20/02/2023
ဟန်ဆောင်စာချုပ်သမိုင်း
•••••••••••••••••••••••••
မြန်မာနိုင်ငံတွင် မြန်မာလူမျိုးတို့သည် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ပေါင်နှံရာ၌ အရောင်းအဝယ် စာချုပ်ချုပ်ဆိုတတ်ကြောင်း၊ လွန်ခဲ့သော နှစ် ၁၃ဝ ကျော် ၁၈၈၉ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သော ဖိုးရွှေအောင် ပါ ၂ နှင့် ဖိုးတိုဗျား (S.J) 494 (497) အမှုတွင် ညွှန်ပြပါသည်။
၁၈၉၄ ခုနှစ်တွင် ဆုံးဖြတ်သော မအင်လွန်း နှင့် မမယ်လှဗြေ၊ (P.J)85 (87) အမှုတွင် အလားတူ အလေ့ အထ ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။
အထင်ကရ အမှုတစ်မှုမှာ ရန်ကုန်မြို့၊ ထိုစဉ်က ကြည့်မြင်တိုင်ရပ်တွင် မြေပေါင်ရာမှ ပေါ်ပေါက်လာသောအငြင်းပွားမှုကို ပရီဗွီကောင်စီအထိ နှစ်ကြိမ်တိုင်တိုင် တက်၍အရေးဆိုခဲ့ရသော အမှုဖြစ်ပါသည်။မောင်ကျင် နှင့် မရွှေလ ပါ အများ၊ 9 L.B.R.114(P.C) နှင့် အဆိုပါစီရင်ထုံးစာအုပ် စာမျက်နှာ ၁၃၈ မှ ၁၄၂ တွင် ဖော်ပြထားသော အမှုတို့ဖြစ်ပါသည်။
ထိုအယူခံမှုများ ပေါ်ပေါက်စေသောအမှုတစ်မှုကိုတရားရုံးချုပ် မူလဘက်ဌာနတွင် တရားရုံးချုပ် တရားသူကြီးက စစ်ဆေးပြီး ဆုံးဖြတ်ရာ၌ 9 L.B.R. 114 (121) (P.C)တွင် ပစ္စည်းပေါင်နှံရာ၌ အရောင်းအဝယ် စာချုပ်ချုပ်တတ်သည့် မြန်မာတို့၏ အလေ့အထကို အောက်ပါအတိုင်းဖော်ပြထားပါသည်။
"He now endeavours to profit by his fraud or has since determined to try and get the property by taking advantage of the old Burmese custom of taking a sale deed where a mortgage only was contemplated. He cannot profit by this fraud."
အပေါင်ခံသူ ငွေရှင်ကြေးရှင်များဘက်မှ ပစ္စည်းအပေါင်ခံရာ၌ ၎င်းတို့ဆန္ဒအရ အရောင်းအဝယ် စာချုပ်များချုပ်ဆိုခဲ့ကြရသဖြင့် ပေါင်နှံသူက အမှုတွင် အဖြစ်အပျက်အမှန် အပေါင်ကိစ္စကို ဖော်ထုတ်ရာ၌ အခက်အခဲများစွာ တွေ့ကြုံရပါသည်။
ယခုအခါ အပေါင်ခံသူက ပေါင်နှံသူ(ရောင်းသူ)ထံမှကိုယ်စားလှယ်လွှဲစာရယူခြင်း၊ အပေါင်ပစ္စည်းကို လက်ရောက်ရယူခြင်း စသည့် အသားစီးများရယူခဲ့သဖြင့် ဖြစ်ရပ်မှန်ကို ဖော်ထုတ်ရာ၌ ပို၍ပင်ခက်ခဲလှပါသည်။တရားရုံးများတွင် အမှန်တရားကို ဖော်ထုတ်ရာ၌ အခက်အခဲနှင့် ပို၍ ရင်ဆိုင်လာရပါသည်။
မြန်မာအဘိဓာန်တွင် “ ဟန်ဆောင်” ဝေါဟာရကို ပကတိအတိုင်း မဟုတ်သော အမူအရာ၊ အသွင်အပြင် ပေါ်အောင် လုပ်ကြံကြိုးစားသည်၊အယောင်ဆောင်သည်ဟူ၍ ဖွင့်ဆိုပါသည်။
တရားသူကြီးချုပ် ဒေါက်တာမောင်မောင်က ဦးခွေးနှင့် ဦးအေးပါ ၂ 1965 B.LR (C.C ) 1116 (1125) တွင် “ မစစ်မမှန် အယောင်ဆောင်စာချုပ်”ဟု သုံးနှုန်းပါသည်။
မျက်မှောက်ခတ် တရားစီရင်ရေးသမိုင်းတွင် အရောင်းမှတ်ပုံတင်စာချုပ်ကို ဟန်ဆောင်စာချုပ် အဖြစ် အမှန်အတိုင်းဖော်ထုတ်ဆုံးဖြတ် နိုင်သော အမှုများမှာ တရားရေးနယ်ပယ်တွင် အသိများသော ဦးမြတ်ထင်ပါ ၃ နှင့် ဒေါ်ကျင်ယုံပါ ၂ 1964 B.L.R (CC) 250 ဒေါ်မြမေ နှင့် ဒေါ်ကျင်ပါ ၂ 1964 B.L.R (CC )885 ဒေါ်သောင်းချစ် ပါ ၅ နှင့် ဦးထွန်းလှိုင် ပါ ၂ 1965B.L.R (C.C)19 ၊ ဒေါ်တင်အေး နှင့် ဒေါ်စိန်နု၊ 1972 B.L.R (C.C )24 တို့ဖြစ်ပါသည်။
ဦးမြတ်ထင် အမှု၌ ဟန်ဆောင်စာချုပ်ဟု ရည်ညွှန်းဆုံးဖြတ်သော အရောင်းအဝယ်စာချုပ်မျိုးကို ရှီယိုကရန်ဆင်းနှင့် ဆူရာနတ်(သ်)ဆင်း ပါ ၃၊ 1959 B.L.R.(C.C ) 207 အမှုတွင် fictitous ဟု လည်းကောင်း၊ ဒေါ်သောင်းချစ် အမှုတွင် sham document ဟုလည်းကောင်း၊ ပြဆိုပါသည်။
ဦးမြတ်ထင် အမှုတွင် ဟန်ဆောင်စာချုပ်ဟု မြန်မာဘာသာဖြင့် ထုံးဖွဲ့လိုက်ရာမှ အရောင်းအဝယ်စာချုပ်ကို အခြေခံကာ စွဲဆိုသော အမှုများတွင် ဟန်ဆောင်စာချုပ်ဟု တရားပြိုင်ဘက်မှ ဖော်နည်းကားအဖြစ် ချေပလာသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။
ဦးမြတ်ထင် အမှုတွင် အချင်းဖြစ်စာချုပ်သည် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြစ်ပါသည်။ တရားသူကြီးချုပ် ဦးဘိုကြီးက တရားမဒုတိယအယူခံတွင် ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း စီရင်ထုံးစာမျက်နှာ ၂၅၄ ဒုတိယအပိုဒ် မှ ၂၅၆ ပထမအပိုဒ်ထိတို့တွင် အကြောင်းပြ ဆုံးဖြတ်ပါသည်။
ဒေါ်မြမေ အမှုတွင်လည်း မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးခဲ့ရသည့်ကိစ္စဖြစ်ပါသည်။ တရားသူကြီးချုပ် ဦးဘိုကြီးက စီရင်ထုံးစာမျက်နှာ ၈၈၈ မှ ၈၈၉ တွင် ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း အောက်ပါအတိုင်း သုံးသပ်ဆုံးဖြတ်ပါသည်။
“မူလရုံး ပညာရှိတွဲဘက် တရားမ တရားသူကြီးချုပ်သည်လည်း၊ အထက်ပါကဲ့သို့ပင် စဉ်းစားကာ သက်သေများကို စစ်ဆေးသုံးသပ် ခဲ့လေသည်။ ထိုသုံးသပ်ချက်အရ ဒေါ်ကျင်ခုခံချေပသကဲ့သို့ အမှန်အားဖြင့် ၎င်းနှင့် ဒေါ်မြမေ အကြားတွင် ပေါင်နှံ၍ ငွေချေးယူခြင်းသာရှိခဲ့ကြောင်း၊ ပြည်စုံသော အထောက်အထားများကိုတွေ့ရှိရပေသည်။ မူလရုံးက အချင်းဖြစ်အိမ်နှင့် ပတ်သက်၍ စုံစမ်းမှုတရပ်ပြုလုပ်ခဲ့ပြီးနောက် ထိုအိမ်ကို ၁၉၅၄ ခုနှစ်တွင်ဆောက်လုပ်ခဲ့ရာ ၂၅ဝဝဝိ ကုန်ကျခဲ့ကြောင်း။ကာလပေါက်ဈေး အရလည်း၊ အနည်းဆုံး ထိုဈေးရှိမည်ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ခဲ့လေသည်။ထိုမျှတန်သော အိမ်ကို ငွေ ၁၃,ဝဝဝိ နှင့် ရောင်းရသည်ဆိုလျှင် ယုတ္တိမရှိ၊အကယ်၍ ကာလပေါက်ဈေး ငွေ ၁၃,ဝဝဝိ သာ တန်သည်ဆိုပြန်လည်း ထိုမျှသာ တန်သော အိမ်တစ်လုံးသည် အိမ်လခငွေ ၄၅ဝိ ပေးထိုက်မည်မဟုတ်၊ ထို့ပြင် သက်သေခံအမှတ်“င” အိမ်ငှားစာချုပ် ဟုဆိုသော စာချုပ်ပါပြဌာန်းချက်တို့အရလည်း ဒေါ်ကျင်နှင့် ဒေါ်မြမေတို့သည် အိမ်ငှားနှင့် အိမ်ရှင်ဖြစ်သည်ဆိုသည်ထက်၊ မြီစားနှင့် မြီရှင် ဖြစ်သည်ဆိုခြင်းက ပို၍ယုတ္တိရှိမည်ကို ပေါ်လွင်စေသည်။ ထိုစာချုပ်အရ ဒေါ်ကျင်က လစဉ်ငွေ ၄၅ဝိ ပေးဆောင်ရမည်သာ မကသေး အိမ်ကို ဒေါ်မြမေက ညွှန်ကြားသော အာမခံကုမ္ပဏီတွင် မီးပေါင်ထားသော စရိတ်ကိုဒေါ်ကျင်က ကျခံရမည်၊ နာမည်ကို ဒေါ်မြမေက ခံမည်ဟု ပါရှိပါသည်။ ၎င်းပြင် အိမ်ပြင်ဆင်ပြုပြင်လျှင်လည်း ဒေါ်ကျင်ကပင် ကျခံရမည်၊ မြူနီစီပါယ်နှင့် မြေခွန် များကိုလည်း ဒေါ်ကျင်ကပင် ပြေလည်အောင်ပေးရမည်။စသည်ဖြင့် စည်းကမ်းချမှတ် ထားသည်များမှာလည်း အိမ်ရှင်နှင့် အိမ်ငှားတို့ သဘောတူကြသည့် စည်းကမ်းချက် မျိုးများမဟုတ်ကြပေ။ဦးကိုကိုကြီး(၃)က မြူနီစီပါယ်ခွန်၊မြေခွန်များနှင့် ပတ်သက်၍အိမ်ကို ရောင်းသည့်အချိန်အထိ ပေးဆောင်ရန် ကျန်သောငွေများနှင့်သာ သက်ဆိုင်ပါသည်။ ထို့နောက်ပိုင်းတွင် ဒေါ်ကျင်က ပေးဆောင်ရမည်ဟု သတ်မှတ်ခြင်း မဟုတ်ပါဟု လျှောက်လဲ သည်။ သို့ရာတွင် အမှန်အားဖြင့် ဒေါ်ကျင်ကသာ မြူနီစီပါယ်ခွန်များကို ဆက်လက် ပေးဆောင်လာခဲ့သည်ကို သက်သေခံ အမှတ် “၁”ပြေစာများအရတွေ့ရှိရသည်။ နောက်ဆုံးပြေစာမှာ ၁၉၆၂ ခုနှစ်၊ ပဌမသုံးလပတ် အတွက် ဖြစ်ပေသည်။ အကယ်၍သက်သေခံ အမှတ် “ခ” စာချုပ်သည် အမှန်ပင် အရောင်းအဝယ် စာချုပ် ဖြစ်သည်ဟု ဆိုလျှင် ဤကဲ့သို့ ဒေါ်ကျင်က ဆက်လက်ပေးဆောင်ရန် မဟုတ်ပေ။ ဒေါ်မြမေက မိမိ၏ နာမည်သို့ အိမ်ကိုလွှဲပြောင်းပြီးနောက် ပြေစာများကို မိမိနာမည်နှင့် ထွက်စေအောင်ဆောင်ရွက်ရမည်ဖြစ်ပေသည်။ပေးဆောင်ရန် ငွေများကိုလည်း၎င်းကပင် ပေးဆောင် ပေလိမ့်မည်။သက်သေခံ အမှတ် “ဃ” စာချုပ်အရ ဒေါ်ကျင်သည် တစ်နှစ် အတွင်း အိမ်ကိုပြန်ဝယ် နိုင်သည်ဆိုစေဦး ထိုတနှစ် ကုန်ဆုံးသောအခါ ဒေါ်မြမေသည် အိမ်ကို မိမိ၏ နာမည်ကို ပြောင်းခြင်း မြူနီစီပါယ်ခွန်၊ မြေခွန် စသည့်တို့ကို မိမိကသာ ပေးဆောင်၍မိမိ၏နာမည်နှင့် ပေါက်စေခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပေသည်။သက်သေ အစစ်ခံချက်အရဒေါ်မြမေသည် အိမ်နှင့်ပတ်သက်၍ မည်သို့မျှ သိခြင်း၊ ဆောင်ရွက်ခြင်း မပြုခဲ့သည်ကို တွေ့ရသည််။"
ဦးခွေးအမှုတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းပေါင်နှံရာတွင် အယောင်ဆောင်ချုပ်ဆိုထားသော အရောင်းစာချုပ်ကို တရားသူကြီးချုပ် ဒေါက်တာမောင်မောင်က ဖော်ထုတ်ခဲ့ပါသည်။
သက်သေခံစာချုပ်မှာ အရောင်းအဝယ်ကတိစာချုပ်ဖြစ်သလား၊ သို့မဟုတ် ဒေါ်သောင်းချစ် အမှုတွင် ပြဆိုထားသကဲ့သို့ ပေါင်နှံခြင်းကို ဖုံးကွယ်ထားသောအရောင်း ကတိစာချုပ်ဖြစ်သလားဟူသော အဖြေကို အကြောင်း ခြင်းရာများမှ ထုတ်နုတ်ယူရသည်ဖြစ်ရာ ထိုပြဿနာသည် ဥပဒေ ပြဿနာဖြစ်လာနိုင်ပါသည်။
အဆိုပါအမှုမျိုးတွင် အချင်းဖြစ် သက်သေခံ စာချုပ် သက်သက်ကို မကြည့်ဘဲ ပတ်ဝန်းကျင်အဖြစ် အပျက်တို့နှင့် ညှိနှိုင်းကာ ရောင်းချသူဟု အဆိုရှိသူက အချင်းဖြစ်ပစ္စည်းကို အမှန်တကယ် ရောင်းလိုသော ရည်ရွယ်ချက်ဖြင့် ချုပ်ဆိုခဲ့ခြင်း ဟုတ် မဟုတ် အလေးအနက် ဆင်ခြင်ဆုံးဖြတ် နိုင်ရန် မတင်တင်နှင့် ဒေါ်ကံရှိ၊ 1948 B.L.R, 582 အမှုတွင် လမ်းညွှန်ထားသည့် ဖြစ်ဖွယ်ရာ (ဖြစ်ဟန်) လက္ခဏာ (Balance of probability )ရှိမှုကို ဆင်ခြင်ရမည်ဖြစ်ပါသည်။
မောင်ရွှေလှိုင် P.J .497 ၊တီပီ ပီသာပါမားချစ်တီး 4,L.B.R 266 ၊ ရှီယိုကရန်ဆင်း 1959 B.L.R(H.C).207၊ဦးသိန်းဟန် 1966 B.LR..(C.C), 1111 ၊နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေး ဘဏ် 1967 B.L.R,(C.C)701 ၊ဒေါ်သန်းတင် 1981 B.L.R.96 ၊ဦးထွန်းချစ် 2002 B.L.R 347၊ဦးအောင်မင်းကြည် 2002 B.L.R 416၊ဦးခင်မောင်ရီ2007 B.L.R.1၊ ဒေါ်အေးအေး 2012 B.L.R 127 ၊ ဦးညိုဝင်း 2014 B.L.R .95 အမှုတို့ကိုလည်းလေ့လာရမည်ဖြစ်ပါကြောင်းတင်ပြပါသည်။
လူဦးမင်း
၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ(၁၅)ရက်