12/05/2023
#ပဋိညာဉ်ပြုပိုင်ခွင့်ရှိသူများ
------------------------
🌿🌿🌿တရားဝင်ပဋိညာဉ်တစ်ရပ်ဖြစ်အောင် ဘယ်သူတွေက လုပ်နိုင်သလဲဆိုတာ တင်ပြပါမယ်။ ပဋိညာဉ်အက်ဉပဒေ ပုဒ်မ - ၁၁ မှာ ဖော်ပြထားတဲ့ အောက်ပါအချက်(၃) ချက်နဲ့ ပြည့်စုံရင် ဘယ်သူမဆို ပဋိညာဉ်ပြုလုပ်ပိုင်ခွင့် ရှိပါတယ်။
(၁) မိမိနဲ့ သက်ဆိုင်တဲ့ ဉပဒေအရ တရားဝင်အရွယ်ရောက်ပြီးသူ ဖြစ်ရမယ်။
(၂) စိတ်ကျန်းမာမှုရှိရမယ်။ (စိတ်မှန်နေရမယ်၊ရူးသွပ်နေတဲ့သူ မဖြစ်ရဘူးလို့ ဆိုလိုတာပါ။)
(၃) မိမိနဲ့သက်ဆိုင်တဲ့ ဉပဒေအရ ပဋိညာဉ်အရ ပဋိညာဉ်ပြုဖို့ အရည်အချင်း ပျက်ယွင်းနေသူ မဖြစ်ရပါဘူး။ (ဉပဒေအရ ပဋိညာဉ် မချုပ်ဆိုရဘူးလို့ တားမြစ်ခံထားရတဲ့သူ မဟုတ်ရဘူးလို့ ဆိုလိုတာပါ။)
(၁) အရွယ်မရောက်သေးသူ
--------------------------
💙💙💙 မြန်မာနိုင်ငံမှာ နေထိုင်တဲ့ သူတစ်ဉီးဟာ အသက် ၁၈ နှစ် ပြည့်တာနဲ့ အရွယ်ရောက်ပြီးဖြစ်တယ်လို့ မှတ်ယူရမယ့်အကြောင်း အရွယ်ရောက်ခြင်း အက်ဉပဒေ (The Majority Act,1875) ပုဒ်မ - ၃ မှာ ပြဌာန်းထားပါတယ်။ ဒါပေမယ့် အုပ်ထိန်းသူနဲ့ အုပ်ထိန်းခံရသူ အက်ဉပဒေ (The Guardian and Wards Act) အရ ၁၈ နှစ် မပြည့်သေးတဲ့ အရွယ်မရောက်သေးသူ တစ်ဦးအတွက် အုပ်ထိန်းသူတစ်ဉီးကို တရားရုံးက ခန့်အပ်ပေးခဲ့ရင်တော့ အရွယ်မရောက်သေးသူဟာ အသက် ၂၀ ပြည့်မှ အရွယ်ရောက်လာပါလိမ့်မယ်။
💜💜💜၁၈ နှစ်မပြည့်သေးတဲ့ အရွယ်မရောက်သေးသူတစ်ဦးအနေနဲ့ သူကိုယ်တိုင် ဆုံးဖြတ်ရင် အမှားတွေဖြစ်ပြီး နစ်နာမှာစိုးတဲ့အတွက် ဉပဒေနဲ့ ကာကွယ်ပေးထားတာပါ။ ပဋိညာဉ်တစ်ရပ်ကို ပြုလုပ်တယ်ဆိုတာနဲ့ ရပိုင်ခွင့်အပြင် တာဝန်တွေလည်း တွဲပါလာပါတယ်။ ဒီတာဝန်တွေရဲ့ အတိမ်အနက်ကို အရွယ်မရောက်သေးသူ တစ်ဦးက မှန်မှန်ကန်ကန် စဉ်းစားချင့်ချိန်နိုင်ချိန်မှာ မဟုတ်ဘူး။ ဒါကြောင့် သူ့အပေါ် တာဝန်တွေ မကျရောက်စေချင်လို့ ကာကွယ်ပေးထားတာပါ။
💛💛💛နောက်တစ်ချက်က အရွယ်မရောက်သေးတဲ့သူနဲ့ စီးပွားရေးကိစ္စတွေ တွဲဖက်လုပ်ကိုင်ကြသူတွေအနေနဲ့ နောက်ကို နစ်နနာသွားကြမှာစိုးလို့ ကြိုတင်တားထားတဲ့ သဘောလည်း ပါပါတယ်။ ကလေးတွေပိုင်တဲ့ ပစ္စည်းကို အချောင်ရတာပဲဆိုပြီး ဝယ်ချင်တိုင်းဝယ်ကြတားမျိုး ၊ ကလေးတွေရဲ့ လုပ်အားကို အသုံးချမယ်ဆိုပြီး ကလေးနဲ့ သဘောတူညီချက် ယူတာမျိုးတွေဟာ စပြီး သဘောတူညီချက် ယူကတည်းက ဉပဒေအရ ပျက်ပြယ်နေတယ်ဆိုတာ သတိမူကြဖို့ပါ။
❤️❤️❤️ဒီကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယမှာ နာမည်ကြီးအမှုတစ်မှု ရှိခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ လောက်က ဆုံးဖြတ်ခဲ့တာပါ။ အရွယ်မေရောက်သေးသူတစ်ယောက် (Minor) ဟာ ငွေချေးစားသူတစ်ယောက်ဆီမှာ သူ့အိမ်ကို ရူပီးငွေ ၂၀၀၀၀ နဲ့ အပေါင်ထားပြီး ငွေချေးဖို့ သဘောတူညီပါတယ်။ အပေါင်ခံသူက ပထမ ငွေ ၈၀၀၀ ပေးလိုက်တယ်။ နောက်တော့ အရွယ်မရောက်သေးသူက အပေါင်စာချုပ် ပယ်ဖျက်ပေးဖို့ တရားရုံးမှာလျှောက်ထားတယ်။ အိမ်ကိုအပေါင်ထားတုန်းက သူက အရွယ်မရောက်သေးပါဘူးလို့ အကြောင်းပြတယ်။ တရားရုံးက အပေါင်စာချုပ်က ပျက်ပြယ်တယ်။ ဒါကြောင့်ဖျက်သိမ်းခွင့်တောင်းဆိုနိုင်တယ်လို့ ဆုံးဖြတ်တယ်။ အဲဒီတော့ ငွေချေးစားသူက အပေါင်ခံဖို့အတွက် အရွယ်မရောက်သေးသူဆီကို သူကြိုပေးထားတဲ့ ငွေကို ပြန်ပေးပါလို့ တောင်းဆိုတယ်။ ဒါကိုလည်း တရားရုံးက မပေးဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။ (Mohiri Bi Bi v. Dharmodas Ghose,(1903)30Cal539)
🤎🤎🤎အရွယ်မရောက်သေးသူတစ်ဉီး ပဋိညာဉ်ကိုမချုပ်ဆိုနိုင်ဘူး၊ ပဋိညာဉ်ချုပ်ဆိုဖို့အရည်အချင်း မရှိဘူးလို့ ဆိုတာဟာ သူ့အပေါမှာ ပဋိညာဉ်အရ တာဝန်မပေးနိုင်ဘူးလို့ ဆိုလိုတာပါ။ ဒါပေမယ့် ပဋိညာဉ်အရ သူ့မှာ ရထိုက်ခွင့်ရှိနေတယ်ဆိုရင်တော့ သူ့ဘက်က တောင်းဆိုခွင့်ရှိပါတယ်။ သူ့မှာ ပဋိညာဉ်အရ ရထိုက်ခွင့်ရှိနေတာကို ဉပဒေက တားမြစ်ထားခြင်း မရှိပါဘူး။(Sharfat Ali v. Noor Mohd., AIR (1924)Ran 136)
❣️❣️❣️ မြန်မာနိုင်ငံမှာလည်း စီရင်ထုံးတစ်ခု ရှိပါတယ်။ အရွယ်မရောက်သေးတဲ့သူတစ်ဦးကို ရုပ်ရှင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ရုပ်ရှင်ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ထားပါတယ်။ မင်းသမီးလေးကို အခြားကုမ္ပဏီတစ်ခုက ဒီစာချုပ်ကနေ နှုတ်ထွက်ဖို့သွေးဆောင်တယ်။ မင်းသမီးလေးဟာ အရွယ်မရောက်သေးသူတစ်ဦးဖြစ်တဲ့အတွက် မူလကုမ္ပဏီနဲ့ သူချုပ်ဆိုထားတဲ့ စာချုပ်ဟာ တရားမဝင်ဘူး၊ သွေးဆောင်သူကို တရားစွဲခွင့်မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
(မောင်ညီပုနှင့် အိစ်အင်ရုပ်ရှင် ၊ ၁၉၃၉ ရန်ကုန်စီရင်ထုံး ၁၂၁ ၊ ဒေါ်ညွန့် နှင့် မောင်ညီပု ၊ ၁၉၃၈ ရန်ကုန်စီရင်ထုံး ၃၅၉)
💕💕💕 အရွယ်မရောက်သေးသူတစ်ဦးပြုလုပ်ခဲ့တဲ့ သဘောတူညီချက်တစ်ရပ်ကို သူအရွယ်ရောက်လာတဲ့အခါ သူ့ဘက်က တာဝန်ရှိကြောင်းထပ်မံအတည်ပြုပေးလို့မရပါဘူး။အကြောင်းကတော့ သူအရွယ်မရောက်ခင်တုန်းက ပြုခဲ့တဲ့ သဘောတူညီချက်မှာပါတဲ့ အဖိုးစားနားဟာ ဉပဒေအရ အဖိုးစားနားမမည်လို့ပါပဲ။ ဒါကြောင့်မို့ သူအရွယ်ရောက်ပြီးတဲ့အခါ ပထမသဘောတူညီချက်ကို အတည်ပြန်ပြုပေမယ့် အဲ့ဒီသဘောတူညီချက်မှာ အဖိုးစားနား မပါရှိလို့ တရားမဝင်ပါဘူး။ အတည်ပြန်ပြုတဲ့ သဘောတူညီချက်မှာ အဖိုးစားနားအသစ် ပါရှိမယ်ဆိုရင်တော့ တရားဝင်ပါလိမ့်မယ်။
💞💞💞 M ဆိုတဲ့ အရွယ်မရောက်သေးသူတစ်ယောက်ဟာ L ဆိုတဲ့သူဆီကနေ ရူပီးငွေ ၅၀၀၀ ချေးယူပြီး ကတိစာချုပ်တစ်ခု ချုပ်ပေးခဲ့တယ်။ M အရွယ်ရောက်လာတဲ့အခါမှာ ပထမ ကတိစာချုပ်အပေါ်မူတည်ပြီး နောက်ထပ်ကတိစာချုပ်တစ်ခု ချုပ်ဆိုပေးတယ်။ နောက်ထပ်ကတိစာချုပ်မှာ အဖိုးစားနား မပါတဲ့အတွက် ပျက်ပြယ်ပါတယ်။ (Indram Ramaswamy v. Anthiappia Chettiar (1906)6M.L.J.422)
💗💗💗 အရွယ်မရောက်သေးတဲ့သူ တစ်ယောက်နဲ့ သဘောတူညီချက် တစ်ရပ်ပြုလုပ်ပြီဆိုရင် အဲဒီမှာ သဘောတူညီချက်ဟာ အစကတည်းက ပျက်ပြယ်နေတဲ့အတွက် ပဋိညာဉ်အဆင့်ကို ရောက်မလာပါဘူး။ အဲဒီသဘောတူညီချက်အရ အရွယ်မရောက်သေးသူက အကျိုးတစ်စုံတစ်ရာ ခံစားခဲ့ရတယ်ဆိုရင် အဲဒါကို ပြန်တောင်းခွင့်နဲ့ လျော်ကြေးတောင်းဆိုခွင့်တွေ မရှိပါဘူး။ (ဒီသဘောတရားကို အထက်မှာ ရေးခဲ့တဲ့ Mohiri Bi Bi အမှုမှာ ဆုံးဖြတ်ခဲ့တာ ရှိပါတယ်။)
💘💘💘 လူတစ်ယောက် ပဋိညာဉ်ပြုလုပ်တော့မယ်ဆိုရင် အသက်ပြည့်ပြီးသူ (အရွယ်ရောက်ပြီးသူ) ဖြစ်ရမယ်ဆိုတာ ဆိုင်ရာ ဉပဒေရဲ့ သတ်မှတ်ချက်အရ ပြည့်တာမျိုး ဖြစ်ရပါမယ်။ ဉပမာအားဖြင့် မြန်မာနိုင်ငံမှာ ၁၈ နှစ် ပြည့်ရင် အရွယ်ရောက်တယ်လို့ သတ်မှတ်ပေမယ့် အခြားနိုင်ငံတစ်ခုမှ အသက် ၂၀ ကျမှ အရွယ်ရောက်တယ်လို့ သတ်မှတ်ချင် သတ်မှတ်ပါလိမ့်မယ်။ အဲဒီအခါ အသက် ၂၀ ပြည့်သူတစ်ဉီးဟာ ပဋိညာဉ်အရ တာဝန်ယူလို့ရမှာ မဟုတ်ပါဘူး။
ကိုးကား
#ဦးမောင်မောင်(မော်ကျွန်း)
#တရားဝင်ပဋိညာဉ်ဖြစ်မြောက်ရန်လိုအပ်ချက်များ
-ဉပဒေရေးရာဝန်ဆောင်မှုလုပ်ငန်း
#09401576098
#တရော်ကုန်းရပ်ကွက်၊အောင်လံမြို့။