25/03/2023
ခရစ်ယာန်ဘာသာ၀င်များလင်မယားကွာရှင်းခြင်း
သားသမီးများအုပ်ထိနိးခြင်း
***********************************
ခရစ်ယာန်ဘာသာ၀င်များသည် နှစ်ဦး သဘောတူကွာရှင်းခြင်းပြုလုပ်ခွင့်မရှိပေ။
ခရစ်ယာန်ဘာသာ၀င်များအတွက်ကွာရှင်းပြတ်စဲလိုလျှင် မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး ဥပဒေအရသာကွာရှင်းခွင့်ရခြင်းဖြစ်ပါသည်။
၁။ ထိမ်းမြားမှု ပယ်ဖျက်ခြင်း။
၂။ ထိမ်းမြားမှု ပျက်ပြယ်စေခြင်း။
၃။ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း။ စသည်အကြောင်းပြချက်များဖြင့်သာ ခရိုင်ရုံး ၊ တိုင်းဒေသကြီးတရားလွှတ်တော်တို့တွင်သာ တရားစွဲဆိုရမည်ဖြစ်ပါသည်။
ထိမ်းမြားမှု ပယ်ဖျက်ခြင်းကိစ္စ -
အောက်ပါအကြောင်းပြချက်များဖြင့် ထိမ်းမြားမှုပယ်ဖျက်ပေးရန် ခရိုင်တရားမရုံး သို့မဟုတ် တိုင်းဒေသကြီးတရားလွှတ်တော်သို့လျှောက်ထားနိုင်သည်။
(၁) လင်ယောကျာ်းဖြစ်သူသည် ၄င်း၏ဇနီးသည် ထိမ်းမြားလက်ထပ်ပြီးနောက် တစ်ပါး ယောကျာ်းနှင့်ဖောက်ပြားကျူးလွန်ပါသည်ဟူသောအကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၂) ဇနီးဖြစ်သူသည် ၄င်း၏ယောကျာ်းသည် ထိမ်းမြားလက်ထပ်ပြီးနောက် ခရစ်ယာန် ဘာသာမှ အခြားဘာသာသို့ ကူးပြောင်းကိုးကွယ်သည့်ပြင် တခြားမိန်းမတစ်ဦးနှင့် ထိမ်းမြားမှု တစ်ရပ်ပြုလုပ်ခဲ့ပါသည်ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ ၊
(၃) သွေးနီးလွန်းသူနှင့်ဖောက်ပြန်ခြင်းအကြောင်းပြချက်ဖြင့်ဖြစ်စေ ၊
(၄) နောက်မယားယူခြင်းနှင့်ဖောက်ပြန်ခြင်း အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၅) နောက်မိန်းမတစ်ဦးနှင့် ထိမ်းမြားခြင်းနှင့် ဖောက်ပြန်ခြင်းဖြင့် ဖြစ်စေ၊
(၆) မုဒိမ်းမှု၊ ယောက်ျားခြင်းမေထုန်မှီဝဲမှု၊ တိရစ္ဆာန်နှင့် မေထုန်မှီဝဲမှုကျူးလွန်ပါသည် ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၇) မိန်းကလေးတစ်ဦးနှင့် ဖောက်ပြန်ခြင်း ၄င်းအပြင် ကွာရှင်းခွင့်ပြုနိုင်လောက်သော ရက်စက်မှုကျူးလွန်ခြင်းဟူသောအကြောင်းပြချက်ဖြင့် ဖြစ်စေ၊
(၈) မိန်းမတစ်ဦးနှင့်ဖောက်ပြန်ခြင်းအပြင် ၄င်းအား (၂) နှစ်နှင့်အထက် စွန့်ပစ်ထားခြင်း ဟူသော အကြောင်းပြချက်ဖြင့် ဖြစ်စေ၊ စသည့်အကြောင်းပြချက်များဖြင့်သာ ထိမ်းမြားမှု ပယ်ဖျက်ပေးရန်လျှောက်ထားနိုင်ပါသည်။
ထိမ်းမြားမှု ပျက်ပြယ်စေခြင်း -
အောက်ပါအကြောင်းများဖြင့် ထိမ်းမြားမှုပျက်ပြယ်ကြောင်း ကြေညာပေးရန် ခရိုင်တရားမ ရုံး (သို့မဟုတ်) တရားလွှတ်တော်သို့တင်သွင်းနိုင်သည်။
(၁) တရားပြိုင်သည် ထိမ်းမြားစဉ်က ပန်းသေရောဂါရှိနေကြောင်းနှင့် တရားစွဲဆိုသည့် အချိန်တွင် ပန်းသေရောဂါရှိနေကြောင်း ၊
(၂) ထိမ်းမြားကြသူတို့သည် ထိမ်းမြားခြင်းမပြုရန် တားမြစ်ထားသည့် သွေးနီးတော်စပ် သူများဖြစ်ကြောင်း၊
(၃) ထိမ်းမြားသူတစ်ဦးဦးသည် ထိမ်းမြားစဉ်က စိတ်မနှံံ့သူဖြစ်ကြောင်း၊
(၄) ထိမ်းမြားသူ၏ ယခင်အိမ်ထောင်သည် ထိမ်းမြားစဉ်အသက်ရှင်လျက်ရှိကြောင်း နှင့် ယခင်အိမ်ထောင်ရေးမှာ တည်မြဲနေလျက်ရှိကြောင်း၊ စသည့်အကြောင်းပြချက်များဖြင့် တင်သွင်းနိုင်သည်။
ခရိုင်တရားမတရားသူကြီးက ထိမ်းမြားမှုပျက်ပြယ်ကြောင်း ချမှတ်သည့် ဒီကရီသည် တရားလွှတ်တော်၏ အတည်ပြုချက်ရရန်လိုအပ်ပါသည်။
တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း -
အောက်ပါအကြောင်းများဖြင့် တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်းကို ခရိုင်တရားမ ရုံး (သို့မဟုတ်) တရားလွှတ်တော်သို့တင်သွင်းနိုင်သည်။
(၁) လင်ယောကျာ်း(သို့) မယားဖြစ်သူသည် မိမိအိမ်ထောင်ဖက်မှ တစ်ပါးသူနှင့်ဖောက်ပြန်ခြင်း၊
(၂) ရက်စက်မှုကျူးလွန်ခြင်း
(၃) လုံလောက်သောအကြောင်းတစ်စုံတစ်ရာမရှိဘဲ (၂) နှစ်သို့မဟုတ် (၂) နှစ်အထက်စွန့်ပစ် ထားခဲ့ခြင်းဟူသော အကြောင်းပြချက်ဖြင့်ဖြစ်စေ၊ တရားရုံးဒီကရီဖြင့် ခင်ပွန်းနှင့်ခွဲနေစေခြင်း ကိုလျှောက်ထားနိုင်ပါသည်။
#ခရစ်ယာန်ဘာသာ၀င်များလင်မယားအဖြစ်ပြန်လည်ပေါင်းသင်းခြင်းနောက်ထပ်ထိမ်းမြားခြင်း ခင်ပွန်းသည်နှင့်
ခွဲနေထိုင်ရန် ဒီကရီကိုပယ်ဖျက်ခြင်း #
ခင်ပွန်းသည်နှင့် ခွဲနေထိုင်ရန် ဒီကရီကို ပယ်ဖျက်ခြင်း -
လင်ယောကျာ်း (သို့) မယားဖြစ်သူသည် ခင်ပွန်းနှင့်ခွဲနေထိုင်ရန် ဒီကရီချမှတ်ပြီးနောက် မည်သည့်အချိန်တွင်မဆို ဒီကရီချမှတ်သည့် တရားရုံးသို့ ယင်းဒီကရီကို ပယ်ဖျက်ပေးရန် အောက် ပါအကြောင်းပြချက်ဖြင့်လျှောက်ထားနိုင်ပါသည်။
သူ(သို့)သူမ၏ မျက်ကွယ်ရာတွင် ဒီကရီရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းပြင်စွန့်ပစ်သည်ဟူ သောအကြောင်းပြချက်ဖြင့် ရရှိသောဒီကရီဖြစ်လျှင် ယင်းကဲ့သို့စွန့်ပစ်ရန် လုံလောက်သော အကြောင်း ရှိကြောင်း ဟူသော အကြောင်းပြချက်ဖြင့်ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်သည်။
လင်မယား ပြန်လည်ပေါင်းသင်းခြင်း -
လင်ယောကျာ်း သို့မဟုတ် မယားဖြစ်သူသည် လုံလောက်သောအကြောင်း တစ်စုံတစ်ရာ မရှိဘဲ၊ မိမိအိမ်ထောင်ဖက်နှင့်ခွဲခွာနေလျှင်၊ မယားဖြစ်သူသည် (သို့) လင်ယောကျာ်းသည် ခရိုင်တရားမတရားရုံး (သို့) တရားလွှတ်တော်သို့ လင်မယားပြန်လည်ပေါင်းသင်းရန် လျှောက် လွှာဖြင့် လျှောက်ထားနိုင်သည်။ တရားရုံးသည် လျှောက်လွှာတွင်ဖော်ပြထားသည့် အဆိုပြုချက် များမှန်ကန်သည်ဟုကျေနပ်လျှင် ၊ ၄င်းပြင်လျှောက်လွှာကို ခွင့်မပြုနိုင်သေယ ဥပဒေ အကြောင်း အချက် တစ်စုံတစ်ရာမရှိလျှင် လင်မယားပြန်လည်ပေါင်းသင်းရန်ဒီကရီချမှတ်နိုင်သည်။
နောက်ထပ် ထိမ်းမြားခြင်း -
ခရိုင်တရားမတရားသူကြီး ချမှတ်ခဲ့သည့် ထိမ်းမြားမှုကို ဖျက်သိမ်းသည့်ဒီကရီကို တရား လွှတ်တော်က အမိန့်ဖြင့် အတည်ပြုပြီးနောက် (၆)လကျော်လွန်ခဲ့လျှင်၊ ၄င်းပြင်အယူခံစီရင်ပိုင်ခွင့်၊ ၄င်း၏အာဏာကို ကျင့်သုံးရန် ယင်းဒီကရီကိုအယူခံခြင်းမရှိလျှင်၊ သို့မဟုတ် ယင်းသို့အယူခံခြင်းကို ပလပ်ခဲ့ပြီး၊ (သို့) ယင်းသို့အယူခံရာ၌ထိမ်းမြားမှု ဖျက်သိမ်းကြောင်း ကြေညာခဲ့လျှင် ထိမ်းမြားမှု နှင့်သက်ဆိုင်သူ နှစ်ဦးစလုံးသည် ယခင်ထိမ်းမြားမှုများ သေဆုံးခြင်းဖြင့်ဖျက်သိမ်းပြီး ဖြစ်သကဲ့သို့ နောက်ထပ် တရား၀င်ထိမ်းမြားခြင်းပြုလုပ်နိုင်ရမည်။ သို့ရာတွင် ထိုအချိန်ကာလထက်စော၍ ထိမ်းမြားခြင်းမပြုနိုင်ချေ။
သို့ရာတွင် ယင်းအမိန့် သို့မဟုတ် ဒီကရီကို တရားလွှတ်တော်ချုပ်သို့ အယူခံခြင်းမပြုမှသာ လျှင် ဖြစ်ရမည်။
ယင်းအယူခံကို ပလပ်ခဲ့ပြီးဖြစ်လျှင် သို့မဟုတ် အယူခံရာတွင် ထိမ်းမြားမှုဖျက်သိမ်းကြောင်း မြွတ်ဟကြေညာခဲ့လျှင် ထိမ်းမြားမှုနှင့်သက်ဆိုင်သူ နှစ်ဦးစလုံးသည် ယခင်ထိမ်းမြားမှုမှာ သေဆုံး ခြင်းဖြင့် ဖျက်သိမ်းပြီးဖြစ်သကဲ့သို့ နောက်ထပ်တရား၀င်ထိမ်းမြားခြင်းပြုလုပ်နိုင်သည်။ သို့ရာတွင် ထိုအချိန်ကာလထက်စော၍ ထိမ်းမြားခြင်း မပြုလုပ်နိုင်ချေ။
#ခရစ်ယာန်ဘာသာ၀င်များစားစရိတ်အကြောင်း ...
မြန်မာနိုင်ငံလင်မယားကွာရှင်းရေး ဥပဒေအရ လျှောက်ထားသည့် အမှုတိုင်းတွင် လင် ယောကျာ်းက လျှောက်ထားသည်ဖြစ်စေ၊ မယားကလျှောက်ထားသည်ဖြစ်စေ၊ မယားဖြစ်သူ သည် အမှုအတောအတွင်း စားစရိတ်တောင်းရန်လျှောက်လွှာတင်သွင်းနိုင်သည်။
တရားရုံးသည်လျှောက်လွှာတွင်ပါရှိသော အဆိုပြုချက်များ မှန်ကန်ကြောင်း ကြေညာလျှင် လင်ယောကျာ်းအား အမှုအတောအတွင်းမယားသို့ စားစရိတ်ပေးရန် သင့်မြတ်သလို အမိန့်ချမှတ် နိုင်သည်။
သို့ရာတွင် အမှုအတောအတွင်းပေးရန် ချမှတ်သည့် စားစရိတ်သည် တရားရုံးအမိန့်ချမှတ် သည့်နေ့မှ လွန်ခဲ့သည့် ၃ နှစ်အတွင်းလင်ယောက်ျားရရှိသည့်အသားတင်၀င်ငွေ၏ ၅ ပုံ ၁ပုံထက် ကျော်လွန်ခြင်းမရှိစေရ။ ယင်းအမိန့်သည် ထိမ်းမြားမှုပယ်ဖျက်သည့် ဒီကရီမှဖြစ်လျှင် အပြီးအပြတ် ဒီကရီချမှတ်သည့် အချိန်အထိ အတည်ဖြစ်စေရမည်။ ထိမ်းမြားမှုပျက်ပြယ်သည့် ဒီကရီဖြစ်လျှင် အတည်ပြုသည့် အချိန်အထိ အတည်ဖြစ်စေရမည်။
တရားလွှတ်တော်သည် သင့်တော်သည်ထင်မြင်လျှင်၊ ထိမ်းမြားမှုပျက်ပြယ်သည့် ဒီကရီ ဖြစ်လျှင် အပြီးအပြတ် ဒီကရီချမှတ်သည့်အခါတွင်လည်းကောင်း၊ သို့မဟုတ် မယားဖြစ်သူ ရရှိထား သည့် ခင်ပွန်းနှင့်ခွဲနေထိုင်ရန်ဒီကရီဖြစ်လျှင်လည်းကောင်း၊ ထိုနည်းတူ ခရိုင်တရားမတရားသူကြီး သည်သင့်လျော်သည်ထင်မြင်လျှင်၊မိမိချမှတ်ခဲ့သည့်ထိမ်းမြားမှု ပယ်ဖျက်သည့်ဒီကရီကို အတည် ပြုသည့်အခါတွင်လည်းကောင်း၊ သို့မဟုတ် မယားဖြစ်သူက ခင်ပွန်းနှင့်ခွဲနေထိုင်ရန် ဒီကရီရရှိထား လျှင်လည်းကောင်း၊ လင်ယောကျာ်းအား ၄င်းတက်နိုင်စွမ်းရှိသလောက် ငွေအလုံးအရင်း၊ (သို့) မယားအသက်ရှင်လျက်ရှိသည့်အချိန် ထက်မကျော်လွန်ဘဲ သူမအား နှစ်စဉ်စားစရိတ်ထောက်ပံ့ ရန်ငွေပမာဏကို သတ်မှတ်ပေးပြီး သင့်လျော်သည်ထင်မြင်လျှင် ယင်းသတ်မှတ်သည့်ငွေပေးရန် အတွက် စာချုပ်တစ်ခုကို သူတို့အတွင်း ချုပ်စေရန် အမိန့်ချမှတ်နိုင်သည်။
ပစ္စည်းခွဲဝေပေးခြင်း
တရားရုံးသည် ယင်းသို့ဆောင်ရွက်ရန် လင်ဖြစ်သူက မယားဖြစ်သူအား လစဉ်၊ သို့မဟုတ် အပတ်စဉ် စားစရိတ်ထောက်ပံ့ငွေကို တရားရုံးကသင့်လျော်သည်ဟု ယူဆသလိုပေးစေရန် အမိန့်ချမှတ်နိုင်သည်။
သို့ရာတွင် လင်ယောကျာ်းသည် နောက်ပိုင်းတွင် အကြောင်းတစ်ခုခုကြောင့် ထောက်ပံ့ ကြေးပေးရန် မတက်နိုင်လျှင် ၊ တရားရုံးသည်အမိန့်ကို ပယ်ဖျက်နိုင်သည်။ သို့မဟုတ် ပြင်ဆင်နိုင် သည်။ သို့မဟုတ် ထောက်ပံ့ကြေးတစ်ရပ်လုံး သို့မဟုတ် တစ်စိတ်တစ်ဒေသကို ဆိုင်းငံ့ထားနိုင် သည်။ ၄င်းပြင်တရားရုံးက သင့်လျော်သည်ထင်မြင်သည့် ထောက်ပံ့ကြေးကို ပြန်လည်ပေးစေရန် အမိန့်ချမှတ်နိုင်သည်။
#ခရစ်ယာန်ဘာသာ၀င်များသားသမီးအုပ်ထိန်းရေး အကြောင်း...
ခင်ပွန်းနှင့်ခွဲနေထိုင်ရန် လျှောက်ထားသည့်အမှုတွင် တရားရုံးသည် ဒီကရီမချမှတ်မီ၊ ယင်း အိမ်ထောင်မှ အရွယ်မရောက်သေးသည့်ကလေးများ အုပ်ထိန်းမှု ၊ စားစရိတ် ၊ ပညာသင်ကြားရေး တို့နှင့်စပ်လျဉ်း၍ သင့်လျော်သလို ကြားဖြတ်အမိန့်များ ချမှတ်နိုင်သည်။
သင့်လျော်သည်ထင်မြင်လျှင် ယင်းကလေးများကို တရားရုံး၏ စောင့်ရှောက်မှုအောက် တွင် ထားရှိနိုင်ရန် အရေးယူဆောင်ရွက်နိုင်သည်။
ခင်ပွန်းနှင့်ခွဲနေထိုင်ရန် ဒီကရီချမှတ်ပေးပြီးနောက်တွင် ယင်းအိမ်ထောင်မှ အရွယ် မရောက် သေးသည့်ကလေးများ အုပ်ထိန်းမှု ၊ စားစရိတ် ၊ ပညာသင်ကြားရေး တို့နှင့်ပတ်သက်၍ လျှောက်ထားသည့်အခါအားလျော်စွာ အမိန့်ချမှတ်နိုင်သည်။ သို့မဟုတ် ကလေးများကို တရားရုံး ၏ စောင့်ရှောက်မှုအောက်တွင် ထားရှိနိုင်ရန် အမိန့်ချမှတ်နိုင်သည်။
တရားလွှတ်တော်တွင် စွဲဆိုသည့် ထိမ်းမြားမှုပယ်ဖျက်ပေးရန် အမှုတွင် (သို့) ထိမ်းမြားမှု ပျက်ပြယ်ကြောင်း စွဲဆိုသည့်အမှုတွင်၊ (သို့) တရားလွှတ်တော်သို့ စစ်ဆေးရန် ပြောင်းရွှေ့ပေး သည့်အမှုတွင် တရားလွှတ်တော်သည် အပြီးသတ်ဒီကရီမချမှတ်မီ (သို့) ၄င်းဒီကရီမချမှတ်မီ ကြားဖြတ်အမိန့်များ ချမှတ်၍လည်းကောင်း၊ ခရိုင်တရားမရုံးတွင် စွဲဆိုသောအမှုတွင် အပြီးအပြတ် ဒီကရီ မချမှတ်မီ အခါအားလျော်စွာ ကြားဖြတ်အမိန့်များ ချမှတ်၍လည်းကောင်း၊ တရားလွှတ် တော်(သို့) ခရိုင်တရားမရုံးသည်လည်းကောင်း၊ အိမ်ထောင်မှအရွယ်မရောက်သေးသည့်ကလေး များ အုပ်ထိန်းမှု၊ စားစရိတ်၊ပညာသင်ကြားရေးတို့နှင့် ပတ်သက်၍ ကြားဖြတ်အမိန့်များ ချမှတ် နိုင်သည်။ ၄င်းပြင်ထိုကလေးများကို တရားရုံး၏ စောင့်ရှောက်မှုအောက်တွင် ထားရှိနိုင်ရန် အမိန့် ချမှတ်နိုင်သည်။
တရားလွှတ်တော်သည် ထိမ်းမြားမှု ပယ်ဖျက်ကြောင်း စွဲဆိုသည့်အမှုတွင် အပြီးအပြတ် ဒီကရီချမှတ်သည့်အခါ၊ (သို့) ထိမ်းမြားမှုပျက်ပြယ်ကြောင်း ဒီကရီချမှတ်သည့်အခါ တရားမတရား ရုံးသည် မိမ၏ထိမ်းမြားမှု ပယ်ဖျက်ကြောင်း ဒီကရီ၊ (သို့) ထိမ်းမြားမှုပျက်ပြယ်ကြောင်း ဒီကရီကို အတည်ပြုလိုက်သည့်အခါ အရွယ်မရောက်သေးသည့်ကလေးများအတွက် လျှောက်လွှာနှင့် လျှောက်ထားလာလျှင် အခါအားလျော်စွာ ကလေးများအုပ်ထိန်းမှု၊ စားစရိတ်၊ ပညာသင်ကြားရေး တို့နှင့် ပတ်သက်၍ အမိန့်များချမှတ်နိုင်သည်။ ၄င်းပြင်ထိုကလေးများကို တရားရုံး၏ စောင့်ရှောက် မှုအောက်တွင် ထားရှိနိုင်ရန် အမိန့်ချမှတ်နိုင်သည်။
Credit -