07/07/2021
ဘိုးဘပိုင်မြေအကြောင်း သိကောင်းစရာများ
ဘိုးဘွားပိုင်မြေ မဟုတ်ပါ၊ ဘိုးဘပိုင်မြေ ဖြစ်ပါတယ်။ အထက်မြန်မာနိုင်ငံမြေနှင့်အခွန်စည်းမျဉ်းဥပဒေ စတင်အာဏာတည်သည့် ၁၈၈၉-ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့ မတိုင်မီ (၁၂)နှစ်အထက်မနည်း မြေကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်ဝယ်ဆက်လက်ထားရှိခွင့်ရတဲ့ မြေများဖြစ်ပါတယ်။ မြေပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်တွေ အပြည့်အ၀ရှိပေမယ့် (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။
လက်ဝယ်ထားရှိပိုင်ခွင့်မြေ (ဘိုးဘပိုင်မြေနဲ့တူ)။ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ စတင်အာဏာတည်သည့် ၁၈၉၉-ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့မတိုင်မီ (၁၂)နှစ် အထက်မနည်း မြေကိုလက်ဝယ်ထားရှိသူများသည် အဆိုပါမြေအတွက် ကျသင့်သော အခွန်များကို မပျက်မကွက်ပေးဆောင်ခဲ့၍ လက်၀ယ်ထားရှိရတဲ့မြေ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေလိုပဲ (၂)နှစ်ဆက်တိုက် မြေ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ထားခဲ့လျှင် မြေပိုင်အခွင့်အရေး ရပ်ဆိုင်းခံရပါမယ်။
ဘိုးဘပိုင်မြေဆိုတာ ဘယ်လိုမြေလဲဆိုတာ အခြေခံလေးသိရအောင် ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ ဟိုးအရင် ရှင်ဘုရင်ခေတ်ကနေ ခုချိန်ထိက မြေမှန်သမျှရဲ့ ပင်ရင်းပိုင်ရှင်ဟာ မင်း၊ အစိုးရပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း "ရေမြေသနင်း ပြည့်ရှင်မင်း"လို့ ခေါ်ခဲ့ကြတာပါ။ မြေအမျိုးအစားတွေကို..
(၁) အရာတော်မြေ (နိုင်ငံပိုင်မြေ) ( Royal Land)၊
(၂) ဘိုးဘပိုင်မြေ (ခ) အမှုထမ်းမြေ (Official Land)၊
(၃) လက်ဝယ်ထားရှိ ပိုင်ဆိုင်ခွင့်ရှိသောမြေ (Land holder right)၊
(၄) ဝတ္တကမြေ (သာသနာ့မြေ) ဆိုပြီး မြေ(၄)မျိုးပိုင်းခြားခဲ့ကြပါတယ်။
ဘိုးဘပိုင်မြေတွေရဲ့အစက ဓါးမဦးချ မြေတွေပါပဲ။ ဓါးမဦးချမြေလို့ ဘာလို့ခေါ်ကြတာလဲဆိုတော့ ရှေးတုန်းကတည်းက တောကိုထွင်ပြီး လယ်တည်ခဲ့ကြပါတယ်။ ဓါးမနဲ့ တောကိုရှင်းပြီး စိုက်ပျိုးလို့ရအောင် မြေထွင်ရာမှာ ဓါးမရဲ့ဦးချွန်ဟာ မြေကြီးထဲကျသည်အထိ ခုတ်ထွင်ရှင်းလင်းထားရတာကို တင်စားပြီး "ဓါးမဦးချ" မြေလို့ ခေါ်ကြောင်း ကျနော်လည်း မှတ်သားမိပါတယ်။ အဘိုးလက်ထက်ကမြေကို အဘလက်ထက်မှာ ဆက်လက်လုပ်ကိုင်ခဲ့ကြတော့ အဲလိုမြေတွေကို "ဓါးမဦးချ ဘိုးဘပိုင်မြေ"လို့ ခေါ်ခဲ့ကြပါတယ်။
စိုက်ပျိုးမြေများ တိုင်းတာ၊ စီမံခန့်ခွဲတာကို ပုဂံခေတ်ကတည်းက ရှိခဲ့ကြောင်း သမိုင်းအထောက်အထားတွေ တွေ့ခဲ့ရပြီး၊ မြို့မြေများနဲ့ ပတ်သက်ပြီးတော့ မြို့စား၊ နယ်စား၊ ရွာစား၊ ပယ်စား အဖြစ် တိုက်ရိုက် အပိုင်စားပေးတဲ့စနစ်တွေနဲ့ စီမံခန့်ခွဲခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း မြို့စားမင်း၊ နယ်စားမင်း ဆိုပြီးရှိကြပြီး ဆက်ခံခွင့် အဆက်အဆက်ပေးခဲ့လို့ "မင်းပေးမြေ " လို့ ခေါ်ခဲ့ကြပါတယ်။ အဲဒီ မင်းပေးမြေတွေကို တစ်ယောက်နဲ့တစ်ယောက် လွှဲပြောင်းရောင်းချပေါင်နှံကြလို့ "ငွေဝယ်ငွေပေါင်မြေ"လို့ ခေါ်ကြပါသေးတယ်။
ကျွန်တော်တို့နိုင်ငံမှာ ၁၈၂၄ မှာ ပထမအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ ရခိုင်နဲ့ တနင်္သာရီကို ပေးလိုက်ရတယ်။ ကုန်းဘောင်မင်းဆက် ဘကြီးတော်လက်ထက် ၁၈၅၂ ခုနှစ်မှာ ဒုတိယအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံအောက်ပိုင်းကို ပေးလိုက်ရတယ်။ သီပေါမင်းလက်ထက် ၁၈၈၅ မှာ တတိယအင်္ဂလိပ်-မြန်မာစစ် ဖြစ်တယ်။ မြန်မာနိုင်ငံတစ်ခုလုံး ပေးလိုက်ရတယ်။ ရန်ကုန်မြို့မှာတော့ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီးလက်ထက် ဒဂုံကို ရန်အပေါင်းကုန်စင်လို့ ရန်ကုန်လို့ ပြောင်းဆိုတဲ့ ခေတ်ကတည်းက သားစဉ်မြေးဆက်နေထိုင်ခဲ့သော မြေများရှိခဲ့ရာ သူတို့နေထိုင်ပိုင်ဆိုင်သောမြေများမှာ "ဘိုးဘပိုင်မြေ"များ ဖြစ်ခဲ့ပါတယ်။
အင်္ဂလိပ်သိမ်းပိုက်ပြီး ပထမဆုံးမြို့ကွက်သစ်ရိုက်တာတော့ ရန်ကုန်မြို့လို့ လေ့လာသိရှိရပါတယ်။ ၁၈၅၂ ခုနှစ်မှာပဲ ရန်ကုန်မြို့သစ်တည်ရန်ဆိုပြီး ဗြိတိသျှစစ်တပ်မှ ဆရာဝန် ဒေါက်တာဝီလျံမောင်ဂိုမာရီ (Montgomery) က စီမံချက်ရေးဆွဲတင်ပြခဲ့ပြီး ၁၈၅၃ ခုနှစ်မှာ အင်ဂျင်နီယာတပ် ဗိုလ်ဖရေဇာ(Frazer)က မြို့သစ်ပုံစံရေးဆွဲခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ အဲဒီမြေတွေကို အင်္ဂလိပ်အစိုးရက အကွက်ရိုက်ပြီး ဝယ်ယူလိုသူတွေကို အပိုင်ရောင်းချပေးခဲ့ပါတယ်။ ဒါကြောင့် "မြေပိုင်မြေ"လို့ ခေါ်ကြပါတယ်။ ဘိုးဘပိုင်မြေနဲ့ တစ်တန်းစားထဲဖြစ်လို့ မြေခွန်ပေးစရာမလိုပါဘူး။
မန္တလေးမြို့မှာတော့ ယခင်ကုန်းဘောင်ခေတ် နေပြည်တော်အဖြစ် မန္တလေး နန်းမြို့ အရှေ့ပြင်၊ တောင်ပြင်၊ အနောက်ပြင်၊ မြောက်ပြင်တို့သတ်မှတ်ပြီး မင်းဆွေမင်းမျိုး၊ အရာထမ်းအမှုထမ်းတွေကို စီမံခန့်ခွဲချထားပေးခဲ့ပြီး အစဉ်အဆက် လွှဲပြောင်း ပိုင်ဆိုင်လာခဲ့ကြတဲ့မြေများဟာ ဘိုးဘပိုင်မြေကွက်များ ဖြစ်ပါတယ်။
ဘိုးဘပိုင်မြေကွက်ကို မြေစာရင်းမြေပုံမှာ အပြာရောင်နဲ့ရေးဆွဲပြီး မြေအမျိုးအစားကို အင်္ဂလိပ်အက္ခရာ B (Bobabaing or Landholder's rights) နဲ့ပြပါတယ်။ ဘိုးဘပိုင်မြေဟာ ဂရန်မြေကဲ့သို့ သက်တမ်းကုန်တယ်ဆိုတာ မရှိတဲ့အတွက် သက်တမ်းလည်း တိုးစရာမလိုပါဘူး။ ဒါကြောင့် သက်တမ်းတိုးခလည်း မကုန်တော့ပါဘူး။ အပိုင်ရထားတဲ့မြေဖြစ်လို့ ဂရန်မြေကဲ့သို့ မြေခွန်လည်း ဆောင်စရာမလိုပါဘူး။ ဂရန်မြေကဲ့သို့ ဂရန်စာရွက်မရှိပေမဲ့ မိမိပိုင်ဆိုင်ခဲ့ကြောင်း မှတ်ပုံတင်စာချုပ်အဆက်အဆက်နဲ့ မိမိအမည်ပေါက်သက်ဆိုင်ရာ (မြေစာရင်း)ရုံးမှာ စာရင်းဝင်နေရင် လုံလောက်ပါတယ်။
မန္တလေးမြို့မှာတော့ ပိုင်ဆိုင်မှုထိန်းသိမ်းရတာ လွယ်ကူစေရန် ဘိုးဘပိုင်မြေတွေကိုလည်း (၄-၄-၂၀၁၁) နောက်ပိုင်းလောက်ကတည်းက ဂရန်စာအုပ်ပေးသလိုပဲ အမည်ပေါက်မြေပုံများနဲ့ ပိုင်ဆိုင်မှုမှတ်တမ်းကို သားရေစာအုပ်နဲ့ ပြောင်းလဲထုတ်ပေးနေလို့ ယခုအချိန်မှာ ဘိုးဘစာအုပ်ဆိုပြီး တွေ့ရပါတယ်။
ဒီတော့ ခုခေတ်မှာ ဘိုးဘပိုင်လယ်ယာမြေ ဆိုတာတွေ ကျန်သေးလား၊ ပထမဦးဆုံး အင်္ဂလိပ်ခေတ်က ဘိုးဘပိုင် အခွင့်အရေး ပေးခဲ့တဲ့ မြေတွေကို တင်ပြပါမယ်။ အင်္ဂလိပ်ခေတ်က ဘိုးဘပိုင်မြေမှာ မြို့မြေတင်မက လယ်ယာမြေတွေလည်း ပါပါတယ်။ လယ်ယာ စိုက်ပျိုးမြေတွေမှာ အဲဒီ အခွင့်အရေးတွေ အခုဆက်လက် တည်ရှိသေးသလား၊ မရှိတော့ဘူးလား ဆိုတာ လေ့လာကြည့်ပါမယ်။
ရှေးယခင်က ဘိုးဘပိုင်မြေတွေထဲက လယ်၊ ယာ၊ ဥယျာဉ် မြေမျိုးပေါက်နေတဲ့ လယ်ယာ စိုက်ပျိုးမြေတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေအဖြစ် သတ်မှတ်ပြီး အခွင့်အရေး ရထားခဲ့တဲ့၊ မြေစာရင်းဌာနရဲ့ မြေပုံစာရင်းတွေမှာ ယနေ့အထိ ဘိုးဘပိုင်လို့ မှတ်သားထားဆဲ ဖြစ်တဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုး လုပ်ကိုင်ခြင်း မရှိရင် နိုင်ငံတော်က ပြန်လည် သိမ်းယူနိုင်ခွင့် ရှိ/မရှိနဲ့ ဘိုးဘပိုင် လယ်ယာမြေတွေရဲ့ အခွင့်အရေးတွေ ယနေ့ကာလမှာ ကျန်ရှိနေသေးလား ဆိုတာ တင်ပြပါမယ်။
မြန်မာနိုင်ငံကို သိမ်းပိုက် ရရှိသွားတဲ့ အင်္ဂလိပ်က မြေနဲ့အခွန်တော်ဥပဒေတွေ ပြဌာန်းပြီး မြန်မာပြည်ရဲ့ မြေယာစနစ်ကို ပြင်ဆင် သတ်မှတ်လိုက်တဲ့အခါ ဘိုးဘပိုင် မြေတွေ၊ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေ၊ ၁၂ နှစ်တိုင် လက်ရှိထား လုပ်ကိုင်လာတဲ့မြေတွေ၊ ဘေးဘိုး စဉ်ဆက်မှသည် သားမြေးအထိ တစ်ဆက်တည်း လုပ်ကိုင်လာတဲ့ မြေတွေကို မြေပိုင် အခွင့်အရေး၊ ဘိုးဘပိုင် အခွင့်အရေးပေးပါတယ်။
ဘိုးဘပိုင်မြေရဲ့ ပိုင်ရှင်၊ LHR (Landholder's Right) ရထားတဲ့ မြေပိုင်ရှင်တွေ အနေနဲ့ အဲဒီမြေနဲ့ မပတ်သက် မဆက်စပ်တော့တာ နှစ်နှစ် ရှိပြီ ဖြစ်တဲ့ မြေတွေ၊ လက်ရှိထားခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းလည်း မရှိ၊ မြေကနေစွန့်လွှတ်သွားတာလည်း နှစ်နှစ်တိုင် ရှိနေတဲ့ မြေတွေကို မူလ ပေးထားတဲ့မြေပိုင်ရှင် အခွင့်အရေး လက်လွှတ်သွားပြီလို့ သတ်မှတ်ပြီး အပိုင်မြေအဖြစ်က ပယ်ဖျက်ပြီး အစိုးရမြေ (state land) အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်ကြောင်း ပြဌာန်းခဲ့ပါတယ်။(LBTVL Section 11; UBLR Section 23:)။
မြေပိုင်ဆိုင်မှု အခွင့်အရေးတွေကို Tenture ခေါ်ပါတယ်။ Tenure ဟာသီးစား မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုပါ။ Tenancy ကမှ သီးစား ဖြစ်ပါတယ်။ မြေစာရင်း ဌာနရဲ့ အစဉ်အလာအရ ကွင်းတစ်ကွင်းမှာရှိတဲ့ လုပ်ကွက်တွေကို မြေပုံ တစ်ချပ်အဖြစ် တိုင်းတာ ပုံထုတ်ပြီးရင် ဦးပိုင်ခွဲခြင်း ဒါမှမဟုတ် ပိုင်ဆိုင်မှု ခွဲခြားခြင်း ဆိုတဲ့ လုပ်ငန်း လုပ်ရပါတယ်။ ဘယ်မြေကွက်တွေကို ဘယ်သူက ဘယ်လို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ စာရင်း ပြုစုရပါတယ်။ ဦးပိုင် စုံစမ်းခြင်း (tenure enquiries) လို့ ခေါ်ပါတယ်။
ဒီနေရာမှာ ဦးပိုင် (holding) ဆိုတာ ရှင်းပြချင်ပါတယ်။ မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၅၂၃) မှာ ဒီလို ဖွင့်ဆိုပါတယ်။ “ကွင်း သို့မဟုတ် အကွက်တစ်ကွက်အတွင်းရှိ မြေမျိုး တစ်ရပ်တည်းအတွက် တစ်ဦး တစ်ယောက်တည်းက နယ်နိမိတ် တစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်ပြီး လုပ်ကိုင်ခွင့် အမျိုးအစားမှာလည်း တစ်မျိုးတစ်စားတည်းသာ ဖြစ်သည့် မြေယာအဝန်းအဝိုင်းကို ဦးပိုင် တစ်ဦးပိုင်ဟု သတ်မှတ်ကြောင်း” ဆိုပြီး ဖော်ပြထားပါတယ်။ Burma Land Records Manual : Para 523. A holding ordinarily consists of all the land of the same main kind enclosed within one continuous boundary in the same kwin and village-tract held by one person or a number of persons jointly on the same tenure and the same title'
ရှင်းအောင် ပြောရမယ်ဆိုရင် ဦးပိုင်တစ်ခု ဖြစ်ဖို့
(၁) ကွင်းတစ်ကွင်းအတွင်း
(၂) (လယ်/ယာ/ကိုင်းကျွန်း/ဓနိ/တောင်ယာ စသည့် မြေမျိုးများထဲမှ မြေမျိုး တစ်ရပ်တည်း အတွင်းတွင်
(၃) နယ်နိမိတ်တစ်ခုအတွင်း တစ်ဆက်တစ်စပ်တည်း တည်ရှိနေပြီး
(၄) ယင်းအဝန်းအဝိုင်းကို တစ်ဦးတစ်ယောက်တည်းက အမည်ပေါက် ပိုင်ဆိုင်နေသော နယ်နိမိတ် ဖြစ်ရမည်။ အဲဒီ ဦးပိုင်တွေအတွက် ပိုင်ဆိုင်မှုစာရင်း ပြုစုတဲ့အခါ ပိုင်ဆိုင်မှုနည်းလမ်း (tenure system) ပါ ရေးသွင်း မှတ်တမ်းတင်ရပါတယ်။ မြေပိုင်ဆိုင်မှုနည်းလမ်း (tenure system) ကိုတော့ ဒီလို သတ်မှတ် ခွဲခြားထားပါတယ်။ Tenure means = Non-State, Landholder's Right, Boba - Paing, Grant, Lease, License, Squatter, State Tenant, or as the case may be လို့ ဆိုထားချက်အရ အစိုးရပိုင် မဟုတ်တဲ့မြေ၊ မြေရှင်အခွင့်ရမြေ၊ ဘိုးဘပိုင်မြေ၊ အပိုင်ဂရန်မြေ၊ အငှားဂရန်မြေ၊ အခွင့်အမိန့် မရဘဲ နေထိုင်အသုံးပြု မြေ၊ အစိုးရမှ အခဖြင့် ချထားမြေ စသဖြင့် ခွဲခြားရပါတယ်။
ဒီတော့ tenure ဆိုတာ မြေပိုင်ဆိုင်မှု နည်းလမ်း ဖြစ်ပြီး ဆိုင်ရာနည်းလမ်း အလိုက် သတ်မှတ်ထားတဲ့ အခွင့် အရေးတွေအတိုင်း ပိုင်ဆိုင်ခွင့် ရကြတာ ဖြစ်ပါတယ်။ ဘိုးဘပိုင်ဆို ဘိုးဘပိုင် အခွင့်အရေးပေါ့။ Grant ဆိုရင် grant အခွင့်အရေးပေါ့။ ဆိုင်ရာ tenure နည်းလမ်းအမျိုးအစားရဲ့ နောက်မှာ ကပ်ပါလာတဲ့ သတ်မှတ်အခွင့်အရေး တွေအတိုင်းပဲ ခံစားရမှာ ဖြစ်ပါတယ်။ ဘိုးဘပိုင် လယ်ယာမြေ ရရှိထားတဲ့ တောင်သူလယ်သမားတွေ ရရှိမယ့် အခွင့်အရေးကတော့ -
* လယ်ယာမြေကို လက်ဝယ်ထားရှိနိုင်ခြင်း၊
* လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိခြင်း၊
* လယ်ယာမြေကို ပေါင်နှံနိုင်ခြင်း၊
* လယ်ယာမြေကို ရောင်းချနိုင်ခြင်း၊ ပေးကမ်းလှူဒါန်းနိုင်ခြင်း၊
* လယ်ယာမြေကို အမွေပေးနိုင်ခြင်း၊
* လယ်ယာမြေကို အခြားသူသို့ လွှဲပြောင်းနိုင်ခြင်း၊ ချထားနိုင်ခြင်းတို့ ဖြစ်ပါတယ်။
အင်္ဂလိပ်ခေတ်က ဘိုးဘပိုင် အခွင့်အရေးပေးခဲ့တဲ့ မြေတွေထဲမှာ မြို့ မြေတင်မက လယ်ယာမြေတွေလည်း ပါပါတယ်။ ၁၉၅၃ ခုနှစ်မှာ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပြဋ္ဌာန်းပြီး လယ်ယာမြေက အမြောက်အမြား ပိုင်ဆိုင်နေတဲ့ မြေပိုင်ရှင်ကြီးတွေ ထံက မြေတွေ ပြန်လည်သိမ်းယူပြီး မြေမဲ့ယာမဲ့နဲ့ မြေယာချို့တဲ့တွေကို ဝေတဲ့အခါ မူလပိုင်ဆိုင်မှုတွေကို ဖျက်သိမ်းပြီး အခြားသူတွေဆီ ဝေငှ ပိုင်ဆိုင်စေတာဖြစ်တဲ့အတွက် ၁၉၅၃ ခုနှစ် လယ်/နိုင် အက်ဥပဒေအရ လယ်ယာမြေမှာရှိတဲ့ ဘိုးဘပိုင်မြေဆိုတဲ့ ပိုင်ဆိုင်မှု အမျိုးအစား ပျောက်ကွယ် သွားပြီလို့ တချို့ကမှတ်ယူပါတယ်။
၁၉၅၃ လယ်/နိုင်လုပ်ငန်း ဆောင်ရွက် ရာမှာ မသိမ်းဘဲ ချန်လှပ်ပေးခဲ့တဲ့ ဧရိယာတွေလည်း ရှိခဲ့ပါတယ်။ ရွာမြေ၊ စက်ရုံမြေ၊ အခြားနည်း အသုံးပြုနေတဲ့ မြေတွေ၊ သာသနာ၊ ကျောင်း၊ ကန်၊ ဇရပ်အဖြစ် သုံးနေတဲ့ မြေတွေကို သိမ်းယူခြင်းကနေ ကင်းလွတ်ခွင့် ပေးတဲ့အပြင် လယ်ယာမြေပိုင်ရှင်တွေ ဆီက မြေကိုလည်း အကုန်သိမ်းယူတာ မဟုတ်ပါဘူး။ လယ်မြေ ဆိုရင် ဧက ၅ဝ၊ ယာမြေဆို ၂၅ ဧက၊ ကိုင်းကျွန်းနဲ့ ကြံစိုက်မြေဆို ၁၀ ဧကထက် ကျော်လွန်မှသာ သိမ်းယူပြီး အဲဒီ ဧရိယာဧက အတိုင်းအတာတွေအထိကို မူလပိုင်ရှင်ထံမှာ မသိမ်းဘဲ ချန်ထားပေးခဲ့ပါတယ်။ သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရလို့ ခေါ်ပါတယ်။ ဒါကြောင့်မို့ တချို့ကတော့ လယ်/နိုင်လုပ်ငန်းဟာ တစ်ပြည်လုံးမှာ ရှိတဲ့ လယ်ယာမြေ အားလုံးကို သိမ်းယူ နိုင်ခဲ့တာ၊ ပြန်ဝေငှနိုင်ခဲ့တာ မဟုတ်ဘူး၊ ကင်းလွတ်ခွင့်ရမြေတွေ ရှိသလို လယ်/နိုင် လုပ်ငန်းကြီးသည်ပင် ၁၉၅၃-၁၉၅၄ မှာ စတင်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် ငါးနှစ်အကြာ ၁၉၅၇-၁၉၅၈ မှာ လုပ်ငန်းရပ်ဆိုင်း လိုက်ရတဲ့အတွက် မသိမ်းယူဘဲ ကျန်ခဲ့တဲ့မြေတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို အများကြီး ကျန်ရှိတဲ့အခါ ယင်းမြေများရှိ ဘိုးဘပိုင် အခွင့်အရေးတွေ မပျက်သုဉ်းဘဲ ကျန်ခဲ့ရပေမယ်လို့ ဆိုကြပါတယ်။
ဒီနေရာမှာ ဆွေးနွေးစရာ ရှိတာက ၁၉၅၃ လယ်/နိုင် လုပ်ငန်းကြီးက မြန်မာပြည်ရဲ့ မြေပိုင်ရှင်ဆိုတဲ့ အခွင့် အရေးကို ပိတ်ပင်ပစ်လိုက်နိုင်တဲ့ အနေအထား ရှိသလား၊ မရှိသလား ဆိုတာပါ။ ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေဟာ မြေပိုင်ရှင်စနစ်ကို ချုပ်ငြိမ်းစေခဲ့တဲ့ အသွင်အပြင် မရှိခဲ့ပါဘူးလို့ ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၁၉၅၃ လယ်/နိုင် အက်ဥပဒေပါ ပြန်လည် သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရမြေ၊ အဝေခံရမြေတွေ အတွက် စည်းကမ်းချက်တွေ၊ အခွင့်အရေးတွေကို စိစစ်ကြည့်တဲ့အခါ မြေပိုင်ဆိုင်မှုကို ဆက်လက် အခွင့်ပေး ထားတဲ့ စကားရပ်တွေ၊ ပြဋ္ဌာန်းချက်တွေ ကို တွေ့ရတဲ့အတွက် ဖြစ်ပါတယ်။ ၁၉၅၃ လယ်/နိုင် ဥပဒေဟာ မြေပိုင်ရှင်တွေထံက သတ်မှတ် အတိုင်းအတာထက် ပိုမိုတဲ့ ဧရိယာတွေကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီး လယ်ယာ မဲ့တွေကို ပြန်လည်ဝေငှပေးတဲ့သဘောသာ ရှိပြီး မြေပိုင်ရှင်တွေရဲ့ အခွင့်အရေးတွေကို တိတိလင်းလင်း ရုပ်သိမ်းခဲ့မှု မရှိပါဘူး။ မသိမ်းယူဘဲ ချန်လှပ်ခဲ့တဲ့မူလ ဘိုးဘပိုင် လယ်ယာမြေ (ဥပမာ- က ၅ဝ အောက် လယ်မြေ) တွေမှာသာမက အဝေခံမြေတွေမှာပါ ပိုင်ဆိုင်ခွင့်ပုံစံ သဘော အခွင့်ဆက်ပေးတာတွေကိုတွေ့ ရပါတယ်။
လယ်/နိုင်ဥပဒေ ပုဒ်မ ၉ မှာ (သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရမြေ အတွက် အခွင့်အရေးတွေ ပြဆိုထား ပါတယ်။ သတ်မှတ်စည်းကမ်းချက်နဲ့ ညီညွတ်ရင် မြေကို လက်ရှိ ထားနိုင်ခွင့်၊ လုပ်ကိုင်နိုင်ခွင့်၊ လုပ်ကိုင်ခြင်းက ရတဲ့ အကျိုးအမြတ်တွေ ခံစားနိုင်ခွင့်၊ အာဏာပိုင်ရဲ့ ခွင့်ပြုချက်ဖြင့် မြေကို ခွဲစိတ် လဲလှယ်နိုင်ခွင့်၊ ပေးလှူနိုင်ခွင့်၊ ရောင်းချပေးကမ်းနိုင်ခွင့်၊ အမွေ ဆက်ခံခွင့်တို့ ပေးထားမှုတွေ တွေ့ရှိရ သလို မိမိဘာသာ သီးစားမချဘဲ အာဏာပိုင် ခွင့်ပြုချက်နဲ့ ချနိုင်ခွင့် (ဥပမာ- သာသနာမြေ) ပေးထားမှုတွေ တွေ့ရပါတယ်။ အထိန်းအကွပ်ကလေး ပါလာတာက လွဲလို့ အရင်မူလ အခွင့်အရေးတွေနဲ့ ဘာမျှမကွာပါဘူး။ ဒါ့အပြင် သိမ်းယူမြေတွေကို ဝေငှတဲ့အခါ လယ်ယာမြေကို အဝေခံ ရရှိသူတွေ အတွက် အခွင့်အရေးကိုလည်း ပုဒ်မ ၁ဝ မှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီ အခွင့်အရေး တွေထဲမှာ သီးစားမချရဘဲ မိမိကိုယ်တိုင်သာ လုပ်ကိုင်ရမှာ ဖြစ်ကြောင်း သတ်မှတ်ချက်က လွဲပြီး ပေးအပ်ထားတဲ့ ပိုင်ဆိုင်ခွင့်တွေဟာ မသိမ်းဘဲချန်ထားခဲ့တဲ့ ကင်းလွတ်ခွင့်ရ မြေရှင်တွေအတွက် ပေးထားတဲ့ ပုဒ်မ ၉ ပါအခွင့်အရေးတွေအတိုင်း ဖြစ်ကြောင်း တွေ့ရပါတယ်။
ဘိုးဘပိုင် လယ်ယာမြေမှာ မြေပိုင်ရှင် အခွင့်အရေးတွေ ဖြစ်တဲ့
* မိမိတို့ ထာဝရ အမည်ပေါက် လက်ရှိထားခွင့်ရှိခြင်း၊ လုပ်ကိုင် နေထိုင်ခွင့်ရှိခြင်း၊
* အခြားသူအား လွှဲပြောင်း ပေးကမ်းနိုင်ခြင်း၊
* ရောင်းချနိုင်ခြင်းစတဲ့ အခွင့်အရေးများ ပူးတွဲ ပိုင်ဆိုင်ခြင်း ဖြစ်ပါတယ်
* သီးစားချနိုင်တာလည်း မြေရှင်ရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ လက်ရှိ ထားပိုင်ခွင့် ရှိခြင်း (In possession) ဆိုတဲ့ အဓိပ္ပာယ်ဟာ အတော်တန်ဖိုးရှိ ပါတယ်။ မြေပိုင်တွေ ဘိုးဘပိုင်တွေဟာ မြေကို လက်ရှိထားပိုင်ခွင့်ရခြင်းဆိုတဲ့ စကားရပ်ဟာ တန်ဖိုးမသေးလှပါဘူး၊ နည်းတဲ့ အခွင့်အရေး မဟုတ်ပါဘူး။ လက်ရှိထားခြင်းဆိုတာ မြေကို မြေရှင်ကိုယ်တိုင်က နေထိုင်လုပ်ကိုင်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ပိုင်ဆိုင်မှုရှိတယ် ဆိုတာ ပြဆိုပါတယ်။ အောက်မြန်မာပြည် မြေနှင့် အခွန်တော် ဥပဒေ LBLR ပုဒ်မ ၃၊ ပုဒ်မခွဲ (က) (ခ) အရ "ယင်းမြေတွင် ပိုင်ရှင်ကိုယ်တိုင်က ဖြစ်စေ၊ ၄င်း၏ အလုပ်သမား၊ အစေခံ၊ ကိုယ်စားလှယ်၊ သီးစားချခံရသူ၊ ၎င်းထံမှ အပေါင်ခံ ရရှိထားသူတို့က ဖြစ်စေ၊ ၎င်းတို့က တစ်ဆင့် လွှဲပြောင်းချထားသူက ဖြစ်စေ လက်ရှိလုပ်ကိုင် နေထိုင်လျှင် လက်ရှိထား ပိုင်ဆိုင်သည်ဟု မှတ်ယူရမည်" လို့ ဆိုထားတဲ့အတွက် မြေကို လက်ရှိထား ပိုင်ဆိုင်ခွင့် ရထားသူဟာ အဲဒီမြေကို မည်သူ့ကိုမဆို ပေါင်နှံ လွှဲပြောင်း ချထားပိုင်ခွင့်တွေ ရထားတာ တွေ့ရပါတယ်။
၁၉၅၃ လယ်/နိုင် ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို စိစစ်ကြည့်တဲ့အခါ ၁၉၅၃ လယ်/နိုင် အက်ဥပဒေ ပုဒ် ၉ နဲ့ ပုဒ်မ ၁ဝ မှာ ပေးအပ်ထားသော အခွင့်အရေးတွေအရ ကင်းလွတ်ခွင့်ရမြေနဲ့ ဝေငှခံမြေ ရရှိသူတွေဟာ မြေကို လက်ရှိထားခွင့် ဆက်လက်တည်ရှိနေတာ တွေ့ရပါတယ်။ လွှဲပြောင်းပေးကမ်းခြင်း၊ အမွေဆက်ခံ ခြင်းတွေကို အာဏာပိုင်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နိုင်သေးတာ တွေ့ရပါတယ်။ မူလ မြေရှင်အခွင့်အရေးနဲ့ လုံးလုံးကြီး ကွာခြားသွားခြင်း မရှိပါဘူး။ အဓိက စာသားတစ်ရပ်ကိုတော့ ခြွင်းချက်ပေးရပါမယ်။ အဲဒါက သီးစား မချရ၊ ကိုယ်တိုင် လုပ်ရမယ် ဆိုတဲ့ စည်းကမ်းချက် ဖြစ်ပြီး အဲဒါကလည်း တကယ်တော့ အသက် မဝင်တဲ့ သတ်မှတ်ချက်သာ ဖြစ်ပါတယ်။ မြေရှင်တွေဟာ ၁၉၅၃ လယ်/နိုင်ဥပဒေ ပြဌာန်းပြီး နောက်ပိုင်းမှာလည်း ၁၉၅ဝ သီးစားခ စံနှုန်းဥပဒေ၊ ၁၉၅၄ သီးစားခ စံနှုန်း ပြင်ဆင်ချက် ဥပဒေ၊ ၁၉၆၃ သီးစားခစံနှုန်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတွေအရ သီးစား ချပိုင်ခွင့်၊ သီးစားခ ရပိုင်ခွင့်တွေ ဆက်လက် ရရှိနေခဲ့ပါတယ်။ ဒီတော့ မြေရှင်ဆိုင်ရာ ဆိုင်ခွင့်နဲ့ မြေရှင် သဘောသဘာဝ တွေဟာ ၁၉၅၃ လယ်နိုင်ဥပဒေကြောင့် ပျောက်ပျက်မသွားခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၆၃ ခုနှစ် သီးစား ချထားရေး ဥပဒေနဲ့ ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ နှစ်ရပ်နဲ့ ဝိသေသတွေကသာ ဘိုးဘပိုင် လယ်ယာမြေနဲ့ မြေရှင်စနစ်ကို ရိုက်ချိုးနိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ၁၉၅၃ လယ်/နိုင် ဥပဒေမှာ ဆက်လက် အသက်ဝင်နေသေးတဲ့ မြေပိုင်ရှင်စနစ်နဲ့ မြေရှင်အခွင့်အရေးတွေကို အဲဒီ ဥပဒေ နှစ်ရပ်က လွင့်စင် ပပျောက်သွား စေပါတယ်။ ၁၉၆၃ သီးစားချထားရေး ဥပဒေက မြေရှင်တွေကို စတင် ထိန်းချုပ်ပါတယ်။ ၁၉၆၅ ဥပဒေက မြေရှင်စနစ်ရဲ့ ရေသောက်မြစ်ကို ဖြတ်ပစ်လိုက်ပါတယ်။ ၁၉၆၃ သီးစားချထားရေး ဥပဒေ ပြဋ္ဌာန်းစဉ်မှာ မြေရှင်၊ သီးစား၊ သီးစားဆိုတဲ့ ဝေါဟာရတွေကို ၁၉၆၃ သီးစားချ ထားရေး ဥပဒေ ပုဒ်မ ၂ (၁) (ဂ)၊ (င)၊ (စ) မှာ ဖွင့်ဆိုရှင်းလင်းခဲ့မှုအရ တော်လှန်ရေးအစိုးရ တက်ခါစမှာ မြေရှင်နဲ့ မြေရှင်စနစ် တည်ရှိနေသေးကြောင်း၊ မြေရှင်က သူ့မြေတွေကို သီးစားချနေကြောင်းနဲ့ သီးစားက မြေရှင်ကို သီးစားခ ပေးနေရကြောင်း သိသာတဲ့အချက် ဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရ တက်လာစဉ်မှာ မြေရှင်စနစ် တည်ရှိနေသေးတဲ့ သက်သေ အထောက်အထား ဖြစ်ပါတယ်။ သို့ပေမဲ့ တော်လှန်ရေးအစိုးရက ၁၉၆၃ သီးစားချထားရေး ဥပဒေ ပုဒ်မ ၃ မှာ အောက်ပါအတိုင်း ပြဋ္ဌာန်းပြီး မြေရှင်တွေရဲ့ အရှိုက်ကို ထိုးနှက် လိုက်ပါတယ်။
၁၉၆၃ ခုနှစ် သီးစားချ ထားရေး ဥပဒေ ပုဒ်မ ၃။ အစိုးရသည် အမိန့်ကြော်ငြာစာဖြင့် မည်သည့် လယ်ယာမြေကိုမဆို ထိုအမိန့်ကြော်ငြာ စာတွင် သီးခြား ဖော်ပြထားသည့် နေ့ရက်မှ စ၍ သီးစား ချထားမည်ဟု ကြေညာနိုင်သည်။ ထိုသို့ ကြေညာသည့် အခါ ထိုလယ်မြေနှင့် သက်ဆိုင်သည့် မြေရှင်၏ သီးစားချထားနိုင်သည့် အခွင့်အရေးသည် ရပ်စဲရမည်။ သီးစားပုဒ်မ ၃ ဟာ မြေရှင်တွေအတွက် တကယ် ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်ပါတယ်။ မြေရှင်ရဲ့ အစဉ်အလာ ရရှိခံစားလာခဲ့တဲ့ အခွင့်အရေးကို ထိပါးလာပါပြီ။ ဒါနဲ့ မပြီးသေးပါဘူး။ မြေရှင်တွေအတွက် အခြေအနေ ပိုဆိုးသွားစေတာက ၁၉၆၅ ခုနှစ် သီးစားချထား ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ ၁၉၆၃ သီးစားချထားရေး ဥပဒေမှာ ပုဒ်မ ၄ အဖြစ် “လယ်ယာမြေ များပေါ်တွင် အစိုးရက ချထားသော သီးစားများသည် သို့မဟုတ် မြေရှင်များက ချထားသော သီးစားများ ကျန်ရှိနေသေးလျှင် ထိုသီးစားများသည် မြေရှင်အား သီးစားခ ပေးရန် မလို။” လို့ ထည့်သွင်း ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပါ တယ်။
၁၉၆၃ သီးစားချထားရေး ဥပဒေ ပေါ်ထွက်လာတဲ့အခါ ပုဒ်မ ၇ အရ အစိုးရက ခန့်အပ်ဖွဲ့စည်းတာဝန်ပေးတဲ့ ပုဂ္ဂိုလ်တွေ (မြေယာကော်မတီ) ကသာ သီးစား ချထားရေး ဥပဒေနဲ့အညီ သီးစားချပိုင်ခွင့် ရှိပြီး မြေရှင်က သီးစား မချနိုင်တော့ပါဘူး။ သီးစားခလည်း မရတော့ပါဘူး။ မြေရှင်က သီးစား ချခဲ့သော် သီးစား ပုဒ်မ ၁၀ အရ အရေးယူခံရမှာ ဖြစ်ကြောင်း ပြဋ္ဌာန်းချက်တွေအရ လယ်ယာမြေပေါ်မှာရှိတဲ့ မြေရှင်ဆိုင်ရာဆိုင်ခွင့်တွေ ထိန်းချုပ်ခံရ ပါတော့တယ်။ မြေရှင်စနစ် အသက်ရှူပေါက် မရတော့ဘဲ တဖြည်းဖြည်း ချုပ်ငြိမ်းစ ပြုလာရပါတယ်။ မြေပိုင် ဆိုင်ခွင့် မြေရှင်အခွင့်ရတဲ့ ဘိုးဘပိုင် လယ်ယာမြေတွေလည်း ပိုင်ဆိုင်မှု အခွင့်အရေးကို ရှေ့တန်းတင်လို့ မရတော့ပါဘူး။ ပိုင်ဆိုင်မှုအတွက် အသိအမှတ်ပြု မခံရတော့ပါဘူး။ သီးစား ချထားရေး နည်းဥပဒေများ၊ သီးစား ချထားရေးဥပဒေကို ရှင်းလင်းချက်များ အရ မြေရှင်ကိုယ်တိုင် အစိုးရထံမှာ မိမိ လုပ်ကိုင်ဖို့အတွက် သီးစား မှတ်ပုံတင်ရ ပါတော့တယ်။ သို့မှသာ လုပ်ကိုင်ခွင့် ရပါတော့တယ်။ မြေရှင်ကိုယ်တိုင်လည်း အစိုးရက သီးစား ချမှသာ မိမိမြေကို လုပ်ခွင့်ရတဲ့သဘော ဖြစ်သွားပါပြီ။ မိမိထံရှိ ပိုင်ဆိုင်ခွင့် ဆိုတဲ့ အခွင့်အရေးက မှေးမှိန်သွားပါပြီ။ မိမိမြေကို တခြားသူကို လွှဲပြောင်းခြင်း၊ တစ်ဆင့် ချထားခြင်းတွေ ကို မိမိသဘောအလျောက် ဆောင်ရွက်ခွင့် မရှိတော့ဘူး။
မြေပိုင်ရှင်ဆိုပြီး လက်ဝယ်ထားခွင့်လည်း မရှိတော့ဘူး။ အရင်က ရထားတဲ့ ထာဝရ ပိုင်ဆိုင်ခွင့် လက်ရှိထားခွင့်ဆိုတဲ့ In possessing အခွင့်အရေး ပျောက်ကွယ် သွားပါပြီ။ မြေကို ကိုယ်တိုင် လုပ်မှသာ မြေပေါ် ဆက်နေခွင့်၊ လုပ်ကိုင် စားသောက်ခွင့် ရပါတော့တယ်။ ၁၉၆၃ သီးစားချထားရေးဥပဒေအရ မြေယာစနစ်တော်လှန်ရေး ဆိုတဲ့ အဟုန်ကြောင့် လယ်လုပ်သူသာ လယ်လုပ်ပိုင်ခွင့် ရရှိစေရမယ် ဆိုတဲ့ မူဝါဒထွန်းကားလာပါတယ်။ မြေယာမှုခင်း ဖြစ်ရင်လည်း ပိုင်ဆိုင်မှုကို ဦးစားမပေးဘဲ လုပ်ကိုင်မှုကိုသာ ဦးစားပေးပြီး မြေကို ဘယ်သူ လုပ်နေလဲ၊ လက်ရှိလက်ငုတ် ဘယ်သူလဲ ဆိုတဲ့ လုပ်ကိုင်နေတဲ့ အခြေအနေအရသာ မူတည် စဉ်းစားဆောင် ရွက်ပေးပါတယ်။
ဘိုးဘပိုင်တွေ ဘာတွေ လုံးဝ ထည့်သွင်း စဉ်းစားသုံးသပ်မှု မပြုတော့တာကြောင့် ပိုင်ဆိုင်မှုအစား လုပ်ကိုင်မှုအတွက်သာ ဆုံးဖြတ်ပေးတဲ့ လမ်းကြောင်း ဖြစ်လာ ပါတယ်။ လယ်ယာမြေကို အမွေပစ္စည်း တစ်ရပ်အဖြစ် မမှတ်ယူရ ဆိုတဲ့ ညွှန်ကြားချက်တွေအရ လယ်ယာမြေ အပေါ် အမွေ ဆက်ခံခွင့်ကို အလေး မပေးတော့ပါဘူး။ လယ်ယာမြေကို အမွေဆက်ခံခွင့် ပျောက်သွားစေပါတယ်။ ၁၉၆၃ သီးစားချထားရေး ဥပဒေအရ မြေကို ကိုယ်တိုင် မလုပ်နိုင်တဲ့၊ မလုပ်ကိုင်တဲ့ လယ်ပိုင်ရှင်တွေထံက မြေတွေ သီးစားတွေထံ ရောက်သွားစေ ပါတယ်။ မြေပိုင်ရှင်တွေ ပပျောက် သွားပြီး မြေကို ကိုယ်တိုင်လုပ်သူတွေသာ အစိုးရထံ သီးစားမှတ်ပုံတင်ပြီး မြေပေါ်ကျန်ခဲ့ရတဲ့ အနေအထား ဖြစ်သွားပါတယ်။ ရွှေထီးဆောင်းခဲ့တဲ့ ဘိုးဘပိုင် လယ်ယာမြေတွေ ချိုးနှိမ်ခံရတဲ့ အနေအထား ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ ဘိုးဘပိုင်လယ်ယာမြေတွေ ပိုင်ခွင့်၊ မြေပိုင်ရှင်တွေရဲ့ မြေပိုင်ဆိုင်မှု အခွင့်အရေးတွေဟာ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေအရ ချုပ်ငြိမ်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ်။
မြို့မြေတွေမှာ ယနေ့အထိ ဘိုးဘပိုင်မြေအတွက် ပေးအပ်ထားတဲ့ အခွင့်အရေးတွေ၊ မြေပိုင်ဆိုင်မှုတွေ ရှိနေပြီး မဆိတ်သုဉ်းသေးပါဘူး။ မြို့မြေတွေထဲက ဘိုးဘပိုင်မြေတွေကို လွဲပြောင်းရောင်းချရင်တော့ ဥပဒေအရ အခွန်ဆောင်ပြီး အမည်ပေါက် ဂရန်ပြန်လျောက်ရပါမယ်။ ဘိုးဘပိုင်လယ်ယာမြေတွေကတော့ မြေပိုင်ရှင်တွေရဲ့ မြေပိုင်ဆိုင်မှုတွေဟာ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေအရ ချုပ်ငြိမ်း ပျောက်ကွယ်သွားခဲ့ပြီလို့ ပြောနိုင်ပါတယ်၊ ခုခေတ်မှာတော့ လယ်ယာမြေအတွက် ဥပဒေအရ ပုံစံ ၇ စာအုပ်နဲ့ လုပ်ပိုင်ခွင့်ပြုလက်မှတ် လျောက်ထားရယူရမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ဘိုးဘပိုင်မြေများနှင့်ပတ်သက်၍ ဖတ်မှတ်ဖူးတာများနှင့် ဆရာဦးဇော်မင်း (နတ်မောက်) ၏ ဘိုးဘပိုင် လယ်ယာမြေ ဆောင်းပါးအား ကြည့်၍ ရေးပါသည်။
မူရင်းပိုစ့်ပိုင်ရှင်အား Credit ပေးပါသည်။