04/06/2025
သတိထားရမည့် Online Sales လိုင်စင်အကြောင်း
စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကိုထုတ်ပြန်ကြော်ငြာခဲ့ပါသည်။
အဆိုပါအမိန့်ကို လေ့လာကြည့်ပါက အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ/ဝန်ဆောင်မှုပေးသူများကို အောက်ပါအတိုင်းဖော်ပြနိုင်ပါသည်-
(က) ပြည်တွင်း၌အခြေပြုသည်ဖြစ်စေ၊ ပြည်ပ၌အခြေပြုသည်ဖြစ်စေ မြန်မာနိုင်ငံတွင်းနေထိုင်သူများအားဦးတည်ရောင်းချသည့် အွန်လိုင်းအသုံးပြု၍ ကုန်ပစ္စည်း(သို့မဟုတ်)ဝန်ဆောင်မှု ရောင်းချမှုအားလုံး၊
(ခ) Website တည်ထောင်၍ website ပေါ်မှစျေးရောင်းချမှုများ/ဝန်ဆောင်မှုဆောင်ရွက်မှုများအားလုံး
(ဂ) Social Media - social media ဟုဆိုရာတွင် Facebook အပြင်အခြားသော social media များအသုံးပြု၍ ငွေကြေးယူစျေးရောင်းချမှုများနှင့် ဝန်ဆောင်မှုပေးသူများအားလုံး
(ဃ) Mobile Application တည်ထောင်၍ ထိုMobile Application ဖြင့် စျေးရောင်းချမှုများနှင့် ဝန်ဆောင်မှုဆောင်ရွက်ပေးမှုများအားလုံးတို့သည် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၁။ အဆိုပါအွန်လိုင်းစနစ်ဖြင့် ရောင်းချသူများတွင် ကုန်ပစ္စည်းရောင်းချမှုများမှာ သိသာမြင်သာသောကိစ္စရပ်ဖြစ်သည့်အတွက် အွန်လိုင်းကိုအသုံးပြုသည့် မြန်မာ့နိုင်ငံတွင်းနေထိုင်သူများအားဦးတည်ရောင်းချသည့်လုပ်ငန်းများအားလုံးမှာ မဖြစ်မနေလျှောက်ထားရမည့်လုပ်ငန်းများဖြစ်ပါသည်။
၂။ သို့သော် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အတိအကျရှင်းလင်းရန်လိုအပ်မည်ဖြစ်ပါသည်။ ဝန်ဆောင်မှုဟူသော စကားရပ်ကို စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ ၂ (င)တွင် ဝန်ဆောင်မှုဆိုသည်မှာ လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုအသွင်ဖြင့် စာသုံးသူ (consumer or client) ၏လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကိုဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
ထို့အပြင် အွန်လိုင်းစနစ်ဖြင့်ရောင်းချသူ (online sales)များမှတ်ပုံတင်ရာတွင် Categories of Online business တွင် ဝန်ဆောင်မှုအုပ်စုများ ရွေးချယ်မှတ်ပုံတင်နိုင်ရေးဝန်ဆောင်မှုအုပ်စုအလိုက် ဆက်စပ်လုပ်ငန်းများခေါင်းစဉ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများကို အုပ်စု(၁၄)စုဖြင့် ecomreg.gov.mm ၏ User guide for company နှင့် User guide for individual တို့တွင်ဖော်ပြထားရှိပါသည်။
ထို့ကြောင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အကြမ်းဖျင်းအားဖြင့်ဥပဒေအကျိုးဆောင်လုပ်ငန်းများ၊ အကျိုးဆေ င်လုပ်ငန်းအမျိုးမျိုးအပြင် စာပေ ၊ပညာရေးဝန်ဆောင်မှု၊ ပို့ဆောင်ရေး၊ ရုပ်သံထုတ်လွှင်မှုများ၊ စီးပွါးရေးအကြံပေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုးတို့ပါဝင်နေပါသည်။
အထက်ဖော်ပြပါ လုပ်ငန်းများကို အွန်လိုင်းအသုံးပြု၍ ကြော်ငြာခြင်း/ ဝန်ဆောင်မှုပေးခြင်းများကို Facebook, Tit tok , telegram တို့တွင် ဖော်ပြဆောင်ရွက်ခြင်းမျိုးရှိပါက မဖြစ်မနေ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်ကို ရယူထားရန်လိုမည်ဖြစ်ပါသည်။
အကယ်၍ အဆိုပါမှတ်ပုံတင်လက်မှတ်ကို ရယူထားခြင်းမရှိဘဲ ဝန်ဆောင်မှုလုပ်ငန်းများကို Onlineမှတဆင့်ဆောင်ရွက်ပေးမည်ဆိုပါက စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ၏ ကြော်ငြာချက် အပိုဒ် ၃ တွင်ဖော်ပြချက်အရ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခံရနိုင်ပါသည်။
အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ တွင် မည်သူမဆို ပုဒ်မ ၄ အရထုတ်ပြန်သော အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် ခြောက်လမှ အများဆုံးထောင်ဒဏ်သုံးနှစ်အထိချမှတ်ရမည့်ပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်းခံရမည်ဟု ပြဌာန်းထားပါသည်။
အဆိုပါပြဌာန်းချက်အရ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံးထောင်ဒဏ်ခြောက်လ မဖြစ်မနေချမှတ်ခံရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အွန်လိုင်းအသုံးပြု၍ (Tit tok ၊ Facebook, telegram and other )ကုန်ပစ္စည်းရောင်းချသူများ/ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသူများရှိပါက မဖြစ်မနေ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ်ကို လျှောက်ထားရယူရန်လိုအပ်ကြောင်းတင်ပြအပ်ပါသည်။
ရှေ့နေရှေရပ်များအနေဖြင့်လည်း Online အသုံးပြု၍ မိမိလုပ်ငန်းများကြော်ငြာခြင်း/ ဝန်ဆောင်မှုဆောင်ရွက်ခြင်းများအတွက် Online Sales လိုင်စင်ကိုသတိချပ်စေလိုပါသည်။
မှတ်ချက် ။ ။ ယခုအချိန်ထိ Online Sales လိုင်စင်ရရှိထားသောအရေအတွက်မှာ 10918 ခုသာရှိပါသေးသည်။
U Kyaw Ko Ko Lwin
Lawyer
Lawyer