18/02/2025
တရားစွဲဆိုရန်အကြောင်းနှင့် ငြင်းချက်
++++++++++++++++++++++
ထွန်းမျိုးဌေး
+++++++
အမိန့် ၇၊ နည်း ၁၁(က) နှင့်သက်ဆိုင်သော အဆိုလွှာအရ တရားစွဲဆိုရန် သိသာထင်ရှားခြင်း ရှိမရှိ ငြင်းချက်ကို မည်သည့်ပုံစံ ထုတ်နှုတ်ရခြင်း
××××××××××××××××××××××××××××××××××××××
(Does the suit, as framed, disclosed a cause of action?) တည်ဆောက်ထားသည့် ပုံစံအတိုင်း တရားစွဲဆိုရန်အကြောင်း သိသာ ထင်ရှားစေပါသလားဟု ထုတ်ရပါသည်။ (ဦးမြ၊ တရားရေးဝန်ထမ်းများ အရည်အသွေးမြင့်သင်တန်းပို့ချချက် စာ - ၉၂)
"တရားလိုစွဲဆိုသောအမှုသည် တရားစွဲဆိုရန်အကြောင်း သိသာ ထင်ရှားစေခြင်း ရှိပါသလား" ဟု ငြင်းချက်ထုတ်နှုတ်မှသာ အမိန့် ၇၊ နည်း ၁၁(က)ပါ disclose နှင့် ကိုက်ညီမည် ဖြစ်ပါသည်။
----
အဆိုလွှာကို အမိန့် ၇၊ နည်း ၁၁(က) အရ ပယ်ချခြင်းမပြုလျှင် "တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်သလား" သီးခြားငြင်းချက်ထုတ်နုတ်ရန် မလိုအပ်ခြင်း။
×××××××××××××××××××××××××××××××××××××××××××
အဆိုလွှာကို အမိန့် ၇၊ နည်း ၁၁(က) အရ ပယ်ချခြင်း မပြု သည့်တိုင် တရားစွဲဆိုရန်အကြောင်း ဖြစ်မြောက်စေသော အကြောင်းခြင်းရာများမှာ အမှုတွင် အငြင်းပွားပါက ထိုအကြောင်းခြင်းရာများနှင့် စပ်လျဉ်း၍ သီးခြား ငြင်းချက်များ ထုတ်နုတ်စစ်ဆေးရမည်ဖြစ်ရာ အမှန် စင်စစ် တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်သလားဟူသော ငြင်းချက်သည်ပင်လျှင် အမိန့် ၁၄၊ နည်း ၁(၃)ပါ ပြဋ္ဌာန်းချက်များအရ သီးခြား ငြင်းချက် ထပ်မံထုတ်နုတ်ရန် မလိုပါ။
ထိုသို့ မလိုသည့် ငြင်းချက်ကိုထုတ်ပြီး အမိန့် ၇၊ နည်း ၁၁(က) ပြဋ္ဌာန်းချက်များကိုညွှန်ပြကာ တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်သည် ဟုဆုံးဖြတ်ခြင်းသည် ဇွတ်အဖြေထုတ်ခြင်းသာဖြစ်သည်။ သဘာဝမကျပါ။
တစ်ဖက်တွင် တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်ခြင်း ရှိမရှိ သည် ဥပဒေပြဿနာသက်သက် ဖြစ်လျှင်မူ ငြင်းချက်ထုတ်နုတ်ကာ အဆုံးအဖြတ်ပေးရန် လိုအပ်ကောင်း လိုအပ်ပါလိမ့်မည်။
(ဦးမြ၊ တရားမ ကျင့်ထုံးဥပဒေ (ပ+ဒု) အမှာစာ)
-----
တရားပြိုင်ဘက်မှ ထုချေထားသည့်အတိုင်း တရားစွဲဆိုရန်အကြောင်း မပေါ်ပေါက်ဆိုခြင်းမှာ မှန်သလား ဟူသော ငြင်းချက်ထုတ်ကာ ထိုငြင်းချက်ကို ပဏာမ ငြင်းချက်အဖြစ် သတ်မှတ်ကြားနာခွင့် ရှိသလား
××××××××××××××××××××××××××××××××××××××××
အမိန့် ၇၊ နည်း ၁(င)အရ တရားစွဲဆိုရန်အကြောင်းဖြစ်မြောက် စေသည့်အကြောင်းအရာများမှာ အကြောင်းခြင်းရာများ ဖြစ်သည်။
အမိန့် ၁၄၊ နည်း ၂ အရ ဥပဒေငြင်းချက် သက်သက် (issue of law only)ကို သာလျှင် ပဏာမငြင်းချက်အဖြစ် ကြားနာ ဆုံးဖြတ်နိုင်သည်ဖြစ်ရာ အကြောင်းခြင်းရာများ အကျုံးဝင်သည့် "တရားပြိုင်ဘက်မှ ထုချေ ထားသည့်အတိုင်း တရားစွဲဆိုရန်အကြောင်း မပေါ်ပေါက်ဆိုခြင်းမှာ မှန် သလား" ဟူသော ငြင်းချက်သည် အကြောင်းခြင်းရာများနှင့်ရောထွေး လျက်ရှိရာ တရားစွဲဆိုရန်အကြောင်း ဖြစ်မြောက်စေသည့် အကြောင်း ခြင်းရာများနှင့်စပ်လျဉ်း၍ အမှုတွင် အငြင်းပွားလျက်ရှိပါက သက်သေခံ ချက်မယူဘဲ ထိုငြင်းချက်ကို ပဏာမငြင်းချက်အဖြစ် သတ်မှတ်ကြားနာ ဆုံးဖြတ်ခြင်း မပြုနိုင်။
(ဦးမြ၊ တရားမကျင့်ထုံးဥပဒေ(ပ+ဒု) စာ - ၄၄၁)
-----
တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်သည်ဟုဆိုကာ အမှုကို ဆက် လက်စစ်ဆေးရန် အမိန့်မချနိုင်ခြင်း။
×××××××××××××××××××××××××××××××××××××××××
တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်သည်ဟုဆိုကာ အမှုကို ဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်သည့် ထုံးသာဓကဟူ၍ မရှိသေး။
(ဦးမြ - ဥပဒေပြဿနာအဖြာဖြာ (ပထမအကြိမ်ထုတ်) စာ - ၈၁)
ပဏာမငြင်းချက်ကို ဆုံးဖြတ်ရာ၌ တရားစွဲဆိုရန်အကြောင်း ပေါ်
ပေါက်သည်ဟု ဆုံးဖြတ်ခွင့် မရှိ။
သက်သေခံ အထောက်အထား မရှိသေး ဘဲ အမှုနိုင်ရန် တရားလို သက်သေထင်ရှားပြရမည့် အကြောင်းခြင်းရာ များသည် သက်သေထင်ရှားသည်ဟု ဆုံးဖြတ်ရာရောက်သဖြင့် စီရင်ပိုင် ခွင့် အာဏာမရှိဘဲ အထောက်အထားမဲ့ ဆုံးဖြတ်ခြင်းဖြစ်သည်။
သို့ဖြစ်၍လည်း တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်သည်ဖြစ်၍ အမှုကို ဆက်လက်စစ်ဆေးနိုင်ကြောင်း ပြဆိုသည့် ထုံးသာဓက မရှိခြင်း ဖြစ်သည်။
(ဦးမြ - ဥပဒေပြဿနာအဖြာဖြာ (ပထမအကြိမ်ထုတ်) စာ - ၉၁)
----
ပဏာမငြင်းချက်ကို ဖြေဆိုရာ၌ တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက် ကြောင်း အဆိုလွှာက သိသာထင်ရှားစေကြောင်း တွေ့ရလျှင် အမှုကို ဆက်လက် စစ်ဆေးရန် အမိန့်ချမှတ်ရန် ဖြစ်ခြင်း။
××××××××××××××××××××××××××××××××××××××××××
တရားစွဲဆိုရန်အကြောင်း ပေါ်ပေါက်ကြောင်း အဆိုလွှာက သိသာထင်ရှားစေလျှင်မူ အမှုကို ဆက်လက်စစ်ဆေးရန် ဖြစ်သည်။
(ဦးမြ - ဥပဒေပြဿနာအဖြာဖြာ (ပထမအကြိမ်ထုတ်) စာ - ၈၁)
အဆိုလွှာက တရားစွဲဆိုရန် အကြောင်းခြင်းများကို ထင်ရှားသိ သာစေသည်ဟု အကြောင်းပြကာ(ကျန်ငြင်းချက်များနှင့်စပ်လျဉ်း၍) အမှုကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်းသာလျှင် ဆုံးဖြတ်ခွင့်ရှိသည်။
(ဦးမြ - ဥပဒေပြဿနာအဖြာဖြာ (ပထမအကြိမ်ထုတ်) စာ - ၉၁)
----
လေးစားစွာဖြင့်။
ထွန်းမျိုးဌေး
၃-၁၂-၂၀၂၀