12/05/2026
ရုပ်ရှင်ဆန်ဆန်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှု 🔫
ဒီ မေလ ၁၀ ရက်နေ့က တိုကျိုမြို့၊ (Setagaya) အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှု သတင်းဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင် (Light Truck) ကားနောက်ခန်းထဲသို့ ခုန်တက်ကာ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး၊ "ရပ်၊ မရပ်ရင် ပစ်မယ်" ဟု
ညနေ ၆ နာရီခွဲခန့် မသင်္ကာဖွယ်ယာဉ်အဖြစ် အလိုရှိထားသော လိုက်ထရပ်ကားကို ရဲကင်းလှည့်ကားက တွေ့ရှိသဖြင့် နောက်ယောင်ခံလိုက်လံခဲ့သည်။ လိုက်ထရပ်ကားသည် လူနေရပ်ကွက်အတွင်းရှိ လမ်းကြားထဲသို့ မောင်းနှင်ထွက်ပြေးခဲ့သော်လည်း မျက်နှာချင်းဆိုင်မှလာသော ကားနှင့် လမ်းမသာသဖြင့် တစ်ကြိမ် ရပ်တန့်သွားခဲ့သည်။
သို့သော်လည်း ရဲတပ်ဖွဲ့ဝင်က ကားပေါ်မှဆင်း၍ အနီးသို့ ချဉ်းကပ်လာချိန်တွင် လိုက်ထရပ်ကားသည် ရုတ်တရက် ဂီယာနောက်ဆုတ်ကာ ရဲကားကို ဝင်တိုက်ခဲ့သည်။ ထိုအချိန်တွင် အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးက လိုက်ထရပ်ကား၏ နောက်ဘက်ကုန်တင်ခန်း (荷台) ပေါ်သို့ ခုန်တက်လိုက်သော်လည်း၊ ကားမှာ ညာဘက်သို့ ကွေ့စဉ် ဓာတ်တိုင်ကို တိုက်မိခဲ့ပြီး ထပ်မံ၍ အရှိန်ပြင်းစွာဖြင့် မောင်းနှင်ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။
ရဲတပ်ဖွဲ့ဝင်က ဤအခြေအနေသည် အန္တရာယ်ရှိသည်ဟု ဆုံးဖြတ်ခဲ့ပြီး "ရပ်၊ မရပ်ရင် ပစ်မယ်" ဟု သတိပေးခဲ့သော်လည်း ရပ်တန့်ခြင်းမရှိသည့်အတွက် ယာဉ်မောင်းသူရှိရာသို့ ဦးတည်ကာ သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့သည်။ ကျည်ဆန်မှာ ကား၏ အမိုးပိုင်းကို ထိမှန်ခဲ့သည်ဟု ယူဆရသည်။
ရဲကားကို ဝင်တိုက်ကာ အစိုးရဝန်ထမ်း၏ လုပ်ငန်းဆောင်တာကို နှောင့်ယှက်မှု (公務執行妨害) သံသယဖြင့် ဖမ်းဆီးခြင်းခံရသူမှာ နေရပ်လိပ်စာနှင့် အလုပ်အကိုင် အတည်မပြုနိုင်သေးသည့် အသက် ၂၀ အရွယ်ရှိ ကိုဘယာရှီ ယူးတို (Yuto Kobayashi) ဖြစ်သည်။ ၎င်းနှင့်အတူ ကားပေါ်တွင် ပါလာသည့် အသက် ၁၇ နှစ်အရွယ် လူငယ်ကိုလည်း ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့သည်။
လိုက်ထရပ်ကားပေါ်တွင် ၎င်းတို့ ၂ ဦးအပြင် အခြားသူများလည်း ပါဝင်နိုင်သည်ဟု ယူဆရပြီး၊ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမှုမှာ သင့်လျော်မှု ရှိ၊ မရှိ အပါအဝင် ဖြစ်စဉ်တစ်ခုလုံးကို စုံစမ်းစစ်ဆေးလျက်ရှိသည်။