17/03/2025
အိမ်၊ခြံ၊မြေ ရောင်းခြင်းဝယ်ခြင်းနှင့် ပတ်သက်၍ သိသင့်သိအပ်သော ဥပဒေများ
တရားဝင်ရောင်းဝယ်ခြင်းလုပ်ထုံး လုပ်နည်း
မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းတရပ်ရပ်ကို ရောင်းချရန် ပိုင်ရှင်နှင့် ဝယ်ယူသူတို့ သဘောတူကြပြီး ဖြစ်လျှင် ရှေးဦးစွာ ပထမအဆင့်အဖြစ် ပုဒ်မ ၅၄ ပြဌာန်းချက်ပါ ပဋိညာဉ် (Contract For Sale) ကို ပြုလုပ်ရမည်ဖြစ်သည်။ ယင်းပဋိညာဉ်မှာ အရောင်းအဝယ်အတည်မဖြစ်သေးဘဲ ရောင်းဝယ်ရန်ကတိ ပြုချက်၊ သို့မဟုတ် သဘောတူချက်အဆင့်သာဖြစ်၍ ယင်းစာချုပ်များကို မှတ်ပုံတင်ရန် မလိုပေ။ ၎င်းစာချုပ်တွင် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကို အရောင်းအဝယ်ပြုုလုပ်မည်ဖြစ်၍ တဘက်နှင့် တဘက် ကတိမပျက်ကွက်နိုင်ကြရန် စရံငွေများပေး၍ ချုပ်ဆိုရသည့် စာချုပ်မျိုး ဖြစ်သည်။ ဤ ရောင်းရန် ပဋိညာဉ်ကို ချုပ်ဆိုရုံမျှနှင့် မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းပေါ်မှ ဝယ်ယူသူသည် မည်သည့် အခွင့်အရေးကိုမျှ ရပိုင်ခွင့်မရှိ။
တရားဝင်ရောင်းဝယ်ခြင်း ပြုလုပ်သည့် အခါတွင်မူ ရောင်းမည့်သူကလည်း ရောင်းရန် သေချာပြီးဖြစ်၍ ဝယ်သူကလည်း အသေအချာ ဝယ်ယူတော့မည့် အဆင့်သို့ ရောက်ပြီဖြစ်သည်။ ဤအဆင့်တွင် (SALE DEED) ခေါ် အရောင်းစာချုပ်ကို ရေးသားချုပ်ဆိုရတော့မည် ဖြစ်သည်။ အရောင်းစာချုပ် ရေးသားရာတွင် ရောင်းချခြင်းထင်ရှားပေါ်လွင်အောင် ရေးသားရန် လိုပေသည်။ ၎င်းစာချုပ်တွင် ရောင်းချသည့် ပစ္စည်းအမျိုးအစားကို သိသာရှင်းလင်းအောင် ဖော်ပြရမည်ဖြစ်သည်။ ဥပမာ - အိမ် မြေ ဆိုပါက၊ ဦးပိုင်နံပါတ်၊ အကွက်နံပါတ်၊ ဘလောက်နံပါတ်၊ အိမ်နံပါတ်၊ အမည်၊ ရပ်ကွက်အမည်၊ တည်နေရာ အရှေ့-အနောက်-တောင်-မြောက် နယ်လေးရပ် သတ်မှတ် တည်ရှိချက်များ စသည်ဖြင့် ပါရမည်ဖြစ်ပြီး၊ လိုအပ်ပါက မြေပုံပါ ပူးတွဲပါရှိရမည်ဖြစ်သည်။ ၎င်းပြင် ထိုပစ္စည်းတန်ဘိုး သည် မှန်ကန်ရန်လိုအပ်ပေသည်။ မမှန်ကန်ပါက တံဆိပ်ခေါင်းခွန်အက်ဥပဒေအရ၊ အရေးယူခြင်း ခံရနိုင်ပေ သည်။ စာချုပ်ကို ရေးသားပြီးသောအခါတွင် ၎င်းပစ္စည်း၏ ကာလတန်ဘိုးကို မူတည်၍ တံဆိပ် ခေါင်းခွန် အက်ဥပဒေဇယား (၁) ပါ ပြဌာန်းချက်နှင့်အညီ၊ သတ်မှတ်သောတံဆိပ်ခေါင်းခွန် ထမ်းဆောင်ရသည်။ ယင်း စာချုပ်တွင် ဝယ်သူ/ရောင်းသူနှင့် အနည်းဆုံး သက်သေ (၂) ယောက်ပါ လက်မှတ်ရေးထိုးရမည်ဖြစ်သည်။ ပစ္စည်းလွှဲစာချုပ်နှင့်ပတ်သက်၍ တံဆိပ်ခေါင်းခွန်အက်ဥပဒေဇယား (၁) အပိုဒ် (၂၃) တွင် ကျသင့်သည့် တံဆိပ်ခွန်နှုန်းထားများကို ဖော်ပြထား၍ ၎င်းတံဆိပ်ခွန်နှုန်းထား အတိုင်း ပေးဆောင်ကြရမည်ဖြစ်သည်။
ဤသို့ အရောင်းအဝယ်ပြုလုပ်သည့်စာချုပ်ကို တံဆိပ်ခေါင်းခွန် ကပ်ပြီးဖြစ်လျှင် ပုဒ်မ ၅၄ ပါ ပြဌာန်းချက်အရ တန်ဘိုးငွေ ၁ဝဝ,ဝဝဝိ/- နှင့် အထက် မရွှေ့ပြောင်းနိုင် သည့်ပစ္စည်းဖြစ်လျှင် မှတ်ပုံတင်ရမည် ဖြစ်၍ မှတ်ပုံတင်ရုံးမှ အခါအားလျော်စွာ ပြဌာန်းညွှန်ကြားချက် များဖြင့် ရောင်းဝယ်ခြင်းဆိုင်ရာ စုံစမ်းမှုများကို ပြုလုပ်မည်ဖြစ်သည်။ ဤသို့ မှတ်ပုံတင်ထားပြီးသည် နှင့် တပြိုင်နက် သက်ဆိုင်ရာ မြေစာရင်းဌာန၌ ယင်းမှတ်ပုံတင်စာချုပ်ကိုပြ၍ ပိုင်ရှင်အမည်ဟောင်းမှ မိမိပိုင်ရှင်အမည်သစ်သို့ ပြောင်းရန် လျှောက်ထားရသည်။ ဤသို့ အမည်ပြောင်းပြီးဖြစ်လျှင် ၎င်းမရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကို တရားဝင် လုံးဝပိုင်ဆိုင်သည့်အဆင့်သို့ ရောက်သွားမည် ဖြစ်သည်။
ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၅၄ ပါ ပြဌာန်းချက်တွင် -
(၁) ရောင်းခြင်း၊
(၂) ရောင်းချခြင်းကိုမည်သို့ပြုလုပ်ရခြင်း၊
(၃) ရောင်းရန်ပဋိညာဉ် ဟူ၍ သုံးပိုင်းခွဲ၍ ရှင်းလင်းထားပေသည်။
အထူးအရေးကြီးသည့် အချက်မှာ ပုဒ်မ ၅၄ ပြဌာန်းချက်နှင့်အညီ ဆောင်ရွက်မှ သာ စာချုပ်စာတမ်းသည် တရားဝင်ဖြစ်နိုင်သည်။ ရောင်းချရန် ပဋိညာဉ်တစ်ရပ်ကို စာချုပ်ခြင်းဖြင့် အပြီးအပိုင် ရောင်းချခြင်းမဟုတ်သေးဘဲ
အရောင်းစာချုပ်ကို အဘိုးစားနား သတ်မှတ်ပေးရန်၊ စည်းကမ်းချက်နှင့် ကျသင့်သော တံဆိပ်ခေါင်းများကပ်ပြီး မှတ်ပုံတင်မှသာ တရားဝင်အရောင်းစာချုပ် ဖြစ်၍ မိမိပိုင်အမည်သို့ ပြောင်းလဲခွင့်ရှိမည်ဖြစ်သည်ကို သတိပြုရန်လိုပေသည်။ ဤသို့ နည်းလမ်း တကျ မဟုတ်လျှင် စာချုပ်စာတမ်းများသည် ဟန်ဆောင်စာချုပ်များအဖြစ် ပြဿနာပေါ်စေနိုင်သည်။ ရောင်းရငွေအတွက် တစိတ်တဒေသပေးသွင်းခြင်း၊ စရံငွေပေးသွင်းခြင်း စသည်ဖြင့် ပြဿနာပေါ်စေသည့် ဖြစ်ရပ်များ လည်းရှိရာ အရောင်းစာချုပ်နှင့် ပတ်သက်၍ သတိပြုဆောင်ရွက်ရန် လိုပေသည်။
ကိုးကား - စာချုပ်စာတမ်းဥပဒေ
ဦးမောင်းမောင်လှသောင်း
(မန္တလေး)
ရေးသူ - စာချုပ်စာတမ်းရှေ့နေ
Crd-