Justice Law Firm

Justice Law Firm Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Justice Law Firm, Legal Service, Mandalay.

11/01/2023

စာချုပ်ချုပ်ချင်လို့ပါ
စာချုပ်ဘယ်လိုရေးရမလဲဆရာ
ဘယ်အချက်တွေပါမှ ပြည့်စုံတာလဲ
ဖြေကြားပေးပါ။

အရောင်းအဝယ် စာချုပ်ချုပ်ဆိုရာတွင် ပါဝင်သင့်သည့် အဓိကအချက် (၁၀)ချက်
(၁) ပြည့်စုံတိကျသော စာချုပ်ခေါင်းစဉ် ရေးသားရန်
(၂) စာချုပ် ချုပ်ဆိုသည့် နေ့ရက်၊ လ၊ ခုနှစ်သက္ကရာဇ်တို့ကို မှန်ကန်စွာရေးသားရန်
(၃) စာချုပ်ပြုလုပ်ချုပ်ဆိုသည့်နေရာကို ရေးသားရန်
(၄) စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးသူများအားလုံး (သက်သေများအပါအဝင်) ၏ အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ တို့ကိုပြည့်စုံမှန်ကန်စေရန် သက်ဆိုင်သူများအားလုံးကို ပြသစိစစ်အတည်ပြုပြီးမှ ရေးသားရန်
(၅) ရောင်းချသည့်တန်ဖိုးငွေ၊ စရန်ငွေ၊ ကျန်ငွေ စသည့်ငွေကြေးပမာဏများ ရေးသားရာတွင် ကိန်းဂဏန်းဖြင့်ရေးသားရမည့်အပြင်၊ (ကွင်းစ၊ ကွင်းပိတ်အတွင်း) စာသားဖြင့်ပါ ရေးသားဖေါ်ပြရန်
(၆) ငွေချေရန်နေ့ရက် စသည့် နေ့ရက်အချိန်ရွေးချယ်မှုကို လုပ်ငန်းဆောင်ရွက်ရန်နှင့် နှစ်ဦးနှစ်ဖက် အမှန်တကယ် အဆင်ပြေမည့်နေ့ရက်အချိန်ကာလကို သေချာစွာဆွေးနွေးရွေးချယ်သတ်မှတ်ပြီး တိကျစွာဖော်ပြရန်
(၇) စာချုပ်တွင်ပါဝင်ထည့်သွင်းချုပ်ဆိုမည့် ကမ်းလှမ်းချက်နှင့် သဘောတူညီချက်များ၊ လိုက်နာရန်ကတိဝန်ခံချက်များ၊ အပြန်အလှန်သဘောတူညီချက်များ၊ ဆောင်ရွက်ရန်တာဝန်များ၊ ပျက်ကွက်မှုများရှိပါက ပျက်ကွက်မှုအတွက်နစ်နာသူသို့ ဆောင်ရွက်ပေးရန်များ၊ ပျက်ကွက်မှုအတွက်နစ်နာသူသို့ ပေးရန်အကျိုးခံစားခွင့်များ စသည့်အချက်များကို ပြည့်စုံ တိကျ ခိုင်မာစွာ ရေးသားရန်
(၈) အရောင်းအဝယ်ပြုလုပ်သည့်ပစ္စည်းစာရင်း (အိမ်ခြံမြေ) နှင့် သက်ဆိုင်သည့်အချက်အလက်အပြည့်အစုံ (အလားလေးရပ်အပါအဝင်)တို့ကို ပြည့်စုံမှန်ကန်စွာရေးသားရန်
(၉) စာချုပ်ပါ အချက်များသည် ချုပ်ဆိုသည့်စာချုပ်ကိုပျက်ပြယ်စေသည့် အချက်များမပါစေရန်
(၁၀) စရန်ပေးသူ၊ စရန်လက်ခံသူ၊ ရောင်းသူ၊ ဝယ်သူ၊ သက်သေများ စသည့်စာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးမည့်သူများသည် စာချုပ်ပါ အကြောင်းအရာများအားလုံးကို
အသေးစိတ်စစ်ဆေးဖတ်ရှုကာ နားလည်လက်ခံသဘောတူမှသာလျှင် မိမိလက်မှတ်ရေးထိုးရမည့်နေရာတွင် စာချုပ် ချုပ်ဆို လက်မှတ်ရေးထိုး ၍ လက်ဝဲဘက်လက်မဖြင့်လက်ဗွေနှိပ်ရန်

09/01/2023

ကျွန်မတို့မှာ မောင်နှမ ၅ ယောက်ရှိပါတယ် ။ မိဘများမရှိတော့ပါ။ မိဘရဲ့ အိမ်ခြံမြေကို အမွေခွဲမယ်လုပ်တော့ အကိုအကြီးဆုံးက သူဟာ သြရသဖြစ်တဲ့အတွက် အမွေဝေစု ပိုရသင့်တယ်လို့ ပြောနေ ပါတယ် ။ အဲဒါ တကယ်ဟုတ်ပါသလား ။
=======================

သြရသနဲ့ ပတ်သက်ပြီး အခွင့်အရေးကို သိသင့်တာပြောပြဦးမယ်။ သြရသ အခွင့်အရေးက နှစ်နေရာရှိ တယ်။ ပထမအချက်က သြရသဆိုတာ အကြီးဆုံးသားသမီးဖြစ်ရမယ်။ သားရင်းသမီးရင်းဖြစ်ရမယ်။ အဓိက က တော့ ဖခင်ကွယ်လွန်တဲ့အချိန်မှာ သားအကြီးဆုံး၊ ၁၈ နှစ်ဖြစ်ရမယ်။ နောက် ဖခင်ရဲ့ လုပ်ငန်းတွေမှာဝင်ရောက် ကူညီ လုပ်ကိုင်နိုင်တဲ့သူဖြစ်ရမယ်။ အဲဒါဆို သြရသဖြစ်တယ်။ သြရသအခွင့်အရေးတောင်းဆိုလို့ရတယ်။ တ ကယ် လို့ အမိက ဆုံးပါးသွားပြီဆိုရင်လည်း သမီးက အကြီးဆုံးဖြစ်နေမယ်။ သူက ၁၈ နှစ်ပြည့်မယ်။ မိဘရဲ့ လုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်နိုင်တဲ့သူဖြစ်တယ်ဆိုရင် သြရသ သမီးအခွင့်အရေး တောင်းဆိုလို့ရပါ တယ်။ ဒါတွေက နံပတ် တစ် အချက်ပေါ့။

နောက်တစ်မျိုးကတော့ မိဘက နောက်အိမ်ထောင်ပြုမယ်။ အဲဒီမှာ သြရသက သားဖြစ်ဖြစ် သမီးဖြစ် ဖြစ် အကြီးဆုံးဖြစ်ရင် သြရသသားလည်းဖြစ်ချင်ဖြစ်မယ် သမီးလည်းဖြစ်ချင်ဖြစ်မယ်။ အဲဒီသြရသက နောက် အိမ်ထောင်ပြုပြီဆိုတာနဲ့ သူရဲ့ ရပိုင်ခွင့် သြရသအခွင်အရေးတောင်းပိုင်ခွင့်ရှိတယ်။ ဒါကတစ်ချက်ပေါ့။ စော စော ကတော့ မိဘဆုံးပါးသွားတာနဲ့ဆိုင်တာ။ ခုက မိဘနောက်အိမ်ထောင်ပြုတာနဲ့ဆိုင်တာ။ သြရသအခွင့် အရေးက အပြီးတိုင်ရတဲ့ အခွင့်အရေး။ ဒီအခွင့်အရေးကို ကာလစည်းကမ်းသတ်က ၁၂ နှစ်သတ်မှတ်ထားပါ တယ်။ ၁၂ နှစ်အတွင် ဒီအခွင့်အရေးကို တောင်းဆိုနိုင်ပါတယ်။

မေးခွန်းက အကြီးဆုံးဖြစ်တဲ့အတွက် အမွေကို ပိုချင်တယ်။ ရသင့်မရသင့်ဆိုပြီးမေးထားတာ။ စော စောက ပြောတဲ့ အခွင့်အရေးနှစ်မျိုးစလုံး နဲ့ စပ်ဆိုင်တဲ့ အခွင့်အရေးကို အစ်ကိုအကြီးဆုံးကရခဲ့မယ်ဆိုရင်၊ ရှိလည်းရှိခဲ့မယ်ဆိုရင်၊ ၁၂ လည်းမကျော်သေးဘူးဆိုရင်တော့ အမွေခွဲတဲ့အခါမှာ သြရသအခွင့်အရေးရပါတယ်။ သို့သော် စောစောကအခွင့်အရေးတွေ မရခဲ့ဘူး ၊မရှိခဲ့ဘူး၊ မိဘဆုံးတော့ ၁၈ နှစ်ပြည့်ရမယ်ဆိုတာနဲ့လည်း အကြုံး မဝင်ခဲ့ဘူးဆိုရင် မောင်နှမထဲမှာ အစ်ကို အကြီးဆုံးဖြစ်တာနဲ့ သြရသအခွင့်အရေးက မရနိုင်ပါဘူး။ စောစောက အချက် ၂ ချက်နဲ့ ညီမှသာလျှင် သြရသအခွင့်အရေး ရနိုင်ပါတယ်။ ဒီအချက်ကလည်း သတ်မှတ် ထားတဲ့ ကာလအတွင်းမှာ အကြုံးဝင်နေမယ်ဆိုရင်တော့မှန်တယ်။ သူက အစ်ကိုအကြီးဆုံးအဖြစ်နဲ့ အပြီးတိုင်ရ ထားတဲ့ သြရသအခွင့်အရေးကို သူရမှာပါ။

#သွရသ

08/01/2023
08/01/2023

နယ်ဘက်မှာ ခြံတစ်ခြံ ဝယ်တော့မယ်ဆိုရင် ရွာမြေလား၊ ဥယျာဉ်ခြံမြေလား၊ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ ပါမစ်မြေလား သေချာစမ်းစစ်ကြည့်သင့်ပါတယ်။ ခြံဆိုတာကလည်း အလွယ်တကူ ရွှေ့ပြောင်းလို့ ရနိုင်တဲ့ အရာမျိုး မဟုတ်တာကြောင့် မဝယ်ခင်ကတည်းက ကြိုတင်လေ့လာထားတာ အကောင်းဆုံးပါပဲ။ ��မိတ်ဆွေဟာ နယ်ဘက်မှာ ခြံဝယ်မယ်၊ အိမ်ဆောက်မယ်ဆိုရင် ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ��လူတော်တော်များများ ဇဝေဇဝါ ဖြစ်နေတဲ့ အချက်တွေက -�( ၁ ) ရွာမြေနဲ့ ဥယျာဉ်ခြံမြေ အတူတူပဲလား?�( ၂ ) ရွာမြေဟာ ဥပဒေအရ တရားဝင် သတ်မှတ်ချက် ရှိလား? ဆိုတာပါပဲ။ � �နံပါတ် ( ၁ ) အချက် - ရွာမြေနဲ့ ဥယျာဉ်ခြံမြေ မတူပါဘူး။ ရွာမြေဆိုတာ လွယ်လွယ်နဲ့ ရှင်းရှင်းပြောရရင် လူနေရပ်ကွက်အတွင်းက မြေကွက်ကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံတော်က တရားဝင် ချမှတ်ထားတဲ့ အဆင့်ထိ မရောက်ပေမယ့် တစ်ချိန်ချိန်မှာတော့ ဂရန်မြေ ဖြစ်လာနိုင်ချေ ရှိပါတယ်။ လူနေရပ်ကွပ်ထဲမှာ ရှိနေတာမလို့ နိုင်ငံတော်က ပြန်သိမ်းမလား၊ နှင်ထုတ်မလား ဆိုတာတွေအတွက် စိုးရိမ်စရာ မရှိပါဘူး။ ��နံပါတ် ( ၂ ) အချက် - ဥယျာဉ်ခြံမြေကတော့ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃ ( က )အရ လယ်ယာမြေ ဆိုတာဟာ လယ်၊ တောင်ယာ၊ ဥယျာဉ်၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးရန်အတွက်သာ အကျုံးဝင်ပါတယ်။ ဒါပေမယ့် မြို့နီး၊ ရွာနီး၊ လူနေရပ်ကွပ်ဝန်း အနီးအနားမှာ ရှိနေတဲ့ ဥယာဉ်မြေတွေကတော့ ဒီအချက်မှာ မပါဝင်ဘူးလို့ သိရပါတယ်။ ��ဥယျာဉ်ခြံမြေကို ရောင်းချလို့ ရနိုင်သလား? ��အရင်ဥပဒေတွေအရတော့ ရောင်းချလို့မရပါဘူး။ ဒါပေမယ့် ၂၀၁၂ ခုနှစ်က ပြန်ပြင်ဆင်လိုက်တဲ့ ဥပဒေသစ်မှာတော့ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းအတွက် ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နေအိမ်အတည်တကျ ဆောက်လုပ်နေထိုင်ခွင့်တော့ မရသေးပါဘူး။
ဥယျာဉ်ခြံမြေကို မြေဂရမ် လျှောက်လို့ရနိုင်လား? ��လူနေရပ်ကွက်နဲ့ နီးကပ်ရင်တော့ မြေဂရန် လျှောက်လို့ ရနိုင်ပေမယ့် လူနေရပ်ကွက်နဲ့ ခပ်ဝေးဝေးမှာ တည်ရှိနေရင်တော့ လျှောက်လို့ မရနိုင်ပါဘူး။ ��ဒါ့ကြောင့် အိမ်ဆောက်နေထိုင်ဖို့အတွက် ရွာမြေနဲ့ ဥယျာဉ်ခြံမြေ ရွေးစရာ ၂ ခု ရှိလာရင် မြေစာရင်း ဦးစီးဌာနနဲ့ သေချာစွာ စုံစမ်းစစ်ဆေးပြီး ရွာမြေဆိုရင်လည်း ရွာမြေမှန်ကန်ရဲ့လား၊ ဥယျာဉ်ခြံမြေဆိုရင်လည်း လူနေရပ်ကွက်အသိုင်းအဝိုင်းကြားမှာ တည်ရှိရဲ့လား သေချာစွာ စမ်းစစ်ပြီးမှ ငွေပေးချေ ဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မြေရောင်း/ဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်း...
16/09/2022

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မြေရောင်း/ဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများ

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မြေရောင်း/ဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစ...
15/09/2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မြေရောင်း/ဝယ်ခြင်းများအပေါ် အခွန်စည်းကြပ်ရန် နှုန်းထားများ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်

13/09/2022

“GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ်
လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"

အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့
အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့
အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ
လုပ်ဆောင်ရာမှာ နှစ်ဦးနှစ်ဖက်သတိထားသင့်၊ သိထားသင့်တဲ့
အချက်တွေ ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က
ပြောပါတယ်။

အိမ်ခြံမြေရောင်း၀ယ်ရာမှာ တချို့ ၀ယ်လက်တွေက
အခွန်ရှောင်ချင်တဲ့အခါမှာ အရောင်းအ၀ယ်စာချုပ်နဲ့ တစ်ခါတည်း
လွှဲပြောင်း မချုပ်ဆိုကြဘဲ ဒီလို အထွေထွေ ကိုယ်စားလှယ်လွှဲစာ
တွေ၊အထူးကိုယ်စားလှယ် လွှဲစာတွေနဲ့သာ အလုပ်လုပ်ထား
ကြလေ့ ရှိပါ တယ်။

အခွန်ရှောင်ချင်တဲ့အတွက် ဒီလို အလွယ်တကူ လုပ်ထားပေမဲ့
တကယ်တမ်း မှာ သိထားရမယ့် အရေးကြီးတဲ့အချက်တွေ
ရှိနေပါတယ်။

* အထူးကိုယ်စားလှယ်လွှဲစာ၊ အထွေထွေကိုယ်စားလှယ်လွှဲစာ
တွေ လုပ်ဆောင်ရာမှာ အကြီးအကဲ
(လွှဲပေးတဲ့သူ၊ တစ်နည်းအားဖြင့် ရောင်းချသူပိုင်ရှင်) ဟာ
- သေဆုံးခြင်း (သို့မဟုတ်) စိတ်ပေါ့သွပ်သွားခြင်းကြောင့်
ဖြစ်စေ၊
- ထောင်နှစ်ရှည်ကျလျှင်ဖြစ်စေ၊
- ကြွေးမြီမှ ကင်းလွတ်စေရန်အတည်ဖြစ်လျက် ရှိတဲ့ ဥပဒေ
တစ်ရပ်ရပ်အရ ကြွေးမဆပ်နိုင်တဲ့ လူမွဲစာရင်းဖြစ်ကြောင်း
စီရင်ဆုံးဖြတ်ခြင်းခံ ရခြင်းကြောင့်ဖြစ်စေ၊
ဒီလိုအကြောင်းတရား တွေကြောင့် အထူးကိုယ်စားလှယ်လွှဲစာ၊
အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေဟာ ဆုံးခန်းတိုင်ပြီး
ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ဒီအချက်တွေကို
ပဋိညာဉ်အက်ဥပဒေပုဒ်မ ၂၀၁ မှာ အတိအလင်း ဖော်ပြ
ထားကြောင်းလည်းအိမ်ခြံမြေလောကမှာ နှစ်ပေါင်း ၃၀ နီးပါး
အတွေ့အကြုံရှိထားတဲ့ ကြည်စိုး (IC) က ပြောပါတယ်။

ဒီလို ကိုယ်စားလှယ်လွှဲစာတွေ ပျက်ပြယ် ရတဲ့ အထက်မှာ
ဖော်ပြခဲ့တဲ့ အကြောင်းရင်း တွေထဲကတစ်ခုကို ဥပမာပြရရင်
လူတစ် ယောက်က အိမ်မြေပိုင်ရှင်တစ်ယောက်ဆီက
သိန်း ၁၀၀ တန်အိမ်မြေကို အထူးကိုယ်စား လှယ်လွှဲစာနဲ့
စာချုပ်ချုပ်ပြီး ငွေချေလိုက်ပါ တယ်။ နောက်တစ်နေ့မှာ
အဲဒီရောင်းချလိုက်တဲ့ ပိုင်ရှင်က သေဆုံးသွားခဲ့တယ်ဆိုရင်
အဲဒီ အထူးကိုယ်စားလှယ်လွှဲစာကအကျုံးမ၀င် တော့ဘဲ
ပျက်ပြယ်သွားမှာမျိုးဖြစ်ပါတယ်။

ဒါ့ပြင်
- ဒီကိုယ်စားလှယ်လွှဲစာတွေကို စနစ် တကျနဲ့ ပြန်ရုပ်သိမ်း
နိုင်ရင်လည်း ပျက်ပြယ်သလို
- ကိုယ်စားလှယ် (ပိုင်ရှင်)က ကိုယ်စားလှယ်လုပ်ငန်းကို
ဆောင်ရွက်ရန် ငြင်းပယ်ခြင်းကြောင့်ဖြစ်စေ၊
- ကိုယ်စားလှယ်လုပ်ငန်း ပြီးဆုံးခြင်းကြောင့် ဖြစ်စေလည်း
ပျက်ပြယ်ပါတယ်။

*** ဒီကိုယ်စားလှယ်လွှဲစာတွေမှာ သက်တမ်းမရှိသလို
စိတ်ပေါ့သွပ်နေသူနဲ့ အသက် ၁၈ နှစ်အောက်က လွဲပြီး
စာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကာ
ကြိုက်တဲ့သူကို လွှဲနိုင်ပါတယ်။ ***

ဒါပေမဲ့ ဒီကိုယ်စားလှယ်လွှဲစာတွေဟာလွှဲတဲ့သူရော၊ အလွှဲခံတဲ့
သူပါ သတိထားကြ ရမှာ ဖြစ်ပါတယ်။
အထူးကိုယ်စားလှယ်လွှဲစာနဲ့အထွေထွေကိုယ်စားလှယ်လွှဲစာမှာ
*** အထွေ ထွေကိုယ်စားလှယ်လွှဲစာဟာ အကန့်အသတ်မရှိ
ပါဝါပေးတာဖြစ်ပြီး အလွှဲခံရသူ လုပ်သမျှ၊ ဖြစ်သမျှ ပြဿနာကို
မူလပိုင်ရှင်ဟာ ရှောင်လို့မရတာကြောင့်ပေါ့ပေါ့ဆဆ
မလုပ်သင့် ဘူး *** လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

အခုလိုအချိန်အခါမှာ အိမ်ခြံမြေ ရောင်း ၀ယ်ရာမှာ ကျင့်သုံးရမယ့်
အခွန်စနစ်ဟာ ၀ယ်လက်တွေအတွက်ခေါင်းခဲစရာ ဖြစ်နေ
ပါ တယ်။ ဒါကြောင့် ကိုယ်စားလှယ်လွှဲစာတွေကို ပိုအာရုံကျနေ
ကြဖွယ်ရှိလို့သတိထားသင့်တဲ့ အချက်တွေကို သိထားပြီးမှ
အလုပ်လုပ်သင့် ကြောင်း အကျိုးဆောင်တချို့က
အကြံပြု ပါတယ်။

အဆင့်ဆင့် လက်ဆင့်ကမ်း ဝယ်ယူလာကြပြီး
နောက်ဆုံး၀ယ်ယူထားသူအနေနဲ့
မူလပိုင်ရှင် (သို့မဟုတ်) GP/SP လွှဲအပ်ခံထားရတဲ့သူ
ရှာမရခဲ့ဘူးဆိုလျှင် သက်ဆိုင်ရာတရားရုံးကနေ
အနိုင်ဒီဂရီရယူပြီး အဆိုပါ အနိုင်ဒီဂရီနဲ့
၀ယ်သူအမည်ပေါက် (အမည်ပြောင်း) လို့ ရပါသည်။



09770777895

ပုံစံ (၇) ရှိသော လယ်ယာမြေကို ပေါင်နှံ၊ ငှားရမ်းခြင်းအတွက် သတိပြုရမည့်အချက်များ။ လယ်ယာမြေဥပဒေအရ ပုံစံ ၇ ရှိသူက လယ်ယာမြေကိ...
11/09/2022

ပုံစံ (၇) ရှိသော လယ်ယာမြေကို ပေါင်နှံ၊ ငှားရမ်းခြင်းအတွက် သတိပြုရမည့်အချက်များ။

လယ်ယာမြေဥပဒေအရ ပုံစံ ၇ ရှိသူက လယ်ယာမြေကို ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်ခြင်း တရားဝင်ပြုလုပ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။ ဒီလိုလုပ်မယ်ဆိုရင်
(က) ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီး စာချုပ်ရမယ်။
(ခ) စာချုပ် ချုပ်ပြီးရင် ရက်ပေါင်း ၁၂၀ အတွင်း မြို့နယ်မြေစာရင်းဌာနမှာ မှတ်ပုံတင်ရမယ်။
(ဂ) ပုံစံ ၇ အမည်ပြောင်းဖို့အတွက် ပုံစံ ၉ နဲ့ မြို့နယ်မြေစာရင်းဌာနမှာ လျှောက်ထားရမယ်။
(ဃ) ပုံစံ ၇ အမည်ပြောင်း ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။

ပုံစံ ၇ ရှိတဲ့ လယ်ယာမြေကို ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်ခြင်းအားလုံးအတွက် ဒီအဆင့်လေးဆင့်နဲ့ လုပ်ရမယ်လို့သာ ပြဌာန်းထားပြီး တစ်ခုချင်းအတွက် အသေးစိတ် မပါဝင်ပါဘူး။ ဆိုလိုတာက ရောင်းချမှုအတွက် ဘယ်လိုလုပ်၊ ပေါင်နှံခြင်းအတွက် ဘယ်လိုလုပ်၊ ငှားရမ်းခြင်းအတွက် ဘယ်လိုလုပ်စသည်ဖြင့် အသေးစိတ် မပါဝင်တာဖြစ်ပါတယ်။ ရောင်းတာ၊ စွန့်တာ၊ လှူတာ၊ အမွေပေးတာက အပြီးအပိုင်ဆောင်ရွက်လိုက်တာမျိုးဆိုတော့ ကိစ္စမရှိပါဘူး၊ ပေါင်တာနဲ့ ငှားတာက အပြီးအပိုင် လုပ်ဆောင်လိုက်တာမဟုတ်ပါဘူး။ အပေါင်ခံသူ အငှားရသူက ပုံစံ ၇ ကို သူ့အမည်နဲ့ အမည်ပြောင်းလုပ်ရမှာလား၊ လုပ်နိုင်တာလား ဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။

ပုံစံ (၇) အမည်ပြောင်းတယ် ဆိုတာကလည်း လယ်ယာမြေ လုပ်ပိုင်ခွင့်ကို သားစဉ်မြေးဆက်ထိ အဆက်ဆက် ရရှိခံစားရစေနိုင်တဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာမြေကို ခေတ္တအပေါင်ထားခြင်း၊ ငှားရမ်းခြင်းများက မြေကိုအပြီးအပိုင်လွှဲပြောင်းမှု ဆောင်ရွက်ခြင်း မဟုတ်တဲ့အတွက် ပုံစံ ၇ ရှိသူ/ အပေါင်ခံသူ/ အငှားရသူများအားလုံး သတိထားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပုံစံ ၇ အမည်ပေါက် ပိုင်ဆိုင်သူနဲ့ သက်ဆိုင်ရာ ဌာနကသတိပြုရမှာ ဖြစ်ပါတယ်။ ဌာနကလည်း ပေါင်နှံ ငှားရမ်းထားတဲ့ လယ်ယာမြေကို ဥပဒေအရ အပေါင်စာချုပ်၊ အငှားစာချုပ်များ မှတ်ပုံတင်ပေးနိုင်သော်လည်း ပုံစံ ၇ အမည်ပြောင်းဖို့ တင်ပြလာရင်တော့ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ပုံစံ ၇ ရှိတဲ့ လယ်ယာမြေ အမွေဆက်ခံခြင်းကိုတော့ တရားရုံးရဲ့ အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားတင်ပြလာရင် ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ်ချုပ်စရာမလိုပဲ မြေစာရင်းဌာနမှာ ပုံစံ ၇ အမည်ပြောင်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ပေါင်နှံခြင်း၊ ငှားရမ်းခြင်းအတွက် ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ် ချုပ်ဆိုရမယ်၊ စာချုပ်ကို မှတ်ပုံတင်ရမယ်၊ ဒီစာချုပ်တွေအရ ပုံစံ ၇ အမည်ပြောင်းပေးလို့မရပါဘူး။ ဥပဒေ၊ နည်းဥပဒေမှာလည်း ပြဌာန်းထားခြင်းမရှိပါဘူး။ အပေါင်ဆုံး၊ အပေါင်စာချုပ် သက်တမ်းကုန်၊ ပေါင်ထားတဲ့ သက်တမ်းကာလအတွင်း ပြန်မရွေးရင်တော့ ဥပဒေအရ အမည်ပြောင်းပေးလို့ရပါတယ်။

အနှစ်ချုပ် တင်ပြရရင် ပုံစံ ၇ ရှိတဲ့ လယ်ယာမြေ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး၊ အမွေဆက်ခံ၊ လှူဒါန်း၊ စွန့်လွှတ်ခြင်းများ ဆောင်ရွက်ရာမှာ...

၁။ ရောင်းဝယ်၊ လွှဲပြောင်း၊ လဲလှယ်၊ ပေးကမ်းခြင်းများကို ရပ်ကျေးလယ်စီရှေ့မှာ စာချုပ်ရမယ်၊ တံဆိပ်ခွန်ထမ်းဆောင်ရမယ်၊ မှတ်ပုံတင်ရမယ်၊ ပုံစံ (၉) နဲ့အမည်ပြောင်း လျှောက်ထားပြီး ပုံစံ ၇ အမည်ပြောင်းပြုလုပ်ရပါမယ်။

၂။ လယ်ယာမြေ အမွေဆက်ခံခြင်းကို ရပ်ကျေးလယ်စီရှေ့မှောက်မှာ စာချုပ်ဖို့မလိုပါဘူး၊ တရားရုံးက ထုတ်ပေးတဲ့ အမွေဆက်ခံခြင်းလက်မှတ်ကို မြေစာရင်းဌာနမှာ တင်ပြပြီး ပုံစံ ၇ အမည်ပြောင်းပြုလုပ်ရပါမယ်။

၃။ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းကို ရပ်ကျေးလယ်စီ ရှေ့မှောက်မှာ စာချုပ်ရမယ်၊ တံဆိပ်ခွန် ထမ်းဆောင်ရမယ်၊ မှတ်ပုံတင်ရမယ်၊ အပေါင်ဆုံးမှ ပုံစံ ၇ အမည်ပြောင်းနိုင်မယ်၊ ငှားရမ်းခြင်းအတွက် ပုံစံ ၇ အမည်ပြောင်းမရ/ ဆောင်ရွက်ပေးလို့မရ။

Credit: ဆရာ မျိုးမင်းထွန်း 🙏🥰🙏



09770777895

အရပ်စာချုပ်နဲ့ရောင်းဝယ်ရင်း ဒါ ဘိုးဘွားပိုင် ဘိုးဘွားပိုင် ( အမှန်က ဘိုးဘ ပိုင်)  ဆိုပြီး ရောင်းမှား ဝယ်မှား မိမှာ စိုးလ...
10/09/2022

အရပ်စာချုပ်နဲ့ရောင်းဝယ်ရင်း ဒါ ဘိုးဘွားပိုင် ဘိုးဘွားပိုင် ( အမှန်က ဘိုးဘ ပိုင်) ဆိုပြီး ရောင်းမှား ဝယ်မှား မိမှာ စိုးလို့ မျှဝေပါတယ် ။ .............
#ဘိုးဘပိုင်မြေ #
ဘိုးဘပိုင်မြေနှင့်ပတ်သက်၍ ဥပဒေစကားဝိုင်းတွင် မေးမြန်းလာသည်ကို အောက်ပါအတိုင်း ဖြေဆိုပေးလိုက်ရပေသည်။ လိုအပ်ချက်များရှိပါက ဖြည့်စွက်ရေးသားမျှဝေပေးကြပါရန် မေတ္တာရပ်ခံလျှက်-
“ဘိုးဘပိုင်မြေ” ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(၁၀) အရ ဘိုးဘွားမိဘလက်ထက်ကပင်ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မစိုက်ပျိုးသည့်မြေ ကို ဆိုသည် ဟုလည်းကောင်း
The Upper BURMA Land and Revenue Regulation section 23(b) ၌ -
ဘိုးဘပိုင်မြေ(ခ) အမှုထမ်းမြေ (Official Land) ဟု အဓိပ္ပယ်ဖွင့်ဆိုထားသည်။
ဘိုးဘပိုင်မြေကွက်ကို မြေစာရင်းမြေပုံမှာ အပြာရောင်နဲ့ရေးဆွဲပြီး မြေအမျိုးအစားကို အင်္ဂလိပ် အက္ခရာ B (Bobabaing or Landholder's rights) ဟု ရေးသားထားသည်။ လွဲပြောင်းဆက်ခံခွင့်ရှိသော မြေအမျိုးအစားဖြစ်သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဘိုးဘပိုင်မြေတို့ကို အမည်ပြောင်း လဲလို ပါက အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားရှိသည် -
ဘိုးဘပိုင်မြေကို အမည်ပြောင်းလျှောက်ထားရာတွင် ပါဝင်ရမည့် အချက်များ
၁။ ဘိုးဘပိုင်မြေကို အမည်ပြောင်းလျှောက်ထားလာပါက အောက်ပါအတိုင်း အမျိုးအစားခွဲခြား၍ ဆောင်ရွက်ပေးသည် -
(၁) အမည်ပြောင်း
(၂) ဦးပိုင်ခွဲအမည်ပြောင်း( ဦးပိုင်တစ်ခုကိုခွဲစိတ်၍ အမည်ပြောင်းလျှောက်ထားခြင်း၊)
(၃) အမည်ဖြည့်စွက်ခြင်း (မူလအမည်ပေါက်အပြင် နောက်ထပ်တစ်ဦး၊ နှစ်ဦးအမည်ဖြင့် အမည်ထပ်မံ ဖြည့်စွက် လျှောက်ထားခြင်း)
(၄) အမည်ပယ်ဖျက်ခြင်း( မူလနှစ်ဦး၊ သုံးဦးအမည်ပေါက်မှ တစ်ဦးဦးအားပယ်ဖျက်ပေးရန် လျှောက် ထား ခြင်း)
၂။ ဘိုးဘပိုင်မြေအမည်ပြောင်းလျှောက်ထားရာတွင် အောက်ဖော်ပြပါ စာချုပ်စာတမ်းများနှင့် အထောက်အထားများကို တင်ပြရန်လိုအပ်ပါသည် -
(၁) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူမှန်၊
(၂) မြေပုံ၊ မြေရာဇဝင်မူရင်း၊
(၃) အမွေဆက်ခံခြင်းဖြစ်ပါက အဆင့်ဆင့်အမွေဆက်ခံမှုစာချုပ်စာတမ်းမိတ္တူ၊
(၄) အရောင်းအဝယ်ဖြစ်ပါက အဆင့်ဆင့်အရောင်းအဝယ်ပြုလုပ်သည့် မှတ်ပုံတင်စာချုပ် မိတ္တူမှန်၊
(၅) အပေး၊ စွန့်လွှတ်၊ အမည်ပြောင်းဖြစ်ပါက မှတ်ပုံတင်ပေးကမ်း၊ စွန့်လွှတ် စာချုပ်မိတ္တူမှန်၊
(၆) တရားရုံးဒီကရီ(သို့မဟုတ်) တရားမပုံစံ(၁၀၆) (တရားရုံးမှ အမည်ပြောင်းပေးရန် အကြောင်းကြားစာ)
(၇) အမည်ပေါက်သေဆုံးပါက သေစာရင်းမိတ္တူမှန်၊
(၈) အိမ်ထောင်စုဇယားမိတ္တူမှန်၊
(၉) အဆောက်အဉီဓာတ်ပုံ၊
(၁၀) ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်။
၃။ အထက်ဖော်ပြပါ အထောက်အထားများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာတွင် ကြော်ငြာ၍ ကန့်ကွက်မှု မရှိ၊ အရှုပ်အရှင်းမရှိပါက သက်ဆိုင်ရာဌာနသည် (၁) လအတွင်း အမည်ပေါက် ဆောင်ရွက်ပေး သွား မည်ဖြစ်ပါသည်။
# လျှောက်လွှာနမူနာပုံစံ
သို့
ဌာနမှူး
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အမှတ်စဉ် ………….
ရက်စွဲ………………………………. .
# အကြောင်းအရာ။ ဘိုးဘပိုင်မြေအား အမည်ပြောင်းပေးရန် လျှောက်ထားခြင်း။
၁။ မန္တလေးမြို့၊………………………………… မြို့နယ်၊ …………………….ရပ်ကွက်၊ အကွက်အမှတ်……………. ရှိ။ ဦးပိုင်အမှတ်………….. ဧရိယာ…………… ဧကရှိ ဘိုးဘပိုင်မြေကို ဦး/ ဒေါ်………………… ၏ အမည်ကို ပြောင်းလဲပေးပါရန် လေးစားစွာလျှောက်ထားအပ်ပါသည်။
၂။ အမည်ပြောင်းပေးရန် လျှောက်ထားသည့် ဘိုးဘပိုင်မြေ၏ တည်နေရာ လိပ်စာ အပြည့်အစုံမှာ ……………………………………………………………………………………………………………… ………………………………………………………………………………………………………………
၃။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ မြေပုံ၊ စာရွက်စာတမ်း၊ ပိုင်ဆိုင်မှုအထောက်အထားများ နှင့် ပူးတွဲတင်ပြပါသည်။
(က) မြေစာရင်းပုံစံ(၁၀၅) မြေပုံ(၂) ပုံ၊
(ခ) မြေစာရင်းပုံစံ(၁၀၆)၊ မြေရာဇဝင် ၁ - က မှတ်တမ်း(၂) စုံ၊
(ဂ) အမျိုးသားမှတ်ပုံတင်ကတ်ပြား (သို့) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
(ဃ) ပိုင်ဆိုင်ကြောင်းအထောက်အထားများ
(၁) …………………………………..
(၂) …………………………………..
(၃) …………………………………..
(၄) …………………………………..
လျှောက်ထားသူလက်မှတ်……… ………………
အမည် ဦး/ ဒေါ် ………………………………….
နေရပ်လိပ်စာ ……………………………………
……………………………………………………………………
# ခံ ဝန်ချက်
ရက်စွဲ ………………………….
၁။ မန္တလေးမြို့၊………………………………… မြို့နယ်၊ …………………….ရပ်ကွက်၊ အကွက်အမှတ်……………. ရှိ။ ဦးပိုင်အမှတ်………….. ဧရိယာ…………… ဧကရှိ ဘိုးဘပိုင်မြေကို ကျွန်တော်/ ကျွန်မ/ ဦး/ ဒေါ် ……………………. ၏ အမည်သို့ ပြောင်းလဲပေးရန်အတွက် ပိုင်ဆိုင်မှု အထောက်အထားများနှင့်အတူ တင်ပြလျှောက်ထားအပ်ပါသည်။
၂။ အကယ်၍ ကျွန်တော်/ ကျွန်မ/ ဦး/ ဒေါ် ………………………….. ၏ အမည်သို့ ပြောင်းလဲပေးပြီး နောက် ပိုင်ဆိုင်မှု၊ သက်ဆိုင်မှု၊ အငြင်းပွားမှု၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက အငြင်းပွားမှု မပြီးပြတ်မီ ကာလအတွင်း မူလအမည်အတိုင်းပြန်လည်ထားရှိရမည်ကို သဘောတူကြောင်း ဝန်ခံ ကတိပြုပါသည်။

လျှောက်ထားသူလက်မှတ် ……………………
အမည်/ ဦး/ ဒေါ် …………………………….
မှတ်ပုံတင်အမှတ် ……………………………
နေရပ်လိပ်စာ ………………………………
……………………………………………
ကျွန်ုပ်ရှေ့မှောက်တွင် -
ဌာနစုမှူး (မြေယာ/ စီမံ)
# ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဘိုးဘပိုင်မြေတို့ကိုအမည်ပြောင်းလဲခြင်း #
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဘိုးဘပိုင်မြေကို အမည်ပြောင်းလဲခြင်းနှင့်ပတ်သက်၍-
# အမည်ပြောင်းလဲနိုင်သော မြေအမျိုးအစားတို့မှာ အောက်ပါမြေအမျိုးအစားတို့ဖြစ်သည် -
- မြေပိုင်မြေ၊
- ဘိုးဘပိုင်မြေ၊
- ဂရန်ရှိမြေပိုင်မြေနှင့် သက်တမ်းရှိသောမြေငှားဂရန်မြေ၊
- လယ်ယာ မြေဟူသောစကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ်ရရှိပြီးမြေ (ရန်ကုန်စည်ပင် လုပ်ထုံး ၂၅)
မြေအမည်ပေါက် ပြောင်းလဲရန် လျှောက်ထားခွင့်ရှိသူများ
# မြေအမည်ပေါက်ပြောင်းလဲပေးရန် လျှောက်ထားနိုင်သူများမှာ-
- မြေအမည်ပေါက်နှင့် မြေငှားစာချုပ်ရရှိသူတို့ထံမှ မှတ်ပုံတင်စာချုပ်စာတမ်းအဆက်အစပ်ဖြင့်ရရှိသူ သို့မဟုတ်
- တရားရုံးကထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း ရောင်းကြောင်းလက်မှတ်စာ( တံဆိပ် ခေါင်းကပ်ပြီးဖြင့်) ဝယ်ယူသူတို့သာ မြေအမည်ပြောင်း လျှောက်ထားခွင့်ရှိပါသည်။
မြေအမည်ပေါက်ပြောင်းလဲပေးရန် လျှောက်ထားသူသည် ဌာန၏ သတ်မှတ်ပုံစံနှင့် အတူ အောက်ပါ အထောက်အထားများကို ပူးတွဲတင်ပြရပါမည် -
(က) မြေနှင့်ပတ်သက်သော အထောက်အထားများ
(၁) မြေအငှားချထားသည့် အငှားစာချုပ်၊
(၂) မှတ်ပုံတင်စာချုပ်စာတမ်းများ၊ အခွန်ထမ်းဆောင်ရသည့် အကြောင်း အရာနှင့် ပတ်သက်သော မှတ်ပုံတင်စာချုပ်များအတွက် ပြည်တွင်း အခွန်များဦးစီးဌာနတွင် အခွန်ထမ်းဆောင်ထားသော အထောက်အထား၊
(၃) တရားရုံးဖြင့် လေလံတင်ရောင်းချရန် သတ်မှတ်သည့် အမိန့်နှင့် တရားရုံးက ထုတ်ပေး’သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းကြောင်း လက်မှတ် စာ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊
(ဂ) နိုင်ငံတော်၏ အမိန့်တစ်ရပ်ရပ်အရ အကျိုးခံစားခွင့်ရှိကြောင်း အထောက်အထား၊
စသည်တို့ကို တင်ပြ၍ လျှောက်ထားဆောင်ရွက်သွားရန်ဖြစ်ပါသည်။

# ထိုအခါဌာနမှ အောက်ပါအတိုင်းစိစစ်ပေးသွားမည်ဖြစ်သည် -
(က) ဌာနမှသတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပြည့်စုံစွာဖြည့်စွက်ထားခြင်း ရှိ/ မရှိ၊
(ခ) ပိုင်ဆိုင်မှုအထောက်အထားများပြည့်စုံမှုရှိ/ မရှိ စိစစ်၍ မိတ္တူကို မူရင်းနှင့်တိုက် ဆိုင်စစ်ဆေးခြင်း၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြားမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း၊
(ဃ) ဂရန်မြေဖြစ်ပါက မြေငှားခကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူကို မူရင်းနှင့်တိုက်ဆိုင်စစ် ဆေးခြင်း၊
(င) အထက်ပါ အချက်များ ပြည့်စုံမှန်ကန်မှုရှိက မြန်မာ့အလင်းသတင်းစာ သို့မဟုတ် ကြေးမုံသတင်းစာ နှင့် မြို့တော်သတင်းစာ တို့တွင် ကန့်ကွက်ရန်ရှိ/ မရှိ အတန်းလိုက် အတန်းလိုက်ကြော်ငြာခြင်း၊
(စ) မြို့နယ်အလိုက်သတ်မှတ်ဝန်ဆောင်ခပေးသွင်းစေခြင်း၊
(ဆ) မြေတိုင်းမှ မြေရာဇဝင်အစီရင်ခံစေခြင်း၊
(ဇ) တင်ပြထားသည့် မြေဆိုင်ရာအထောက်အထားများနှင့် မြေစာရင်းကိုက်ညီမှုရှိ/ မရှိ၊
(ဈ) မြေရာဇဝင်ပါမှတ်ချက်များကို အောက်ပါအတိုင်းစိစစ်ရမည် -
(၁) လျှောက်ထားသောမြေသည် မြေစာရင်းတွင် သက်တမ်းကုန်ဆုံးခြင်း ရှိ/ မရှိ၊
(၂) မြေစာရင်းတွင် မြေသိမ်းရှိ/ မရှိ၊
(၃) မြေစာရင်းတွင် မြေတန်ဖိုးဖြတ် မှတ်ချက် ရှိ/ မရှိ၊
(၄) မြေစာရင်းတွင် အစိုးရဌာနဆိုင်ရာများ၏ တားမြစ်ချက် ရှိ/ မရှိ၊
(၅) မြေစာရင်းတွင် တရားရုံး တားဝရမ်း သို့မဟုတ် ဘဏ်တစ်ခုခုမှ ကန့်ကွက်ချက် ရှိ/ မရှိ၊
(၆) မြေစာရင်းတွင် ကန့်ကွက်ချက် ရှိ/ မရှိ၊
(၇) မြေစာရင်းတွင် ဂရန်စည်းကမ်းပျက် မှတ်ချက် ရှိ/ မရှိ
(၈) ပြည်တွင်းအခွန်များဦးစီးဌာနမှ ကန့်ကွက်တားမြစ်ချက် သို့မဟုတ် ကြွေးကျန် ရှိ/ မရှိ၊
(၉) မြေစာရင်းရှိ မှတ်ချက်များသည် တင်ပြထားသည့် အထောက်အထားများနှင့် သက်ဆိုင်မှုရှိ/ မရှိ၊
(ည) ၁၉၈၇ ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ နှင့် ငြိစွန်းမှုရှိ/ မရှိ၊
(ဋ) ကန့်ကွက်ရန်ကြော်ငြာစာကို မြေပေါ်တွင် (၁) စောင်၊ လျှောက်ထားသူ ကာယကံရှင်သို့ (၁) စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး သို့(၁) စောင်စီကို လျှောက်ထားသူမှ ပေးပို့နိုင်ရေးထုတ်ပေးရန်နှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့မှ လက်ခံရရှိကြောင်း အထောက်အထား (၁) စောင်အား လျှောက်ထားသူက ပြန်လည်တင်ပြခြင်းကို စိစစ်ခြင်း၊
(ဌ) တရားရုံးကထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း ရောင်းကြောင်းလက်မှတ် စာနှင့် နောက်ဆုံးစာချုပ် မိတ္တူမှန်တို့ဖြင့် တင်ပြလျှောက်ထားခြင်းအား မြို့တော်သတင်းစာနှင့် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာတို့တွင် ရိုးရိုး ကြော်ငြာ( သီးခြား) ကြော်ငြာခြင်း၊
(ဍ) သတင်းစာတွင်ကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့်စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက်ရယူခြင်း၊
(ဎ) ဌာနမှူး၏ခွင့်ပြုချက်ရရှိပါက အမည်ပြောင်းလဲမှတ်တမ်း (Endorsement) ထုတ်ယူခြင်းနှင့် (Endorsement) ပေါ်တွင် အမည်ပြောင်းလဲသတ်မှတ်ပေးခြင်းနှင့် သက်ဆိုင်ရာ အရာရှိမှလက်မှတ်ရေးထိုးပေးခြင်းနှင့် ထုတ်ပေးခြင်း၊
(ဏ) အမည်ပြောင်းခွင့်ပြုထုတ်ပေးပြီးပါက ၎င်းအမှုတွဲကို ယင်းသို့ထုတ်ပေးပြီးကြောင်း မြို့မြေစာရင်းတွင် မှတ်သားထားခြင်း။
ဘိုးဘပိုင်မြေ အမည်ပြောင်းလျှောက်ထားခြင်းကို အထက်ဖော်ပြပါ အတိုင်း စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးမျှ ဝေလိုက်ရပေသည်။

Crd
ဆရာကြီးမိုးထက်( ၂၈.၃.၂၀၂၂) ရက်နေ့ ည(၁၁) နာရီ(၂၄) မိနစ်



#09770777895

09/09/2022

#စာချုပ်စာတမ်းမှတ်ပုံတင်လိုလျှင်"

စာချုပ်မှတ်ပုံတင်ချုပ်ချင်လျှင်
အခွန်တော် တံဆိပ်ခေါင်း ကပ်။

အခွန်တော်တံဆိပ်ခေါင်းကပ်ဖို့
မြေကွက်တန်ဖိုးသိရမယ်။

မြေကွက်တန်ဖိုးသိဖို့က
ရာဖြတ်တင်ရမယ်။

ရာဖြတ်တင်ဖို့က
မြေပုံမြေရာဇဝင် လိုပါတယ်။

အရောင်းအဝယ်စာချုပ် ချုပ်ပြီးဆိုလျှင် -

(ပထမအဆင့်အနေနဲ့)
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကိုသွားရပါမည်။
ရန်ကုန်နဲ့မန္တလေးမှာဆို "စာချုပ်စာတမ်းမှတ်ပုံတင်ရုံး" ဆိုပြီး သီးသန့်ရှိတယ်။ အခြား မြို့တွေမှာဆို မြေစာရင်းရုံးကို သွားရလိမ့်မယ်။

လိုအပ်မည့်စာရွက်စာတမ်းတွေကတော့

၁။ စာချုပ်နှင့် မြေပုံမြေရာဇဝင်
၂။ မြေငှားဂရန် နှင့် ဆက်စပ်စာချုပ် (မိတ္တူ)
၃။ ရောင်းသူရဲ့မှတ်ပုံတင် (မိတ္တူ)
၄။ ဝယ်သူရဲ့မှတ်ပုံတင် (မိတ္တူ)
၅။ ဝယ်သူရဲ့အိမ်ထောင်စုစာရင်း (မိတ္တူ)
#၎င်း(၅)မျိုးကို မိတ္တူ (၆)စုံဆွဲရမယ်။
( ၆စုံ ဆိုတာ စစ်ဆေးမည့်အဖွဲ့က ၆ဖွဲ့မို့ပါ)

၆။ မြေကွက်နှင့်အိမ်ဖြစ်လျှင် (ရှေ့ဖက်မှ) (ဓာတ်ပုံ၂ပုံ)
၇။ မြေကွက်နှင့်အိမ်ဖြစ်လျှင်(အနောက်ဖက်မှ) (ဓာတ်ပုံ၂ပုံ)

အဲ့ဒီ ၇ မျိုး ပါကိုပါရမယ်။ ဝယ်သူကိုယ်တိုင်ပါရမယ်။ ဝန်ခံချက်ပုံစံမှာ လက်မှတ်ထိုးရမယ်။ အများအားဖြင့် ရက်ချိန်း(၂)ပတ် ဝန်းကျင်လောက်ပေးလိမ့်မယ်။

(ဒုတိယအဆင့်အနေနဲ့)
လုပ်ဆောင်ရမှာတွေကတော့....

၁။ ရာဖြတ်တန်ဖိုးသိရလျှင် ဝယ်သူနေထိုင်ရာ မြို့နယ်အခွန်ဦးစီးဌာန ကိုသွား။

၂။ ရာဖြတ်တန်ဖိုးရဲ့ %ကို တွက်။
ကျသင့်ငွေကို တံဆိပ်ခေါင်းအခွန်အဖြစ် ဝယ်။
ချလန်တစ်စောင်ရလိမ့်မယ်။

၃။ ရာဖြတ်တန်ဖိုးအတွက် ငွေဖြူ/ ဝင်ငွေရလမ်း ဖော်ပြနိုင်တဲ့ငွေ/ အခွန်စည်းကြပ်ပြီးသောငွေကို ပြရမယ်။ ချလန်တစ်စောင် ထပ်ရမယ်။

၄။ မပြနိုင်လျှင် ဝယ်ယူတဲ့ပစ္စည်းတန်ဖိုး(ရာဖြတ်တန်ဖိုး) က
သိန်း ၁၀၀၀ အောက် - ၃%
သိန်း ၁၀၀၀ - ၅၀၀၀ ကြား - ၅%
သိန်း ၅၀၀၀ - ၁၀၀၀၀ ကြား - ၁၀%
သိန်း ၁၀၀၀၀ - ၁၅၀၀၀ ကြား - ၂၀%
သိန်း ၁၅၀၀၀ အထက် ဆို - ၃၀% အဝယ်ခွန် ပေးဆောင်ရမယ်။

၅။ စုစုပေါင်း ချလန်၂စောင်ဖြစ်မယ် မြို့နယ်အခွန်ဦးစီးဌာနက ညွှန်တဲ့ ဘဏ်ကိုသွား။ ငွေသွင်း။

၆။ ငွေသွင်းပြီးရင် ချလန်မူရင်း၂စောင်ပြန်ရလာမယ်။ မိတ္တူ ၂ စုံကူး။ မြို့နယ်အခွန်ဦးစီးဌာနကို ပြန်ပေး။

၇။ အခွန်တံဆိပ်ခေါင်းယူဖို့ ရက်ချိန်းပေးလိမ့်မယ်။

၈။ ထိုချိန်းတဲ့ရက် မြို့နယ်အခွန်ဦးစီးဌာနကို သွား၊ အခွန်တံဆိပ်ခေါင်း ယူ။ ၅% အတွ​က် တံဆိပ်ခေါင်း ရမယ်။ ကျန်တာအတွက် မရ။

(တတိယအဆင့်အနေနဲ့)

၁။ အခွန်ရုံးကထုတ်ပေးတဲ့ အခွန်တော်ခေါင်း၊
၂။ ဂရန်မူရင်း/မိတ္တူ ၊ ဆက်စပ်စာချုပ် မူရင်း/မိတ္တူ၊ အခွန်ဆောင်ရမယ့်အရောင်းအဝယ်စာချုပ်၊ မြေခွန် ကွာတားကြေး ပြေစာ၊ ရာဖြတ်ကစာရွက်။
၃။ ရောင်းသူ၊ ဝယ်သူ၊ သက်သေ၂ဦးရဲ့ မှတ်ပုံတင် မူရင်း၊ မိတ္တူ။

အထက်ပါစာရွက်စာတမ်းတွေနဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကိုသွား-

-မူရင်းနဲ့ မိတ္တူတွေ တိုက်စစ်၊
-ပြည့်စုံလျှင် လက်ဗွေနိုပ်(ရောင်းသူ၊ ဝယ်သူ၊ သက်သေအမှတ်၁)
- အလုံးစုံ ပြည့်စုံလျှင် စာချုပ်စာတမ်းမှတ်ပုံတင် ဦးစီးအရာရှိက လက်မှတ်ထိုး။
- စာရေးမက ယာယီစာချုပ်နံပါတ် ထုတ်ပေး/ ရက်ချိန်းပေး။
- စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို အခွန်ပြေစာနံပါတ်၃ ( အခမ-၃) ရမှ ရုံးကနေ " မှတ်ပုံတင်ပြီးပြတ်သွားတဲ့အရောင်းအဝယ်စာချုပ်" ပြန်ပေးပါလိမ့်မယ်

Credit-



#09770777895

04/08/2022

လယ်ယာမြေ"ကို ရဲရဲသာဝယ်ပါ။

လယ်မြေ/လယ်ယာမြေတို့ကို ဝယ်လိုလျှင်
ရဲရဲသာ ဝယ်ပါ။ ဝယ်ပိုင်ခွင့်ရှိနေပါပြီ။

စည်းကမ်း အရတော့ "လယ်မြေ" ဝယ်ရင် လယ်စိုက်ရပါ့မယ်။ ယာမြေ ဝယ်ရင် "ယာ"စိုက်ရမည်ဖြစ်ပါသည်။

အဲဒီလို မစိုက်ချင်ရင်၊ မြေအမျိုးစား ပြောင်းခွင့် တင်လို့ရပါတယ်။ လယ်ယာမြေ ဥပဒေ သစ် ရဲ့ အပိုဒ်(၃၀)
အရပေါ့ (အဟောင်း လ/န ၃၉ လိုပါပဲ)

လ/န ၃၉ ဆိုသည်မှာ လယ်ယာမြေကို မြို့မြေ(သို့)
လူနေမြေ အဖြစ်သို့ မြေအမျိုးစား ပြောင်းလဲသတ်မှတ်နိုင်သည့် ပုဒ်မပါ။

ပုဒ်မ -၃၈ နှင့် ၃၉ တို့အရ မည်သည့် "လယ်ယာမြေ"ကိုမဆို သင့်တော်သောနည်းလမ်း ၏အတိုင်း မြေအမျိုးစား ပြောင်းလဲ သတ်မှတ်နိုင်ပါသည်။

ယခုချိန်မှာ လယ်ယာမြေ ဥပဒေသစ်(၂၀၁၂)မှာက လ/န ဥပဒေ ထက်တော့ ပိုပြီး ပြည်စုံပါသည်။

"အခြားနည်းအသုံးပြု' လို့ခေါ်ဝေါ်တဲ့ (ပုဒ်မ-၃၀(က)(ခ)) ကိုပြောင်းလဲသတ်မှတ်အပြီး "လယ်မြေ' တွေကို (လူနေမြေ) အဖြစ်ပြောင်းလဲ လျှောက်ထားပိုင်ခွင့်၊ ရောင်း၊ ပေါင်၊ငှား၊လဲ ခွင့်နှင့် ဂရံ မြေအထိ အဆင့်ဆင့်
ပြောင်းလဲလျှောက်နိုင်ခွင့် ရမည်ဖြစ်သည်။ ယခုလို လျှောက်ထားနိုင်ရန်အတွက် နည်းဥပဒေ ရဲ့ "ပုံစံ-၁၄' ကို
သက်ဆိုင်ရာမြို့နယ် မြေစာရင်းရုံးတွေမှာ ဝယ်လို့ရပါသည်။

ပထမဦးဆုံး အနေနဲ့ ကိုယ်ဝယ်ယူမယ့် "လယ်မြေ' ရဲ့
ပုံစံ(၇)ကို မြေစာရင်းဦးစီးဌာနမှာ မှန်/မမှန် အရင်စစ်ဆေးဖို့ လိုပါသည်။ မူရင်း ပုံစံ(၇) ကိုမြင်တွေ့ပြီး စရံငွေပေးပြီး ရပ်ကျေး ဥဏ္ဍဌ နှင့်ညှိနှိုင်းပါ။

လယ်မြေ အား ငွေအပြေ ပေးချေတော့မည် ဆိုလျှင်-
၁။ အရောင်းဝယ်ပြုလုပ်ရန် အတွက် ထုတ်ယူထားသော ပုံစံ-၁၀၅ တောင်းပါ။
၂။ ပုံစံ-၁၀၅ မှ ပိုင်ရှင်က ဝယ်ယူသူသို့ လွှဲ ပေးသော
SP လည်း ရရှိပါစေ။
၃။ ထို့အပြင် ပုံစံ(၇)မူရင်းလည်း ယူရပါရမည်။
၄။ အထက်ပါအကြောင်းရာများအား စီစစ်ဝယ်ယူပြီးလျှင် "တံဆိပ်ခေါင်းခွန်' နှင့်"မှတ်ပုံတင်ကြေး' တို့ပေးဆောင်၍ မြို့နယ်မြေစာရင်းမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။ ၄င်းစာချုပ်ချုပ်ဆိုပြီးပါက မိမိဝယ်ယူထားသော
"လယ်မြေ' ကွက်ကို ကိုယ့်အမည်(ဝယ်ယူသူအမည်) ပြောင်း ၍ ရပါပြီ။

ထိုနည်းတူ "လယ်ယာမြေ'မှ လူနေမြေ သို့ လျှောက်မည်ဆိုပါက ပုံစံ-၁၄. ဝယ်ယူအပြီး မြို့နယ် မြေစာရင်းသို့ ပုံစံ-၁၀၆ အား လိုအပ်ပါက လျှောက်ထားရမည်။

အဆင့်မများပါ။ လွယ်ကူ ရိုးရှင်းပါသည်။

ယခုချိန် မြေကွက်အား ရေရှည်စီမံကိန်းဖြင့် ရင်းနှီးမြုပ်နှံရန် အစီစဥ်ရှိသော မည်သူမဆို ငွေနည်းနည်းပေးပြီး မိမိပြန်ရောင်းထုတ်ချိန် စျေးကောင်းကောင်းပြန် ဖို့ရန်အတွက် လယ်မြေ များသည် အထူးစဥ်းစားရမည့် အချက်များထဲ ပါဝင်နေပါသည်။

အချက်ချာကျ ပြီး အရပ်လေးမျက်နှာ၌ စီမံကိန်း
များ တဖြည်းဖြည်းနဲ့ တိုးတက်လာ၍ အစိုးရ ရာပြည့် Plan များ အရှိန် တင် နေသော နေရာ အနီးနား
လယ်မြေ များသည် နောင်တစ်ချိန်မှာ "ရွှေ' ဖြစ်လာမည်
ဟု အကြံပြုရင်း။

Credit- လေးစားစွာဖြင့်🙏

03/08/2022

❝ တရားရုံးမှာ လက်ကကိုင်ပြီး ကျမ်းကျိန်ရတဲ့ ကျမ်းစာထုတ်ထဲမှာ ဘာတွေ ရေးထားလဲ? ❞
▬▬▬▬▬▬

မလိမ်ကြနဲ့တရားရုံးက အနီရောင်ပိတ်လေးထဲမှာပါတဲ့ ကျမ်းသစ္စာ ကျိန်စာဆိုတာကျမ်းစူးတဲ့ အကြောင်းလေးပါ…. ကျမ်းကျိန်ကျမ်းစူး ဘယ်ယတြာမှမကယ်နိူင်ဘူး။

တခုခုဖြစ်တိုင်း တရားစွဲမယ် …… တရားရုံးရောက်မှ ရှင်းမယ်နဲ့ လွယ်တယ်မှတ်နေကြတယ် ……. တခြားကိစ္စတွေ အသာထား အရင်ဆုံး တရားလိုရော တရားပြိုင်ရော သက်သေရော ကျမ်းထုတ်ကိုကိုင်ပြီး ကျမ်းကျိန်ရတာ …. ကျမ်းထုတ်ထဲမှာ ဘာကျိန်စာတွေပါမှန်းမသိပဲ လွယ်လွယ် နဲ့ ကျိန်လိုက်ပြီး အမှန်အတိုင်းပြောရင်တော့ ဟုတ်ရဲ့ …. အမှုနိုင်ချင်တာနဲ့ပဲ မဟုတ်မမှန်တာတွေ ထွက်ဆိုချက်ပေးမိတဲ့သူတွေ… ဂျပိုးကို လိပ်ဖြစ်အောင်ပြောသူတွေ… မတရားသက်သေတွေ သက်သေအလိမ်တွေ အတွက် ကျိန်စာက အဆင်သင့်စောင့်နေတာ ….

တွေ့ခဲ့ဖူးတာလေး တစ်ခုပြောပြမယ် ….

လွန်ခဲ့တဲ့ ၂၅ နှစ်လောက် ကိုယ်တို့ငယ်ငယ်က အိမ်ကိုဝင်ထွက်သွားလာနေတဲ့ ဖွားဖွားမိတ်ဆွေ ဦးလေးကြီး တစ်ယောက်ရှိတယ် .. ဦးဘ ပဲ ဆိုကြပါစို့ …… ဦဘက လျှပ်စစ်ပညာမှာ သိပ်တော်တယ် … အိမ်ဆောက်ပြီဆို သူ့ကို အရင်ခေါ်ရတာပဲ … သူ့နယ်ပယ်မှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့သူ ….. ဖခင်က ရပ်ဝေးမှာရောက်နေတာကြောင့် မိန်းမသားချည်းပဲရှိတဲ့ ကိုယ်တို့အိမ်ကို ညရေးညတာ လူဝင်ရင် ချက်ချင်းသိအောင် သူခိုးဖမ်းစက်ကို သူ့ဖာသာသူထွင်ပြီး လာတပ်ပေးထားတယ် … ဦးဘဟာ အဲ့လိုမျိုး မိတ်ဆွေတွေအပေါ်မှာလဲ အလိုက်သိတယ် … ခင်တက်တယ် …. စိတ်ပူပေးတက်တဲ့ လူစားမျိုး …. သဘောသိပ်ကောင်းတယ် …. ပျော်ပျော်နေတက်တယ် …..

သူက မြို့ထဲမှာတိုက်ခန်းတစ်ခုကို ငှားပြီး လျှပ်စစ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေလဲ ရောင်းသေးတယ် …. အဲ့တာ သူ့ဆိုင်ဆိုလဲဟုတ် …. သူ့ရုံးခန်းဆိုလဲဟုတ်တယ် …..

တစ်ရက်မှာ အခန်းပိုင်ရှင် နဲ့ အိမ်နီးချင်းတို့ အမှုဖြစ်ကြတယ် (ဘာအမှုလဲတော့ သေချာမမှတ်မိတော့ပါ) … အခန်းပိုင်ရှင်က သူ့ဖက်က သက်သေလိုက်ပေးဖို့ ဦးဘကိုလာညှိတယ် … သက်သေဆိုပေမယ့် မတရားသက်သေ ခေါ်မလား … အမှားထွက်ပေးရမှာ ……

အပေးအယူ အနေနဲ့ သူအမှုနိုင်ရင် ဆိုင်ခန်းလေးကို အခမဲ့ ဘယ်နှနှစ်ငှားမယ်ပေါ့ … အမှုရှုံးရင်တော့ အဲ့ဆိုင်ခန်းလေးကို ရောင်းပစ်ရတော့မယ်ဆိုပြီတော့ပေါ့ ….

ဦးဘက လောဘတက်သွားတာရော …. ဆိုင်ခန်းလေးကို ဆုံးရှုံးမှာကြောက်တာရော…. မိတ်ဆွေကိုခင်မင်တာရောကြောင့် မတရားသက်သေ လိုက်ပေးဖို့ လက်ခံလိုက်ပါတယ် ….

အမှုလဲနိုင်ပါတယ် …. အခန်းလေးကိုလဲ ဦးဘက အခမဲ့ ငှားခွင့် ဆိုင်ဖွင့်ခွင့်ရလိုက်တယ် …..

ဒါပေမယ့် သိပ်မကြာဘူး …. ဦးဘတစ်ယောက် လုံးပါးပါးလာတယ် … စီးပွားရေးကျလာတယ် …. သူ့ကို ငှားမယ့်သူမရှိတော့ဘူး …. သူ့ပစ္စည်းတွေကို လာဝယ်တဲ့သူ မရှိတော့ဘူး …. ပြီးတော့ ကျန်းမာရေးလဲ ချို့ယွင်းလာတယ် ….. (လေဖြတ်လိုက်သေးတယ် ထင်တယ်) …. တပည့်တွေ အများကြီးနဲ့ စီးပွားရေး အောင်မြင်နေတဲ့ ဦးဘ ၊ လူချစ်လူခင်များတဲ့ ဦးဘ တစ်ယောက် လေး ငါး နှစ်အတွင်းမှာ ချုံးချုံးကျသွားတယ် …..

အိမ်က အဖွားဆီ လာလည်တော့ တော်တော်စုတ်ပြတ်နေပါပြီ … သူမှားကြောင်းတွေလဲ ဖွင့်ပြောပြသွားတယ် …. သူ ကျမ်းစူးနေပါပြီတဲ့လေ …….. နောင်တတွေရလို့ ဘုရားအလုပ် တရားအလုပ်တွေပဲ လုပ်တော့တယ်တဲ့ …. သူ့အကြောင်းတွေ ပြောပြရင်း ဝမ်းနဲ ပန်းနဲ နဲ့ ငိုတယ် …..

အဲ့နောက်ပိုင်း ဦးဘကို မတွေ့ရတော့ပါဘူး ….

အိမ်ပြောင်းသွားတယ်လို့ ကြားရသလို …. ဆင်းဆင်းရဲရဲ နဲ့ပဲ ဆုံးပါးသွားတယ်တဲ့ …..

ကျမ်းစူးတာ အဲ့လိုမျိုး သိပ်ကိုကြောက်ဖို့ကောင်းပါတယ် .. ဒါပေမယ့် လူအများစုက ကျမ်းထုတ်ထဲ ဘာကျိန်စာပါမှန်းမသိဘဲ ကျမ်းကျိန်ပီး အလွယ်တကူပဲ မှားမှားမှန်မှန် ထွက်ဆိုချက်တွေပေးနေကြတာပါပဲ ….

ကျမ်းစာထုတ်ထဲမှာ ဘာတွေပါလဲ

ကျမ်းသစ္စာ

ကျိန်ဆိုမြဲကျမ်းစာတွင်

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

စိန္တိတံ သတ္တသင်္ချေ ယျ၊ နဝသင်္ချေယျ ဝါစကံ၊ ကာယ ဝါစာ စတုချာတံ ဟု ကျမ်းစာကိုစတင်ဖွင့်ထားပြီး အောက်အပိုဒ်တွင် ကျမ်းစာကို စောင့်ရှောက်သော နတ်အပေါင်းတို့ကို တိုင်တည် ထားပါသည်။

ဗုဒ္ဓတ္တံ သမုပါဂမိ ဟူသောပါဌ်ဂါထာနှင့် လျော်ညီစွာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ရှစ်သင်္ချေနှင့်ကမ္ဘာ တစ် သိန်း၊ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ခန္တီပါရမီ၊ ဝီရိယပါရမီ၊ သစ္စာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီဆိုသည့် ပါရမီဆယ်ပါး အပြားသုံးဆယ်ကိုလည်းကောင်း၊ စွန့်ခြင်းကြီးငါးပါးနှင့် စရိယသုံးပါးတို့ကိုလည်းကောင်း ဖြည့်ကျင့်တော်မူပြီးမှ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိယောဓသစ္စာ၊ မဂ္ဂသစ္စာ တည်းဟူသော သစ္စာလေးပါးတရားတို့ကို သိတော်မူ၍ ဂင်္ဂါသဲလုံးနှင့်အမျှပွင့်ကုန်တော်မူသော် ပညာဓိကဘုရား၊ ဝိရိယာဓိကဘုရား၊ သဒ္ဓါဓိကဘုရားအပေါင်းတို့ကိုလည်းကောင်း၊ လောကကို စောင့်ရှောက်သည်ဟု အဆိုရှိ သော စန္ဒီပါရမီတွာ၊ မဟာပိန္နဲ၊ ကုတဲ၊ ဂေါရမန္တနတ်ကြီး၊ သာသနာတော်ကိုစောင့်သောနတ်ကြီး၊ ပိဋကတ်သုံးပုံ၊ ဗေဒင်လေးပုံကိုစောင့်သောနတ်ကြီး၊ စတုလောကပါလ နတ်ကြီး၊ မဟာမေဂလာနတ်ကြီး၊ ရုက္ခစိုးအာကာသစိုး နတ်ကြီး၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ အရပ်လေး မျက်နှာကိုစောင့်သော နတ်၊ အရပ်ရှစ်မျက်နှာကို စောင့် သော နတ်အပေါင်းတို့သည် ကျမ်းသစ္စာကို မှန်ကန်စွာ ကျိန်ဆိုသူတို့အား အမြဲစောင့်ရှောက် တော်မူစေသတည်း ဟူ၍ လေးနက်စွာ တိုင်တည်ထားသည်။

ကျမ်းသစ္စာကျိန်ဆိုရာတွင် မဟုတ်မမှန်ထွက်ဆိုပါက ရရှိခံစားရမည့်အကျိုးတရားများကိုလည်း ယခုလိုရေးထိုး ထားပါသည်။

ဟုတ်မှန်သည်ကိုသာထွက်ဆိုပါမည်။ မဟုတ်မမှန် ဆိုပါချေလျှင် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း တွက်ကိန်း ပြည်ထ၊ လုံ့လသည်းစွာ၊ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမ ပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ ပညာပါရမီ၊ သစ္စာ ပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ ပါရမီဆယ်ပါးအပြား သုံးဆယ်ကိုဖြည့်၍ ဘုရားရှင်ကိုယ်တော်မြတ်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။

သွားတော်လေးဆယ်၊ စွယ်တော်လေးချောင်း၊ ညှပ်ရိုးတော်နှစ်ချောင်း၊ ဓာတ်တော်ပေါင်း ရှစ်စရွတ်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ ။

လက်ျာရံရှင်သာရိပုတ္တရာ၊ လက်ဝဲရံရှင် မောဂ္ဂလာန်စသော အသီတ ိရှစ်ကျိပ်သော ရဟန္တာမြတ် တို့၏ ဓာတ်တော် မွေတော်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ။

ထိုမှတစ်ပါး ဘုရား သခင် ဟောတော် မူသော၊ ဝိနည်းငါးကျမ်း၊ သုတ်သုံးကျမ်း၊ အဘိဓမ္မာခုနစ်ကျမ်း၊ ပိဋကတ်သုံးပုံ၊ ဓမ္မာခက္ခန္တာပေါင်း ရှစ်သောင်းလေးထောင် ကျမ်းကုန်အောင်စောင့်သော နတ်လည်း သတ်၍မနေ သေစေသော ဟူလေ။

ထိုမှ တစ်ပါး သာမဗေဒင်၊ ယဇုဗေဒင်၊ က္ကသျှုဗေဒင်၊ အာတပန ဗေဒင်လေးပုံကို စောင့်သောနတ်လည်း သတ်၍မနေ သေစေသော ဟူလေ။

ထိုမှတစ်ပါး သာသနာတော်ငါးထောင်ကို စောင့်သောနတ်လည်း သတ်၍မနေ သေစေ သော ဟူလေ။

ထိုမှတစ်ပါး ဇမ္မူဒီပါ၊ အပရဂေါယာ၊ ဥတ္တ ရကုရု၊ ပြုဗ္မဝိဒေဟာ၊ကျွန်းကြီးလေးကျွန်း၊ ကျွန်းငယ် နှစ်ထောင်၊ အရံဆောင်သော ကျွန်းအပေါင်းကို စောင့် သောနတ်လည်း သတ်၍မနေ သေစေသောဟူလေ။

ထို မှ တစ်ပါး မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ဂင်္ဂါယမုံနာ၊ အစီရဝတီမဟီ၊ အရဘူ၊ ဟူသည်မကြွင်း၊ အိုင်အင်းချောင်း မြောင်း၊ အပေါင်းစောင့်မှတ် ခပ်သိမ်းနတ်လည်း သတ် ၍မနေ သေစေသော ဟူလေ။

ဟိမဝန္တာတောသုံးတောင် ကို ကုန်အောင် စောင့်သော အာကာသစိုး၊ ဗိဿနိုးမလွတ် ဘုတ်ပြိတ်နတ်လည်း သတ်၍မနေသေစေသော ဟူလေ။

ထိုမှတစ်ပါး အဿမုက္ခိ၊ စန္ဒပါရမီသွာ၊ မဟာဂီရိစသော အရှိန်ပြင်းထန်၊ ဝေဿန်ဝန်နှင့် ကုမ္ဘာန်ယက္ခ၊ ကန္ဓဗ္မက စသည့် ဒေဝိန်၊ အသူရိန်အလား၊ ကျော်ထင်ရှားသည့် နတ်အများလည်း သတ်၍မနေ သေစေသော ဟူလေ။

ထိုမှတစ်ပါး သွေးခဲသွေးနက် ပွက်ပွက်၍ ကိုယ်လက် ပြောင်းပြန်သွေးခဲအန်၍ သေစေသောဟူလေ။

ထိုမှ တစ်ပါး ဘေးရှစ်ပါး၊ ဒဏ်ဆယ်ပါးလည်း ထင်ရှားသတ်၍ လတ်လတ်ချက်ချင်းသေစေသော ဟူလေ။

ထိုမှတစ်ပါး သားမြေးဥစ္စာ၊ မကြာပျက်စီး၊ ဆီမီးတန်ဆောင်၊ တုံးသော ရောင်သို့၊ ကုန်အောင်မကြွင်း ပျက်စီးခြင်းသို့ရောက်စေသောဟူလေ။

ထိုမှတစ်ပါး ရေဝယ်သွားလည်း ရေသား များတွေ ဆယ်ကုဋေတွင်၊ ရေနေအပေါင်း၊ မိချောင်း လပိုင်၊ ညွံထိတိုင်၍ မကာန်းလိပ်ငါး၊ စား၍မနေ သေစေ သော ဟူလေ။

ထိုမှတစ်ပါး ကြည်းဝယ်သွားလည်း၊ ကြည်း သားအပြား၊ များသည်အနေ၊ ကိုးကုဋေတွင် သစ်ကျား ဆင်ရဲ၊ စိုင်ထီးငမွဲ၊ ဝက်ရဲစား၍၊ ထွားထွားညက်ညက်၊ ကိုယ်လုံးပျက်၍ သေစေသော၊ ဟူလေ။

ထိုမှတစ်ပါး မြွေပွေးမြွေဟောက်၊ ငန်းပျောက်ငန်းကျား၊ ငန်းငါးပါး လည်း ပေါက်ထမနေသေစေသော၊ ဟူလေ။

ထိုမှတစ်ပါးသေတုံငြားလည်း၊ ငရဲကြီးရှစ်ထပ်၊ ငရဲငယ် တစ်ရာနှစ်ဆယ့်ရှစ်ထပ်၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ အပါယ်လေးပါးလားစေသော၊ဟူလေ။

ထိုမှတစ်ပါးလူဖြစ် ငြားလည်း၊ လူချင်းမတူ၊ နုဖြူနုဆွတ်၊ မုန်ညင်းရွက်အဆင်း ခရုသင်းမလွတ်၊ ဘက်သကဘက်သများ၊ ထိုအနာလည်းစွဲ စေသောဟူလေ။

ထိုမှတစ်ပါး မင်းကမလွတ်၊ အမတ် ဗိုလ်ပါ၊ စွဲစရာသား၊ အိမ်ထားလက်နက်၊ သုံးမည်စက်နှင့် ခြေလက်ထောင်းထောင်း၊ လက်ဦးခေါင်းလည်း၊ ထောင်း ထောင်းပြတ်၍ သေစေသော၊ ဟူလေ။

ထိုမှတစ်ပါး မဟာသမုဒ္ဒရာ၊ ပင်လယ်ကြောဝယ်၊ သင်္ဘောလှေကြီး၊ ပျက်စီးမျောပါ၊ တွဲသောလားသို့၊ ထွားထွားညက်ညက် ပျက်စေသော၊ ဟူလေ။

ထိုမှတစ်ပါး ဂွမ်းတလှည်းတို၊ အကျွမ်းဘုတ်သော်၊ တဆုပ်လောက်မျှ၊ စမ်းမရသို့ဖြစ် သောဟူလေ။

ထိုမှတစ်ပါး သား၊ မြေး၊ ကျေးကျွန်၊ ထွန် သည့် ကျွဲ၊ နွား၊ ခမ်းနားမကြွင်း၊ ပြုန်းတီးခြင်းနှင့် ဆင်း ရဲကြီးသည်၊ မြေကြီးဝက်ခွဲ၊ ခွက်လက်စွဲ၍၊ ငရဲအရှင်၊ စားကျင်လှည့်ကာ၊ ဘုန်းစားရာဘဝ၊ တွင်းဆုံးကျ၍၊ အလှမဲ့ပါ၊ လူပြိတ္တာလည်း ဖြစ်စေသောဟူလေ။

ထိုမှ တစ်ပါး မင်းနန်းသူကျိန်ခြင်း၊ ထုံးနှယ်ဆင်းသည်၊ ထင်း မီးစကဲ့သို့ တစတစ တိုစေသော၊ ဟူလေ စသည်ဖြင့် မုသားထွက်ဆိုမှုကြောင့် ရရှိခံစားရမည့် လောကီ၊ လော ကုတ္တာအကျိုးကို ကျမ်းစာတွင် နက်ရှိုင်းစွာ ဖော်ပြထားပါ သည်။

ဟုတ်မှန်သည့်အတိုင်း ထွက်ဆိုပါက လူ့ပြည်သာမက နတ်ပြည် သို့ရောက်သည့် တိုင် အောက်ပါ အကျိုးတရားများ ရရှိစေကြောင်း ဖော်ပြထားပါသည်။

ဟုတ်မှန်သည့်အတိုင်း ဆိုချေလျှင် မှန်သောသစ္စာ၊ အာနုဘော် အကျိုးဆက်ကြောင့် ယခင် ရေရွတ်ဆိုခဲ့ပြီး သာ နတ်ကောင်း၊ နတ်မြတ်အပေါင်းတို့သည် ကောင်း သောကြည့်ခြင်းဖြင့်ကြည့်မြင်လျက် စောင့်ရှောက်တော် မူကြသည်ဖြစ်၍၊ ကာယသုခ၊ စိတ္တသုခ၊ ချမ်းသာခြင်း ဖြစ်စေသတည်း။

ထိုမှတစ်ပါး မှန်သောသစ္စာအာနု ဘော် အကျိုးဆက်ကြောင့် အရှင်မင်းစသော မြို့ကွပ် ပြည်စိုး၊ အမှုအမတ်၊ သူရဲသူခက်အပေါင်းတို့နှင့် ဆိုခဲ့ သမျှ ကြည်းနေ ရေနေသတ္တဝါ အပေါင်းတို့သည် ရင်ဝယ် ဖြစ်သောသားကဲ့သို့ သနား ချစ်ခင်ခြင်း ရှိကြကုန်လျက် ကိုယ်မှစ၍ သား၊ မြေး၊ မြစ်အဆွေ ခုနစ်ဆက်တို့သည် ဓာတ်လေးပါးတို့ သောင်းသော တည်ကြည်ခြင်းဖြင့် တည်ကြည် ညီညွတ်၍၊ ကြမ္မာအပေါင်း၊ ဘေးဥပဒ် အပေါင်း၊ အပြစ်ဒဏ်ဟူသမျှ၊ ရောဂါအနာမျိုး၊ ကိုးဆယ့် ခြောက်ပါးတို့သည် မထိမရောက်၊ မကပ် မစွန်းမငြိ၊ ချမ်းသာ အတိပြည့်စုံ၊ ကုံလုံကြွယ်ဝလျက်၊ အသဒိသ သဖွယ်ဖြစ် အလှူကြီးကို၊ ကြိမ်ဖန်များစွာ၊ ဒါန၊ သီလ တို့ကို မပြတ်ဖြည့်စွမ်းနိုင်၍၊ သာသနာတော်မြတ်ကို ချီး ပင့်နိုင်သူဖြစ်စေသတည်း။

သေတုံသော်လည်းအပါယ် လေးပါး၊ ကပ်သုံးပါး၊ အရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါးသို့၊ မလားမကပ်၊ မရောက်သည်ဖြစ်၍၊ လူ့ပြည်နတ်ရွာ၊ ချမ်းသာကြီး သုံးပါးကိုရသည် ဖြစ်စေသတည်း၊

ကိုယ်မှ စ၍သား၊ မြေး ဥစ္စာ၊ ရတနာမျိုး၊ တက်တိုးချမ်းသာ၊ မင်္ဂလာအပေါင်း၊ ကောင်းမြတ်သောဂုဏ်ကျက်သရေ၊ တစ်နေ့တစ်ဆင့်၊ ဆန်းလမြင့်သို့ ဖြစ်စေသော်ဟု ပါရှိပါ သည်။

ကျမ်းသစ္စာကျိန်ဆိုမြဲကျမ်းစာ၏အောက်ဆုံးအပိုဒ် တွင် ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်အတွက်(ကျမ်းစာကိုမိမိလက်နှစ်ဖက်ဖြင့်စုံကိုင်၍) ယခုတရားရုံးရှေ့ ကျရောက် သည့်အမှုတွင်အလုံးစုံအမှန်အကန် အစစ်ခံပါမည်ဟု ကျွန်ုပ် ကြေညာပါသည်။ ကျွန်ုပ်သည် မမှန်မကန်သည်ကို အစစ်ခံသည်ရှိသော်၊ သို့တည်းမဟုတ် မည်သည်ကိုမဆို ထိန်ချန်ထားသည်ရှိသော် ဤကျမ်းစာတွင် ဖော်ပြထား သော ကျိန်စာများ ကျွန်ုပ်အားသင့်ပါစေသား၊ ကျွန်ုပ်သည် အလုံးစုံ အမှန်အကန်ကို အစစ်ခံသည်ရှိသော် ဤ ကျမ်းစာတွင် ဖော်ပြထားသော ကောင်းကျိုးချမ်းသာကို ခံစားရပါစေသား ……

( ကျမ်းသစ္စာကို ဗဟုသုတအလို့ငှာ ဖော်ပြပေးသော မြန်မာနိုင်ငံပြန်တမ်း စာမျက်နှာကို ကျေးဇူးတင်စွာ credit ပေးပါသည်)

ကျိန်စာ တိုတ်တယ် ကျမ်းစူး တယ် ဆိုတာ ကို ဗဟု သုတ အလို့ ငှာ ဖော်ပြ လိုတ်ခြင်း ဖြစ် ပေသည်။

Credit – နင်္ဒီဧရာ

Address

Mandalay

Telephone

+959770777895

Website

Alerts

Be the first to know and let us send you an email when Justice Law Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Justice Law Firm:

Share

Category