19/07/2025
DTV ဗီဇာကို ကိုယ်တိုင်ဘယ်လိုလျှောက်မလဲ ???
ထိုင်းနိုင်ငံမှာ ငါးနှစ်သက်တမ်းအထိနေထိုင်ခွင့်ရတဲ့ DTV (Destination Thailand Visa) ကို ကိုယ်တိုင်လျှောက် ဖို့စိတ်ဝင်စားသူတွေအတွက် ဒီစာကိုရေးပါတယ်။
👨💻DTV လျှောက်ဖို့ ဘယ်ကနေစ,လုပ်ရမလဲ ???
အရင်ဆုံး ဘာမှ မလုပ်ခင်မှာ ဖေ့စ်ဘုတ်ဂရုတွေ၊ သူများရေးထားတဲ့ဆောင်းပါး တွေ၊ အသိမိတ်ဆွေတွေကို DTV ဗီဇာအကြောင်း၊ အခြေအနေကိုမေးပြီး လေ့လာသုံးသပ်ပါတယ်။ ကျွန်တော် ကတော့ DTV Visa အကြောင်းသိလိုရာမေးမြန်းကြမယ်၊ DTV & Thai Visa Information Sharing, DTV Myanmar, DTV Service စတဲ့ Facebook Group တွေကို Join လိုက်ပြီး အဲဒီအထဲမှာ မေးနေ၊ ပြောနေကြ တဲ့စာတွေကို လိုက်ဖတ်ပါတယ်။ အသိအစ်မတစ်ယောက်က ညွှန်းပေးတာဖြစ်ပါတယ်။ အဲဒီဂရုတွေထဲက နေတစ်ဆင့် ထပ်လောင်းသိချင်တာတွေကို သက်ဆိုင်ရာပိုစ့်တင်တဲ့သူတွေကို လိုက်မေးဖြစ်ပြီး တော်တော် များများကလည်း ကူညီကြပါတယ်။ ပွဲစားတွေလည်းရှိတာပေါ့လေ။ DTV အကြောင်းကို တော်တော်များများ သိပြီးပြီ၊ တီးမီးခေါက်မိရှိပြီဆိုရင်တော့ ပထမခြေလှမ်းကိုစ,ပါတယ်။
👨💻ဝက်ဘ်ဆိုက်ကို လေ့လာခြင်း ???
အခု DTV လျှောက်တဲ့သူတော်တော်များများရဲ့အားနည်းချက်က ပွဲစားတွေပြောတဲ့စကား၊ ဖေ့စ်ဘုတ်ဂရုတွေ မှာ ပြောနေကြတဲ့စကားကို နားဝင်လွယ်နေတာဖြစ်ပါတယ်။ ဥပမာ - MOFA တုံးထုတာမျိုး၊ ဘဏ်အကောင့်ထဲ Fixed သုံးလထားရတာမျိုး ဆိုတဲ့အချက်တွေဟာ တကယ့်သံရုံးကထုတ်ပြန်ထားတဲ့အချက်မှာ မပါပါဘူး။ DTV ဟာ ထိုင်းနိုင်ငံကပေးတဲ့ဗီဇာမို့လို့ ထိုင်းနိုင်ငံရဲ့သက်ဆိုင်ရာသံရုံးဝက်ဘ်ဆိုက်တွေက ထုတ်ပြန်ထားတဲ့အချက် တွေကသာ အမှန်၊ အတည်ဖြစ်ပါတယ်။ ဒါကြောင့် သံရုံးဝက်ဘ်ဆိုက်ကိုမဖြစ်မနေ ကြည့်ရမှာဖြစ်ပါတယ်။ ကျွန် တော်က မြန်မာနိုင်ငံကနေ လျှောက်တာမို့ မြန်မာနိုင်ငံရဲ့ ထိုင်းနိုင်ငံဆိုင်ရာသံရုံးဝက်ဘ်ဆိုက်မှာ DTV နဲ့ ပတ်သက် လို့ ထုတ်ပြန်ထားချက်ကိုရှာဖတ်ပါတယ်။ (အခြားနိုင်ငံသံရုံးတွေမှာလည်း အတူတူပဲဖြစ်ပါတယ်။) အဲဒီတော့ https://yangon.thaiembassy.org/ ကိုဝင်လိုက်ပါတယ်။ အဲဒီမှာ Consular Service နေရာမှာ Types of Visa ဆိုတာကို ဝင်ကြည့်ပါတယ်။ DTV (Destination Thailand Visa) ဆိုတာ အပေါ်ဆုံးမှာရှိပါတယ်။ အဲဒါကိုသေချာ ဖတ်ပါတယ်။
သံရုံးဝက်ဘ် ဆိုက်မှာ ဖော်ပြထားချက်အရ DTV လျှောက်ဖို့ ဒီအချက်တွေပဲ အဓိကလိုအပ်ပါတယ်။
(၁) ပတ်စ်ပို့မူရင်း (သက်တမ်းမကုန်ခင်အနည်းဆုံးခြောက်လရှိရမယ်)
(၂) ခြောက်လအတွင်းရိုက်ထားတဲ့ဓါတ်ပတ်စ်ပို့ဓါတ်ပုံ
(၃) လက်ရှိနေထိုင်ကြောင်းအထောက်အထား (အိမ်လိပ်စာ၊ သန်းခေါင်စာရင်းကိုဆိုလိုပါတယ်)
(၄) ဘတ်ငါးသိန်းထက်မနည်းတဲ့ပိုက်ဆံ၊ ဒါမှ မဟုတ် ဘတ်ငါးသိန်းနဲ့ညီမျှတဲ့ မြန်မာငွေထည့်ထားတဲ့ဘဏ်အကောင့်၊ လစာ Pay Slips, ကိုယ့်ကိုထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်ပေးကြောင်း ကိုယ့်ကုမ္ပဏီကထောက်ခံစာ
(၅) ထိုင်းနိုင်ငံကိုလာမယ့်ခိုင်လုံတဲ့အကြောင်းအရင်း (ဒီအချက် သုံးခုထဲက ကိုယ်နဲ့ကိုက်ညီတဲ့တစ်ခုကိုရွေးပြီး လျှောက်ရမှာဖြစ်ပါတယ်။ ) ( (က) မြန်မာနိုင်ငံကအလုပ်ကိုထိုင်း မှာလာလုပ်တာဆိုရင်ခိုင်လုံတဲ့သက်သေ၊ (ခ) ထိုင်းနိုင်ငံမှာဆေးရုံဆေးခန်းပြလို့ရက်ရှည်နေမယ်ဆိုရင် ခိုင်လုံတဲ့ဆေး ထောက်ခံချက်တွေ၊ ထိုင်းဟင်းချက်သင်တန်းဒါမှမဟုတ် မွေထိုင်းလိုမျိုး Soft power သင်တန်းတစ်ခုခုတက် မယ်ဆိုတဲ့ခိုင်လုံတဲ့အထောက်အထား၊ (ဂ) DTV ရထားသူရဲ့မှီခိုအနေနဲ့ လျှောက်မယ်ဆိုရင် ဘာတော်စပ်သလဲ၊ ဆွေမျိုး၊ လက်ထပ်စာချုပ် စတဲ့ ခိုင်လုံတဲ့အထောက်အထား)
အဲဒီ (၅) ချက်အပြင် နောက်ဆုံးကတော့ သံရုံးဗီဇာကြေး ဒေါ်လာ (၄၀၀) ဖြစ်ပါတယ်။ အဓိကတော့ ဒါပါပဲ။
👨💻အချက်အလက်တွေစ,ပြီးစုပါပြီ
ဝက်ဘ်ဆိုက်မှာရေးထားတာလောက်သေချာတာမရှိသေးပါဘူး။ အဲဒီတော့ ဝက်ဘ်ဆိုက်ကအချက်တွေကို ပဲ အတည်ယူပြီး Documents တွေ စ,ပြီးစုပါတယ်။ ပတ်စ်ပို့၊ ဓါတ်ပုံ နဲ့ လက်ရှိနေထိုင်ကြောင်းအထောက် အထားအတွက် သန်းခေါင်စာရင်းကို နိုတြီပြန်ပါတယ်၊ လိုရမယ်ရ အိမ်လိပ်စာနဲ့ မီတာစာရွက်ခြောက်လ စာကို Scan ဖတ်ပြီး PDF File ပြောင်းထားလိုက်ပါတယ်။ အိမ်ငှားနေတဲ့သူတွေအနေနဲ့ ကိုယ်နေတဲ့အိမ်စာချုပ်လည်း ရ ပါတယ်။ ဘဏ်အကောင့်ထဲ ပိုက်ဆံကိုသေသေချာချာစီမံခန့်ခွဲပါတယ်။ DTV အတွက်ဘဏ်အကောင့်ထဲကို ပိုက် ဆံအခုမှ ကောက်ထည့်တာမျိုးမဖြစ်အောင်စီစဉ်ပါတယ်။ ဘဏ်အကောင့်ထဲ လိုတဲ့ amount လည်းပြည့်ပြီးဆို ရင်တော့ နောက်ဆုံးအချက်ဖြစ်တဲ့ ကိုယ်ဘာနဲ့လျှောက်မှာလဲဆိုတာကို သေချာစဉ်းစားပါတယ်။ ကျွန်တော်က ကုမ္ပဏီဒါရိုက်တာအနေနဲ့လျှောက်မှာဆိုတော့ ကုမ္ပဏီရဲ့ ကျွန်တော့်နာမည်ပါတဲ့ DICA Extract, ကုမ္ပဏီ Registration တို့ကို စုပါတယ်။ (Freelancer အနေနဲ့ လျှောက်မယ်ဆိုရင်တော့ ကုမ္ပဏီကနေကိုယ့်ကို ထိုင်းမှာ အလုပ်လုပ်ခွင့်ပေးတဲ့ စာတို့ Contract တို့ဆိုရပါတယ်။) ဒါဆိုရင်တော့ အချက်အလက်အားလုံးစုံပါပြီ။
👨💻ထပ်လောင်းဘာတွေပြင်ဆင်ရမလဲ ???
ထပ်လောင်းပြင်ရမှာက နံပါတ် (၁) CV နဲ့ Portfolio (သို့မဟုတ်) Cover Letter ပါ။ ဒါကတော့ ကိုယ့်ကို ဗီဇာပေးချင်လာ အောင်ရေးရမှာဖြစ်ပါတယ်။ CV ကတော့ ရှင်းပါတယ်။ မရေးတတ်ရင် Ai တွေကို ကိုယ့်အချက်အလက်တွေ ပေးပြီးရေးခိုင်းလိုက်ပါ။ ရလာတဲ့ရေးသားချက်ကို ကိုယ့်ပုံစံအနေနဲ့သေချာလေးပြန်ပြောင်းပါ။ Portfolio (သို့မဟုတ်) Cover Letter မှာတော့ ကျွန်တော်က Portfolio ကိုရွေးပါတယ်။ ကိုယ်ပိုင်ဝက်ဘ်ဆိုက်လိပ်စာ တို့ ကျွန်တော့်အလုပ်ရဲ့ဝက်ဘ်ဆိုက်တို့လည်းထည့်ပြီး ကိုယ်ဟာ ထိုင်းနိုင်ငံနေ မြန်မာနိုင်ငံရဲ့အလုပ်တွေကို Remote လုပ်နိုင်တဲ့သူတစ်ယောက်ဖြစ်ကြောင်းပေါ်လွင်အောင်ရေးသားပါတယ်။ ဒီနေရာမှာလည်း Ai ကို ကူညီခိုင်းရတာ ပါပဲ။ နောက်ဆုံး CV ရော Portfolio ရော စိတ်တိုင်းကျသွားပါပြီ။ ဒါဆိုရင်တော့ နံပါတ် (၂) အနေနဲ့ ကုမ္ပဏီကနေ ကျွန်တော့်ကို ထိုင်းနိုင်ငံမှာ Remote အလုပ်လုပ်ခွင့်ပေးပါတယ်ဆိုတဲ့စာကိုထုတ်ပေးကြောင်းလုပ်ခိုင်းရပါတယ်။ ကျွန်တော်က ဒါရိုက်တာဆိုတော့ အခြားဒါရိုက်တာတွေကနေ ကျွန်တော့်ကိုရေးပေးတဲ့စာပါ။ စာထဲမှာ ကုမ္ပဏီရဲ့ Logo, Letter Head ပုံစံ၊ လက်မှတ်၊ တံဆိပ်တုံးတွေပါ ပါအောင်ထည့်ပါတယ်။ နံပါတ် (၃) အချက်ကတော့ ကျွန်တော့်ရဲ့ဝန်ခံစာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အလုပ်ကို ကျွန်တော်မလုပ်ပါဘူး။ ကိုယ့်နိုင်ငံကအလုပ်ကိုပဲလုပ် မှာပါဆိုတဲ့ ဝန်ခံစာကိုရေးသားပါတယ်။ DTV Visa က Remote Worker တွေအတွက်အဓိကရည်ရွယ်တာ မို့ ပါ။ နောက်ဆုံးမှာတော့ သံရုံးဗီဇာကြေး ဒေါ်လာ (၄၀၀) ကိုလဲပါတယ်။ ဒါဆိုရင်တော့ အချက်အလက် စုံပါပြီ။
👨💻စ,လျှောက်ပြီ
သံရုံးဝက်ဘ်ဆိုက်မှာ အကောင့်စ,ဖွင့်ပါတယ်။ အကောင့်ဘယ်လိုဖွင့်ရသလဲ၊ တစ်ဆင့်ချင်းဘယ်လိုရေးသားဖြည့် စွက်ရမလဲဆိုတာကို သက်ဆိုက်ရာဝက်ဘ်ဆိုက်မှာ သက်ဆိုင်ရာဘာသာစကားနဲ့ အသေးစိတ်ဖော်ပြညွှန်းပြပေး ထားတာမို့ အဲဒါလေးကိုသေချာဖတ်ပြီး လိုက်လုပ်ဖို့ပဲလိုပါတယ်။ ကျွန်တော်က ရန်ကုန်သံရုံးဝက်ဘ်ဆိုက်ကနေ လျှောက်မှာဖြစ်တဲ့အတွက် အကောင့်ဘယ်လိုဖွင့်သလဲဆိုတာကို သူတို့ညွှန်းထားတဲ့ https://www.thaievisa.go.th/ မှာ ဝင်ပြီး အကောင့် စ,ဖွင်ပါတယ်။ အကောင့်ဖွင့်လို့ဝင်လို့ရသွားပြီဆိုတာနဲ့ ဗီဇာလျှောက်ဖို့သတ်မှတ်ထားတဲ့နေရာကနေတစ်ဆင့် ကိုယ်စုထားတဲ့အချက်အလက်တွေကို Upload လုပ်ပြီး လျှောက်ပါတယ်။ ကိုယ့်ရဲ့ ဓါတ်ပုံ၊ CV, Portfolio ကို Upload လုပ်တဲ့နေရာ၊ ငွေကြေးဆိုင်ရာအချက်အလက်တွေကို Upload လုပ်တဲ့နေရာ၊ ကုမ္ပဏီဆိုင်ရာလုပ်ငန်းဆိုင်ရာတွေကို Upload လုပ်တဲ့နေရာဆိုပြီးသက်သက်စီခွဲပေးထားတာတွေ့ပါတယ်။ အကြောင်းအရာတူရာဖိုင်တွေကိုပေါင်းပြီး Upload နေရာမှာ တင်လိုက်ရင်ရပါပြီ။ ပြီးရင်တော့ နောက်တစ်ဆင့်ကို တစ်ဆက်တည်းသွားပါတယ်။
👨💻ငွေသွင်းဖို့ Appointment ရက်ချိန်းယူခြင်း
https://www.thaiconsularyangon.com/evisapay/ မှာ ငွေသွင်းရက်ချိန်းယူရပါတယ်။ အသေးစိတ်ကိုလည်း မြန်မာလိုရေးထားပေးတာတွေ့ရပါတယ်။ ကိုယ်အဆင်ပြေတဲ့အချိန်နဲ့ ကိုယ်အဆင်ပြေတဲ့ရက်ကို သတ်မှတ်ပြီး ရွေးလို့ရပါတယ်။ ကျွန်တော်ကတော့ နောက်ရက်ကိုပဲရွေးလိုက်ပါတယ်။ ငွေသွင်းလို့ရပြီဆိုတာကို QR လေး အီးမေးလ်ထဲပို့ပေးပါတယ်။ အဲဒါလေးနဲ့ နောက်ရက်သံရုံးမှာ ငွေသွားသွင်းလိုက်ရုံပါပဲ။ ငွေသွင်းပြီးသိပ်မကြာ ခင်မှာပဲ သံရုံးမှာ ကိုယ်ဖွင့်ထားတဲ့ ကိုယ်ပိုင် Account Status မှာ Documents checking, တို့ waiting for approval တို့ စသည်ဖြင့်လက်ရှိအခြေအနေအတိုင်းပြပေးပါတယ်။ တကယ်လို့ Additional document တွေ ထပ်လိုရင် အဲဒီအဆင့်မှာတောင်းပါတယ်။ ကျွန်တော့်ကိုတော့ မတောင်းခဲ့ပါဘူး။ စုံစုံလင်လင်ဖြစ်အောင်ကြိုးစား ပြီး တင်ထားခဲ့လို့ထင်တာပါပဲ။
👨💻အင်တာဗျုးဖြေဆိုခြင်း
ငွေသွင်းပြီးနှစ်ရက်အကြာမှာ အင်တာဗျုးခေါ်ဆိုကြောင့် အီးမေးလ်ဝင်ပါတယ်။ သူတို့အင်တာဗျုးခေါ်တဲ့အချိန် မှာ ကိုယ်တကယ်မအားတဲ့အချိန်နဲ့တိုက်ဆိုင်ခဲ့ရင် နှစ်ပတ်အတွင်းအကြောင်းပြန်ပေးရပါတယ်။ ဒါဆို ကိုယ်အား တဲ့အချိန်ကို သူတို့ညှိပေးပါတယ်။ ကျွန်တော်ကတော့ သူတို့ခေါ်တဲ့ရက်နဲ့ အချိန်မှာပဲ အားအောင်လုပ်ပြီးသွား ဖြေ လိုက်ပါတယ်။ အင်တာဗျုးဆိုလို့ အလုပ်ခေါ်အင်တာဗျုးတွေကို သူနဲ့ကိုယ်နဲ့ မျက်နှာချင်းဆိုင်သေချာလေး ထိုင်ပြီး မေးဖြေလုပ်ရမယ်ထင်ထားတာ၊ တကယ်တော့ အဲလိုမဟုတ်ပါဘူး။ ကောင်စစ်လာက မှန်ဘောင်အထဲ ကနေ သိချင်တာမေးတယ်၊ ကိုယ်က အပြင်ကနေ မတ်တပ်ရပ်လျက်သားနဲ့ ဖြေတယ်ဆိုတဲ့ ပုံမှန်လုပ်ရိုးလုပ် စဉ်အင်တာဗျုးလေးပါပဲ။ အဓိကတော့ ကိုယ်တင်ခဲ့တဲ့ အလုပ်နဲ့ပတ်သက်တာတကယ်လုပ်နေတာလားဆိုတာ ကိုပဲ မေးတာပါ။ ပေါ့ပေါ့ပါးပါးပါပဲ။ တကယ်လို့ အင်္ဂလိပ်လိုအဆင်မပြေရင် ဘာသာပြန်ပေးတဲ့သူတွေရှိပါ တယ်။ ထိုင်းလိုတတ်ရင်လည်း ပြောလို့ပိုအဆင်ပြေပါတယ်။
👨💻Approved ဖြစ်ခြင်း နှင့်ထိုင်းနိုင်ငံအဝင်
အင်တာဗျုးဖြေဆိုပြီးလို့ သံရုံးကထွက်ပြီး ဆယ်မိနစ်လောက်ပဲကြာလိုက်ပါတယ်။ အီးမေးလ်ထဲကို Approved ဆိုပြီးဝင်ပါတယ်။ ဗီဇာစာရွက် File လည်း တွဲရက်သားလေးပါပါတယ်။ အဲဒီဖိုင်ကို သံရုံးအကောင့်ထဲမှာလည်း Download လုပ်လို့ရပါတယ်။ အဲဒီဗီဇာဖိုင်လေးကို ပရင့်ထုတ်ပြီး ထိုင်းနိုင်ငံအဝင် လူဝင်မှုကြီးကြပ်ရေးကောင် တာမှာ ပတ်စ်ပို့စာအုပ်နဲ့တွဲပေးလိုက်ရင် ခြောက်လသက်တမ်း DTV တုံးထုပေးပါတယ်။ ထုံးစံအတိုင်း ရက် ၉၀ ပြည့်ရင် Report နဲ့ ခြောက်လတစ်ခါ နိုင်ငံ အပြင်ကိုထွက်ပေးရမှာဖြစ်ပါတယ်။
ဖောင်တင်တာ၊ ငွေသွင်းတာ၊ အင်တာဗျုးဖြေတာ အကုန်လုံး စုစုပေါင်း ၈ ရက်ပဲကြာပါတယ်။ အခုတစ်ပတ် တနင်္ဂနွေလျှောက်တယ်ဆိုရင် နောက်တစ်ပတ် တနင်္လာနေ့ညနေ ၂ နာရီခွဲမှာ ကျွန်တော့်အီးမေးလ်ထဲကို DTV Approved ဝင်ပါပြီ။
👨💻သတိပြုစရာများ
(၁) ဗီဇာလျှောက်တဲ့အခါ Form တွေ Upload လုပ်တဲ့နေရာက လေးနေရာလောက်ပဲပါပါတယ်။ အဲဒါကြောင့် ကိုယ်ရေးရာဇဝင်အချက်အလက်နဲ့ပတ်သက်တဲ့ဖိုင်တွေအားလုံးကို PDF တစ်ဖိုင်တည်းပေါင်းထားပါ၊ ကုမ္ပဏီနဲ့ပတ်သက်တာ၊ ငွေကြေးဆိုင်ရာနဲ့ပတ်သက်တာ စသည်ဖြင့် တူရာတူရာလေးတွေကို PDF ဖိုင်တစ် ဖိုင်တည်းဖြစ်အောင် ပေါင်းထားရင်တော့ ကိုယ့်မှာရှိတဲ့ခိုင်လုံတဲ့အချက်အလက်တွေအားလုံးကိုတစ်ခါတည်း တွဲလျက်သားကြည့်လို့ရနိုင်သလို အချိန်ကုန်လည်းသက်သာပါတယ်။
(၂) လိုအပ်ချက်တွေကို ဝက်ဘ်ဆိုက်ကထုတ်ပြန်ထားတာတွေသည်သာအမှန်ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီထုတ် ပြန်ချက်တွေကိုသေချာဖတ်ပြီးတော့ပဲ Documents တွေပြင်ပါ။ အခြား ပွဲစားစကားတွေ ပိုင်တယ်ဆိုတဲ့လူ တွေရဲ့စကားတွေကို အယုံမလွယ်ပါနဲ့။
(၃) မသိရင်ရောမချလိုက်ပါနဲ့။ သိတဲ့သူတွေ ဖြေပေးမယ့်သူတွေ Group တွေမှာ အများကြီးပါ။ သူတို့ကိုမေး ကြည့်ပါ။ သူတို့ရဲ့အတွေ့အကြုံတွေကို စိတ်လိုလက်ရပြောတဲ့သူတွေ ရှိပါတယ်။
လျှောက်မယ့်သူတွေ အားလုံးအဆင်ပြေကြပါစေ။ စာရှည်တဲ့အတွက် မဖတ်ချင်လို့ ဗီဒီယိုဖိုင်အနေနဲ့ကြည့်မယ် ဆိုရင်တော့ https://www.youtube.com/watch?v=CWeezORR9s8&t=175s မှာ ကြည့်နိုင်ပါတယ်။ Information Sharing လုပ်တဲ့သဘောနဲ့သက်သက်တင်ထားတာဖြစ်ပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။