Legal Knowledge For New Generation Lawyers - ဦးတင့်ဝေ ပုသိမ်

  • Home
  • Myanmar
  • Pathein
  • Legal Knowledge For New Generation Lawyers - ဦးတင့်ဝေ ပုသိမ်

Legal Knowledge For New Generation Lawyers - ဦးတင့်ဝေ ပုသိမ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Legal Knowledge For New Generation Lawyers - ဦးတင့်ဝေ ပုသိမ်, Pathein.

အပိုင်း(၁၃)     ရှေ့နေနှင့်အမှုသည်(Pleader and  Client)        ရှေ့နေတစ်ယောက်အနေနဲ့   -အမှုများလိုက်ပါဆောင်ရွက်နိုင်ခြင်...
06/12/2020

အပိုင်း(၁၃)
ရှေ့နေနှင့်အမှုသည်(Pleader and Client)

ရှေ့နေတစ်ယောက်အနေနဲ့
-အမှုများလိုက်ပါဆောင်ရွက်နိုင်ခြင်း
-စာချုပ်များရေးသာချုပ်ဆိုပိုင်ခွင့်
-ကုမ္ပဏီများမှအစဥပဒေအကြံပေးလုပ်ကိုင်ခွင့်စသည့်အခွင့်အလမ်း(opportunity)များစွာလုပ်ကိုင်ခွင့်များစွာရှိပါသည်။ယင်းလုပ်ငန်းများအတွက်ထိုက်သင့်သည့်အခကြေးငွေရမှာပါ၊
အဲဒီအလုပ်အကိုင်တွေကိုဘယ်သူကပေးမှာလဲ
အမှုသည်ကပေးမှလုပ်ခွင့်ရမှာပါ၊အမှုသည်ကလုပ်ငန်းအပ်နှံမှရှေ့နေခရမှာပါ၊ရှေ့နေခရမှထမင်းစားရမှာပါ၊
ဒါဆိုရင်အမှုသည်တွေကရှေ့နေတွေရဲ့ထမင်းရှင်ဆိုရင်ငြင်းမလား
ဆိုလိုချင်တာကအမှုသည်တွေကိုအကောင်းဆုံးဝန်ဆောင်မှု( Legal service)ပေးဘို့ပါ၊
တရားလိုပင်ဖြစ်စေ၊တရားခံ/တရားပြိုင်ပင်ဖြစ်စေဖြစ်ပွါးနေတဲ့ပြဿနာတွေကြောင့်သောကအပူမီးရှိနေကြသူတွေပါ၊ဘယ်သူမှအမှုမဖြစ်ချင်ကြပါဘူး၊အမှုဖြစ်နေတုန်းတာအမှုသည်ပါ၊အမှုပြီးသွားရင်အမှုသည်မဟုတ်တော့ပါဘူး၊သူလည်းကိယ့်လိုလူပါဘဲ၊ဒါကိုနားလည်ထားဘို့လိုပါတယ်
အမှုသည်တွေမှာလည်းသူ့ဂုဏ် ၊သူ့သိက္ခာရှိပါတယ်၊အပြန်အလှန်လေးစားရပါမယ်၊အမှုသည်အပေါ်ကျဉ်းမြောင်းတဲ့အမြင်မထားရပါဘူး၊မိမိ၊တောင်းခံသည့်ရှေ့နေခရပြီးဖြစ်လျှင်အမှုသည်တာဝန်ကျေပြီးဖြစ်ပါသည်။ရှေ့နေတာဝန်ကျေပြွန်အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်၊
ရုံးရောက်တာနဲ့အမှုသည်အားလဘက်ရည်တိုက်စေခြင်း၊ထမင်းကျွေးစေခြင်းမပြုဘို့ရှောင်ကျဉ်ရပါမယ်၊အမှုသည်ဟာလည်းငွေကိုအလကားရနေတာမဟုတ်ပါဘူး၊နားလည်ပေးရပါမယ်၊ဒါဟာလည်းနားလည်ပေးရမည့်ကျင့်ဝတ်ပါ၊အမှုသည်ဟာသူကုန်ကျငွေကိုမှတ်ထားလေ့ရှိပါတယ်၊လျှော့မတွက်ပါနဲ့၊အမှုပြီးတာနဲ့ဘာတွေကုန်တယ်ဆိုတာအပြင်မှာပြောကြပါတယ်၊အမှုသည်ကိုအပြစ်ပြောလို့မရပါဘူး၊သူ့ဘက်ကကုန်လို့ကုန်တာပြောတာလေ၊ဒါကြောင့်ဥပဒေနဲ့မညီတဲ့ကိစ္စတွေမဆောင်ရွက်မိစေဘို့ရှေ့နေများအထူးသတိထားရမှာဖြစ်ပါတယ်၊
အမှုသည်အပေါ်ထာားရှိရမည့်ကျင့်ဝတ်သိက္ခာကိုလည်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်၊
အမှုစစ်ဆေးဆောင်ရွက်နေစဉ်တလျှောက်လုံးအမှုသည်နှင့်တိုင်ပင်ဆောင်ရွက်ရပါမယ်၊ဥပဒေကြောင်းကိစ္စ၊အကြောင်းခြင်းရာကိစ္စညှိနှိုင်းဆောင်ရွက်ရပါမယ်၊ရှင်းပြရပါမယ်၊အမှုကိုဥပဒေနှင့်အညီကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်းပြောပြရပါမယ်၊အမှုဖြစ်နေသူတွေဟာကိုယ့်အမှုနိုင်ချင်ကြပါတယ်၊
ရှေ့နေငှါးတိုင်းအမှုနိုင်ရမယ်လို့တစ်ထစ်ချမတွက်ဘို့၊အမှုရဲ့အဖြစ်အပျက်၊အခြေအနေ၊စာရွက်စာတမ်းသက်သေခံချက်၊နှုတ်သက်သေခံချက်တို့အပေါ်မူတည်ကြောင်းရှင်းပြရပါမယ်၊ရှေ့နေအနေနဲ့လည်းမိမိလိုက်ပါသည့်အမှုနှင့်ပတ်သက်၍ဥပဒေပြဌာန်းချက်၊ကျင့်ထုံး၊သက်သေခံဥပဒေ ၊စီရင်ထုံးများကိုကျေညက်စွာလေ့လာ ပြင်ဆင်ထားရမှာဖြစ်ပါတယ်၊
ထမင်းကျွေးတဲ့အမှုသည်အပေါ်ရှေ့နေတာဝန်ကျေပြွန်ရပါမယ် ၊အမှုရှုံးသည့်တိုင်အောင်ရှေ့နေဆောင်ရွက်ချက်တာဝန်ကျေရမှာဖြစ်ပါတယ်၊စေတနာထားဖို့လိုပါတယ်၊စေတနာကောင်းရင်ကံကောင်းမှာပါ၊ရှေ့နေကောင်းကြောင်းအမှုသည်ကညွှန်ပြပါလိမ့်မယ်၊
ဒါကြောင့်အမှုသည်တွေအပေါ်အကောင်းဆုံး (Legal Service)ပေးသင့်ပါကြောင်း

မေတ္ထာစိတ်ဖြင့်
ဦးတင့်ဝေ
တရားလွှတ်တော်ရှေ့နေ ၂၆၀၁/၁၉၈၄

အပိုင်း (၁၂)     စီရင်ထုံးမှပေးသော ပညာများ     ရှေ့နေများသည် စီရင်ထုံးများနှင့် ကင်းကွာ၍ရပါသလား ဟူသောခေါင်းစဉ်ဖြင့် ကျွန...
28/11/2020

အပိုင်း (၁၂)

စီရင်ထုံးမှပေးသော ပညာများ
ရှေ့နေများသည် စီရင်ထုံးများနှင့် ကင်းကွာ၍ရပါသလား ဟူသောခေါင်းစဉ်ဖြင့် ကျွန်တော်၏ ကိုယ်ပိုင်စီရင်ထုံးမှတ်စုကို ပညာဒါနပြုလိုကြောင်း Facebook မှတစ်ဆင့်တင်ပြခဲ့ရာ အထူးသဖြင့် လူငယ်ရှေ့နေများမှ ကြိုဆိုပြီး ရယူလိုကြောင်း ဆက်သွယ်ခဲ့ပါသည်။ မှာကြားသူများပြား၍ မိတ္တူကူးခနှင့် ပို့ခကျခံစေပြီး ယနေ့အထိ မျှဝေပေးလျက်ရှိပါသည်။
စီရင်ထုံးဆိုသည်မှာ အမြင့်ဆုံးတရားရုံး၏ ဆုံးဖြတ်ချက်များထဲမှ လိုက်နာရန်ညွှန်ပြသည့် selected judgement များဖြစ်ပါသည်။
စီရင်ထုံးတစ်ခုကို လေ့လာတော့မည်ဆိုလျင် ကျွန်တော်၏ အတွေးအခေါ်အယူအဆ လေ့လာမှု၊သင်ယူမှု၊ မှတ်သားထိုက်မှုများကို မျှဝေလိုပါသည်။ (ကျွန်တော်၏ မှတ်သားသင်ယူမှုသာဖြစ်ပါသည်)
ဦးစွာ စီရင်ထုံးတစ်ခုကို စိတ်ဝင်စားစွာဖြင့် တစ်ခေါက်ဖတ်ပါ။
စီရင်ထုံးတစ်ခုတွင် အမှု အဖြစ်အပျက်ပါရှိပြီး အမှုခေါင်းစဉ်ကိုလည်း ဖော်ပြထားပါသည်။ နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်များ၊ တရားရုံးမှ ဝေဖန်သုံးသပ်ပြီး ချမှတ်သည့်အမိန့်တို့ကို ဖော်ပြထားသည်မှာ ဥပဒေသမားများအဖို့ ပြောစရာမလိုသော်လည်း နိဒါန်းပျိုးခြင်း ဖြစ်ပါသည်။
အမှုအဖြစ်အပျက်ပေါ်မူတည်၍ အမှုခေါင်းစဉ် မည်သို့တပ်ထားသည်ကို လေ့လာမှတ်သားရမှာ ဖြစ်ပါတယ်။ အမှုခေါင်းစဉ်(Suit Title) ဟာ စွဲဆိုသူတောင်းဆိုသော သက်သာခွင့်ပင်ဖြစ်ပါသည်။ ယင်းအမှုမျိုးကဲ့သို့ မိမိလိုက်ပါဆောင်ရွက်ရမည်ဆိုပါက ယင်းအမှုခေါင်းစဉ်မျိုးကို မှတ်သားပြီး မိမိ၏ တွေးခေါ်မှုနှင့် ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ နှစ်ဖက်ရှေ့နေများတင်ပြသည့် ဥပဒေ အချက်အလက်များ၊ စီရင်ထုံးများကို လေ့လာပြီး ကောင်းတာတွေကို ယူရပါမည်။ အောက်ရုံးသုံးသပ်ချက်များကို လက်ခံသည်၊ လက်မခံသည် နှစ်ဖက်ရှေ့နေများ လျှောက်လဲတင်ပြသည့် အချက်များကို လက်ခံသည်၊ လက်မခံသည်တို့နှင့် ပတ်သက်၍ အမြင့်ဆုံးတရားရုံးမှ သုံးသပ်ဆင်ခြင်ဝေဖန်ချက်များ၊ ဥပဒေ အကိုးအကားများ၊ စီရင်ထုံးအကိုးအကားများကို လေ့လာမှတ်သားရပါမည်။
ထို့ကြောင့် စီရင်ထုံးတစ်ခုသည် ရှေ့နေများအတွက် မည်မျှအသုံးဝင်သည်မှာ အထူးပြောစရာပင် မလိုတော့ပါ။ စီရင်ထုံးများကို အလွတ်ကျက်မှတ်ရန်လည်း မဖြစ်နိုင်ပါ။
ထို့ကြောင့်လည်း ကျွန်တော်ကိုယ်တိုင်ပြုစုထားပြီး လက်ရှိသုံးစွဲနေသည့် စီရင်ထုံးမှတ်စုများကို New Generation Lawyers များအတွက် စေတနာ၊မေတ္တာစိတ်ဖြင့် မျှဝေပေးနေခြင်း ဖြစ်ပါသည်။
Mandalay Law Firm မှ 2014. March လတွင်ထုတ်ဝေသည့် ဆရာဦးမြ၏ ဥပဒေပြသနာအဖြာဖြာစာအုပ်တွင် ဆရာဦးမြက
(ရှေ့နေစာမေးပွဲ အောင်မြင်သူများနှင့် ဥပဒေဘွဲ့ရ ပုဂ္ဂိုလ်များသည် ကျောင်းပညာမျှဖြင့် လက်တွေ့ဘဝတွင် အောင်မြင်သော ရှေ့နေရှေ့ရပ်များ ဖြစ်လာမည်ဟု တစ်ထစ်ချ မျှော်လင့်၍ မရနိုင်ပါ။ ထိုလက်မှတ်များသည် ရှေ့နေလောကသို့ ဝင်ခွင့်ရစေသည့် လက်မှတ်( gate pass) မျှသာ ဖြစ်ချေသည်။ ရှေ့နေလိုက်ရာ၌ ဥပဒေပြဿနာ တစ်ပုံတစ်ခေါင်းကြီးနှင့် မုချ ရင်ဆိုင်ရမည် ဖြစ်သည်။ )
ယခုအခါ စီရင်ထုံးပေါင်းချုပ်များ ထွက်ပေါ်လျက်ရှိရာ (အမှုရမှ )ထိုပေါင်းချုပ်များတွင် ဆိုင်ရာစီရင်ထုံးကို လေ့လာပြီး ဆောင်ရွက်မည်ဟုတွေးခေါ်ပါက မှားယွင်းပေလိမ့်မည်။စီရင်ထုံးများတွင် အမှုများ၌ တစ်ယောက်တစ်ပေါက် ထွကဆိုကြသော သက်သေထွက်ချက်များမှ ဖြစ်ရပ်အမှန်ကို မည်သို့ဆင်ခြင် ရှာဖွေဖော်ထုတ်သည့် နည်းများကို သိရှိပါမှ မိမိကိုင်တွယ်သော အမှုတွင် အဖြေမှန်ကို ကြောင်းကျိုးဆင်ခြင် တင်ပြနိုင်မည်ဖြစ်သည်။ အမှုတည်ဆောက်ရာ၌ အောင်မြင်မှု ရနိုင်မည်ဖြစ်သည်။ ဆိုင်ရာ ဥပဒေများကိုလည်း လက်တွေ့သိခွင့်ရမည် ဖြစ်သည် )ဟု လမ်းညွှန်ပြသမှုသည် အလွန်မှန်ကန်သော လမ်းညွှန်ပြသမှုဟု ခံယူပါသည်။
ထို့ကြောင့်ရှေ့နေများသည် အမှုတည်ဆောက်ရာတွင် စီရင်ထုံးများက အကျိုးပြုနေသည်မှာ အထင်အရှားပင်ဖြစ်၍ ကျွန်တော်သည် ကိုယ်ပိုင်ပြုစုထားသည့် စီရင်ထုံးမှတ်စုများကို လက်ဆင့်ကမ်း မျှဝေနေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် စီရင်ထုံးများသည် ရှေ့နေများ၏ ဆရာ (Ruling is a master) ဟု ကျွန်တော့်အနေဖြင့် တင်စားလိုပါသည်။
ရှေ့နေညီငယ်၊ညီမငယ်များ အနေဖြင့် မူရင်းစီရင်ထုံးများကို တစ်ဖြေးဖြေးချင်း တတ်နိုင်သလောက် ဝယ်ယူစုဆောင်းပါ၊ ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါ၊ သင်ယူပါ ဟုတိုက်တွန်းရင်း
ကျွန်တော်မျှဝေနေသည့် စီရင်ထုံးမှတ်စုများသည်လည်း ဥပဒေသမား ရှေ့နေများအဖို့ အထိုက်အလျောက် အထောက်အပံ့ကောင်းဖြစ်သည်မှာ မလွဲနိုင်ပါဟု ယုံကြည်ရင်း.....

မေတ္တာစိတ်ဖြင့်
ဦးတင့်ဝေ ပုသိမ်
တရားလွှတ်တော်ရှေ့နေ(၂၆၀၁/၁၉၈၄)

25/11/2020

အပိုင်း(၁၁)

ရှေ့နေတစ်ယောက်တွင်ရှိရမည့်ကျင့်ဝတ်နှင့်ကိုယ်ကျင့်တရား(Ethic and Morality)
တစ်နည်းအားဖြင့် သီလ ၊သမာဓိ ၊ပညာ

ရှေ့နေကျင့်ဝတ်ကို ဥပဒေအဖြစ် ပြဌာန်းထားခြင်းတော့မရှိပါ၊သို့သော်လည်း (Bar Council)မှ ရှေ့နေရှေ့ရပ်များ၏ကျင့်ဝတ်သိက္ခာများ၊တာဝန်များနှင့် အခွင့်အရေးများကို ထုတ်ပြန်ထားပါသည်။
ကျွနိတော်ရှေ့နေစလိုက်ချိန် သိမှီခဲ့ရသည်ကတော့

၁၉၈၀ခုနှစ် ဧပြီလတွင်ထုတ်ဝေသည့် ဗဟိုတရားရုံးရှေ့နေများကောင်စီမှ ထုတ်ပြန်သည့်ရှေ့နေရှေ့ရပ်တို့၏ကျင့်ဝတ်သိက္ခာစာတမ်း။(ဗဟိုတရားရုံးရှေ့နေများအတွက်သာ)
၁၉၉၀ခုနှစ်တွင်ထုတ်ဝေသည့် တရားရုံးချုပ်ရှေ့နေများကောင်စီမှထုတ်ပြန်သည့် ရှေ့နေရှေ့ရပ်များ၏ကျင့်ဝတ်သိက္ခာများ၊တာဝန်များနှင့် အခွင့်အရေးများ
၂၀၀၁ခုနှစ်တွင် ရှေ့နေချုပ်ရုံးကထုတ်ဝေသည့် တရားရုံးချုပ်ရှေ့နေများကောင်စီ ၊ရှေ့နေရှေ့ရပ်များ၏ကျင့်ဝတ်သိက္ခာများ၊တာဝန်များနှင့်အခွင့်အရေးများ။ တို့ဖြစ်ပါတယ်
ဒီလိုအကြိမ်ကြိမ်ထုတ်ဝေနေတာကိုကြည့်လျှင်Bar Cuncilမှ ရှေ့နေများအနေဖြင့် ကျင့်ဝတ်သိက္ခာကိုလိုက်နာသည့် ဂုဏ်သိက္ခာရှိရှေ့နေများဖြစ်ရန် ရည်ရွယ်ကြောင်း ကျွန်တော့အနေဖြင့် ယုံကြည်မှတ်ယူပါသည်။ ကျင့်ဝတ်သိက္ခာဖောက်ဖျက်သည့် ရှေ့နေများကိုလည်းသတိပေးခြင်း၊ရှေ့နေလိုက်ခွင့်ရပ်ဆိုင်းခြင်း၊ရှေ့နေအဖြစ်မှထုတ်ပယ်သည့်အရေးယူခြင်းများပြုလုပ်နေရသည်ကို ကျွန်တော်တို့ရှေ့နေများအသိပင်ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့ရှေ့နေများအနေဖြင့်ကျင့်ဝတ်သိက္ခာကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာရှိနေရမည်မှာအထူးပြောစရာပင်လိုမည်မထင်ပါ၊
ရှေ့နေဘဝဟာ ခရီးရှည်လျှောက်ရမှာပါ၊ရှေ့နေပညာ(Advocacy)ဟာဆုံးခန်းတိုင်သည်မရှိပါ။ဒီကနေ့လူငယ်ရှေ့နေတွေအားကျရတဲ့အောင်မြင်နေတဲ့ရှေ့နေကြီးတွေရဲ့ရှေ့နေလုပ်သက်ဘဝဖြတ်သန်းခဲ့ရမှုဟာ လူ့ဘဝသက်တမ်းတစ်ဝက်ကျော်နေကြပါပြီ၊
ဒါကြောင့် လူငယ်ရှေ့နေတွေအားကျဘို့၊စိတ်ဓာတ်မကျဘို့၊ကျင့်ဝတ်သိက္ခာရှိတဲ့ပညာပြည့်စုံတဲ့ရှေ့နေများဖြစ်စေလိုတဲ့ဆန္ဒကြောင့်ဒီ Page ကိုရေးနေတာပါ။

ဆရာကြီးပီမိုးနင်းက

‘သူဌေးမြန်မြန်ဖြစ်လိုလျှင်မြန်မြန်ဆင်းရဲတတ်၏’
‘အလုပ်တစ်ခုကိုစွဲစွဲမြဲမြဲလုပ်ကိုင်မှနားလည်တတ်ကျွမ်းပြီးအောင်မြင်ရာ၏’
ဟုစကားအရလူငယ်ရှေ့နေများအနေဖြင့်သူဌေးမြန်မြန်ဖြစ်ဘို့မကြိုးစားစေချင်ပါကြောင်း....

-ကျင့်ဝတ်သိက္ခာအကြောင်းဆက်ရေးပါအုံးမည်

မေတ္တာစိတ်ဖြင့်
ဦးတင့်ဝေ(ပုသိမ်)
တရားလွှတ်တော်ရှေ့နေ(၂၆၀၁/၁၉၈၄)

20/11/2020

အပိုင်း(၁၀)

ရှေ့နေနှင့်ဝတ်စားဆင်ယင်မှု
‘ရှေ့နေဆိုပျိုမှ သမားဆိုအိုမှ’

ရှေ့နေများအတွက်တရားရုံးများတွင်မည်ကဲ့သို့ဝတ်ဆင်ရမည်ကို တရားရုံးများလက်စွဲ(Courts Manual)တွင်လည်းကောင်း၊ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ညွှန်ကြားချက်တွင်လည်းကောင်း ညွှန်ကြားထားပြီးဖြစ်ပါသည်။
တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေတို့အနေဖြင့် အဖြူရောင်အင်္ကျီကိုသာဝတ်ဆင်ရပါမည်၊အပေါ်မှ အနက်ရောင်တိုက်ပုံနှင့်ဝတ်ရုံ(Gown)ကိုဝတ်ဆင်ရမည်ဖြစ်ပါသည်။
တရားလွှတ်တော်ရှေ့နေဖြစ်ပါက ခေါင်းပေါင်းနှင့် လည်စီး(Band) အဖြူရောင်၊ ဝတ်ရုံအနက်ကို ဝတ်ဆင်ရမည်ဖြစ်ပြီး၊ အထက်တန်းရှေ့နေများအနေဖြင့် အစိမ်းပုတ်ရောင်ဝတ်ရုံနှင့် ခေါင်းပေါင်းကိုဝတ်ဆင်ရပါမည်( ခေါင်းပေါင်းက်ု အမျိုးသားများသာ ဝတ်ဆင်ရပါမည်)။
အမျိုးသမီးရှေ့နေများအနေဖြင့် ဆံပင်ကိုမည်ကဲ့သို့ ထုံးဖွဲ့ရမည်ကိုလည်း ညွှန်ကြားထားပြီး ဖြစ်ပါသည်။ ယင်းအဝတ်အစားများကို ဝတ်ဆင်ပြီးမှသာ တရားခွင်သို့ ဝင်ရမည်ဖြစ်ပါသည်။
ရှေ့နေတွေဟာ ဥပဒေသမားတွေပါ၊ ဒါ့ကြောင့် ပြဌာန်းချက်၊ စည်းမျဉ်း စည်းကမ်းကို စံနမူနာပြလိုက်နာရမည့်သူတွေဖြစ်၍ ဖော်ပြပါ ညွှန်ကြားချက်များကို မလိုက်နာတဲ့ရှေ့နေဟာ ကိုယ့်အဆင့်အတန်းကို ဖော်ပြသလိုဖြစ်နေမှာပါ။
‘ရှေ့နေဆို ပျိုမှ၊ သမားဆိုအိုမှ’ ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ရှေ့နေဆို ပျိုမှ ဆိုတာက အသက်အရွယ် နုနယ်ငယ်ရွယ်တာကို ပြောတာမဟုတ်ပါဘူး၊ ငယ်ရွယ်နုနယ်နေသလို အမြဲတမ်း လန်းဆန်းတက်ကြွနေရမှာ ဖြစ်ပါတယ်။ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ရှေ့နေဆရာကြီး၊ဆရာမကြီးတွေကို ကြည့်ပြီး အတုယူရပါလိမ့်မယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရောက်ရင် တွေ့ရပါလိမ့်မယ်။ အသက်အရွယ်ကြီးသည့် ရှေ့နေကြီးများပင်လျင် ဝတ်စားဆင်ယင်မှုမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဝတ်ဆင်ပြီး ပျိုမျစ်နုနယ် လန်းဆန်းနေတာကို တွေ့ရပါလိမ့်မယ်။
ဒါ့အပြင် ဥပဒေတွေဟာ ရပ်တန့်မနေပါဘူး၊ ပယ်ဖျက်တာ၊ ပြင်ဆင်တာ၊ အသစ်ပြဌာန်းတာတွေ ရှိနေတဲ့အတွက် အမြဲတမ်းလေ့လာမှတ်သားနိုင်ဖို့ စိတ်က ပျိုမျစ်နုနယ်နေရမှာပါ။ တန်ဖိုးကြီး အဝတ်အစားဝတ်ဖို့ပြောတာမဟုတ်ပါဘူး။ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ဝတ်ဖို့ပြောတာပါ။ တချို့ဆိုရင် လည်စီးအဖြူရောင်ဟာ မည်းညစ်နေပြီး ကြည့်လို့ မကောင်းတော့ပါ။ ဒါကို ဝါ(လုပ်သက်) လို့ပြောကြသေးတယ်၊ မဟုတ်ပါဘူး ညစ်ပေနေတာပါ။ ဝါ(လုပ်သက်) ဆိုတာ ရှေ့နေတစ်ယောက်ရဲ့ လိုင်စင်နံပါတ်ကိုကြည့်ရင် သိပါတယ်။ ဒါကြောင့် အဖြူရောင် သစ်သစ်လွင်လွင် လည်စီးတွေကိုသာ သုံးသင့်ပါတယ်။ ညစ်ပေနေတဲ့ ခေါင်းပေါင်းတွေကိုလည်း မသုံးသင့်ပါ။
လူငယ်ရှေ့နေအချို့ သိချင်တဲ့အချက်တစ်ခုရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ မြို့နယ်တရားရုံးများမှာ ဝတ်ရုံ၊လည်စီး ဘာကြောင့် မဝတ်ဆင်ရသလဲဆိုတာပါ။ ဒီအချက်နှင့်ပတ်သက်၍ တရားရုံးများလက်စွဲ အပိုင်း၁၊ အခန်း၁၊ အပိုဒ် ၁၀ ပါညွှန်ကြားချက်အရ မြို့နယ်တရားရုံးများတွင် ဝတ်ဆင်လေ့မရှိကြောင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။
ထို့ကြောင့် ရှေ့နေဆိုပျိုမှ ဆိုသည့်အတိုင်း ပျိုမျစ်နုနယ် လန်းဆန်းတက်ကြွတဲ့(အသက်အရွယ်နဲ့မဆိုင်ပါ) ရှေ့နေများဖြစ်ကြပါစေ။

မေတ္တာစိတ်ဖြင့်
ဦိးတင့်ဝေ(ပုသိမ်)
တရားလွှတ်တော်ရှေ့နေ(၂၆၀၁/၁၉၈၄)

16/11/2020

Legal knowledge for
New GenerationLawyers

အပိုင်း (၉)

ယခင်အပတ်ကကျင့်ဝတ်သိက္ခာနှင့်ဝတ်စားဆင်ယင်မှုကိုရေးမယ်လို့ပြောခဲ့တယ်ခဏထားပြီး
အကျပ်အတည်း မှအခွင့်အလမ်းသို့
ရေးကြရအောင်
ကျွန်တော်တို့ဘုရားရှိခိုးတိုင်းဆုတောင်းကြတယ်လေ
(ဤသို့ရှိခိုးရသောအကျိုးကျေးဇူးကြောင့်
အပါယ်လေးပါး ၊ကပ်သုံးပါး၊ရပ်ပြစ်ရှစ်ပါး၊ရန်သူမျိုးငါးပါး၊ဝိပတ္တိတရားလေးပါး၊ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍မဂ်တရားဖိုလ်တရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို၏အရှင်ဘုရား)
ဟုနေ့စဉ်ဆုတောင်းကြပါတယ်
ကပ်သုံးပါဆိုသည်မှာ
-ဒုဗ္ဘိက္ခန္တရကပ်
-သတ်တန်တရကပျ
-ရောဂန္တရကပ်။ တို့ဖြစ်ပါတယ်
COVID 19 ဟာရောဂန္တရကပ်ဖြစ်ပါတယ်၊ကမ္ဘာကြီးတစ်ခုလုံးရင်ဆိုင်နေကြရပါတယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကCOVID 19ကိုကမ္ဘာ့ကပ်ရောဂါ(World Pandemic )လို့သတ်မှတ်ခဲ့တယ်
ရောဂန္တရကပ်ကြောင့်အလုပ်အကိုင်တွေရပ်ဆိုင်းပြီးဝင်ငွေမရှိတာကြောင့်စားဝတ်နေရေးအခက်အခဲဖြစ်နေကြတာတစ်ကမ္ဘာလုံးပါ
ဒါကိုစိတ်ညစ်နေလို့မရပါဘူး၊ဒီအကျပ်အတည်းကိုအခွင့်အရေးအဖြစ်အသုံးချရပါလိမ့်မယ်
ကျွန်တော်တို့ရှေ့နေတွေအနေနဲ့လည်းနိုင်ငံတော်ကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေသင့်ပါဘူး ၊ရှေ့နေတွေဟာလက်လုပ်လက်စားကျပန်းတွေမဟုတ်ပါဘူး။ကျွန်တော်တို့ကိုလည်လည်းထောက်ပံ့ငွေပေးပါလို့ပြောရမည့်လူတန်းစား၊မဟုတ်ပါဘူး။
အသက်အရွယ်ကြီးရင့်ပြီးအခက်အခဲရှိသူများ၊စားဝတ်နေရေးအခက်အခဲရှိသူများကိုမိမိတို့အချင်းချင်းကူညီကြရပါလိမ့်မယ်
မိမိတို့ဒေသရှိအခက်အခဲရှိသူများရှိပါကရှေ့နေကြီးများထံအသိပေးပြီးဝိုင်းဝန်းကူညီကြရပါလိမ့်မယ်
နီးစပ်ရာရှေ့နေအသင်းများသို့လည်းလိုအပ်သလိုအကူအညီတောင်းသင့်ပါတယ်
လူတိုင်းလူတိုင်းချင့်ချိန်စားသောက်နေကြရချိန်ဖြစ်ပါတယ်
နိုင်ငံတော်ကဘက်ပေါင်းစုံကဆောင်ရွက်နေတာကိုတွေ့မြင်ကြပြီဖြစ်ပါတယ်၊ကူညီကြဘို့သာရှိပါတယ်
ကုမ္ပဏီကြီးများ ၊ငွေကြေးတတ်နိုင်သူများကကူညီထောက်ပံ့လှူဒါန်းနေကြတာမြင်တွေ့နေကြပြီးဖြစ်ပါတယ် ၊ဒီလိုအခြေအနေမှာကျွန်တော်တို့ကူညီဘို့သာရှိပါတယ်
အမှုသည်တွေကိုmaskတတ်ဘို့ကူညီခြင်း ၆ပေကွာနေဘို့ပြောဆိုခြင်း လက်သန့်ဆေးရည်များဆောင်ထားပြီးစသည်ဖြင့်တတ်နိုင်သည့်ဘက်မှကူညီရမှာဖြစ်ပါတယ်
ရှေ့နေတွေအဘို့ကတော့ဒီအကျပ်အတည်းကိုအခွင့်အရေးအဖြစ်ပြောင်းလဲရပါမယ်
ရှေ့နေညီငယ်ညီမငယ်များအနေဖြင့်ဥပဒေစာအုပ်များက်ိုများများဖတ်ရပါလိမ့်မယ် ၊ဖတ်ရုံနဲ့မပြီးပါဘူးမှတ်စုတွေလုပ်ရပါလိမ့်မယ်၊စာအုပ်များမပြည့်စုံပါကတဦးနှင့်တစ်ဦးလဲလှယ်ဖတ်ရပါမယ်၊ဖုန်းဖြင့်တစ်ဦးနဲ့တစ်ဦီးဆွေးနွေးရပါမယ်၊ရှေ့နေကြီးများကိုလည်းခွင့်တောင်းပြီးသိလိုသည်များမေးမြန်းချင်းအားဖြင့်ပညာတိုးတက်အောင်လုပ်ဘို့လိုပါတယ်
Fighting

မေတ္တာစိတ်ဖြင့်

ဦးတင့်ဝေ(ပုသိမ်)
တရားလွှတ်တော်ရှေ့နေ -၂၆၀၁/၁၉၈၄

14/11/2020

အပိုင်း (၈)

ရှေ့နေလုပ်ငန်းသည် Professional လား
Business လား.....
ရှေ့နေလိုင်စင်ရပြီးနောက် ရှေ့နေလောကဝင်ရောက်တော့ မည့်ရှေ့နေများအနေဖြင့်မိမိရဲ့စားဝတ်နေရေးအတွက် စီးပွါးရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ရတော့မယ်၊ငွေအရင်းအနှီးရှိတိုင်း လုပ်လို့ရတဲ့စီးပွါးရေးလုပ်ငန်းမဟုတ်ပါဘူး၊ဥပဒေဘွဲ့ရမှလုပ်လို့ရတဲ့ စီးပွါးရေးလုပ်ငန်းဖြစ်တယ်
ရှေ့နေတစ်ယောက်ဟာ ဥပဒေသမားတစ်ယောက်ဖြစ်တာနဲ့အညီ အပြုအမူ၊အပြောအဆို ၊အနေအထိုင်၊ဝတ်စားဆင်ယင်မှု၊ကအစဂုဏ်သိက္ခာရှိစွာပြောဆိုနေထိုင်ရမှာဖြစ်ပါတယ်
‘Your talk is your dignity.’ ဆိုတဲ့စကားရှိတယ်၊
ဒါကြောင့်ရှေ့နေလုပ်ငန်းဟာသာမန်Professional မဟုတ်ဘူး
Noble Professional ပါ။Professional ခြင်းတူရင်တောင်Noble Professional ဆိုတာကိုသိထားဘို့လိုပါတယ်။

ဥပဒေလောကမှာရှိတယ်လေ....
‘A Legal Profession is a Noble Profession’

ဒါကြောင့်မို့ရှေ့နေလိုင်စင်ရပြီး ရှေ့နေလောကဝင်ရောက်တော့မည့် ရှေ့နေများအဖို့ ဦးစွာမိမိကိုယ်မိမိဂုဏ်သိက္ခာရှိစွာဖြင့် လုပ်ကိုင်ရမည့်လုပ်ငန်းဆိုတာကိုအမြဲသတိရှိနေရမှာပါ
ဒါ့အပြင်အမှုမလိုက်ခင်
-ရှေ့နေလုပ်ငန်းနှင့်စပ်လျဉ်းသည့်ကျင့်ဝတ်သိက္ခာများ
-ရှေ့နေအချင်းချင်းထားရှိရမည့်ကျင့်ဝတ်သိက္ခာများ
-တရားရုံး၊တရားသူကြီးများနှင့် စပ်လျဉ်းပြီးထားရှိရမည့်ကျင့်ဝတ်သိက္ခာများ
-အမှုသည်များနှင့်ပတ်သက်သည့်ကျင့်ဝတ်သိက္ခာများ
-သက်သေများနှင့်ပတ်သက်သည့်ကျင့်ဝတ်သိက္ခာများ
-အမှုလိုက်ပါဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသည့်ကျင့်ဝတ်သိက္ခာများ
အဲဒီကျင့်ဝတ်သိက္ခာများကိုအမှုမလိုက်ခင်သိကျွမ်းနားလည်ထားရမှာဖြစ်ပါတယ်
ဒါမှ အမှုလိုက်ပါဆောင်ရွက်တဲ့အခါ အများလေးစားသည့်ရှေ့နေဖြစ်သလို ရှေ့နေလုပ်ငန်းဟာ Noble Professional ဆိုတာမိမိကိုယ်မိမိယုံကြည်လက်ခံနေမှာဖြစ်ပါတယ်။
ရှေ့နေတစ်ယောက်သတ်မှတ်ထားတဲ့ဝတ်စုံဝတ်ဆင်ရမှာဖြစ်ပါတယ်။
ရှေ့နေများဝတ်ဆင်ရမည့်ဝတ်စုံနှင့်ပတ်သက်၍တရားရုံးများလက်စွဲ(Court Manual)အပိုင်း(၁)၊အခန်း၁ ၊စာပိုဒ်၁၀ တွင်ဖော်ပြထားပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်မှလည်းညွန်ကြားထားပြီးဖြစ် ၍မဖြစ်မနေလိုက်နာရမည်ဖြစ်ပါသည်။
ရှေ့နေများကျင့်ဝတ်နှင့်အညီမိမိလုပ်ငန်းကိုဆောင်ရွက်နိုင်ကြပါစေ။
နောက်ရက်များတွင်ရှေ့နေတစ်ယောက်ထားရှိရမည့်ကျင့်ဝတ်သိက္ခာများဝတ်စားဆင်ယင်မှုမျာကိုဆက်လက်ရေးသားပါမည်။

မေတ္တာစိတ်ဖြင့်
ဦးတင့်ဝေ
တရားလွှတ်တော်ရှေ့နေ၊၂၆၀၁/၁၉၈၄

01/11/2020

အပိုင်း( ၇ )

အာစရိယဂုဏော အနန္တော

- အလုပ်သင်ရှေ့နေတစ်နှစ်ဆင်းပြီးလို့ရှေ့နေဖြစ်ပြီလား
- ...မဖြစ်သေးပါ-

မိမိ၏Chamber Master ဖြစ်သူမှတာဝန်ခံ၊ တာဝန်ယူပြီးထောက်ခံမှရှေ့နေဖြစ်ပါလိမ့်မယ်။
ဆရာဖြစ်သူမှ...
မိမိ၏အလုပ်သင်ရှေ့နေသည် ( ၁၉၅၅ ခုနှစ်ရှေ့နေအဖြစ်ဝင်ခွင့်နည်းဥပဒေ အပိုဒ် ၅တွင် ဖော်ပြထားသည့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ကြောင်း၊ အကျင့်စာရိတ္တကောင်းမွန်သူတစ်ဦးဖြစ်ကြောင်း ရှေ့နေများတွင် ရှိအပ်သည့် သိက္ခာသမာဓိနှင့် ပြည့်စုံသူဖြစ်ကြောင်း ရှေ့နေအလုပ်သင်မှတ်တမ်းစာအုပ်ကို ကြည့်ရှုပြီးမှ ဤထောက်ခံစာကိုရေးခြင်းဖြစ်ကြောင်း တာဝန်ခံရပါသည်။
အလုပ်သင်ရှေ့နေအနေဖြင့် ရှေ့နေများတွင်ရှိအပ်သည့် သိက္ခာသမာဓိနှင့်ပြည့်စုံရဲ့လား -အလုပ်သင်ဘဝကို တကယ်ဘဲဖြစ်ဖြစ်မြောက်မြောက်ဖြတ်သန်းခဲ့ရဲ့လား သူတို့အသိဆုံးပါ။
ဆရာများသည် မိမိတပည့်ရှေ့နေဖြစ်ရေးအတွက် ငါးပါးသီလကိုဖေါက်ဖျက်ခဲ့ရသလား...
-သိက္ခာသမာဓိရှိပါသည်ဟု မျက်စိစုံမှိတ်ပြီးထောက်ခံခဲ့ရတာများရှိသလား...
ဒီထောက်ခံချက်အပြင် အခြားလုပ်သက်ပြည့်ရှေ့နေ၂ဦးမှ ထပ်ဆင့်ထောက်ခံမှရှေ့နေတစ်ယောက်ဖြစ်လာမှာပါ။
မိမိဆရာ၏တာဝန်ခံမှုဟာမည်မျှတာဝန်ကြီးနေပါသလဲ...
‘ငါရှေ့နေဖြစ်နေတာ ရှေ့နေလိုင်စင်ရနေတာ ရှေ့နေဆိုင်းဘုတ်ကြီးနဲ့ရှေ့နေလိုက်နေတာတွေဟာ ငါ့ဆရာရဲ့ကျေးဇူးတရားတွေပါလားဆိုတာမမေ့ဘို့ပါ’

ရှေ့နေလိုင်စင်ရပြီး ဆရာ့လက်က ချက်ချင်းလွတ်သွားပြီလား...။ ဆရာရဲ့သွန်သင်မှုလမ်းညွှန်မှု သင်ကြားပြသမှုတွေရှိနေပါသေးတယ် ၊ဒါတွေဟာဆရာသမားတွေရဲ့မေတ္တာတရားတွေပါ။
တပည့်တွေဟာ မည်မျှတော်နေပါစေ ဆရာတစ်ယောက်ရဲ့ဂုဏ်ကျေးဇူးကို မမေ့ဘို့လိုပါတယ်၊ မိမိဆရာအပေါ် ကျေးဇူးမကန်းဘို့လိုပါတယ်။
အွန်လိုင်းမှာစာသင်ပြနေတဲ့ ရှေ့နေကြီး(မလှိုင်)ဦးခင်မောင်ဆွေက သူ့ရဲ့ဖေစ့်ဘွတ်မှာသူ့ရဲ့ဆရာဓါတ်ပုံကို မိဘဓါတ်ပုံများနဲ့တတန်းတည်းချိတ်ဆွဲထားကြောင်း ဓါတ်ပုံနှင့်တင်ပြလာပါတယ်။ ဒါဟာအာစရိယဂုဏောအနန္တာဆိုတာကိုပြလိုက်တာပါဘဲအတုယူစရာပါ။
ပုသိမ်က ရှေ့နေညီမငယ်တစ်ယောက်က သူ့ဆရာရဲ့ဓါတ်ပုံကိုအိမ်မှာချိတ်ထားတယ်။ ဒါဟာဆရာကိုဆရာလိုတန်ဘိုးထားသူတွေရဲ့အရည်အချင်းပါ။
ကျွန်တော်ဟာရှေ့နေစဖြစ်သည့်၁၉၈၂ခုနှစ်မှစ၍ ယနေ့အထိနှစ်စဉ်ဒိုင်ယာရီတွင် ဆရာ၏အမည်လိပ်စာဖုန်းနံပါတ်တို့ကိုရေးပြီးမှ မိမိအမည်ကိုရေးတယ် ဒိုင်ယာရီဖွင့်လိုက်တာနဲ့ဆရာကျေးဇူးတရား ကိုသတိရနေဘို့ပါ
ဆိုလိုချင်တာက ...
အာစရိယဂုဏော အနန္တောဆိုတာကိုသိနေဘို့ပါ။
ငါတတ်တယ်သိတယ်ဆိုပြီး မာနတွေမထောင်လွှားမိဘို့ပါ။
ဆရာကြောင့် ငါရှေ့နေဖြစ်တယ်ဆိုတာကို ပြောရမှာရှက်ကြောက်နေသူတွေလည်းရှိကောင်းရှိနိုင်မှာပါ။
ရှေ့နေကျင့်ဝတ်အရ သက်ကြီး ဝါကြီးတွေကိုရိုသေလေးစားရမယ် ဆရာဆိုရင်ပြောဘွယ်ရာမရှိတော့ပါ။
ဒါကြောင့် ရှေ့နေဖြစ်လာတော့မည့်သူတွေအတွက် ဆရာတစ်ယောက်ရဲ့ကျေးဇူးတရားကိုတန်ဘိုးထားနိုင်ကြပါစေ။
အာစရိယဂုဏော အနန္တောပါ
နေက်အပတ်ရှေ့နေဖြစ်လာသည့်အခါ သိသင့်သည်များကို ဆက်ရေးပါ့မယ်။

မေတ္တာစိတ်ဖြင့်

ဦးတင့်ဝေ(ပုသိမ်)
တရားလွှတ်တော်ရှေ့နေ ၂၆၀၁/၁၉၈၄

30/10/2020

အပိုင်း (၆)

အလုပ်သင်ရှေ့နေဘဝဘယ်ဥပဒေစာအုပ်တွေဝယ်သင့်သလဲ။
ယခင် အပတ်ကရာဇဝတ်မှုနှင့်ပတ်သက်သည့်ဝယ်သင့်သည့်ဥပဒေစာအုပ်များကိုပြောခဲ့ပြီးပြီ။
ယခု....
တရားမနှင့်ပတ်သက်သည့်ဝယ်သင့်သည်စာအုပ်များကိုပြောပြပါ့မယ်၊
တရားမမှုများကို မြို့နယ်၊ ခရိုင် နှင့် တိုင်း/ပြည်နယ်တရားလွှတ်တော်များမှာစစ်ဆေးနေကြတာ ဘာကြောင့်လဲ.....
စီရင်ပိုင်ခွင့်အာဏာကြောင့်ပါ။
တရားမှုများစွဲဆိုရာတွင် စွဲဆိုသူသည် တောင်းဆိုသည့်သက်သာခွင့် နှင့်ပတ်သက်၍ အမှုတန်ဘိုး(suit value) သတ်မှတ်ရပါသည်။
တန်ဘိုး ကျပ်သိန်း(၁၀၀)အထိကို မြို့နယ်တရားရုံးတွင်လည်းကောင်း၊
တန်ဘိုးကျပ်သိန်း(၁၀၀)မှ ကျပ်သိန်(၁၀၀၀၀)(တစ်သောင်း)အထိကို ခရိုင်တရားရုံးတွင်လည်းကောင်း၊
ကျပ်သိန်းတစ်သောင်းအထက်ကို တိုင်း/ပြည်နယ်တရားလွှတ်တော်များတွင် စီရင်ရန်သတ်မှတ်ထားသောကြောင့်ဖြစ်ပါသည်။
ထို့ကြောင့် တရားမမှုများနှင့်ပတ်သက်၍ တရားမကျင့်ထုံးဥပဒေစာအုပ်ကို မလွဲမသွေဝယ်ယူသင့်ပါသည်။
တရားမကျင့်ထုံးဥပဒေမှာ အိန္ဒိယပြည်တွင်ပြဌာန်းခဲ့သည့်ဥပဒေဖြစ်ပါသည်။
မြန်မာပြည်မှာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီး အိန္ဒိယပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ရာမြန်မာပြည်မှာ ဆက်လက်ကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။
မူရင်းဥပဒေမှာအင်္ဂလိပ်ိလိုဖြစ်ပြီး ဥပဒေများအတွဲ ၁၂ (Myanmar Code Volume 12)တွင်ရှိပါသည်။
ဥပဒေပညာရှင်ကြီးများမြန်မာဘာသာသို့ပြန်ဆိုထားတာရှိပါသည်။ မိမိနှစ်သက်ရာကိုဝယ်ယူသင့်ပါသည်။
ကျွန်တော်ကတော့ ဥပဒေပညာရှင်ဆရာကြီးဦးမြ၏စာအုပ်ကို နှစ်ခြိုက်သဘောကျပြီး လေ့လာမှတ်သားအသုံးပြုလျက်ရှိပါသည်။
အမှုများစစ်ဆေးရာတွင် အဓိကထိန်းကျောင်းနေသည်မှာ သက်သေခံဥပဒေပင်ဖြစ်ပါသည်။
သက်သေခံဥပဒေမှာလည်း အင်္ဂလိပ်လိုပြဌာန်းထားပြီး တရားရုံးချုပ်မှလည်း ဘာသာပြန်ထုတ်ဝေထားပါသည်။
မူရင်းအင်္ဂလိပ်လိုမှာဥပဒေများအတွဲ၁၂တွင်ပါရှိပါသည်။
ဥပဒေပညာရှင်ကြီးများမှလည်း ဘာသာပြန်ထုတ်ဝေထားပြီး စီရင်ထုံးများနှင့် ရှင်းလင်းပြဆိုထားပါသည်။
ကျွန်တော်ကတော့ ဆရာကြီးဦးဘိုးသာ၏ သက်သေခံဘာသာပြန်စာအုပ်ကိုတော့ နှစ်ခြိုက်သဘောကျ လေ့လာမှတ်သားသုံးစွဲလျက်ရှိပါသည်။

စာအုပ်များမှာရှေ့နေဖြစ်လာချိန်တွင်လည်းသုံးစွဲရမည့်စာအုပ်များဖြစ်ပါသည်။

မိမိလေ့လာသည့် တရားခွင်မှအမှုများနှင့် ဝယ်ယူထားသည့် ဥပဒေစာအုပ်ပါပြဌာန်းချက်များကို ပူးတွဲလေ့လာရမည်ဖြစ်ပြီး မိမိတို့ဆရာများနှင့်လည်းကောင်း၊ဝါရင့်ရှေ့နေကြီးများကိုလည်းကောင်း မေးမြန်းသင်ယူရပါမည်။
အလုပ်သင်ဘဝကို အကျိုးရှိစွာအသုံးမချခဲ့ပါက ရှေ့နေဘဝတွင် မိမိကိုယ်မိမိယုံကြည်မှု အားနည်းပါလိမ့်မည်။

‘Experience ရှိမှ Confident ရှိပါလိမ့်မည်။’

အချို့ကစာအုပ်ဝယ်ဘို့ တွန့်တိုကျတာတွေ့နေရတယ်၊
‘Books are Masters ‘ ဆိုတာကိုလည်းသဘောပေါက်ရပါမယ်။
Investment ရှိမှ profit, chance, interest , opportunity တို့ရှိမှာပါ။
ရေကြည်သောက်ချင်ရင်ရေတွင်းတူးရမှာပေါ့။
ရှေ့နေလောကမှာမကြိုးစားရင်အောင်မြင်မှုနဲ့အလှမ်းဝေးနိုင်တယ်။ အလုပ်သင်ရင်းလေ့လာပါ၊
ကျင့်ဝတ်သိက္ခာနှင့်အညီ အောင်မြင်နေသောရှေ့နေကြီးများကိုအတုယူရမှာပါ။


အလုပ်သင်ဘဝမှာကျေညက်စွာသင်ယူဆည်းပူးနိုင်ကြပါစေ။

မေတ္တာစိတ်ဖြင့်

ဦးတင့်ဝေ
တရားလွှတ်တော်ရှေ့နေ ၂၆၀၁/၁၉၈၄

22/10/2020

အပိုင်း(၅)

ကျန်ခဲ့တဲ့အပတ်က Penal Code ရာဇသတ်ကြီးဥပဒေ အကြောင်းရေးသားခဲ့တယ်။
အလုပ်သင်ရှေ့နေတွေအနေနဲ့ ရာဇဝတ်မှုတွေကို မြို့နယ်တရားရုံး၊ ခရိုင်တရားရုံး ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တွေမှာ စစ်ဆေးနေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီလိုခွဲစစ်နေတာဟာ ရာဇဝတ်စီရင်ပိုင်ခွင့် အာဏာကြောင့် ဆိုတာသိထားရမှာဖြစ်ပါတယ်။
မြို့နယ်တရားသူကြီး၏ စီရင်ပိုင်ခွင့်အာဏာမှာ ထောင်ဒဏ်(၇)နှစ်အထိသာ အပြစ်ပေးပိုင်ခွင့်ရှိ၍လည်းကောင်း၊ ထောင်ဒဏ်(၇)နှစ်အထက်မှ သေဒဏ်အထိ အပြစ်ပေးနိုင်သော ပြစ်မှုများကို ခရိုင်တရားသူကြီး၏ စီရင်ပိုင်ခွင့်အာဏာရှိ၍ ခရိုင်တရားရုံးတွင် စစ်ဆေးခြင်း ဖြစ်ပါတယ်။
အထူးဥပဒေပါ ပြဌာန်းချက်များအရ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်က စစ်ဆေးစီရင်ပိုင်ခွင့်ရှိပါသည်။ ဥပမာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ စွဲဆိုသောပြစ်မှုများကို ယင်းဥပဒေပါ ပြဌာန်းချက်များအရ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်ကသာလျှင် စစ်ဆေးစီရင်ပိုင်ခွင့်အာဏာရှိပါသည်။
ရာဇဝတ်မှုများတွင် အကျဉ်းနည်းဖြင့် စစ်ဆေးသောသမ္မာန်အမှု( summary trial) နှင့် ဝရမ်းမှုဖြင့်စစ်ဆေးသည့် ( warrant trial)တို့ ဖြစ်ပါသည်။ သမ္မာန်မှုမှာ ထောင်ဒဏ်(၆)လအထိသာ အပြစ်ပေးနိုင်သော အမှုဖြစ်ပါသည်။ ဝရမ်းမှုမှာ ထောင်ဒဏ်(၆)လအထက် အပြစ်ပေးနိုင်သော အမှုဖြစ်ပါသည်။
မိမိလေ့လာနားထောင်နေသော စစ်ဆေးသည့်ရာဇဝတ်မှုသည် summary trial လား warrant trial လားဆိုတာကို သိထားရမှာဖြစ်ပါတယ်။ဒါ့အပြင် အာမခံပေးခွင့်ရသောအမှု( bailable offence ) လား၊ အာမခံပေးခွင့်မရှိသောပြစ်မှု( not bailable offence ) လား၊ ရဲအရေးပိုင်မှု (cognizable offence )၊ ရဲအရေးမပိုင်သောအမှု( non cognizable offence) လားဆိုတာကို သိထားဖို့လိုပါတယ်။ ဒါတွေကတော့ ကျောင်းမှာလည်း သင်ပြီးဖြစ်ပါလိမ့်မယ်။ သို့သော်လည်း လက်တွေ့မှာ ပိုပြီးသိရှိဖို့ လိုအပ်လာပါတယ်။ ဒီလိုအချက်တွေနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့နှင့် ရာဇဝတ်မှုစစ်ဆေးရာမှာ လိုက်နာရမဲ့အချက်တွေကို ရာဇဝတ်ကျင့်ထုံးဥပဒေမှာ ပြဌာန်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရာဇဝတ်မှုများအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေ( Criminal Procedure Code) စာအုပ်ကိုလည်း ဝယ်ယူဖို့လိုအပ်ပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေမှာ အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဥပဒေဖြစ်ပါသည်။ ရာဇသတ်ကြီးဥပဒေကဲ့သို့ပင် မြန်မာနိုင်ငံသည် အင်္ဂလိပ်ကိုလိုနီလက်အောက် ကျရောက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ထိုဥပဒေကို ပြဌာန်းကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။ အင်္ဂလိပ်လို ပြဌာန်းထားသည့် ဥပဒေဖြစ်ပြီး မြန်မာနိုင်ငံ ဥပဒေများအတွဲ (၈)တွင် ပါရှိပါသည်။ နိုင်ငံတော် တရားရုံးမှလည်း ဘာသာပြန်ဆိုထားသည့်စာအုပ်ထွက်ရှိပါသည်။
၎င်းပြင် ဥပဒေပညာရှင်များကလည်း ရာဇဝတ်ကျင့်ထုံးဥပဒေကို ဘာသာပြန်ထားပြီး မှတ်စုများ စီရင်ထုံးများဖြင့် ရှင်းလင်းဖော်ပြထားသည့် စာအုပ်များလည်း ထွက်ရှိပါသည်။ ကျွန်တော့်အနေဖြင့်ကတော့ ဦးချစ်မောင်(နည်းပြ) ရေးသားထုတ်ဝေသည့် ရာဇဝတ်ကျင့်ထုံးကိုလည်း ကြိုက်နှစ်သက်ပါသည်။ ယင်းစာအုပ်မှာ ယခုအခါရှားပါးနေပြီ ဖြစ်ပါသည်။ ဆရာဦးကျော်စိန်ထုတ်ဝေသည့် ရာဇဝတ်ကျင့်ထုံးဥပဒေဋီကာ အတွဲ(၁)၊(၂) မှာလည်း စီရင်ထုံးများ၊ မှတ်စုများ၊ ပြင်ဆင်ချက်များဖြင့် ပြည့်စုံစွာဖော်ပြထား၍ ကျွန်တော်တို့ အားကိုးလေ့လာနေရသည့်စာအုပ်ဖြစ်ပါသည်။ ယင်းစာအုပ်များကိုတော့ ဝယ်ယူထားရန် တိုက်တွန်းလိုပါသည်။ သို့သော်လည်း မိမိကြိုက်နှစ်သက်ရာ ရာဇဝတ်ကျင့်ထုံး ဘာသာပြန်ဆိုချက်များကို ဝယ်ယူထားစေချင်ပါသည်။ ထို့ကြောင့် ရာဇဝတ်မှုများလေ့လာရာတွင် ရာဇသတ်ကြီးနှင့် ရာဇဝတ်ကျင့်ထုံး စာအုပ်တို့မှာ မဖြစ်မနေဝယ်ယူထားရမည့် စာအုပ်များဖြစ်ကြောင်း အသိပေးလိုပါသည်။
နောက်တစ်ပတ်တွင် တရားမမှုများနှင့်ပတ်သက်၍ ဝယ်ယူသင့်သည့်စာအုပ်များအကြောင်း ဆက်လက်ရေးသားပါမည်။
(မှတ်ချက်- အလုပ်သင်ရှေ့နေများအနေဖြင့် မိမိတို့၏ chamber master များနှင့်တိုင်ပင်ပြီး အမှုများကိုလေ့လာခြင်း၊ စာအုပ်များဝယ်ယူခြင်းက ပိုကောင်းပါသည်။ သို့ပါလျက် ယခုကဲ့သို့ရေးနေခြင်းမှာ ရှေ့နေလုပ်သက် နှစ်(၄၀) နီးပါးအတွင်း အတွေ့အကြုံများအပေါ်မူတည်၍ sharing လုပ်ခြင်းဖြစ်ပါသည်။

မေတ္တာစိတ်ဖြင့်
ဦးတင့်ဝေ ပုသိမ်
တရားလွှတ်တော်ရှေ့နေ
၂၆၀၁/၈၄

18/10/2020

အပိုင်း(၄)

အလုပ်သင်ရှေ့နေတွေအတွက် ဘယ်ဥပဒေစာအုပ်တွေကို ဝယ်ရမလဲဆိုတာ ဆက်ပြောကြရအောင်။
ဒီကိစ္စမှာတော့ ဆရာများက ညွှန်ကြားပြသမှုပေးပါလိမ့်မယ်။
ကျွန်တော့် လုပ်သက်အတွေ့အကြုံအရ ပြောရရင်တော့ (၃)လလောက်ထိ ဘာစာအုပ်မှ မဝယ်စေချင်သေးဘူး။ တရားခွင်မှာ အမှုများစစ်ဆေးနေပုံကို လေ့လာပြီး မိမိကိုယ်ပိုင်မှတ်စု( Handbook) တွင် မိမိလေ့လာသော အမှုများကို မှတ်စုရေးသား စေလိုပါသည်။
ထိုအခါ လေ့လာခဲ့သည့် အမှုများမှာ ရာဇဝတ်မှုများက အများဆုံးဖြစ်ပါလိမ့်မယ်။ တရားရုံးအမှုများတွင် တရားမမှုထက် ရာဇဝတ်မှုက များကြပါသည်။ ထိုရာဇဝတ်မှုများတွင် ရာဇသတ်ကြီး ဥပဒေပါ ပြဌာန်းချက်များကို ကျူးလွန်သော ပြစ်မှုများက များပါသည်။ ထို့ကြောင့် အလုပ်သင်(၃)လ ဆင်းပြီးချိန်တွင် ရာဇသတ်ကြီး ဥပဒေစာအုပ်ကို ဦးစွာဝယ်သင့်ပါသည်။
မိမိဝယ်သည့် ဥပဒေ၏ မူလပြဌာန်းချက်ကို သိရှိဖို့လိုပါသည်။ ရာဇသတ်ကြီးဥပဒေမှာ အင်္ဂလိပ်လို ပြဌာန်းထားခြင်းဖြစ်ပါသည်။ ရာဇသတ်ကြီးဥပဒေမှာ Penal Code ဖြစ်ပြီး အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သည့် ဥပဒေဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ၁၈၈၅ ခုနှစ်တွငိ အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် မြန်မာပြည်သည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်လာ၍ ယင်း Penal Code ကို မြန်မာနိုင်ငံတွင် ပြဌာန်းကျင့်သုံးခဲ့ခြင်း ဖြစ်ပါသည်။
အင်္ဂလိပ်လို ရေးသားထားသော Penal Code မှာ မြန်မာနိုင်ငံဥပဒေများ အတွဲ ၈ (Myanmar Code Volume 8 ) တွင်ရှိပါသည်။ ဥပဒေအငြင်းပွါးမှု ပေါ်ပေါက်လာပါက အင်္ဂလိပ်လိုရေးသားထားသော Penal Code ကိုသာအားကိုးအားထား ပြုရမည်ဖြစ်ပါသည်။
Penal Code ကို ရာဇသတ်ကြီးဟု ခေါ်ဆိုပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ပြစ်မှုဆိုင်ရာဥပဒေဟု ခေါ်ဝေါ်သုံးနှုံးပါသည်။ ယခုအခါ ရာဇသတ်ကြီးဟု သုံးနှုံးလျက် ရှိပါသည်။ ရာဇသတ်ကြီးဖြစ်စေ၊ ပြစ်မှုဆိုင်ရာဥပဒေပင်ဖြစ်စေ မည်သို့ပင်ဘာသာပြန်စေကာမူ မူရင်းဥပဒေမှာ Penal Code သာဖြစ်ပါသည်။ ရာဇသတ်ကြီးနှင့် ပတ်သက်၍ ဝယ်မည်ဆိုလျှင် ကျွန်တော့်အနေဖြင့် ဆရာဦးကျော်စိန်၏ ရာဇသတ်ကြီးဋီကာစာအုပ်ကို ဝယ်စေချင်ပါသည်။ ယင်းစာအုပ်တွင် Penal Code အကြောင်းရှင်းပြထားပြီး မြန်မာဘာသာသို့ပြန်ဆိုကာ စီရင်ထုံးများ၊ ရာဇဝတ်ကျင့်ထုံး မှတ်စုများ ပါရှိနေ၍ဖြစ်ပါသည်။
ထို့ကြောင့် အလုပ်သင်ရှေ့နေများအနေဖြင့် မိမိ အလုပ်သင်လက်တွေ့ လေ့လာနေသည့် ရာဇဝတ်မှုများတွင် စွဲဆိုသည့်ပုဒ်မများ၏ ဥပဒေပြဌာန်းချက်များ၊ မှတ်စုများကို ပူးတွဲလေ့လာခြင်းအားဖြင့် ပိုမိုနားလည်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
နောက်တစ်ပတ်တွင် မည်သည့်ဥပဒေစာအုပ်ကို ထပ်မံဝယ်ယူသင့်ကြောင်း ဆွေးနွေးတင်ပြပါမည်။

မေတ္တာစိတ်ဖြင့်
ဦးတင့်ဝေ ပုသိမ်
တရားလွှတ်တော်ရှေ့နေ
၂၆၀၁/၈၄

13/10/2020

အပိုင်း-၃

ကျန်ခဲ့တဲ့ရက်က ရှေ့နေကျင့်ဝတ်သိက္ခာကိစ္စဆက်ရေးမယ်လို့ ပြောခဲ့ပါတယ်။ ဆိုရိုးစကားရှိတယ်... ‘အကွပ်မရှိတဲ့ကြမ်း ပရမ်းပတာတဲ့’၊ လူ့အဖွဲ့အစည်း အသိုင်းအဝန်းမှာ ကျင့်ဝတ်စည်းကမ်း သတ်မှတ်ချက်၊ဓလေ့ထုံးတမ်း၊ ဥပဒေ ဆိုတာတွေ သတ်မှတ်ပြဌာန်းပြီးသားပါ။ ဒါတွေဟာ အထိမ်းအကွပ်တွေပဲပေါ့။ ထို့ကြောင့် ရှေ့နေများအဖို့လည်း လိုက်နာဖို့ ကျင့်ဝတ်သိက္ခာတွေ ရှိပြီးသားပါ။ အလုပ်သင်ရှေ့နေတွေအဖို့ စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်သိက္ခာကို သတ်မှတ်ပြဌာန်းထားခြင်းတော့ မရှိပါဘူး။ သို့သော်လည်း ရှေ့နေဖြစ်လာမည့်သူသည် ရှေ့နေကျင့်ဝတ်သိက္ခာကို သိရှိလိုက်နာသူ ဖြစ်ရမှာပါ။ အလုပ်သင်ဆိုရာမှာ ဒါလည်း ပါပါတယ်။ The Legal Practitioners Act ဖြစ်တဲ့ ရှေ့နေလိုက်ပါသူများအက်ဥပဒေကိုလည်း သိထားရမှာပါ။ အဲ့ဒီ ဥပဒေမှာ Legal Practitioners ဆိုသော ရှေ့နေ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုထားပါတယ်။ ယခုအခါ တရားလွှတ်တော်ရှေ့နေနှင့် အထက်တန်းရှေ့နေ (၂) မျိုးသာ ရှိပါတယ်။
အလုပ်သင်ရှေ့နေများ အနေဖြင့် ရှေ့နေကျင့်ဝတ်သိက္ခာမှာပါတဲ့ ‘ရှေ့နေရှေ့ရပ်များသည် အမှုလိုက်ပါဆောင်ရွက်ရာ၌ တစ်ဖက်ရှေ့နေအား ရန်သူသဖွယ် ဆက်ဆံခြင်း မပြုရကြောင်း၊ရိုးရိုးသားသား ဆက်ဆံရန် တာဝန်ရှိကြောင်း၊ ရှေ့နေအချင်းချင်း ဆက်ဆံရာတွင် မိသားစုစိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဓာတ် ထားရှိရန်လိုကြောင်း၊ ရှေ့နေရှေ့ရပ်များသည် မိမိထက် အသက်ကြီးသော ဝါရင့်သော ရှေ့နေကြီးများအား နေရာထိုင်ခင်း ဦးစားပေးခြင်း၊တရားခွင်သို့ရောက်လာသောအခါ နေရာရွှေ့ဖယ်ပေးခြင်း၊ ရိုသေခြင်း၊ နှိမ့်ချခြင်း စသည့်အစဉ်အလာကောင်းများကို ထိန်းသိမ်းသင့်ကြောင်း၊ကျင့်ဝတ်သိက္ခာစာတမ်းတွင် ဖော်ပြထားသည့် အချက်များကိုလည်း အလုပ်သင်ရှေ့နေဘဝမှာပင် သိရှိနားလည်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရှေ့နေလောကမှာ ဝင်ဆံ့မှာပေါ့။
ဒါကြောင့် ရှေ့နေတစ်ယောက်ရဲ့ အပြောအဆို၊အပြုအမူ၊ အနေအထိုင်၊ ဆက်ဆံရေး စသည့်အချက်များကို ကြည့်ခြင်းအားဖြင့် အလုပ်သင်ရှေ့နေဘဝကို ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာကို ခန့်မှန်းတွက်ချက်လို့ ရပါတယ်။ ဆရာတွေဟာ အမှုတွေလိုက်ပါဆောင်ရွက်နေရသူ ဖြစ်တဲ့အတွက် စာသင်ကျောင်းမှာလို သင်ပြဖို့အချိန်နည်းပါတယ်။ အလုပ်သင်ရှေ့နေတွေကသာလျှင် မေးမြန်းဆွေးနွေးကြခြင်းဖြင့် ဆရာတွေက ထိန်းကျောင်းသင်ပြကြမှာပါ။ ပညာလိုသူဟာ သူများပေးတာကို စောင့်နေဖို့ထက် ကိုယ်တိုင် လိုလိုလားလား ရှိရပါလိမ့်မယ်။
ဒါဆိုရင် နောက်အပတ်မှာ အလုပ်သင်ရှေ့နေတွေအတွက် ဘယ်ဥပဒေစာအုပ်တွေကို ဦးစွာဝယ်ယူလေ့လာဖတ်ရှုရမယ်ဆိုတာကို ဆက်ကြရအောင်။

မေတ္တာစိတ်ဖြင့်
ဦးတင့်ဝေ ပုသိမ်
တရားလွှတ်တော်ရှေ့နေ(၂၆၀၁/၁၉၈၄)

06/10/2020

အပိုင်း-၂

ကျန်ခဲ့တဲ့ရက်က ရှေ့နေလုပ်ငန်းဟာ professional လား၊ business လား ဆိုတာ ဆက်ရေးမယ်လို့ ပြောခဲ့ပါတယ်။
အဲ့ဒါခဏထားပြီး အလုပ်သင်ရှေ့နေ အကြောင်း ဆက်ကြရအောင်။
အလုပ်သင်ရှေ့နေအဖြစ် သင်ကြားခွင့်ပြုရန် လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံပါက ရှေ့နေအလုပ်သင်အဖြစ် မှတ်ပုံတင် စာရင်းရေးသွင်းပြီးကြောင်း အကြောင်းကြားစာကို ဆရာနှင့် အလုပ်သင်ရှေ့နေထံသို့ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးမှ ပေးပို့သည့် အခါမှသာ အလုပ်သင်ရှေ့နေ ဖြစ်ပါလိမ့်မယ်။
ယင်းအကြောင်းကြားစာမှာ ရှေ့နေလိုင်စင် လျှောက်ထားရာတွင် မဖြစ်မနေတင်ပြရမည်ဖြစ်၍ သေချာစွာ သိမ်းဆည်းထားဖို့ လိုပါတယ်။
ကဲ အလုပ်သင်ရှေ့နေဖြစ်ပြီ...ဘာစလုပ်ကြမလဲ။
အလုပ်သင်ရှေ့နေ တစ်ယောက်သည် အလုပ်သင်ကြားမှု မှတ်တမ်းစာအုပ် မဖြစ်မနေ ထားရှိရပါမည်။ ယင်းမှတ်တမ်းစာအုပ်တွင် မိမိဝင်ရောက် လေ့လာနားထောင်သော အမှု၏ ဆောင်ရွက်ချက် အကျဉ်းချုပ်ကို ရေးသားပြီး အမှုစစ်တရားသူကြီးထံ တင်ပြပါက တရားသူကြီးမှ လက်မှတ်ရေးထိုးပေးပါလိမ့်မယ်။ ဒီစာအုပ်သည် ရှေ့နေလိုင်စင်လျှောက်ထားရာတွင် မဖြစ်မနေ တင်ပြရမည့် စာအုပ်ဖြစ်ပါသည်။
ဒီစာအုပ် တစ်အုပ်ထဲဆို လုံလောက်ပြီလား...။ အလုပ်သက် ဆင်းတယ် ဆိုကတည်းက လက်တွေ့သင်ကြားမှုကို ရယူတာ၊ ဒီတော့ လက်တွေ့ နားထောင် မြင်တွေ့ရတဲ့ အမှုတွေမှာ အမှုနဲ့ပတ်သက်၍ ၂ ဖက်ရှေ့နေကြီးများရဲ့ စစ်ဆေးပုံ၊တင်ပြပြောဆိုပုံ၊ တရားရုံးမှ ဆောင်ရွက်ချက်များကို မှတ်သားဖို့ လိုလာပါပြီ။ အဲဒီအခါ မှတ်သားနိုင်မယ့် ကိုယ်ပိုင် မှတ်စုစာအုပ် ထားရှိဖို့ လိုပါပြီ။
ယခု တွေ့နေရတာက အလုပ်သင်ရှေ့နေတွေဟာ မိမိဆရာ အမှုမဟုတ်ရင် တရားခွင်မှာ ဝင်လို့တောင် နားထောင်လေ့ မရှိဘူး။ ဆရာတွေကလည်း အခြားအမှုတွေကို သွားရောက်နားထောင်လေ့လာဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။ ဒါမှသာ အလုပ်သင်ရှေ့နေတွေဟာ အမှုများစွာကို လေ့လာမှတ်သားခွင့်ရမှာပါ။ ဘယ်ဆရာမှ ပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ ဆရာများအားလုံးရဲ့ အမှုစစ်ဆေးပုံ၊စစ်ဆေးနည်း၊ ရုံးရှေ့ ပြောဆိုလျှောက်လဲနည်း၊ ကျင့်ဝတ်စောင့်ထိန်းခြင်း၊ ဝတ်စားဆင်ယင်မှုကအစ လေ့လာသင်ယူရမှာဖြစ်ပါတယ်။ မိမိကြိုက်တာ ယူဖို့ပါ။
အလုပ်သင်ရှေ့နေဆိုတာ နောင်အချိန် ရှေ့နေ ဖြစ်လာမှာပါ။ ဆရာဝန်မှာလည်း ကျင့်ဝတ်ရှိတယ်။ တရားသူကြီး၊ ဥပဒေ အရာရှိတွေမှာလည်း ကျင့်ဝတ်ရှိတယ်။ ရှေ့နေများမှာလည်း ကျင့်ဝတ်သိက္ခာ စာတမ်းရှိတယ်။ ဒီတော့ ရှေ့နေ ဖြစ်မယ့် အလုပ်သင်ရှေ့နေတွေကို ဆရာတွေက ရှေ့နေ ကျင့်ဝတ်သိက္ခာ သင်ပေးရမှာ ဖြစ်သလို့ တရားရုံးချုပ်၊ ရှေ့နေချုပ်ရုံးက ထုတ်ဝေသော ရှေ့နေကျင့်ဝတ်သိက္ခာစာတမ်း၊စာအုပ်တွေကို တပည့်တွေကို ဝယ်ယူဖတ်ဖို့ ပြောရမှာပါ။ ကျွန်တော် အလုပ်သင်ဆင်းတော့ ကျွန်တော့်ဆရာက ဟိုတုန်းကထုတ်တဲ့ ဗဟိုတရားရုံးရှေ့နေများကောင်စီ ကျင့်ဝတ်သိက္ခာစာအုပ် ပေးပါတယ်၊ ဖတ်ခိုင်းပါတယ်။ ကျွန်တော် ရှေ့နေဖြစ်တဲ့အခါမှာ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာတွေ သိနှင့်နေပြီ။
ဒီကနေ့ အလုပ်သင်ရှေ့နေတွေမှာ ကျင့်ဝတ်သိက္ခာစာအုပ် ရှိကြသလား။
ရှေ့နေ ကျင့်ဝတ်သိက္ခာကိစ္စ နောက်တစ်ပတ် ဆက်ပြောကြရအောင်။

မေတ္တာစိတ်ဖြင့်
ဦးတင့်ဝေ (ပုသိမ်)
တရားလွှတ်တော်ရှေ့နေ
၂၆၀၁/၁၉၈၄

Address

Pathein

Telephone

+9595202844

Website

Alerts

Be the first to know and let us send you an email when Legal Knowledge For New Generation Lawyers - ဦးတင့်ဝေ ပုသိမ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share