23/08/2025
တရားမမှုတွင် အဓိက အခြေခံအင်္ဂါရပ် ( ၄ ) ရပ်
==========================
တရာမကြီးမှုတစ်မှုကို မိမိစတင်စွဲဆိုတော့မည်ဆိုပါက မိမိစွဲဆိုမည့်အမှုသည် အောက်ပါအချက်များနှင့် ငြိစွန်းမှု ရှိ မရှိ၊ ဦးစွာစစ်ဆေးထားရပါမည်။
က ။ အမှုသည်များ
ခ။ တရားစွဲဆိုရန်အကြောင်း
ဂ။ အမှုဖြစ်အကြောင်းအရာ
ဃ။ တောင်းဆိုသောသက်သာခွင့် တို့ဖြစ်ပါသည်။
က ။ အမှုသည်များ
==========
တရားမမှုများတွင် အနည်းဆုံး တရားလိုတစ်ဦးနှင့် တရားပြိုင်တစ်ဦး ပါရှိရပါမည်။ အမှုအနေအထားအရ တရားလိုတစ်ဦးထက်ပို၍ဖြစ်စေ ၊ တရားပြိုင်တစ်ဦးထက်ပို၍ဖြစ်စေ ပါဝင်နိုင်ပါသည်။ ပြုလုပ်မှုတစ်ရပ်နှင့် စပ် လျဉ်း၍ ပေါ်ပေါက်သော အကျိုးခံစားခွင့် တစ်စုံတစ်ရာကို ရထိုက်ကြောင်းအဆိုရှိသူ မှန်သမျှသည် အမှုတစ် ရပ်စီ သီးခြားစွဲဆိုကြလျှင် ဥပဒေပြဿနာဖြစ်စေ၊ အကြောင်းခြင်းရာ ပြဿနာဖြစ်စေ တစ်မျိုးတည်း ပေါ်ထွက်မည်ဆိုပါက ထိုသူအားလုံးကို တရားလိုအဖြစ် အမှုတစ်မှုတည်းတွင် ပူးတွဲ၍ စွဲဆိုခွင့်ရှိသည်။ O1R1
ထို့အတူ စွဲဆိုခံရသူမှန်သမျှကို အမှုတစ်ရပ်စီ သီးခြားစွဲဆိုရလျှင် ဥပဒေပြဿနာဖြစ်စေ၊ အကြောင်းခြင်း ရာပြဿနာဖြစ်စေ တစ်မျိုးတည်းပေါ်ထွက်မည်ဖြစ်ပါက ထိူသူအားလုံးကို တရားပြိုင်အဖြစ် ပူးတွဲစွဲနိုင်သည်။ O1R3
အမှုစွဲဆိုရာတွင် တရားလိုသည် မည်သည့်တရားပြိုင်ထံမှ နစ်နာမှုအတွက် အကျိုးခံစားခွင်ရရန် တောင်း ခံရမည်ကို ဝေခွဲမရလျှင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော တရားပြိုင်များကို ပူးတွဲတရားစွဲဆိုနိုင်သည်။ O1R7
အမှုသည်များ မှားယွင်းပူးတွဲခြင်း၊ မပူးတွဲခြင်းကြောင့် အမှုရှုံးနိမ့်ခြင်း မရှိစေရပါ။ အမှုတိုင်းတွင် တရားရုံး ရှေ့သို့ ရောက်သူတို့၏ အမှန်တကယ်ခံစားခွင့်ရှိသော အကျိုးကျေးဇူးများ၊ အခွင့်အရေးများနှင့် စပ်လျဉ်း၍ အငြင်းပွားသော ပြဿနာများကို တရားရုံးက စီရင်ဆုံးဖြတ်ခွင့်ရှိသည်။ O1R9
တရားရုံးသည် အမှု၏ မည်သည့်အဆင့်တွင်မဆို မှားယွင်းစွာ ပူးတွဲမိသော အမှုသည်များ၏အမည်ကို ဖယ် ထုတ်ရန်နှင့် ပူးတွဲသင့်သောအမှုသည်များ၏အမည်ကို ထည့်သွင်းရန် အမိန့်ချမှတ်နိုင်သည်။ O1R10
တရားမှုတွင် ပါဝင်သင့်သောအမှုသည်များအား မထည့်ခြင်း၊ မပါဝင်သင့်သော အမှုသည်များအား ပူးတွဲ တရားစွဲဆိုထားခြင်းကို မကျေနပ်သည့်ဘက်မှ စောနိုင်သမျှ စောစွာကန့်ကွက်ရပါမည်။ O1R13
ခ။ တရားစွဲဆိုရန်အကြောင်း
============
တရားမမှုတိုင်းတွင်အမှုစွဲဆိုရန် အကြောင်းပေါ်ပေါက်မှုရှိမှသာ တရားစွဲဆိုနိုင်ခွင့်ရှိပါသည်။ မည်သည့်အခြေ အနေ အကြောင်းခြင်းရာများကြောင့် အမှုစွဲဆိုရန်အကြောင်း ပေါ်ပေါက်ရခြင်းကို အမှုတွင် ဖော်ပြရန် လိုအပ်ပါသည်။ မည်သည့်အကြောင်းခြင်းရာများကြောင့် တရားလိုသည် ဒီဂရီ ရထိုက်ကြောင်းပါရှိရပါမည်။
အမှုအရပ်ရပ်ကို အချင်းဖြစ်အကြောင်းအရာနှင့် စပ်လျဉ်း၍ နောက်ထပ် တရားတထုံး ဖြစ်ပွားခြင်း မရှိစေရန် အပြီးအပြတ် စီရင်ထုံးဆုံးဖြတ်နိုင်အောင် စီစဉ်နိုင်သမျှ စီစဉ်ရပါမည်။ O2R1
တရားလိုသည် မိမိရသင့်ရထိုက်သမျှတွင် အချို့ကိုချန်လှပ်ခဲ့သည်ဖြစ်စေ၊ တမင် စွန့်ပစ်ခဲ့လျှင်ဖြစ်စေ၊ ထိုသို့ ချန်လှပ်စွန့်ပယ်သည့်ကိစ္စနှင့် စပ်လျဉ်း၍ နောက်ထပ်မံတရားစွဲဆိုခွင့်မရှိတော့ပါ။ သို့ရာတွင် အချင်းဖြစ် အကြောင်းအရာ တစ်ရပ်တည်းနှင့် စပ်လျဉ်း၍ သက်သာခွင့်တစ်ခုထပ်ပိုပြီး ရသင့်ရထိုက်သူများသည် ၄င်းစွဲဆို ခွင့်ရှိသမျှကို တစ်မူတည်းဖြင့် ပြီးပြတ်အောင် စွဲဆိုရမည်ဖြစ်ပြီး တရားရုံး၏ခွင့်ပြုချက်မရဘဲ သက်သာခွင့်တစ် ရပ်ကို ချန်လှပ်ထားခဲ့လျှင် ၄င်းသက်သာခွင့်အတွက် နောက်ထပ် တရားမစွဲဆိုနိုင်တော့ပါ။ O2R2
အချင်းဖြစ်အကြောင်းအရားများကို တစ်မှုတည်းတွင် ပူးတွဲစွဲဆိုသည့်အခါ ၄င်းအမှုနှင့်စပ်လျဉ်း၍ ထိုတရားမမှု တင်သွင်းသောနေ့ရက်ရှိ အချင်းဖြစ် အကြောင်းအရာအားလုံးပေါင်း တွက်ရတန်ဘိုးသည် လက်ခံသည့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာအတွင်း သက်ရောက်မှသာ ထိုရုံးတော်သို့ အမှုတင်သွင်းစွဲ ဆိုရမည်။ O2R3
မရွှေ့မပြောင်းနိုင်သောပစ္စည်း ရလိုမှုနှင့် အခြား အချင်းဖြစ် အကြောင်းအရာများပေါင်း၍ တရားစွဲလျှင် တရား ရုံး၏ခွင့်ပြုချက်ကို ရယူရပါမည်။ သို့ရာတွင် အောက်ပါကိစ္စများတွင် တရားရုံး၏ ခွင့်ပြုချက်ကို ရယူရန် မလိုဘဲ တရားစွဲဆိုနိုင်ပါသည်။
( ၁ ) တောင်းဆိုသော မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် စပ်လျဉ်း၍ ကြားကာလအမြတ်အစွန်းများဖြစ်စေ၊ ငှားရမ်းခ ကျန်ငွေများကိုဖြစ်စေ စွဲဆိုမှု
( ၂ ) ပဋိညာဉ်စာချုပ် တစ်စုံတစ်ရာအရ ပစ္စည်းတစ်ခုကို ဖြစ်စေ၊ ထိုပစ္စည်း၏အစိတ်အပိုင်းကိုဖြစ်စေ လက်ရှိထားခဲ့ရာ ထိုပဋိညာဉ်ကို ချိုးဖောက်သည့်အတွက် လျော်ကြေးရလိုကြောင်း စွဲဆိုချက်
( ၃ ) ဆိုခဲ့သည့် အကြောင်းခြင်းရာပေါ်တွင် အခြေခံပြီး တောင်းဆိုသောသက်သာခွင့်နှင့် စပ်လျဉ်း၍ စွဲဆိုချက်။
ခြွင်းချက် ။ ။ သို့ရာတွင် အပေါင်ပစ္စည်းရွေးနှုတ်ခွင့်ကို ပိတ်ပင်ရန်ဖြစ်စေ၊ အပေါင်ပစ္စည်းကိုရွေးနှုတ်ရန်ဖြစ်စေ စွဲဆိုသည့် အမှုတွင် အပေါင်ပစ္စည်းကို လက်ရောက်ပေးအပ်စေရန်အတွက် အမှုသည်တစ်ဦးတစ်ယောက်က ပူးတွဲလျှောက်တောင်းခြင်းကို ပိတ်ပင်မှုမရှိပါ။ O2R4
အချင်းဖြစ်အကြောင်းအရာများကို ပူးပေါင်း၍ စစ်ဆေးခြင်းဖြင့် အဆင်မပြေနိုင်ခြင်း၊ ယင်းတို့ကို ပြီပြတ်အောင် စီရင်ဆုံးဖြတ်နိုင်ခြင်းမရှိဟု ရုံးတော်ကယူဆလျှင် အမှုများ တစ်သီးတခြားစီခွဲ၍ စစ်ဆေးသွားရန် အမိန့်ထုတ်ခွင့်ရှိပါသည်။ 02R6
အချင်းဖြစ်အကြောင်းအရာများ မှားယွင်း၍ ပူးပေါင်း စွဲဆိုထားသည်ဆိုပါက ကန့်ကွက်ရန်ရှိသည်များကို စောနိုင်သမျှ စောစွာ ကန့်ကွက်ရပါမည်။ ငြင်းချက်ထုတ်ပေးသည့်အမှုတွင် ငြင်းချက်ထုတ်ပြီးနောက်မှ ကန့်ကွက်ရန် အကြောင်း ပေါ်ပေါက်ခြင်းမဟုတ်လျှင် ငြင်းချက်ထုတ်သည့်အခါတွင်ဖြစ်စေ၊ မထုတ်မီဖြစ်စေ၊ ကန့်ကွက်ရပါမည်။ ကန့်ကွက်ခွင့်ရပါလျက် မကန့်ကွက်လျှင် ကန့်ကွက်နိုင်သည့် အခွင့်အရေးကိုစွန့်လွှတ်ပြီး ဖြစ်သည်ဟု မှတ်ယူရပါမည်။ O2R7
ဂ ။ အမှုအကြောင်းအရာအဖြစ်အပျက်
=====================
တရားမမှုတွင် တောင်းဆိုသောပစ္စည်း သို့မဟုတ် အခွင့်အရေးသည် အမှုဖြစ်အကြောင်းခြင်းရာ ဖြစ် သည်။ အငြင်းပွားနေသော အမှုဖြစ်အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ တရားရုံးက အမှုသည်များ၏ ရပိုင့်ခွင်ကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
ဃ ။ တောင်းဆိုသောသက်သာခွင့်
=====================
အဆိုလွှာတွင် တောင်းဆိုသောသက်သာခွင့်ကို သေသေချာချာဖော်ပြရန် လိုပါသည်။ တောင်းဆိုသော သက်သာခွင့်နှင့်စပ်လျဉ်း၍ တရားမမှုကို လက်ခံစစ်ဆေးသော တရားရုံးက ချမှတ်ပေးနိုင်သော အခွင့်အာဏာ ရှိရပါမည်။ အမှုစွဲဆိုရန် အကြောင်း ပေါ်ပေါက်ခြင်းနှင့် ဆက်စပ်သော သက်သာခွင့်အားလုံးကို ယင်းအမှုတွင် ထည့်သွင်းစွဲဆိုခြင်း တောင်းဆိုခြင်းပြုရပါမည်။ တရားရုံး၏ ခွင့်ပြုချက်ဖြင့် ချန်လှပ်ထားသော သက်သာခွင့် မဟုတ်လျှင် နောင်အမှုသစ်စွဲဆိုခြင်း မပြုနိုင်သည်ကို သတိချပ်ရပါမည်။