ

“စကွာတာမြေ” ဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း “မြေအဆင့်အတန်း နိမ့်ချသတ်မှတ်သော မြေကို” ဆိုလိုသည်။

-ကျူးလွန်ခြင်းမြေ

“ကျူးလွန်ခြင်းမြေ” ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း “ပြေစာဖြင့်ကောက်ခံသည့်မြေ” မျိုးကိုဆိုလို သည်။

-ကျူးကျော်မြေ

ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသူများ ဝင်ရောက်နေထိုင်လျှက်ရှိသော မြေကိုဆိုလိုသည်။

-မြို့ကွက်မြေပုံ

မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများဖြင့် စနစ်တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက်ဖော်ထုတ်ထားသည့် အခြေခံမြေပုံကိုဆိုလိုသည်။

-မြို့မြေစာရင်း

မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ – အခန်း (၂) အပိုဒ် ၇ အရမြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများဖြစ်ပါသည် ယင်းသို့ မြေအမျိုးမျိုးအကြောင်း တင်ပြပြီးနောက် သာသနာမြေ (၄) မျိုးအကြောင်းလည်း ရှင်းပြလိုပါသေးသည်။

-အခွန်လွတ်သာသနာ့မြေ

အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကိုဆိုသည်။

-အခွန်လွတ်သာသနာ့မြေဂရန်

အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူအလိုငှာ တည်ဆဲဥပဒေနှင့်အညီ “မြေယာပိုင်ပတ္တာစာချုပ်” ဖြင့် သတ်မှတ်ထုတ်ပေး သည့် လက်မှတ်ကိုဆိုသည်။ (၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်တော်နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

-အခွန်လွတ်ဗဒ္ဓသိမ်မြေ

” အခွန်လွတ်ဗဒ္ဓသိမ်မြေ ” ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာလျှောက် ထားခွင့်ရှိသည့် မြေကိုဆိုသည်။

အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်

” အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်” ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ “ဝိသုံ ဂါမသိမ်” အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကိုဆိုသည်။ (အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄)မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင်ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသောမြေနှင့် “ဝိသုံဂါမသိမ်” အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါဝင်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

29/10/2022

ပလပ်မြေ ၊ မြေလပ် ၊ လှပ်မြေများနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

"ပလပ်မြေ / လှပ်မြေ" ဆိုသည်မှာ "သီးနှံစိုက်ပျိုးနိုင်သော မြေဖြစ်ပါလျှက် တစ်စုံတစ်ရာ စိုက်ပျိုး လုပ်ကိုင်ခြင်း လုံးဝမရှိသောမြေ" ကိုဆိုလိုပါသည်။
"မြေလပ်" ဆိုသည်မှာ ယခင်က သီးစားခံယူ လုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထား သည့်မြေ၊ မြေအနားပေးထားသည့် မြေကို ဆိုလိုခြင်းဖြစ်ပါသည်။ မြေလပ်ကို

(က) လောလောဆယ် စိုက်ပျိုးနိုင်သော မြေလပ်

(ခ) ပြုပြင်ပြီးမှ စိုက်ပျိုးနိုင်သော မြေလပ်ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပါသည်။
ပလပ်မြေတွင်

(က) လယ်ယာမြေ။ လယ်ယာမြေထဲမှာ စိုက်ပျိုးတဲ့လူမရှိဘူး၊ လှပ်ထားတဲ့ မြေရှိနေခြင်းဖြစ်ပါတယ်။

(ခ) နောက်တစ်ခုက လှပ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားလိုက်ပြီဆိုရင် ဒီမြေက မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေရဲ့ အဓိပ်ပါယျ ဖွင့်ဆိုချက်အရ မြေ လွတ်၊ မြေလပ်ဆိုတဲ့ စကားရပ်ထဲ ပါဝင်သွားပါတယ်။ လယ်ယာမြေနှင့် အကျုံးမဝင်တော့ပါဘူး။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့ကို လျှောက်ပြီး အသုံးပြုခွင့်ရမှ အသုံးပြု နိုင်ပါမယ်၊ ကိုယ့်သဘောနဲ့ကိုယ် သုံးခွင့်၊ လုပ်ခွင့် မရှိတော့ပါဘူး။

လယ်ယာမြေဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်အရ လယ်ယာမြေ ဆိုသည်မှာ "စပါးသီးနှံစိုက် ပျိုးနိုင်သော လယ်မြေသာမက အခြောက်သီးနှံ (ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ) စိုက်ပျိုးနိုင်သော ယာမြေများ၊ နှစ်ရှည်သီးပင်၊ သစ်သီး၀လံနှင့် ပန်းပင်များ စိုက်ပျိုးနိုင်သော ဥယျာဉ်ခြံမြေများ၊ ဓနိမြေများ၊ ကိုင်း၊ ကျွန်းမြေများနှင့် မြေနုကျွန်းမြေများ၊ တောင်ယာများ"လည်း အကြုံး၀င်ပါသည်။ထို့ကြောင့် လယ်ယာမြေဟူသော စကားရပ်တွင် အကြုံး၀င်ပါရှိသော မြေအားလုံးကို ခိုင်လုံ သော အကြောင်းပြချက်မရှိဘဲ ပလပ်ထားခြင်း၊ လှပ်ထားခြင်းများသည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအား ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်ပါသည်။

အချို့သောသူများ ၀ယျယူ စုဆောင်းထားသော လယ်ယာမြေများမှာ "သီးနှံစိုက်ပျိုးရန် ရည်ရွယ် ချက်မရှိဘဲ အခြားနည်းအသုံးပြုရန်၊ အကွက်ရိုက်ရန် သို့မဟုတ် အမြတ်အစွန်းရရှိရန်အတွက် ၀ယျယူထားပွီး ပလပ်ထားသော မြေများ ဖြစ်နေကြောင်း" တွေ့ရှိရပါသည်။

၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ-၁၂၊ ပုဒ်မခွဲ (စျ) လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူသည် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရဟု စည်းကမ်းချက် သတ်မှတ် ထားပါသည်။ ပုံစံ (၇) ရှိသူကို ဆိုလိုပါသည်။ ပုံစံ (၇) မရှိပါက လယ်ယာမြေကို ပိုင် သည်ဟု ပြောလို့ပင် မရနိုင်သည့်အပြင် တရားဝင် ရောင်းဝယ်ခွင့်လည်း ရှိမည် မဟုတ်ပါ။

၂၀၁၂ လယ်ယာမြေ ဥပဒေ ပုဒ်မ-၁၉ အရ အကြောင်းမဲ့ လယ်ယာမြေကို လှပ်ထားခြင်း မပြုရဟူသော စည်းကမ်းချက်အရ လိုက်နာရန် ပျက်ကွက်ခဲ့လျှင် ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)နှင့် (ဃ) ပါ အမိန့်တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။ ၎င်းမှာ

(က) သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ) သတ်မှတ်သည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊
(ဂ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထားသော အဆောက် အအုံများကိုဖယ်ရှားခြင်း၊

တဖန် လယ်ယာမြေ ဥပဒေ ပုဒ်မ-၂၀ အရလည်း ယင်းပုဒ်မ-၁၉ အရ ချမှတ်သော အမိန့်ကို လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူက လိုက်နာခြင်းမရှိလျှင် ယင်းအမိန့်ပါ သတ်မှတ်ရက် ကျော်လွန်ပါက သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထား တရားစွဲနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။

ထို့ပြင် လယ်ယာမြေဥပဒေ ပုဒ်မ-၃၅ အရ အဆိုပါ ချမှတ်ထားသော အမိန့်၊ သို့မဟုတ် ဆုံးဖြတ် ချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ဆိုပါသည်။

နေရာဒေသ အတော်များများတွင် ပုံစံ (၇) ရှိရှိ မရှိရှိ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ လှပ်ထားသည့် မြေများစွာရှိပါသည်။ ၂၀၁၂ လယ်ယာမြေ ဥပဒေတွင် အားနည်းချက်များ ရှိနေသော် လည်း ပြင်ဆင်ရန် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ရှေးယခင်မှစ၍ ခေတ်အဆက်ဆက် မြေယာဥပဒေများတွင် လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများအနေနှင့် နိုင်ငံတော်၏ မြေယာကုန်ထုတ် စွမ်းအားစု၊ စားနပ်ရိက္ခာ ဖူလုံမှုကို မထိခိုင်စေရေးအတွက် လယ်ယာမြေများကို လှပ်မထားဘဲ အပြည့်အ၀ စိုက်ပျိုးလုပ်ကိုင်ကြရန်ပါဝင်ခဲ့သည်ကို သတိပြုရမည်ဖြစ်ပါသည်။

နိုင်ငံတော်မူဝါဒနှင့် ဥပဒေအရ လယ်ယာမြေကို အကြောင်းမဲ့ လှပ်ထားခြင်းအား ခွင့်ပြုလိမ့်မည် မဟုတ်ပါကြောင်းနှင့် လှပ်ထားခြင်းဖြင့် နောင်တစ်ချိန် ပြဿနာများနှင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

28/10/2022

အိမ်ခြံမြေ ဝယ်ယူမယ်ဆိုရင် ဆောင်ရန် / ရှောင်ရန် လေးတွေ တင်ပြပေးပါ့မယ်။

ပထမဆုံး
"ရောင်းသူရဲ့တာဝန်"ကိုတင်ပြပေးပါ့မယ်။

ရောင်းချသူရဲ့တာဝန်မှာ
-ပစ္စည်း ကို မိမိပိုင်ဆိုင်ကြောင်း၊ အရှုပ်အရှင်းမရှိကြောင်း၊ ချို့ယွင်းချက်ရှိရင် ရှိကြောင်းသေချာပြောပြဖို်တာဝန်ရှိပါတယ်။
-စရံပေးပြီးစဥ်ကစအပြီးအပိုင်ရောင်းချခြင်း မပြီးဆုံးမှီအထိ ရောင်းချသည့်ပစ္စည်းကို ထိန်းသိမ်းရန်တာဝန်ရှိပါတယ်။
-ပိုင်ဆိုင်မှု အထောက်အထား တွေကို မခြွင်းမချန် ပြသပေးဖို့တာဝန်ရှိပါတယ်။
-စရန်ငွေသည် ပစ္စည်း တန်ဖိုးတဝက်ထက်ကျော်က ပစ္စည်း (သို့) ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်း စာချုပ်စာတမ်းများကို ဝယ်သူသို့ ပေးအပ်နိုင်ပါတယ်။
-ဝယ်သူ (သို့) ဝယ်သူညွှန်ပြသူသို့ လွဲပြောင်းပေးအပ်ဖို့တာဝန်ရှိပါတယ်။

အိမ်ခြံမြေ ဝယ်ယူတော့မယ်ဆိုရင်

၁။ အရှုပ်အရှင်းရှိမရှိ ကြည့်ပါ။

အရောင်းအဝယ်ပြုလုပ်မည့်ပစ္စည်းဟာ အရှုပ်အရှင်းရှိမရှိ ကို စီစစ်ရန်လိုအပ်ပါတယ်။
အရှုပ်အရှင်း ဟု ဆိုရာ၌
ထပ်မံရောင်းချထားခြင်း၊ပေါင်နှံထားခြင်း၊ စွန့်လွှတ်ထညးခြင်း၊ တနည်းနည်းနဲ့ လွှဲပြောင်းထားခြင်း၊ အမွေဆိုင်အရှုပ်အရှင်းမှ စ၍ ကျန် အရှုပ်အရှင်းရှိမရှိကို စိစစ်ဖို့ လိုပါတယ်။

၂။ အများသိစေရန် ကြေညာသင့်ပါတယ်။

အထက်ဖော်ပြပါ အရှုပ်အရှင်း နဲ့ပါတ်သက်ပြီး သိရှိန်ိုင်ရန် အတွက် သတင်းစာကနေ အတိအလင်းကြေညာသင့်ကြောင်းအကြံပြုပါရစေ။
သတင်းစာကနေ ကန့်ကွက်နိုင်ကြောင်း ကြေညာထည့်ခြင်းဖြင့် တချို့ သော ဝယ်ရောင်းကိစ္စတွေမှာ ပိုင်ရှင် အစစ်အမှန် ပေါ်လာတာတွေ့ရပါတယ်။ အမွေဆိုင်အရှုပ်အရှင်းမှ စ၍ ကျန် အရှုပ်အရှင်းရှိမရှိကို ပါတ်ဝန်းကျင်တွင်လည်းစုံစမ်းကြည့်န်ုင်ပါတယ်။

၃။ ဝယ်သူ ရဲ့ အခွင့်အရေး

ဝယ်သူသည် စရံငွေပေးပြီးနောက် ပစ္စည်း တန်ဖိုးတက်လာပါက ဝယ်သူကရရှိသည့် အခွင့်အရေးလည်းရှိပါတယ်။ ဒါ့အပြင် သတင်းစာကြေညာထည့်သွင်းကာ မိမိဝယ်ယူမည့် ပစ္စည်း သည် အရှုပ်အရှင်း ရှိမရှိကို သေချာစွာ စုံစမ်းနိုင်ပါတယ် ။ထို့အပြင် စရံငွေပေး
ကာလအတွင်း ကန့်ကွက်မှုတစုံတရာ ပေါ်ပေါက်လာ၍ နစ်နာခဲ့ရပါက နစ်နာမှု နဲ့ပါတ်သက်ပြီး နစ်နာကြေးရထိုက်ခွင့်ကို တောင်းဆိုနိုင်ပါတယ်။

၄။ ပိုင်ဆိုင်မှုအထောက်အထား မှန်ကန်မှုရှိမရှိကို စီစစ်ပါ။

သိပ်ကို အရေးကြီးသော အချက် ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုအထောက်အထား မှန်ကန်မှုရှိမရှိကို စီစစ်ရာမှာ ဂရံမြေဖြစ်ပါက ဂရံမှန်ကန်မှုရှိမရှိ၊ ပါမစ်မြေဖြစ်က ပါမစ်မှန်ကန်မှုရှိမရှိ၊ စာချုပ်အဆက်အစပ်ဘမှန်ကန်မှုရှိမရှိ ကို ကျွမ်းကျင်သူ (သို့) ရှေ့နေရှေ့ရပ်များနှင့် ဦးစွာစီစစ်ပြီးမှ စရံချပါ။ ထို့နောက် သက်ဆိုင်ရာရုံးဌာနတို့တွင်
စီစစ် ပါ။

၅။ စာချုပ် ကိုသေချာစွာ ချုပ်ဆိုပါ။

လမ်းဘေးဆိုင်မှာ ရယ်ဒီမိတ်
အသင့်ပြုလုပ်ထားတဲ့ စာချုပ်ကိုဘအသင့်ဝယ် ကွက်လပ်ဖြည့်ချုပ်ဆိုလိုက်မယ်ဆိုရင်လည်း မရဘူးလားမေးရင် ရပါတယ်။ ဒါပေမယ့် တခါတလေ အချက်အလက်တွေ မပြည့်စုံပဲ ပြသနာဖြစ်လာလို့ တရားရုံးရောက်ပြီဆိုရင် စာချုပ်စာတမ်းရဲ့စည်းနှောင်မှုအားနည်းလို့ အမှုရှုံရတာလည်း ကြုံဖူးပါတယ်။

ဒါကြောင့် တိကျသေချာတဲ့
မျက်မြင်အကြောင်းအရာ တွေကို စာချုပ်စာတမ်းမှာ သေချာထည့်သွင်းရေးသားဖို့အရေးကြီးပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်သူ (သို့)
ကျွမ်းကျင်သော ရှေ့နေရှေ့ရပ်များ နဲ့စာချုပ်ချုပ်ဆိုဖို့အကြံပြုပါရစေ။

ရှေ့နေခ ၂သိန်း/ ၃သိန်းကို နှမြောလို့ ပြသနာတွေဖြစ်တဲ့အခါ စာချုပ်ရဲ့ ရေးသားမှု အားနည်းချက်တွေကြောင့်
အမှုရှုံသွားနိုင်သလို စာချုပ်ရဲ့အားသာချက်ကြောင့် အမှုအားသာသွားတာတွေလည်းတွေ့ရပါတယ်။

နှုတ်တရာ စာတလုံးဆိုသလို
ဒါကြောင့်စာချုပ်ချုပ်ဆို အရောင်းအဝယ်ပြုလုပ်တဲ့အခါ ခိုင်ခိုင်မာမာ ချုပ်ဆိုဖို့အရေးကြီးပါတယ်။

၆။လက်ရောက်ရယူပါ။

တန်ဖိုးငွေကျပ် ၁၀၀ နှင့်အထက်ကို မှတ်ပုံတင် စာချုပ်ချုပ်ဆို၍ဖြစ်စေ၊လက်ရောက်ပေးအပ်၍ဖြစ်စေ ရောဂ်းချမှသာလျှင် တရားဝင်ပါတယ်။.

မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို မှတ်ပုံတင် စာချုပ်ချုပ်၍ရောင်းချရမည်ဖြစ်ကြောင်း ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-54 တွင် ပြဌာန်းထားသော်လည်း စာချုပ်ကို မှတ်ပုံမတင်ထားပါက လက်ရောက်အပ်နှံပေးခဲ့ပြီး လက်ရောက်ရယူခဲ့ကြောင်း သက်သေထင်ရှားပြနိုင်မှ ရောင်းချခြင်းအတည်ဖြစ်ပေသည်။

ဒါကြောင့် အရောင်းအဝယ်ပြုလုပ်သည့် ပစ္စည်းကို လက်ရောက်ရယူဖို့အရေးကြီးပါတယ်။

17/10/2022

"မြေဝယ်သူတွေ စိစစ်ရမယ့် အချက်အလက် ၂၃ ချက်"
***************************************
၁။ မြေကွက်တည်နေရာနဲ့ အလားအလာ၊

၂။ မြေကွက်အမျိုးအစား၊

၃။ မြေကွက်တန်ဖိုးဈေးနှုန်း
(ဆိုဈေးနဲ့ အလျှော့အတင်းအခြေ အနေ)

၄။ မြေကွက်အကျယ်အဝန်း
(နယ်နိမိတ်တိုင်းတာသတ် မှတ်တဲ့ မြေပုံနဲ့
တို.က်ဆိုင်စစ်ဆေး ပြီး အမှန်တကယ်ရှိမရှိ လက်တွေ့ တိုင်းကြည့်ရန်)

၅။ အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင်
ရောင်းချခြင်း ဟုတ်မဟုတ်၊

၆။ ပိုင်ဆိုင်မှုအဆင့် ဆင့်နဲ့ သက်ဆိုင်တဲ့
စာချုပ်၊ စာရွက်စာတမ်း အပြည့်အစုံမှုရှိမရှိ၊

၇။ ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့်
ရောင်းချခွင့်ရှိသူ ဟုတ်မဟုတ်၊

၈။ လိုအပ်ရင် အနည်းဆုံးလူနှစ်ဦးက
လက်မှတ်ရေးထိုးပေးနိုင်ခြင်း ရှိ မရှိ

၉။ လိုအပ်ရင်ဝယ်ယူမယ့်အ ကြောင်းကို
သတင်းစာမှာ ကြော်ငြာ တာတွေ လက်ခံ၊
လက်မခံ၊

၁၀။ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ စွန့်လွှတ်
လှူဒါန်း၊ အာမခံတင်သွင်းထားခြင်း ရှိမရှိ
တို့ကို သိထားသင့်ပါတယ်

၁၁။မြေကွက်အမှတ်၊ အိမ်အမှတ်၊

၁၂။ မြေကွက်မျက်နှာ ပြုလုပ်ရာအရပ်၊

၁၃။ လမ်းပန်းဆက်သွယ်ရေးနဲ့
ကားဝင်နိုင်မှုအ ခြေအနေ

၁၄။ ရေဝပ်၊ မဝပ်နဲ့ ရေဆင်းကောင်းမကောင်း၊

၁၅။ သ ဘာဝဘေးအန္တရာယ်ကြောင့်
ပေါ် ပေါက်နိုင်တဲ့ အန္တရာယ်ရှိမရှိ ( မြစ်ရေကြီးတာတွေ၊ တာကျိုးရေလျှံတာတွေ၊ ထူးကဲဒီရေမြုပ်ခြင်း၊ မြစ် ရေ တိုက်စားတာတွေ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ)၊

၁၆။ လျှပ်စစ်မီးရှိမရှိ၊

၁၇။ ရေရှိမှုအခြေ အနေ၊

၁၈။ အနီးပတ်ဝန်းကျင်အခြေအနေ၊

၁၉။ လမ်းမကြီး (ခရီး သည်တင်ဘတ်စ်ကားလိုင်း) က ဘယ်လောက်ကွာဝေးတယ်၊

၂၀။ မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ၊

၂၁။ အနီးဆုံးဈေးနဲ့ အနီးဆုံး ကျောင်းတွေ၊

၂၂။ သစ်ပင်နဲ့စားပင်တွေ ပါဝင်မှု၊

၂၃။ ပြန် ရောင်းရန် အလွယ်တကူပြန် ရောင်းရနိုင် မရနိုင် စတဲ့ အချက်အလက်တွေကို စိစစ်ဝယ်သူသင့်ပါ တယ်။

16/10/2022

ရှေ့နေရေးသော စာချုပ်တစ်စောင်၏တန်ဖိုး (2)

''ရှေ့နေတစ်ဦးအနေဖြင့် စာချုပ်တစ်စောင် ရေးတော့မည်ဆိုလျင် လုံလောက်သည့် တံဆိပ်ခေါင်းခွန် ။

အရေးပါသည့် စည်းမျဉ်း စည်းကမ်းအချက် များအားစာချုပ်၌ ထည့် ရေးရပါတယ်။ နောင်လာမည့် အနာဂတ်ကာလအတွက် မိမိအမှုသည် အတွက် ဥပဒေဘောင်ထဲမှ ရသင့်ရထိုက်သည့် အခွင့်အရေးဥပဒေ နှင့်အညီဖြစ်အောင်ရေးသားရပါတယ်။ ဒါ့အပြင် ဥပဒေနှင့် မဆန့်ကျင်သော သဘောတူညီချက် များကို ထည့်သွင်း ရေးသား ပေးရသည်။

ထို့အပြင် စာချုပ်တစ်စောင်ရေးတော့မယ်ဆိုရင် လက်လွတ်စပယ်ရေးလေ့မရှိပဲ ပဋိညာဉ်ဥပဒေ !ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ !သက်သေခံဥပဒေ နှင့်အညီ် ဘောင်ဝင်အောင်ရေးသားရသကဲ့သို့ စာချုပ်အမျိုးမျိုးတွင် ၎င်းတို့နှင့်သက်ဆိုင်သည့် ဥပဒေ များနှင့်အညီ စည်းလွတ်ဘောင်လွတ် မဖြစ်အောင်ရေးရပါတယ်။

မှတ်ပုံတင်စာချုပ်ကဲ့သို့ ခိုင်မာမှု့မရှိသော်လည်း အမှု့အခင်းပြသနာတစ်စုံ တစ်ရာဖြစ်လာပါက တရားမကြောင်း/ရာဇဝတ်ကြောင်းအရ တရားစွဲဆိုနိုင်အောင် မိမိအမှု့သည်မနစ်နာရအောင် တရားဝင်အောင် ချုပ်ဆိုပေးရသည်။ ''

ဒါကို နားလည်သဘောမပေါက်ပဲ အရပ်စာချုပ်ကို အလွယ်တကူဝယ်၍ ချုပ်ဆိုနေကြတာတွေ့ရပါတယ်။ တချို့က ရှေ့နေကိုပေးရမည့်ဝန်ဆောင်ခ ကများတယ် ဘာညာ
ဖြင့် ကပ်ကြ၍ စာချုပ်ကို အဖြစ်ချုပ်ဆိုတာတွေ့ရပါတယ်။

ပြသနာတစ်စုံတစ်ရာပေါ်ပေါက်လာသည်အခါ လွယ်လင့်တကူ ဝယ်ယူချုပ်ဆိုမိခြင်းကြောင့် ထည့်သွင်းချုပ်ဆိုရမည့် /သင့်သည့် ကတိကဝတ်များကို မထည်သွင်း မချုပ်ဆိုမိခြင်း/ စာချုပ်သဘောသဘာဝကိုနားမလည်ခြင်းကြောင့် အမှုအခင်းဖြစ်သည့်အခါ မိမိတောင်းဆိုချင်သည့် သက်သာခွင့်
ကို ဆုံးရှုံးရသည်ကိုကြုံဖူးပေသည်။

ထို့ကြောင့် ရှေ့နေရေးသော စာချုပ်တစ်ခု၏ တန်ဖိုး ဆိုသည်မှာ စာချုပ်ချုပ်စဉ်က ပေးရသည့် ငွေကြေး ဆိုသည်ထက် မိမိတို့ဘာသာ ချုပ်ဆိုကြသည့် စာချုပ် ကြောင့် ထိခိုက်နစ်နာဆုံးရှုံးရသည့် အခါ ကုန်ကျရသည့်များစွာသော ငွေကြေး များ၏ တန်ဖိုးပင်ဖြစ်ပေသည်။

ရှေ့နေအတွက် အဖိုးခကို မကြည့်ပဲ မိမိအတွက်ဥပဒေဘောင်ထဲမှ ရသင့်ရထိုက်သောအခွင့်အရေးကို ကြည့်ကြနော်

Lawyer May Kaye Mone
☎️09790198122

13/10/2022

မြေပုံရာဇဝင်အကြောင်း လေ့လာသိရှိထားရန်

📢📢📢

မြေပုံမြေရာဇဝင်ဆိုသည်မှာ

မရွှေ. ဖြစ်တဲ့မြေကို အရောင်းအဝယ်လုပ်ပြီဆိုတာနဲ. မြေပုံမြေရာဇဝင်ဆိုတာ ပါလာပါပြီ။

မြေတစ်ကွက်ကိုဝယ်မယ်ဆိုရင် “မြေပုံမြေရာဇဝင်” ကို အရင်စစ်ဆေးရမယ်လို. ဥပဒေတွေမှာ ပါပါတယ်။

“မြေပုံစာရွက်ရယ်” ၊ “မြေရာဇဝင်စာရွက်ရယ်” နှစ်ရွက်ပေါင်းပြီး မြေပုံမြေရာဇဝင်လို. ခေါ်ကြတာပါ။

မြေပုံမြေရာဇဝင်ကို အသုံးပြုကြတာပုံစံအမျိုးအမျိုးရှိပါတယ်၊ လူသိအများဆုံးကတော့ အိမ်ခြံမြေအရောင်း အဝယ်စာချုပ်ချုပ်တဲ့အခါပေါ့။

စာချုပ်စာတမ်းမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ (၂၁) တွင်မရွှေ.မပြောင်းနိုင်သော ပစ္စည်းရောင်းဝယ်၊ ပေးကမ်း၊ စွန်.လွှတ်စသည့်စာချုပ်များ မှတ်ပုံတင်ချုပ်ဆိုလ ျှင် “မြေပုံမြေရာဇဝင်” မပါရှိခဲ့လ ျှင်လက်ခံချုပ်ဆိုခြင်းမပြုရလို.ပါရှိပါတယ်။

မြေပုံမြေရာဇဝင်ဆိုသည်မှာ နှစ်စဉ်အမြဲပြောင်းလဲအတည်ပြုရေးဆွဲနေရပါသော “မြို.ပြမြေစာရင်း” မှ ကောက်နုတ်ချက်မိတ္တူသာဖြစ်ပါ၍ မှန်ကန်မှုရှိ/မရှိဆိုတာကို အိုးအိမ်ဦးစီးဌာန (သို.) မြို.တော်စည်ပင်တို.တွင်သာ တိုက်ဆိုင်စစ်ဆေးနိုင်ပါသည်။

မြို.နယ်မြေစာရင်းကထုတ်ပေးတဲ့ ပုံစံ ၁၀၅ မြေပုံ။ ပုံစံ ၁၀၆ ကမှမြေရာဇဝင်၊ အဲဒီ (၂)ရွက်ပေါင်းကိုမြေပုံမြေရာဇဝင်လို.ခေါ်ပါတယ်။ မြို.တော်စည်ပင်ကထုတ်ပေးတဲ့ မြေပုံကလေးပါတာကိုမြေပုံ။ မြေရာဇဝင်ပါတဲ့ စာရွက်ကိုမြေရာဇဝင်လို.ခေါ်ပြီး (၂)ရွက်ပေါင်းလိုက်တော့ မြေပုံမြေရာဇဝင် ဖြစ်သွားပါတယ်။

အောက်ပါကိစ္စရပ်များအတွက် သက်သေခံ မြေပုံ-မြေရာဇဝင်(Certified Map) လျှောက်ထားနိုင်ပါသည်။

- အဆောက်အအုံ ဆောက်လုပ်ခွင့် လျှောက်ထားရန်

- အဆောက်အအုံ အကြီးစားပြင်ဆင်ခွင့် လျှောက်ထားရန်

- ခြံစည်းရိုးကာရံခွင့် လျှောက်ထားရန်

- အဝီစိတွင်းတူးခွင့် လျှောက်ထားရန်

- ဘဏ်ငွေချေးခွင့် လျှောက်ထားရန်

- မြေကွက်ခွဲစိတ်ခွင့် လျှောက်ထားရန်

- ကျူးလွန်ခြင်းပြမြေပုံ လျှောက်ထားရန်

- အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- ပစ္စည်းခွဲဝေခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- စွန့်လွှတ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- မေတ္တာဖြင့် အပိုင်ပေးမှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- လှူဒါန်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- မြေကွက်လဲလှယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- အမှားပြင်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်

- မှတ်တမ်းအဖြစ်ထားရှိရန်

ဒီလိုအကန့်အသတ်တွေရှိတယ်

ရွာမြေ၊ ဉယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစာများကို မြေပုံမြေရာဇဝင် ရေးကူးပေးသည်။ မြေတိုင်းတားပေးသည်။

လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အဉီး ဆောက်လုပ်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ သက်သေခံမြေပုံ ထုတ်ပေးသည်။

အဆောက်အဉီးဆောက်ရန်၊ အကြီးစားပြင်ဆင်ရန်၊ ခြံစည်းရိုးကာရန်၊ အဝီစိတွင်းတူးရန်၊ ဘဏ်ငွေချေးရန် အတွက်မြေပုံမြေရာဇဝင်ကို အမည်ပေါက်ကသာ လျှောက်ထားနိုင်သည်။

စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်၊ မြေပုံနှင့် မြေရာဇဝင်ကို မြေကွက်ပူးတွဲပိုင်ဆိုင်သူများကသာ လျှောက်ထားနိုင်သည်။

ကျုးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံသည့် မြေပုံမြေရာဇဝင်ကို မြေတိုင်းမြေပုံရရှိပြီးသူကသာ လျှောက်ထားခွင့်ရှိသည်။

မြေကွက်ခွဲစိတ်ခွင့်လျှောက်ထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကို မြေပိုင်မြေ၊ ဘိုးဘွာပိုင်မြေ (အိမ်ယာမြေ)၊ ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိ ဂရန်မြေဖြစ်မှသာ လျှောက်ခွင့်ရှိသည်။

သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ် ချုပ်ဆိုရန်အတွက်သာ မြေပုံမြေရာဇဝင် လျှောက်ထားခွင့်ရှိသည်။

ဆောင်ရွက်ရပုံခြင်း မတူပါ

အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့်မြေရာဇဝင်မှအပ ကျန်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည် -

လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့်အတူနိုင်ငံသားစိစစ်ရေးကတ်ပြား၊ မြေပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်၊ ဂရန်မြေဖြစ်ပါက မြေငှားဂရန်စာချုပ်နှင့် နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာ၊ အမည်ပေါက်သူကလျှောက်ထားခြင်းမဟုတ်လျှင် ပိုင်ဆိုင်မှုအထောက်အထား သို့မဟုတ် ပိုင်ဆိုင်မှုနှင့် သက်ဆိုင်သည့် တရားရုံး စီရင်ချက်နှင့် ဒီကရီမူရင်းများ တင်ပြလျှောက်ထားရပါသည်။

ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့် တိုက်ဆိုင်စစ်ဆေး၍ လက်ခံပေးပါသည်။

တင်ပြသော အထောက်အထားနှင့် မြေစာရင်းရှိ အထောက်အထားမှန်ကန်ပါက ကွင်းဆင်းစစ်ဆေးခြင်း၊ လိုအပ်ပါက သတင်းစာတွင် (၁၄) ရက်ကြော်ငြာခြင်းများဆောင်ရွက်ပါသည်။ ကန့်ကွက်သူမရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေပုံနှင့် မြေရာဇဝင် ထုတ်ပေ:ပါသည်။

အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် မြေပုံနှင့် မြေရာဇဝင်ကို အောက်ပါအတိုင်း ဆောင်ရွက်ပေးပါသည်

လျှောက်ထားလိုသူသည် ဌာနမှ သတ်မှတ်ပုံစံနှင့် အတူ အထက်ပါ အထောက်အထားများအပြင် အမွေရှင်နှင့် ကျန်အမွေဆိုင်များ ကွယ်လွန်ကြောင်း ကျန်းမာရေးဉီးစီးဌာနမှသေစာရင်း၊ အမွေရှင်နှင့် ကျန်အမွေဆိုင်များကွယ်လွန်ပြီးဖြစ်၍ လျှောက်ထားသူသာ အမွေဆက်ခံခွင့်ရှိကြောင်း ပြည့်စုံစွာဖော်ပြရေးသားထားသည့် လျှောက်ထားသူကိုယ်တိုင် တရားရုံးတွင် ပြုလုပ်သည့် ကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ၊ တစ်မြို့နယ်တည်းတွင်နေထိုင်သူ (၂) ဉီးက လျှောက်ထားသူအား သိရှိကြောင်းနှင့် မှန်ကန်ကြောင်းထောက်ခံသည့် တရားရုံးကျမ်းကျိန်လွှာ သို့မဟုတ် ကတိသစ္စာပြုလွှာ (၂) စောင်၏မူရင်းများပါ တင်ပြလျှောက်ထားရပါမည်။

ဌာနမှ အထောက်အထားမိတ္တူများအား မူရင်းနှင့် တိုက်ဆိုင် စစ်ဆေး၍ လက်ခံပေးပါသည်။

တင်ပြထားသော အထောက်အထားနှင့် မြေစာရင်းပါအထောက်အထားများ ကိုက်ညီမှုရှိပါက ကွင်းဆင်း စစ်ဆေးခြင်း၊ လျှောက်ထားသည့် မြေကွက်နှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြ၍ သတင်းစာတွင် သီးခြားကြော်ငြာများ ဆောင်ရွက်ပါသည်။

သတင်းစာကြော်ငြာပြီး (၁၄) ရက်ပြည့်သည်အထိ ကန့်ကွက်မှုတစ်စုံတစ်ရာ မပေါ်ပေါက်ပါက သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေ၍ အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ်ချုပ်ဆို၍ မြေပုံနှင့် မြေရာဇဝင် ထုတ်ပေးပါသည်။

မြေပုံမြေရာဇဝင်သက်တမ်း

သက်တမ်းကိုနှစ်အတွင်းဟုသတ်မှတ်လေ့ရှိသည်။ သို.သော် လက်ရှိမြေကွက်ကိုခွဲစိတ်တာ၊ အခြားနည်းအသုံးပြုတာ တွေပြုလုပ်ပါက မြေပုံမြေရာဇဝင်ရဲ.သက်တမ်းပြတ်ပြယ်ပါသည်။ အသစ်ပြန်လေ ျှာက်ရပါသည်။

Address

Thaton

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959790198122

Website

Alerts

Be the first to know and let us send you an email when Lawyer May Kyae Mone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lawyer May Kyae Mone:

Share