17/03/2026
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၅၄
မည်သူမဆို မိန်းမတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေတန်ရာကို သိလျက်နှင့်သော် လည်းကောင်း၊ ထိုမိန်းမကို လက်ရောက်ကျူးလွန်လျှင်၊ သို့တည်းမဟုတ် ပြစ်မူမကင်းသော အနိုင်အထက်ပြုမူကိုပြုလျှင် ထိုသူအား နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အကြောင်းအရာ
(က) ရည်ရွယ်ချက်
(ခ) အထောက်အထား
- မိန်းမ
- ကာယိနြေ္ဒပျက်စီးရန်ပြုခြင်း
(ဂ) ကျင့်ထုံး
(ဃ) စွဲချက်
(က) ရည်ရွယ်ချက်။ ။ ကာမရာဂနှင့် စပ်လျဉ်း၍ အမျိုးသမီးများအား အကာအကွယ်ပြုထားသည့် ပုဒ်မ ၂ ခုရှိရာ ပုဒ်မ ၃၇၆ မှာ မုဒိမ်းမှုအတွက်ဖြစ်ပြီး ဤပုဒ်မသည် ကာယိနြေ္ဒဖျက်ဆီးမှုအတွက် ဖြစ်သည်။ လူ့ယဉ်ကျေးမှုကို စောင့်ရှောက်ရန် ဤပုဒ်မအား ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ အားနွဲ့သည့် အမျိုးသမီးကို စော်ကားလျှင် ခံရသူအဖို့ အရှက်တကွဲအကျိုးနည်းဖြစ်စေနိုင်သည့်အပြင် ကြားရမြင်ရသူအတွက်လည်း မခံချင်စရာ ဖြစ်ပေါ်စေနိုင်သည်။
(ခ) အထောက်အထား။ ။ ဤပုဒ်မနှင့် အကျုံးဝင်ရန် အောက်ပါအင်္ဂါရပ်များ ရှိရပေမည်။
(၁) လက်ရောက်မှု၊ ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှု ကျူးလွန်ခံရသူသည် မိန်းမဖြစ်ခြင်း။
(၂) တရားခံက ထိုမိန်းမအား လက်ရောက်မှု၊ ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှုကျူးလွန်ခြင်း၊
(၃) ထိုမိန်းမ၏ ကာယိနြေ္ဒကို ပျက်စီးစေရန်အကြံ၊ သို့မဟုတ် ပျက်စီးတန်ရာသည်ကိုသိလျက်နှင့် ပြုခြင်း။
ဤပုဒ်မအရ စွဲချက်တခုကိုပြုလုပ်ရန် လွယ်ကူသလောက် ဖြေရှင်းရန်ခက်ခဲလှသဖြင့် စွပ်စွဲချက်သည် လုပ်ကြံသောစွပ်စွဲချက်ဟုတ်သည် မဟုတ်သည်ကို သေချာစွာဆန်းစစ်ရန် လိုပေသည်။
( အောင်ဒွေးနှင့် အစိုးရ (၁၈၉၂-၉၆) အတွဲ ၁ အထက်မြန်မာပြည်စီရင်ထုံး ၂၂၉ )
ကာယိနြေ္ဒပျက်စီးစေမှုနှင့် ပတ်သက်၍ သက်ဆိုင်သူမိန်းကလေးများ အရှက်ကွဲခံ၍ မုသားတိုင်တန်းခြင်း မပြုရာဟု ဆိုနိုင်သော်လည်း၊ တစ်ဖက်မှ စဉ်းစားရာတွင်လည်း ဤပြစ်မှုနှင့်ပတ်သက်သော စွပ်စွဲချက်မျိုးတွင် တရားလိုက အမှုနှင့်ပတ်သက်၍ တိကျသော သက်သေအထောက်အထားများ တင်ပြရန်လိုအပ်မည် ဖြစ်သည်။
သဘာဝယုတ္တိအားဖြင့် စဉ်းစားလျှင် အလုပ်သမားများစွာ ရှိနေစဉ်အချိန် ကိုဒေဝက မငွေမကို စော်ကားဝံ့မည်မဟုတ်ချေ။ အကယ်၍ စော်ကားခြင်းမှန်ကန်လျှင်လည်း တရားလိုဘက်မှ ယခုထက်ပိုမို၍ သက်သေများ တင်ပြနိုင်ဖွယ်ရာ ရှိသည်။ ကိုဒေဝသည် မငွေမအပေါ် ယခင်ကတည်းက ရင်းနှီးစေရန် ကိုယ်အမူအရာ၊ နှုတ်အမူအရာဖြင့် ပြုကျင့်ခဲ့ကြောင်း မပေါ်ပေါက်ချေ။ ယခင် အဆက်အသွယ်လုံးဝမရှိသော မိန်းကလေးတစ်ဦးကို အကြောင်းမဲ့သက်သက် လူများစွာ ရှိနေစဉ်အချိန်တွင် လက်ဆွဲ၍ ပါးကိုနမ်းသည်ဆိုခြင်းမှာလည်း စဉ်းစားဖွယ်ရာဖြစ်ပေသည်။
( ကိုဒေဝနှင့် ပြည်ထောင်စု၊ ၁၉၇၆ မြန်မာပြည်စီရင်ထုံး ၅၇ )
မိန်းမ။ ။ ပုဒ်မ ၁၀ ၌ မိန်းမဆိုသည်မှာ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူမိန်းမကို ဆိုလိုကြောင်း အဓိပ္ပါယ်ဖွင့်ဆိုထားသဖြင့် အသက်လေးငါးခြောက်နှစ်အရွယ် မိန်းကလေးဖြစ်စေကာမူ ၎င်း၏ကာယိနြေ္ဒကို ဖျက်ဆီးနိုင်ပေသည်။
ကာယိနြေ္ဒကိုပျက်စီးရန်ပြုခြင်း။ ။ မည်သို့သော ပြုလုပ်မှုသည် ကာယိနြေ္ဒကို ပျက်စီးစေသည်ဟု ဥပဒေသတ်မှတ်ထားခြင်း မရှိသဖြင့် အပြုခံရသူ အမျိုးသမီး၏ ယဉ်ကျေးမှု၊ အနေအထိုင်၊ ဓလေ့စရိုက်အပေါ်မူတည်၍ ကာယိနြေ္ဒပျက်စီးစေသည့် ပြုလုပ်မှု ဟုတ် မဟုတ်ဆိုခြင်းကို ဆုံးဖြတ်ရမည်ဖြစ်သည်။ အနောက်တိုင်းယဉ်ကျေးမှုအရ အမျိုးသမီးတစ်ဦး၏ခါးကိုဖက်ခြင်းသည် ကာယိနြေ္ဒကို ပျက်စီးစေသည်ဟု ဆိုနိုင်မည်မဟုတ်သော်လည်း မြန်မာအမျိုးသမီးတစ်ဦး၏ ခါးကိုသွားဖက်လျှင် ကာယိနြေ္ဒပျက်စီးမှုမြောက်မည်မှာ ယုံမှားဖွယ်မရှိနိုင်ပေ။ အလားတူပင် အိမ်တွင်းပုန်းကုလားမ၏ မျက်နှာဖုံးကိုလှပ်ခြင်းသည် တူနိုင်မည်မဟုတ်ပေ၊ မြန်မာလူမျိုးတို့၏ ဓလေ့အရ အမျိုးသမီးတစ်ဦး၏လက်နှင့် ဆံပင်တို့ကိုဆွဲလျှင် ပိုင်စိုးပိုင်နင်းပြုလုပ်ရာ ကျသဖြင့်ရည်းစားဖြစ်သူက သဝန်ကြောင်စိတ်ဖြင့် လက်နှင့်ဆံပင်ကိုဆွဲလျှင် ဤပုဒ်မအရ ကာယိနြေ္ဒ ပျက်စီးစေရာရောက်သည်။
( မလှစိုးနှင့် မောင်သန်း၊ အတွဲ ၄ ဘားမားလောတိုင်း ၂၆၈ )
လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှုသည် အမျိုးသမီး၏ သဘောတူချက်မရှိဘဲ ပြုခြင်းဖြစ်မှသာ ဤပုဒ်မအရ ပြစ်မှုမြောက်မည်ဖြစ်သည်။ အရွယ်ရောက်ပြီးဖြစ်သည့် အမျိုးသမီးက ပြုလုပ်မှုကို သဘောတူလျှင် ကာယိနြေ္ဒပျက်စီးမှုဖြင့် အရေးယူခြင်းမပြုနိုင်။
( မောင်အုံးမောင်နှင့် ပြည်ထောင်စု၊ ၁၉၆၆ မြန်မာပြည်စီရင်ထုံး ၁၀၂၈။
ဖာတီမာနှင့် ကပ္ပတိန်မက်ကော့မက်၊ အတွဲ ၆ ဘားမားလောတိုင်း ၂၁ )
ကြောက်ရွံ့၍သော်လည်းကောင်း၊ အကြောင်းအချင်းအရာအမှန်ကို မသိ၍သော်လည်းကောင်း၊ အသက်တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသည့် ကလေးက သဘောတူခြင်းသည်သော်လည်းကောင်း၊ ဥပဒေအရ သဘောတူခြင်းမဟုတ်၍ ပြစ်မှုမြောက်မည်ဖြစ်သည်။
( ပုဒ္မ ၉၀ )
ကာယနြေ္ဒပျက်စီးအောင်ပြုသူသည် ယောင်္ကျားသာမက မိန်းမလည်းဖြစ်နိုင်သည်။ ဤပုဒ်မ၌ "ထိူသူ" ဆိုသည့်စကားရပ်ကို အသုံးပြုထားသဖြင့် တရားခံသည် ယောင်္ကျားလည်း ဖြစ်နိုင်သည်။ မိန်းမလည်းဖြစ်နိုင်သည်။
( ပုဒ္မ ၈ )
ကာယိနြေ္ဒပျက်စီးအောင် ပြုခြင်းခံရသူသာလျှင် မိန်းမဖြစ်ရန် လိုအပ်သည်။
ပြုလုပ်မူတခုသည် ကာယိနြေ္ဒပျက်စီးအောင် ပြုခြင်းလည်းဖြစ်နိုင်သည်။ မုဒိမ်းကျူးလွန်ရန်အားထုတ်မှုလည်း ဖြစ်နိုင်သည်။ မုဒိမ်းမှုကျူးလွန်ရန် အားထုတ်မှုအဆင့်သို့ မရောက်သေးသည့် ပြင်ဆင်မှုလည်းဖြစ်နိုင်သည်။ အမှုကိုလိုက်၍ ပေါ်ပေါက်နေသော ကြောင်းခြင်းရာများကိုထောက်ရှုပြီးဆုံးဖြတ်ရမည်ဖြစ်သည်။ မုဒိမ်းမှုကျူးလွန်ရန် အားထုတ်မှုအဆင့်သို့ မရောက်သေးသည့်ပြင်ဆင်မှုသာဖြစ်လျှင် ဤပုဒ်မအရ စီရင်သင့်ပေသည်။ မီးရထားတွဲထဲတွင် တစ်ဦးတည်း လိုက်ပါလာသည့် အမျိုးသမီးသည် အိပ်ရာမှနိုးလာသောအခါ တရားခံအား အနီးတွင်တွေ့ရသဖြင့် တွဲတံခါးစီသို့ ပြေးရန်ပြုသောအခါ တရားခံသည် ခြောက်လုံးပြူးပြပြီး အထိုင်ခိုင်းသည်။ ထို့နောက်တရားခံသည် ဘောင်းဘီကြယ်သီးကိုဖြုတ်သဖြင့် အမျိုးသမီးက ရထားရပ်ကြိုးကို ဆွဲရန်အားထုတ်ရာ တရားခံက အမျိုးသမီး၏လက်ကို ဖမ်းဆွဲသောကြောင့်၊ ရုန်းကန်ရင်း အမျိုးသမီး၏ လက်ပတ်နာရီကွဲသွားသည်။ ထို့နောက်တရားခံက အမျိုးသမီးကို လွှတ်လိုက်ပြီး နာမည်ကိုမေးသည်။ အမျိုးသမီးက ၎င်း၏အမည်ကိုပြောသောအခါ လူမှားကြောင်းပြောပြီး တောင်းပန်သည်။ တရားခံ၏ပြုလုပ်မှုသည် မုဒိမ်းမှုကျူးလွန်ရန် ပြင်ဆင်သည့် အဆင့်၌သာရှိသေးသဖြင့် ဤပုဒ်မအရသာ ပြစ်မှုကျူးလွန်ပေသည်။
( ဂျီဗွီဒဗျူဂျုံးနှင့် အစိုးရ၊ အတွဲ ၄ ဘားမားလောဂျာနယ် ၈၃ )
သို့ရာတွင် မုဒိမ်းမှုကျူးလွန်ရန်အားထုတ်မှုကို ကာယိနြေ္ဒဖျက်ဆီးမှုဖြစ်သည်ဟုဆိုကာ စီရင်ပိုင်ခွင့်ကို အလွဲသုံးစား မပြုမိရန် တရားရုံးများအနေဖြင့် သတိပြုရန်လိုပေသည်။
( အစိုးရနှင့် မောင်ငြိမ်း၊ ( ၁၈၉၂-၉၆ ) အတွဲ ၁ အထက်မြန်မာပြည်စီရင်ထုံး ၂၃၁ )
မုဒိမ်းမှုကျူးလွန်ရန်အားထုတ်မှုဖြစ်နိုင်ကြောင်း ပေါ်ပေါက်လာပါက၊ အာဏာဆန့်သည့်ရုံးက စီရင်နိုင်ရန်အလို့ဌာ အမှုတွဲကိုတင်ပြသင့်ပေသည်။
( အစိုးရနှင့် မောင်မြ၊ (၁၈၉၇-၀၁) အတွဲ ၁ အထက်မြန်မာပြည်စီရင်ထုံး ၃၂၇ )
ကျင့်ထုံး။ ။ ရဲအရေးပိုင်သည်။ ကနဦးကပင် ဝရမ်းထုတ်ပေးနိုင်သည်။ အာမခံ ပေးနိုင်သည်။ ကျေအေးခွင့်မရှိ။
ဦးသက်ဖေ ( ပြစ်မှုဆိုင်ရာဥပဒေ သိကောင်းစရာများ )