28/01/2026
ပြည်ထောင်စုတရားလွှတ်တော်ချုပ် အကြောင်း
သိကောင်းစရာ
နိဒါန်း
တရားစီရင်ရေးအာဏာသည် နိုင်ငံတော်အုပ်ချုပ်ရေးစနစ်၏ အခြေခံအင်အားတစ်ရပ်ဖြစ်ပြီး ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကို ထိန်းသိမ်းပေးသည့် အရေးပါဆုံးသော အဖွဲ့အစည်းတစ်ခုမှာ တရားရုံးစနစ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမြင့်ဆုံးသော တရားစီရင်ရေးအဖွဲ့အစည်းအဖြစ် တည်ရှိနေသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် သည် တရားစီရင်ရေးစနစ်၏ အထွတ်အထိပ်အာဏာကို ကိုယ်စားပြုကာ တရားမျှတမှုကို အာမခံပေးသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သမိုင်းကြောင်းကို လေ့လာခြင်းသည် မြန်မာ့တရားစီရင်ရေးစနစ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြောင်းအလဲများကို နားလည်သိရှိနိုင်မည်ဖြစ်ပါသည်။
သမိုင်းနောက်ခံ
ရှေးမြန်မာဘုရင်များလက်ထက်ကတည်းကစတင်၍ မြန်မာနိုင်ငံတွင် ခိုင်မာသည့် တရားစီရင်ရေးစနစ်နှင့် ဥပဒေရေးရာ အခြေခံအုတ်မြစ်တို့ တည်ရှိခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့ရိုးရာဥပဒေသည် ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံးတို့ဖြင့် ဖွဲ့စည်းထားပါသည်။
ရာဇသတ်ဟူသည် ပြည့်ရှင်ဘုရင်၏ အမိန့်ပြန်တမ်းနှင့် တစ်ချက်လွှတ် အမိန့်များ ဖြစ်ပြီး ၎င်းတွင် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ခိုးမှု အစရှိသည့် မှုခင်းများ အပါအဝင် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်း သာယာရေးအတွက် ဘုရင်မှ ထုတ်ပြန်သည့် အမိန့်များ၊ ရာဇဝတ် ဥပဒေများ ပါဝင်ပါသည်။
ဓမ္မသတ်ဆိုသည်မှာ ခေတ်အလိုက် ရွေးထုတ် စုစည်းထားသော မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။ ထင်ရှားသည့် တရားသူကြီးများနှင့် လူပညာရှိများ၏ ဆုံးဖြတ်ချက်၊ ရေးသားချက်များ စဉ်းစား ဆင်ခြင် ကောက်ယူပုံ အကြောင်းအချက်များ၊ သဘောတူ ဆုံးဖြတ်ချက်များ ပါဝင်သည့် မြန်မာတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။
အမှန်စင်စစ် ဓမ္မသတ်များသည် လူမှုပြဿနာများအတွက် ချမှတ်ထားသည့် တရားဥပဒေမူများ၊ စည်းမျဉ်း စည်းကမ်းများ၊ အထူးသဖြင့် လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ အမွေဆက်ခံခြင်း၊ မွေးစားခြင်း အစရှိသည့် ကိစ္စရပ်များနှင့် နှီးနွယ်သည့် တရားမဥပဒေများ စုစည်းပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အဆိုပါ ဥပဒေ စည်းမျဉ်း စည်းကမ်းများသည် "ဥပဒေအရ အားလုံး တန်းတူ ရည်တူ အခွင့်အရေး ရှိသည်" ဟူသည့် မူအပေါ် အခြေခံထားခြင်း ဖြစ်ပြီး အဆိုပါ မူကို ယနေ့တိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တရားရုံးများတွင် ဆက်လက် လိုက်နာ ကျင့်သုံးလျက် ရှိပါသည်။
ဖြတ်ထုံးဆိုသည်မှာ လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ထုံးများကဲ့သို့ တရားရုံးများ၊ ခုံရုံးများနှင့် ဘုရင့်လွှတ်တော်၏ တရားစီရင်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်များ ဖြစ်ပါသည်။
ထိုခေတ်ကာလကပင် ပြစ်မှုနှင့် တရားမ တရားစီရင်ရေး ဟူ၍ ကွဲပြားခြားနားမှု ရှိခဲ့ပါသည်။ အများပြည်သူ လုံခြုံမှုကို ထိခိုက်စေသော၊ ငြိမ်းချမ်း သာယာမှုကို အလုံးစုံ ထိခိုက် ပျက်ပြားစေသော ပြုလုပ်မှုများကို တားဆီးခြင်း၊ အပြစ်ပေးခြင်း ကိစ္စရပ်များအတွက် အစိုးရ၏ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းရပ်၊ အစိတ်အပိုင်းရပ် အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ တစ်ဖက်တွင် တရားမ တရားစီရင်ရေးကို ဘုရင်မှ ခန့်အပ်သည့် တရားသူကြီးများ၊ နှစ်ဖက် အမှုသည်များ သဘောတူ ရွေးချယ်သည့် ခုံသမာဓိ လူကြီးများက ဆောင်ရွက် စေခဲ့ပါသည်။ သဘောသဘာဝအားဖြင့် အယူခံအတွက် နောက်ဆုံးအဆင့် ဘုရင်ထံ အယူခံ ဝင်ရောက်ရန် ထားရှိသော်လည်း ခုံသမာဓိ လူကြီးများ၏ ဆုံးဖြတ်ချက်အတွက် အယူခံခွင့် မရှိပါ
ကိုလိုနီခေတ်ကာလနှင့် တရားစီရင်ရေးစနစ်၏ အစပြုဖွဲ့စည်းမှု
မြန်မာနိုင်ငံ၏ တရားရုံးစနစ်သည် အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးကာလတွင် စနစ်တကျစတင်ဖွဲ့စည်းလာခဲ့သည်။ ဗြိတိသျှအာဏာပိုင်များသည် အင်္ဂလိပ် Common Law စနစ်နှင့် ဥပဒေအုပ်ချုပ်ရေးပုံစံများကို မြန်မာနိုင်ငံအတွင်း ထည့်သွင်းကျင့်သုံးခဲ့ကြသည်။ ထိုကာလတွင် တရားရုံးများကို အဆင့်လိုက်ဖွဲ့စည်းကာ တရားစီရင်ရေးလုပ်ငန်းများကို ကိုလိုနီအုပ်ချုပ်ရေး၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ရည်ရွယ်ခဲ့သည်။
ကိုလိုနီခေတ်တရားရုံးစနစ်သည် မြန်မာ့ရိုးရာတရားစီရင်မှုနှင့် ကွဲပြားသော ပုံစံအသစ်တစ်ရပ်ဖြစ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ တရားစီရင်ရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံအုတ်မြစ်အဖြစ် သက်ရောက်ခဲ့သည်။
ဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်မှု
လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိပြီးနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ တရားလွှတ်တော်ချုပ်၊ တရားလွှတ်တော်နှင့် အဆင့်ဆင့်သော တရားရုံးများကို ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ နိုင်ငံတော်အာဏာကို ရယူခဲ့ပြီးနောက် တရားစီရင်ရေးစနစ်အား ဆိုရှယ်လစ် တရားစီရင်ရေးစနစ်သို့ အသွင် ပြောင်းလဲခဲ့ပါသည်။ တော်လှန်ရေး ကောင်စီသည် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်အား ဖျက်သိမ်းပြီး ယင်းတို့အစား တရားရုံးချူပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဗဟိုတရားရုံး၊ ပြည်နယ်နှင့် တိုင်းတရားရုံးများ၊ မြို့နယ်တရားရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု တရားရုံးများကို ဖွဲ့စည်းခဲ့ပါသည်။ ထိုခေတ် တရားစီရင်ရေးစနစ်၏ ထူးခြားချက်မှာ တရားရုံးအဆင့်ဆင့်တွင် လုပ်သားပြည်သူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် မြန်မာနိုင်ငံ၌ တရားစီရင်ရေး ဆောင်ရွက်ရန်နှင့် အဆင့်ဆင့်သော တရားရုံးများ ဖွဲ့စည်းရန်အတွက် ၁၉၈၈ ခုနှစ်၊ တရားစီရင်ရေး ဥပဒေကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ တရားရုံးများ ပြင်ဆင်ဖွဲ့စည်းရန်နှင့် တရားစီရင်ရေးစနစ် ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၇ ရက် နေ့တွင် ၂၀၀၀ပြည့်နှစ် တရားစီရင်ရေးဥပဒေကို ပြဌာန်းပြီးနောက် ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေအား ဖျက်သိမ်းခဲ့ပါသည်။
မျက်မှောက်ခေတ် တရားစီရင်ရေး စနစ်သည် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေတို့အရ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ပင်မအဆောက်အအုံ၌ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့သဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားခွင်များကို ဇေယျာသီရိခရိုင်တရားရုံးသို့ ပြောင်းရွှေ့ရုံးထိုင်လျက်ရှိပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်သူများ၏ ဥပဒေပါအခွင့်အရေးများ နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ရုံးဖွင့်ရက်များတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းမည့် အမှုများကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ အမှုလက်ခံကောင်တာ၌ ယခင်အတိုင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကြိုတင်သတိပေးအမှုခေါ်စာရင်းနှင့် ရုံးခန်းတွင်း ဆောင်ရွက်ချက်၊ ရုံးထိုင်ဆောင်ရွက်ချက်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၏ ကြော်ငြာသင်ပုန်းများတွင်လည်းကောင်း၊ ဇေယျာသီရိခရိုင် တရားရုံးကြော်ငြာ သင်ပုန်းတွင်လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် www.unionsupremecourt.gov.mm တွင်လည်းကောင်း ကြည့်ရှုနိုင်ပြီး ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်မှစ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင် တရားရုံး ဖုန်း-၀၆၇-၄၅၁၀၂၄၂ ၌ တရားခွင်များဖွင့်လှစ်ပြီး ကြားနာခြင်း၊ အမိန့်ချမှတ်ခြင်းများကို ရုံးထိုင်ဆောင်ရွက်လျက်ရှိပါသည်။
အချုပ်အားဖြင်ဆိုသော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဥပဒေစိုးမိုးရေး၊ တရားမျှတမှုနှင့် နိုင်ငံသားအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရာတွင် အရေးပါဆုံးသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သော်ကြောင့်
ကောင်းစွာသိရှိ နာလည်းထားသင့်ပါသည်။
ဥပဒေဗဟုသုတများ ရရှိစေရန်အလိုငှာ စုစည်းဖော်ပြခြင်းဖြစ်ပါသည်