24/01/2026
◾️လင်မယား နှစ်ဦး သဘောတူလျှင်
ဗုဒ္ဓဘာသာဝင် ငယ်သူများသည် လူကြီးမိဘအသက်ဂုဏ်ဝါ ကြီးမြင့်သူများကို အခါအားလျော်စွာ ကန်တော့ ကြ၏။ ထိုအခါတွင် ကြီးသူတို့က ဆုပေးကြစမြဲ ဖြစ်ပါသည်။
“ဒီလင် ဒီမယား အိုအောင်မင်းအောင်ပေါင်းကြရပါစေ၊ ဒီအမိဒီအဖနှင့်အိုမင်းသည်အထိနေထိုင်နိုင်ကြပါစေ” ဟူသော ဆုပေးမျိုးကို ကြားသိကြစမြဲဖြစ်၏။
ထိုဆုပေးခြင်းစကားရပ်တို့၏ အနှစ်သာရကိုသာမန်မျှသာ သဘောထားသူတို့လည်း ရှိ၏။ အလေး အနက် ထားသူတို့လည်း ရှိ၏။ မည်သို့ဆိုစေ ဆုပေးသူတို့သည် ၎င်းတို့ ဖြတ်သန်းခဲ့ကြရသော ဘ၀အတွေ့အကြုံများမှ ပေါက်ဖွားလာခြင်းဟု ယူဆမိပါသည်။
ဆုတောင်းတိုင်းလည်း ပြည့်သည်မဟုတ်၊ ဆုပေးတိုင်းလည်း ရသည်မဟုတ်ခြင်းကား လောကနိယာမ လားဟု တွေးမိ၏။မောင်၀၏ ရှေ့နေသက်တမ်းအတွေ့အကြုံများတွင်လင်မယားကွာရှင်းရေးကိစ္စများလည်း ပါဝင်လျက်ရှိပါသည်။
အသက်အပိုင်းအခြား ငယ်ရွယ်ခြင်းနှင့်အိုမင်းခြင်းသာ ကွဲပြားပါသည်။ သူ့ ဇာတ်လမ်းနှင့်သူ ကွာရှင်းမှု ပြုကြခြင်း ဖြစ်၏။ထိုကွာရှင်းသူတို့၏ လက်ထပ်ထိမ်းမြားခြင်း ပြုစဉ်က မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းခြင်း၊မလျော်ဩဇာသုံးခြင်းမပါရှိဘဲ ၎င်းတို့၏ သဘောအလျောက် လွတ်လပ်စွာ ပြုခဲ့ကြခြင်း ကား တူညီသောအချက်ဖြစ်ပါသည်။
မိဘဆွေမျိုး တစ်ဦးမျှမပါရှိဘဲ လက်ထပ်စာချုပ်ပြင်ဆင်ပြီး တရားရုံးပေါ်တက်၊ လက်မှတ် ရေးထိုး ထိမ်းမြားခဲ့ကြသည်လည်း ရှိသည်။အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုးခြင်းတို့သည် ပြင်ရန်ခက်ခဲ ပါသည်။
တည်မိသည့်ဘုရား လင်းတနားနား ဆိုစကားကို နှလုံးပိုက်၍ ဤဘ၀ ဤမျှနှင့်တန်ရချေဟု ကံကိုပုံချသူ တို့လည်း ရှိကြမည်မှာ မလွဲပါ။ရှေးခေတ်အခါက ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ်သော်လည်း ကွာရှင်းရေးတွင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို လေးစားလိုက်နာကြရပါသည်။
လင်ခန်းမယားခန်း ပြတ်စဲရန် အဓိကအကြောင်းရင်း သုံးမျိုးရှိ၏။ နှစ်ဦးသဘောတူကွာရှင်းခြင်း၊ လင်ဖြစ်သူ ရဟန်းပြုခြင်း ၊ အိမ်ထောင်ရေး ပြစ်မှုကြောင့် ကွာရှင်းခြင်းတို့ ဖြစ်ပါသည်။ အိမ်ထောင်ရေးပြစ်မှု ဟူသည်အဘယ်နည်း။
သာမန်အိမ်ထောင်ရေးပြစ်မှုနှင့်ကြီးလေးသောအိမ်ထောင်ရေးပြစ်မှုဟုခွဲခြားနိုင်၏။သာမန်အိမ်ထောင်ရေး ပြစ်မှုတွင် ရက်စက်မှု၊လင်၏ဖောက်ပြန်မှု၊ ဒုတိယ မယားယူမှု၊ စွန့်ပစ်မှုနှင့်လီဆယ်မှုဟူ၍ ငါးမျိုး စိတ်ပိုင်းနိုင်ပါသေးသည်။
ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုတွင် မယား၏ဖောက်ပြန်မှုနှင့် ကြီးလေးသော ရက်စက်မှုဟူ၍ နှစ်မျိုးရှိပါသည်။မောင်၀သည် ဤဆောင်းပါးတွင် နှစ်ဦးသဘောတူ ကွာရှင်းကြပြီးနောက်၌ တရားရုံး ရောက်လာသောဇာတ်လမ်း ဖြစ်စဉ် ပမာတင်၍ စီစဉ်ရေးပြလိုပါသည်။
လောကပင်လယ်ထဲမှ ဇာတ်လမ်းဖြစ်သဖြင့် စာရှုသူတို့၏ဝန်းကျင်မှ အဖြစ်အပျက်များနှင့် တိုက်ဆိုင်မှု များလည်းဖြစ်နိုင် သည်။ ဥပဒေ၏အနှစ်သာရကိုသာ သိစေလိုခြင်းကား မောင်၀၏ စေတနာဖြစ်ပါသည်။
မောင်၀တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင်ပြဋ္ဌာန်းဥပဒေများအနက် ‘မြန်မာနိုင်ငံ တရားဥပဒေများဆိုင်ရာ အက်ဥပဒေ’ တစ်ရပ်ရှိပါသည်။ ထိုဥပဒေကို၁၈၉၈ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်၏။
ထိုဥပဒေပုဒ်မ ၁၃ တွင် ထိမ်းမြားလက်ထပ်ရေး၊အမွေဆက်ခံရေး၊ အမွေခွဲဝေရေး အစရှိသည့်ပြဿနာများ ပေါ်ပေါက်လာက သက်ဆိုင်ရာ အမှုသည်များသည်ဗုဒ္ဓဘာသာ ဖြစ်လျှင် ‘ဗုဒ္ဓဘာသာတရားဥပဒေ’၊ မဟာမေဒင်ဖြစ်လျှင် ‘မဟာမေဒင်တရားဥပဒေ’၊ ဟိန္ဒူဖြစ်လျှင်‘ဟိန္ဒူတရားဥပဒေ’အရ ဆုံးဖြတ်ပေးရမည် စသဖြင့်ပြဋ္ဌာန်းခဲ့ပါသည်။
ထို့ပြင် ဤဥပဒေပုဒ်မ ၁၃(၁) ၌ တရားမျှတမှု၊သာနာညီမျှမှုနှင့် လွတ်လပ်မှု စသော လောကပါလ
တရားနှင့်အညီ ဆုံးဖြတ်ရန်လည်း ပြဋ္ဌာန်းထားပါသည်။တရားမမှုခင်းတစ်ခု။ လင်ဖြစ်သူက မယားအပေါ်လင်မယားကွာရှင်းပြီးကြောင်း မြွက်ဟ ပေးစေလိုမှု စွဲဆို၏။
မူလရုံးမှ အမြင့်ဆုံးတရားရုံးတော်အထိ နှစ်ပေါင်းရှည်ကြာ အမှုဆိုင်ပြိုင်ခဲ့ရ၏။ မူလရုံးက တရားလို စွဲဆိုသည့်အတိုင်း အနိုင်ဒီကရီ ချမှတ်သည်။ ထို့အမိန့်ကိုတိုင်းတရားရုံး ကလည်း အတည်ပြု၏။ မူလရုံး တရားပြိုင်က အမြင့်ဆုံးရုံးသို့ အယူခံမှု ဆက်လက်တင်သွင်းသည်။
အမြင့်ဆုံးရုံး တရားသူကြီးက နှစ်ဖက်ကျယ်ကျယ်ပြန့်ပြန့်ကြားနာသည်။အမြင့်ဆုံးရုံး တရားသူကြီးသည် မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာ အက်ဥပဒေပုဒ်မ ၁၃(၁) တွင်ထိမ်းမြားလက်ထပ်မှု၊ အမွေဆက်ခံမှုများ နှင့် စပ်လျဉ်း၍ကာယကံရှင် မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားမှုပေါ်ပေါက်လျှင် မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေနှင့်အညီ အဆုံးအဖြတ်ပေးရမည်ဟု အတိအလင်းပြဋ္ဌာန်းထားသည်ဟု ထောက်ပြပါသည်။
သီးခြား သက်သာခွင့်အက်ဥပဒေ ပုဒ်မ ၄၂ အရ စွဲဆိုဆုံးဖြတ်ပေးခြင်းသည်မှားယွင်းနေသည်ဟု ရှုမြင်ဆုံးဖြတ်ခဲ့ပါသည်။ထိုအမှုတရားလိုသည် မကျေနပ်သေး။ နောက်တစ်ဖန် ‘လင်မယား ကွာရှင်းပြီး ပစ္စည်း ခွဲ ဝေပေး စေလိုမှု’စွဲဆိုပြန်ပါသည်။
မူလရုံးက ကာလစည်းကမ်းသတ်ကျော်လွန်ပြီးမှ စွဲဆိုခြင်းဟု တွေ့ရှိကာ တရားလို၏အဆိုလွှာကို စရိတ်နှင့်တကွ ပလပ်ခြင်း ပြုခဲ့ပါသည်။ထိုအမှု သည်လည်း အထူးအယူခံရုံးတော်သို့တိုင် ရောက်ရှိ ခဲ့၏။
တစ်ကြိမ်တစ်ခါ လင်မယား တော်စပ်ပြီးတရားဆိုင်ပြိုင်ကြရန် သစ္စာဆိုခဲ့လေသလား ထင်မှတ်မှား ရပါသည်။
အထူးအယူခံရုံးတော်က ပထမစွဲဆိုသည့်အမှုတွင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမှုစွဲဆိုရမည့်
အစား သီးခြားသက်သာခွင့်အက်ဥပဒေအရ စွဲဆိုခြင်းဖြစ်၍ အမှုပလပ်ခံရသော မှားယွင်းမှုသည် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာမျိုးမဟုတ်သဖြင့် တရားရုံး၏ စီရင်ပိုင်ခွင့် အာဏာနှင့် သက်ဆိုင်ခြင်း မရှိဟု ရှုမြင်၏။
သို့ဖြစ်၍ ယခင်ရုံးတွင် ကုန်လွန်ခဲ့သော အချိန်ကာလကို ထုတ်ပယ်ခွင့်မရှိဟု သဘောညီခဲ့ကြပါသည်။မူလရုံး၏ စီရင်ချက်နှင့် ဒီကရီကို အတည်ပြုခဲ့ပါသည်။
ထိုဇနီးမောင်နှံတို့သည် တရားရုံး၌ မည်သည့်တရားတစ်ထုံးမျှ စွဲဆိုခြင်းမရှိမီ မြို့နယ် တရားရုံးတစ်ရုံး၏တရားသူကြီးရှေ့၌ နှစ်ဦးသဘောတူ ကွာရှင်းခဲ့ကြပြီး ဖြစ်ပါသည်။ ထို ကွာရှင်းခြင်းကတိစာချုပ်တွင် ခင်ပွန်းဖြစ်သူက ပစ္စည်းခန်းနှင့်ပတ်သက်၍ တောင်းဆိုခြင်းမပြုပါဟု ကတိပြုချက်လည်း ပါရှိ၏။
သို့ဖြစ်ပါလျက် ခင်ပွန်းဖြစ်သူက တရားမကြီးမှုများစွဲဆို၍ တရားရုံးပေါ်၌ အချိန်များ ကုန်လွန်စေလျက်ရှိခြင်းကို မောင်၀ နားမလည်နိုင် ဖြစ်ရပါသည်။
မောင်၀ ဖတ်ရှုရသော စီရင်ထုံး ဆုံးဖြတ်ချက်ဖြင့်ဤဆောင်းပါးကို အဆုံးသတ်ချင်ပါသည်။ ဦးစံနှင့် မလှချစ် (၁၉၆၆ ၊ မ တ စ ၊ ၅၁၃) စီရင်ထုံးတွင်-‘မြန်မာဗုဒ္ဓဘာသာတရားဥပဒေအရ လင်မယားနှစ်ဦးသည် သဘောတူလျှင် အချိန်မရွေးကွာရှင်းနိုင်ကြ၏။ နှစ်ဦးသဘောတူ ကွာရှင်းလျှင် လုံး၀ ပြတ်စဲသည်။’ ဟု ထုံးဖွဲ့ ညွှန်ပြထားပါသည်။
ရေး-ရှေ့နေမောင်ဝ
#ယနေ့ထုတ်သတင်းစာ_ဆောင်းပါး
Disclaimer _ ❝This content is shared for informational and educational purposes only.
All rights belong to the original creators/owners.❞
> ❝I do not own the rights to this content.
All credit goes to the respective owners.
If the copyright owner requests removal, I will comply.❞