02/09/2026
ဟုတတ်ပါ့မှန်ပါ့မောင်ကောင်းရ👍🙇♀️😂
ကန့်ကွက်လွှာမတင်မိလို့ ကိုယ်ပိုင်မြေက ၊ သူတစ်ပါးအမည်ပေါက်ဖြစ်သွားတာ ရင်နာစရာပါ
==================================================================================================
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ (09 780 555 924)
စာဖတ်ပရိသတ်တစ်ဦးဖြစ်သည့် "ကိုမိုးလွင်"တစ်ယောက် ဖုန်းဆက်ပြီး မကြာမှီ" မောင်ကောင်းဖေ" ရုံးခန်းသို့ရောက်လာသည်။ ခဏနားပြီးသည်နှင့် အလုပ်ကိစ္စအကြောင်း စတင်ဆွေးနွေးရန် အိတ်အတွင်းမှ စာချုပ်စာတမ်းနှင့် အိမ်ပိုင်ဆိုင်မှုမြေပုံများ ထုတ်ယူလိုက်သည်ကို မြင်ရသည်။
ဂရန်/စာချုပ်တွေ ထုတ်ကာပြ၊ ပြဿနာဖြစ်ရသည့် အကြောင်းကစ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“အခုမြင်ရတဲ့စာချုပ်စာတမ်းတွေကတော့ ကျွန်တော့်မိဘတွေဝယ်ပြီး ယနေ့ထိ လက်ရှိနေထိုင်တဲ့အထောက်အထားတွေပါဆရာ။ စမ်းချောင်းမြို့နယ်အတွင်းမှာရှိတယ်။ မြေအကျယ်ကတော့ ပုံမှာမြင်ရတဲ့အတိုင်း တစ်ဧကရဲ့( ၁/၄ )ပုံလောက် ရှိတာပေါ့။ ဘိုးဘပိုင်မြေအမျိုးအစားလည်းဖြစ်တယ်။ မြေပုံမှာလည်း တရားဝင်ဖော်ပြထားတယ်။ မိဘတွေဝယ်ယူပြီး နေလာခဲ့တာက နှစ်ပေါင်း(၃၀)လောက်ရှိသွားပြီ။ မြေတစ်ကွက်လုံးဝယ်တာတော့မဟုတ်ဘူး။ အခုမြင်ရတဲ့မြေကွက်ကြီး ပုံသဏ္ဍာန်ကိုကြည့်မယ်ဆိုရင် အလျားထက်အနံပေက ပိုရှည်နေတဲ့ စတုဂံပုံဖြစ်နေတယ်။ အခုမြင်ရတဲ့ စတုဂံရဲ့တောင်ဘက်ထောင့်မှာ ပိုထွက်နေတဲ့မြေကွက်ကလေးကို ကျွန်တော့်မိဘတွေက ဝယ်ယူပြီး(၂ )ထပ်အိမ်ဆောက်ပြီးနေတာ ဒီနေ့အထိပါဘဲဆရာ"
“မြေကွက်အကျယ်က ဘယ်လောက်ရှိတာလဲ ညီလေးရဲ့"
“(20'x45' )ပေ ပါ ဆရာ”
“အင်း.... မြို့ပြမြေစီမံဌာနက သတ်မှတ်ထားတဲ့ (၁၂၀၀) စတုရန်းပေ(20'x60')တော့ မပြည့်ဘူး ဖြစ်နေတယ်" " ဒါပေမယ့် မြေအမျိုးအစားက ဂရန်မြေမဟုတ်ဘူး။ ဘိုးဘပိုင်မြေဖြစ်နေတယ်ဆရာ" "
"ကောင်းပြီလေ ဒီမြေကွက်နဲ့ပတ်သက်လို့ "ကိုမိုးလွင်"က ဘာကိုသိချင်တာလဲပြောပါဦး"
“အော် ဟုတ်သားပဲ။ လာရင်းကိစ္စတောင် မေ့သွားတယ်။ ဒီလိုလေဆရာ... တစ်ဧကရဲ့(၄ )ပုံ( ၁ )ပုံနီးပါးရှိတဲ့ မြေကွက်ကြီးထဲမှာ နဂိုက အိမ်(၇)လုံးလောက်ရှိတယ်။ အရပ်ကတိစာချုပ်နဲ့ အဆင့်ဆင့်ရောင်းဝယ်ပြီးနေတာကြသူတွေပေါ့။ ခန့်မှန်းခြေ နှစ်ပေါင်း(၅၀)လောက် ရှိပြီဆိုပါတော့။ အဲဒီအထဲမှာ ကျွန်တော်တို့မြေကွက်လည်း အပါအဝင်ပေါ့။ အဆင့်ဆင့်ဝယ်နေကြတာလေ။ ဘယ်သူပိုင်တယ်၊ ဘယ်သူအမည်ပေါက်တယ်ဆိုတာတောင် နေတဲ့သူတွေကိုယ်တိုင် တိတိကျကျ မပြောနိုင်ကြဘူး”
“ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မြို့မြေစာရင်းမှာတော့ ကွယ်လွန်သူ" ဦးမြတ်လှ" အမည်ပေါက်နေတယ်ဆိုတာ စုံစမ်းကြည့်တော့မှသိရတယ်။ပြီးခဲ့တဲ့ (၂ )နှစ်လောက်ကတော့ "ဦးမြတ်လှ" ရဲ့သားသမီးတွေက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာပြီး သူဌေးကြီး"ဦးသိုက်စိုး"ကို ပြန်ရောင်းလို့ အရောင်းအဝယ်စာချုပ်ဖို့ စည်ပင်အရောင်းမြေပုံကူးလျှောက်တာ တွေ့ရတယ်။ ပြီးတော့ မြေကွက်ကြီးထဲမှာ အဆင့်ဆင့်ဝယ်နေကြတဲ့ သူတွေကိုလည်း လှိုင်သာယာမှာ မြေကွက်တစ်ကွက်စီ ဝယ်ပေးတယ်။ နှစ်နာကြေးလည်း ပေးလိုက်တယ်လို့ သိရတယ်။ ကျွန်တော်တို့က မရောင်းတော့ကျန်ခဲ့တာပေါ့။
"အခုမြေကွက်လပ်ကြီးဖြစ်နေတာလား"
" ဟုတ်ကဲ့ဆရာ "
" ဒါနဲ့...စည်ပင်က မြေတိုင်းလာတဲ့အခါ ကန့်ကွက်ရန်ရှိ/မရှိ ခြေရင်းခေါင်းရင်း လက်မှတ်ထိုးခိုင်းတယ်။ ဖေဖေက ထိုးပေးလိုက်တယ်။ ပြီးတော့ သတင်းစာမှာလည်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာတာ တွေ့ရတယ်။ အဲဒီတုန်းက မြေတိုင်းတဲ့အထဲမှာ ကျွန်တော်တို့ခြံမြေလည်း ပါသွားတယ်။ကန့်ကွက်လွှာတင်မယ်လို့ သူဌေးကို သွားပြောတော့ "မတင်ပါနဲ့၊ တောင်းပန်ပါတယ်၊ ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှု မထိခိုက်ပါဘူး။ ဒီအတိုင်းဆက်နေသွားပါ"" သူရဲ့ မြေကွက်ကြီး အမည်ပြောင်းပြီးသွားရင် လည်း နောက်ဘက်ကပိတ်ပြီး ခြံစည်းရိုးခတ်ပေးမယ်" ပြောတာနဲ့ ကန့်ကွက်လွှာမတင်လိုက်ဘူးလေ" ခြံစည်းရိုးခတ်ပေးမယ်ဆိုလို့ အဲဒီသူဌေးကို ကျေးဇူးတောင်တင်နေသေးတာ"
အပ်နဲ့ထွင်ရမှာကို ပုဆိန်နဲ့ပေါက်ရပြီးလား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အခုနောက်ပိုင်းမှာ .. ဆရာရေးထားတဲ့ အိမ်ခြံမြေဆိုင်ရာ ဆောင်းပါးတွေ ဖတ်ကြည့်ပြီး စိုးရိမ်လို့လာတိုင်ပင်တာပါ ဆရာ"
“အေးဗျာ၊ "ကိုမိုးလွင်" ပြောပြပုံအရ ဆိုရင်တော့ "ကိုမိုးလွင် "ရဲ့မိဘတွေက အလွန်ရိုးကြတာပဲနော်".
“ဘာဖြစ်လို့လဲ ဆရာ”
“ခြံမြေကွက်ကို စည်ပင်က မြေတိုင်းလာတုန်းက ကန့်ကွက်လိုက်ရမှာကို "ကိုမိုးလွင် "မိဘတွေကသဘောတူတယ်ဆိုတော့ စည်ပင်က "ကိုမိုးလွင်" မိဘပိုင်မြေရယ်၊ သူဌေး" ဦးသိုက်စိုး"ပိုင်မြေတွေရယ်၊ တစ်ကွက်လုံးပေါင်းပြီး တိုင်းသွားတာကို သဘောတူလိုက်သလိုဖြစ်သွားတာပေါ့"
“အဲဒီတော့ အခုဘာဖြစ်လာနိုင်သလဲ ဆရာ......."
“အခု မြို့တော်စည်ပင်ရဲ့ မြို့မြေစာရင်းမှာ ဘယ်သူအမည်ပေါက်နေပြီလည်း သွားကြည့်ပြီးပြီလား”
“နောက်ဝယ်သူ "ဦးသိုက်စိုး" အမည်ပေါက်သွားပါပြီ"
"အဲဒီအမည်ပေါက်ထဲမှာ" ကိုမိုးလွင်" မိဘတွေပိုင်တဲ့ ခြံမြေနေရာ ကျန်ရစ်ခဲ့သေးသလား”
"မကျန်တော့ဘူးဗျာ....အခု ဆရာကိုပြတဲ့အတိုင်း မြေကွက်ရဲ့ထောင့်ချွန်းလေးက ကျွန်တော်တို့ပိုင်တာ၊ အဲဒီထောင့်ချွန်းလေးပါ "ဦးသိုက်စိုး" အမည်ပေါက်ဖြစ်သွားပြီ”
“ဟိုက် ....ဒုက္ခပါပဲ "ကိုမိုးလွင် ရာ”
“ဒါဆိုရင် ကျွန်တော့်တို့ရဲ့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားပြီလားဆရာ”
“အင်.....ပိုင်ဆိုင်မှုတော့ မဆုံးရှုံးဘူးပေါ့ကွာ။ ဒါပေ့မယ်လို့ ကိုယ့်အမည်ပေါက်ပြန်ရဖို့အတွက် "အပ်နဲ့ထွင်ရမှာကို ပုဆိန်နဲ့ပေါက်ရတော့မလို ဖြစ်ကုန်ပြီပေါ့”
“ရှင်းပြပေးပါဦး ဆရာရယ်၊ စိတ်ပူလိုက်တာ”
"နဂိုက လုပ်ရမှာက တစ်ဧကရဲ့( ၁/၄) ပုံ မြေကွက်ကြီးထဲက( 20'x45' )ကို "ကိုမိုးလွင်" တို့က ပိုင်တဲ့အတွက် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို "(ဦးသိုက်စိုး+ ၁)" ပူးတွဲစာချုပ်ချုပ်ရမယ်။ အမွေဆက်ခံသူသား၊ သမီးများထံ မှ မြေကွက်ကြီး ရဲ့တောင်ဘက်စွန်း (20'x45')ကို "ကိုမိုးလွင်" မိဘတွေက ဝယ်ပါတယ်။ ကျန်တဲ့မြေကွက်ကြီးကို "ဦးသိုက်စိုး"က ဝယ်ပါတယ်ဆိုပြီး မှတ်ပုံတင်စာချုပ်ထဲမှာဖော်ပြရမယ်။ နှစ်ဦးအမည်ပေါက်စာချုပ် ထွက်လာတဲ့အခါကြမှာ ကိုယ်ပိုင်တဲ့အခြမ်းကို မြေကွက်ခွဲလျှောက်လိုက်ရင် အမည်ပေါက်တစ်ဦးစီ သီးခြားဖြစ်သွားပြီပေါ့။
"အခုတော့ အဲဒီလိုလုပ်ချင်ရင် မြေတစ်ကွက်လုံးကို မြေပုံပြန်ကူးရမယ်။ အခွန်ဆောင်ရမယ်။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို "ဦးသိုက်စိုး"နဲ့ ပြန်ချုပ်ရမယ်။ ဒါကိုလဲ "ဦးသိုက်စိုး" ကလိုက်ပါဆောင်ရွက်ပေးရမှာ။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ကို ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ချုပ်ရမယ်။ စာချုပ်ထွက်လာမှ စည်ပင်မှာ အမည်ပြောင်းရမယ်။ အမည်ပြောင်းပြီးမှ ကိုယ်ပိုင်တဲ့အခြမ်းကို မြေကွက်ခွဲစိတ်ပေးဖို့ လျှောက်ရမယ်။ ခွဲစိတ်ပြီးမှ မိမိပိုင် (20'x45' )ကသီးခြားအမည်ပေါက်ဖြစ်လာတော့မှာပေါ့။ အဲဒါကြောင့် "အပ်နဲ့ထွင်းရမယ့်ကိစ္စ၊ ပုဆိန်နဲ့ ပေါက်ရ"သလိုဖြစ်သွားတယ်လို့ ပြောတာ"
"ပိုင်ဆိုင်မှု မဆုံးရှုံးလို့ တော်ပါသေးရဲ့ဆရာရယ်...ဒါဆိုရင် (20'x45' )ကို ကျွန်တော်တို့ အမည်ပေါက်လျှောက်လို့ရသလား ဆရာ”
“ဘိုးဘပိုင်မြေဖြစ်တဲ့အတွက် စည်ပင်ဌာနမှူးရဲ့ ခွင့်ပြုချက်နဲ့ မြေကွက်ခွဲလျှောက်လို့ ရတယ်လို့ သိရပါတယ်”
“ဦးသိုက်စိုး အမည်ပေါက်ပေမယ့် ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုမဆုံးရှုံးဘူးလို့ သိရတဲ့အတွက် ဝမ်းသာပါတယ် ဆရာ။ ဘာပဲဖြစ်ဖြစ် နောင်ရေးစိတ်အေးရဖို့အရေး အမည်ပေါက်ရတဲ့ အထိတော့ ကြိုးစားလုပ်ယူမှဖြစ်မယ်။ အခုလိုရှင်းပြတာ ကျေးဇူးတင်ပါတယ်ဆရာ..ကျွန်တော်ကိုခွင့်ပြုပါဦး”
ဟုနှုတ်ဆက်ပြီး" ကိုမိုးလွင်"တစ်ယောက် ခေါင်းငိုက်စိုက်ဖြင့် တွေးတောရင်း ပြန်သွားပါတော့သည်။
#တိုက်ခန်းအိမ်ခြံမြေရောင်းဝယ်ငှါးသိထားရမည့်အချက်များ