Shwe Pyi Win Legal Services

Shwe Pyi Win Legal Services Legal Solutions You Can Trust
Providing clear, strategic legal guidance tailored to your needs.

 #အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ,Pod
20/02/2026

#အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ
,Pod

26/09/2025

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် သက်သေပြရန်တာ၀န်
××××××××××××××××××××××××××××××××××××××
ပညာဟူသည် မည့်သည့်အာဘော်မဆို
အသုံးတည့်မည်ဆိုမှတ်သားကြပါ။

ပို့ကုန်သွင်းကုန်ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇/ ၂၀၁၂ ဖြင့် (၇-၁၀-၂၀၁၂)နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေပုဒ်မ ၁၅ ဖြင့် သွင်းကုန်ထုတ်ကုန်နှင့်စပ်လျဉ်းသည့် ယခင်ဥပဒေဟောင်းဖြစ်သည့် The Control of Imports and Exports (Temporary) Act, 1947 ကို ရုပ်သိမ်းခဲ့ပါသည်။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တွင် ယင်းဥပဒေပုဒ်မ ၅ နှင့် ၆ ပါ ပြဌာန်း ချက်များကို ဖောက်ဖျက်သည့်အတွက် ပြစ်မှုနှင့် ပြစ်ဒဏ်ကို ပြဋ္ဌာန်းထားပါသည်။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၅ တွင် မည်သူမျှ ကန့်သတ်တားမြစ်ပိတ်ပင် ထားသောကုန်ပစ္စည်းများကို တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရဟု ပြဋ္ဌာန်း ထားပြီး ပုဒ်မ ၆ တွင် မည်သူမျှ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်း မရှိဘဲ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်း မပြုရဟု ပြဋ္ဌာန်းထားပါသည်။

“တင်ပို့ခြင်း” ဆိုသည့်စကားရပ်ကို ယင်းဥပဒေပုဒ်မ ၂(ခ)တွင် ကုန်ပစ္စည်း တစ်ရပ်ရပ်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မဟုတ် အခြားနည်း တစ်ရပ်ရပ်ဖြင့် နိုင်ငံတော်ပြင်ပသို့ တင်ပို့ခြင်းကို ဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆို ပါသည်။

“တင်သွင်းခြင်း” ဆိုသည့် စကားရပ်ကို ယင်းဥပဒေပုဒ်မ ၂(ဂ)တွင် ကုန်ပစ္စည်းတစ်ရပ်ရပ်ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း သို့မဟုတ် အခြားနည်း တစ်ရပ်ရပ်ဖြင့် နိုင်ငံတော်အတွင်းသို့ တင်သွင်းခြင်းကို ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။

သို့ဖြစ်ရာ ကန့်သတ်တားမြစ်ပိတ်ပင်ထားသော ကုန်ပစ္စည်းများကိုဖြစ်စေ၊
ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်ရယူခြင်း မရှိ ဘဲဖြစ်စေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းသို့ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုလျှင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အရ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရမည်ဖြစ်ပါသည်။

ပုဒ်မ ၅ နှင့် ၆ တွင်ဖော်ပြထားသော ကုန်ပစ္စည်းများကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်းသို့ လူတစ်ဦးတစ်ယောက်က တင်ပို့ခြင်း သို့မ ဟုတ် တင်သွင်းခြင်း ဟုတ်မဟုတ် ပြဿနာနှင့်စပ်လျဉ်း၍ သက်သေပြရန်တာ၀န် သည် မည်သူ့အပေါ်တွင် ကျရောက်ပါသနည်း။

စွပ်စွဲသူ တရားလိုအပေါ်တွင် ကျရောက်သလား သို့မဟုတ် စွပ်စွဲခံရသူ တရားခံအပေါ်တွင် ကျရောက်ပါသလား။ လေ့လာဆန်းစစ်ရန် လိုအပ်လာပါသည်။

----

ယခင် ဥပဒေဟောင်းဖြစ်သည့် The Control of Imports and Exports (Temporary)Act, 1947 အရ သက်သေပြရန်တာ၀န် မည်သူ့အပေါ် ကျရောက်ခဲ့ သည်ကို ဦးစွာ ခြေရာကောက်ကြည့်မိပါသည်။

The Control of Imports and Exports (Temporary) Act, 1947 ပုဒ်မ ၃ (၁)အရ တားမြစ်ထားသောပစ္စည်းများသည် ပင်လယ်အကောက်ခွန် အက် ဥပဒေပုဒ်မ ၁၉ ဖြင့် တားမြစ်ထားသောပစ္စည်းများအဖြစ် အဓိပ္ပာယ် ကောက်ယူ ရမည်ဖြစ်ကြောင်း ယင်းဥပဒေ ပုဒ်မ ၃(၂)တွင် ဖော်ပြထားပါသည်။

ထို့ကြောင့် The Control of Imports and Exports (Temporary) Act, 1947 အရ အရေးယူဆောင်ရွက်သောအမှုတွင် အချင်းဖြစ်ကုန်ပစ္စည်းများသည် ပင်လယ်အကောက်ခွန်အက်ဥပဒေ(The Sea Customs Act) ပုဒ်မ ၁၆၇-က နှင့် အကျုံး၀င်ပါသည်။

ပင်လယ်အကောက်ခွန်အက်ဥပဒေ(The Sea Customs Act) ပုဒ်မ ၁၆၇-က တွင် ပုဒ်မ ၁၉ အရ တားမြစ်၊ ကန့်သတ်ထားသည့် ကုန်ပစ္စည်းများ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းတင်ပို့ရန် အားထုတ်ခြင်းနှင့်စပ်လျဉ်း၍ စွဲဆို သည့်ပြစ်မှုတွင် ထိုသို့ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ အားထုတ်ခြင်း မဟုတ်ကြောင်း ထင်ရှားအောင် သက်သေပြရန်တာ၀န်မှာ တရားခံအပေါ်တွင် ကျရောက်သည်ဟု ပြဋ္ဌာန်းထားပါသည်။

အထက်တွင်ဆိုခဲ့သည့်အတိုင်း The Control of Imports and Exports (Temporary) Act, 1947 ပုဒ်မ - ၃(၂)ဖြင့် The Sea Customs Act ကို ချိတ် ဆက်ထားသည်ဖြစ်ရာ The Sea Customs Act ပုဒ်မ ၁၆၇-က ပါ သက်သေပြရန် တာ၀န်ပြဋ္ဌာန်းချက်သည် The Control of Imports and Exports (Temporary) Act, 1947အရ အရေးယူဆောင်ရွက်သော အမှုများတွင်လည်း အကျုံး၀င်လာခြင်း ဖြစ်ပါသည်။

သို့ဖြစ်ရာ ယခင်ဥပဒေဟောင်းဖြစ်သည့် The Control of Imports and Exports (Temporary) Act, 1947 အရ အရေးယူဆောင်ရွက်သော အမှုတွင် အချင်းဖြစ် ကုန်ပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရသော တရားခံကသာလျှင် ပြည်တွင်းသို့ သွင်းယူခြင်း မပြုကြောင်း၊ နိုင်ငံခြားသို့ ခိုးထုတ်ခြင်း မဟုတ်ကြောင်း သက်သေထင်ရှားပြသရန်တာ၀န်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။

ယင်းမူသဘောကို Major San Aung v. The Union of Burma (၁၉၅၈၊ မတစ၊ လွှတ်တော်ချုပ်၊ စာ- ၁၈)၊ မိုဟာမက်ဟူစိန်(ဆောင်း)ပါ၂ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ(၁၉၆၆၊ မတစ၊ စာ-၁၅၀၉)၊ ရွှေသန်း ပါ-၅ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် (၁၉၉၄၊ မတစ ၊ စာ -၁၆၁)၊ ဦးစိုင်းစိုင်းနှင့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်(၁၉၉၇၊မတစ ၊စာ-၂၁) အမှုများတွင် လမ်းညွှန်ထားသည်ကို တွေ့ရှိရပါ သည်။

ထို့ကြောင့် ယခင်ဥပဒေဟောင်းဖြစ်သည့် The Control of Imports and Exports (Temporary) Act, 1947 အရ အရေးယူဆောင်ရွက်သော အမှုများတွင် သက်သေပြရန်တာ၀န်သည် စွပ်စွဲခံရသူတရားခံအပေါ် ကျရောက်သဖြင့် တားမြစ်၊ ကန့်သတ်ထားသည့် ကုန်ပစ္စည်းများကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ အားထုတ်ခြင်း မဟုတ်ကြောင်း တရားခံက သက်သေထူရန် ဖြစ်ပါသည်။

----

ပို့ကုန်သွင်းကုန်ဥပဒေတွင် The Control of Imports and Exports (Temporary) Act, 1947 ပုဒ်မ ၃(၂) ကဲ့သို့သော The Sea Customs Actနှင့် ချိတ်ဆက်ထားသော ပြဋ္ဌာန်းချက်တစ်စုံတစ်ရာ မပါရှိသည်ကို တွေ့ရှိရပါ သည်။

သို့ဖြစ်ရာ The Sea Customs Act ပုဒ်မ ၁၆၇-က ပြဋ္ဌာန်းချက်သည် ပို့ကုန်သွင်းကုန်ဥပဒေအလို့ငှာ အကျုံးမ၀င်ကြောင်းမှာ မြင်သာသောအချက်ဖြစ်ပါ သည်။

ထို့ပြင် The Sea Customs Act ပုဒ်မ ၁၆၇-က နှင့် အလားတူသော ပြဋ္ဌာန်းချက်မျိုးလည်း ပို့ကုန်သွင်းကုန်ဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိပါ။
The Sea Customs Act ပုဒ်မ ၁၆၇-က သည် ၁၉၅၃ ခုနှစ်၊ ဥပဒေ အမှတ် - ၁၆ ဖြင့် ယင်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါ သည်။

ယင်းသို့ဆိုလျှင် ပုဒ်မ ၁၆၇-က ကို ပြဋ္ဌာန်းခြင်းမပြုရသေးသော ၁၉၅၃ ခုနှစ်မတိုင်မီ ကာလများက ယခင်ဥပဒေဟောင်း The Control of Imports and Exports (Temporary) Act, 1947 အရ စွဲဆိုသော အမှုများတွင် သက်သေပြရန် တာ၀န်သည် မည်သူ့အပေါ် ကျရောက်ခဲ့သနည်း။

စွပ်စွဲသူအပေါ်လား၊ စွပ်စွဲခံရသူ အပေါ်လား။ ဆက်လက်လေ့လာရန် လိုအပ်မည်ဖြစ်ပါသည်။

-----

KANTILAL GORDHANDAS SHAH v. THE ASSISTANT COLLECTOR OF CUSTOMS(၁၉၅၁၊ မတစ၊ လွှတ်တော်ချုပ်၊ စာ -၂၄၄)တွင် တားမြစ်ကုန်စည်များတင်သွင်းခြင်း၊ တင်ပို့ခြင်းနှင့်စပ်လျဉ်း၍ တရားခံအပေါ် စွပ်စွဲ ချက်ထင်ရှားအောင် သက်သေပြရန်တာ၀န်သည် စွပ်စွဲသူအပေါ် ကျရောက် ကြောင်း၊ စွပ်စွဲသူသည် မိမိစွပ်စွဲချက်ကို ထင်ရှားမပြနိုင်လျှင် တရားခံကို လွှတ်ရ မည်ဖြစ်ကြောင်း တရားသူကြီးချုပ် ဆာဘဦးက လမ်းညွှန်ခဲ့သည်ကို တွေ့ရသည်။

ပြစ်မှုဆိုင်ရာအမှုများတွင် တရားခံအပေါ် စွပ်စွဲချက်ထင်ရှားအောင် သက်သေပြရန်တာ၀န်သည် စွပ်စွဲသူအပေါ် ကျရောက်သည်ဆိုခြင်းမှာ ပြစ်မှု တရားစီရင်ရေးဆိုင်ရာ အဓိကကျသောနည်းဥပဒေ (cardinal rule of criminal jurisprudence) ဖြစ်ပါသည်။

အထက်ပါ ၁၉၅၁၊ မတစ၊ လွှတ်တော်ချုပ်၊ စာ - ၂၄၄ စီရင်ထုံးတွင်လည်း တရားသူကြီးချုပ် ဆာဘဦးက ယင်းအချက်ကို ထောက် ပြပါသည်။

သက်သေပြရန်တာ၀န် တရားခံအပေါ်ထားရှိမည်ဆိုလျှင် သက်သေပြရန် တာ၀န်နှင့်စပ်လျဉ်း၍ အထူးပြဋ္ဌာန်းချက်တစ်ရပ်ကို သီးခြားပြဌာန်းထားရှိရပါသည်။

သက်သေပြရန်တာ၀န်နှင့်စပ်လျဉ်း၍ အထူးပြဋ္ဌာန်းချက်တစ်ရပ်ကို ယင်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိပါဘဲလျက် စွပ်စွဲခံရသူ(တရားခံ)အပေါ် သက်သေပြရန်တာ၀န် ထားရှိမည်ဆိုပါက ပြစ်မှုတရားစီရင်ရေးဆိုင်ရာ အဓိကကျသော နည်းဥပဒေ (cardinal rule of criminal jurisprudence)နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမည် (antithesis) ဖြစ်ပါသည်။ အထက်ပါ ၁၉၅၁၊ မတစ၊ လွှတ်တော်ချုပ်၊ စာ - ၂၄၄ စီရင်ထုံးတွင်လည်း တရားသူကြီးချုပ် ဆာဘဦးက "antithesis"ဟုပင် သုံးနှုန်းခဲ့ပါ သည်။

ထို့ကြောင့် ပို့ကုန်သွင်းကုန်ဥပဒေတွင် သက်သေပြရန်တာ၀န်နှင့်စပ်လျဉ်း ၍ အထူးပြဋ္ဌာန်းချက် တစ်စုံတစ်ရာမရှိသည့် အခြေအနေတွင် ယင်းဥပဒေအရ စွဲဆိုသော အမှုများတွင် သက်သေပြရန်တာ၀န်သည် ပြစ်မှုတရားစီရင်ရေးဆိုင်ရာ အဓိကကျသော နည်းဥပဒေ(cardinal rule of criminal jurisprudence)နှင့်အညီ စွပ်စွဲသူ(တရားလို)အပေါ် ကျရောက်သည်ဟု ကောက်ယူရန်သာ ရှိပါသည်။

သို့မဟုတ်ပါက ပြစ်မှုတရားစီရင်ရေးဆိုင်ရာအဓိကကျသောနည်းဥပဒေ(cardinal rule of criminal jurisprudence)နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေမည် (antithesis) ဖြစ်ပါသည်။

--

ထို့ကြောင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ စွဲဆိုသောအမှုများတွင် တရားခံသည် တားမြစ်ထားသောကုန်ပစ္စည်းကိုဖြစ်စေ၊ ခွင့်ပြုချက်ရယူရန် သတ် မှတ်ထားသည့် ကုန်ပစ္စည်းကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲဖြစ်စေ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်းသို့ တင်ပို့ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုကြောင်း သက်သေပြရန်တာ၀န်သည် "cardinal rule of criminal jurisprudence" နှင့် အညီ စွပ်စွဲသူ(တရားလို)အပေါ် ကျရောက်ကြောင်း လေ့လာတွေ့ရှိရပါသည်။

---

မျက်မှောက်ခေတ် မော်တော်ယာဉ်တိုက်မှုများတွင် အချင်းဖြစ် မော်တော် ယာဉ်သည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(က.ည.န)တွင် မှတ်ပုံတင် ထားခြင်း မရှိပါက တရားစွဲအဖွဲ့အစည်းက တရားခံအပေါ် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် တရားစွဲတင်ပို့ကြသည်ကို တစ်ခါတစ်ရံ တွေ့ရတတ်ပါသည်။

မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသည် စီးပွားရေးနှင့်ကူးသန်း ရောင်း၀ယ်ရေး၀န်ကြီးဌာန၏ (၁၄-၁၂-၂၀၁၇)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၆၁/ ၂၀၁၇ အရ သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သောကုန်စည်ဖြစ်ရာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၆ အရ ခွင့်ပြုချက်ရယူရန် လိုအပ်သော ကုန်ပစ္စည်းဖြစ် ကြောင်း အငြင်းပွားရန် မရှိပါ။

က.ည.နတွင် မှတ်ပုံတင်ထားခြင်းမရှိသော ယာဉ်အား အများပြည်သူဆိုင် ရာနေရာတွင် မောင်းနှင်ခြင်းသည် မော်တော်ယာဉ်ဥပဒေ (ဥပဒေအမှတ်- ၅၅/ ၂၀၁၅)ပုဒ်မ ၄၅ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ခြင်းဖြစ်၍ ယင်းဥပဒေပုဒ်မ ၅၈(က) အရ အရေးယူ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ရာ တရားစွဲအဖွဲ့အစည်းအနေဖြင့် မော်တော်ယာဉ်ဥပဒေအရ အရေးယူဆောင်ရွက်မည်ဆိုပါကလည်း အငြင်းပွားရန် မရှိပါ။

ထို့ပြင် က.ည.န တွင် မှတ်ပုံတင်ထားခြင်းမရှိသော ယာဉ်အား The Sea Customs Act သို့မဟုတ် The Land Customs Act တို့ဖြင့် အရေးယူဆောင် ရွက်မည်ဆိုပါကလည်း စောဒကတက်ရန် မရှိပါ။

The Land Customs Act ပုဒ်မ ၉ တွင်လည်း The Sea Customs Act နှင့်ချိတ်ဆက်ထားသဖြင့် The Sea Customs Act ပုဒ်မ ၁၆၇-က သည် အကျုံး ၀င်လျက်ရှိပါသည်။ အထက်တွင် ဆိုခဲ့ပြီးဖြစ်သည့်အတိုင်း The Sea Customs Act ပုဒ်မ ၁၆၇-က သက်သေပြရန်တာ၀န်သည် တရားခံအပေါ် ကျရောက်သည် ဖြစ်ရာ တရားလိုအနေဖြင့် ခွင့်ပြုချက်ရယူရန် လိုအပ်သောကုန်ပစ္စည်းဖြစ်ကြောင်း တင်ပြနိုင်လျှင်ပင် သက်သေပြရန်တာ၀န် ကျေပွန်ပြီ ဖြစ်ပါသည်။

သို့ရာတွင် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အရေးယူဆောင်ရွက် မည်ဆိုပါက အငြင်းပွားရန် ရှိပါသည်။

ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၆ တွင် အကျုံး ၀င်ရန် အောက်ပါ ပြစ်မှုအင်္ဂါ(၃)ရပ် ပြည့်စုံရန် လိုပါသည်။

(၁) အချင်းဖြစ်ပစ္စည်းသည် ခွင့်ပြုချက်ရယူရန် လိုအပ်သော ကုန်စည် ဖြစ်ခြင်း
(၂) ခွင့်ပြုချက် ရယူထားမှု မရှိခြင်း
(၃) တရားခံသည် ထိုကုန်ပစ္စည်းကို နိုင်ငံတော်ပြင်ပသို့ တင်ပို့ခြင်း သို့မဟုတ် နိုင်ငံတော် အတွင်းသို့ တင်သွင်းခြင်း

----

ရာဇ၀တ်မှု ကျူးလွန်ကြောင်း စွဲဆိုရာတွင် တရားခံသည် မည်သည့် တာ၀န်ရှိ၍ ယင်းတာ၀န်ပျက်ကွက်ခြင်းကြောင့် မည်သည့်ပြစ်မှုမြောက်ကြောင်းကို ယင်းပြစ်မှုဖြစ်စေသည့် အင်္ဂါစုံလင်အောင် တင်ပြသက်သေထူရန် တရားလိုဘက် တွင် တာ၀န်ရှိသည်ဟု မောင်ဟန်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၇၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး(အထူးရာဇ၀တ်ရုံးအယူခံအဖွဲ့)၊ စာ - ၆) တွင် လမ်းညွှန် ထားပါသည်။

ထို့ကြောင့် ပြဋ္ဌာန်းထားသော ပြစ်မှု အင်္ဂါရပ် စုံလင်အောင် စွပ်စွဲသူ တရားလိုဘက်က သက်သေထူရန် လိုပါသည်။

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ စွဲဆိုမှုတွင် အချင်းဖြစ်ယာဉ်ကို စွပ်စွဲ ခံရသူ တရားခံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းသို့ တင်ပို့ခြင်း ပြုကြောင်း စွပ်စွဲသူ(တရားလို)ဘက်က သက်သေထူရန်လိုမည် ဖြစ်ပါသည်။

---

သို့ရာတွင် က.ည.န တွင် မှတ်ပုံတင်ထားခြင်းမရှိသော ယာဉ်ဖြစ်သည်ဆို သည့် အချက်တစ်ခုသာ တရားလိုဘက်က အများအားဖြင့် သက်သေထူနိုင်သည် ကိုတွေ့ရပါသည်။

က.ည.န တွင် မှတ်ပုံတင်ထားခြင်းမရှိသောယာဉ် ဖြစ်သည် ဆိုသောအချက်တစ်ခုတည်းဖြင့် အချင်းဖြစ်ယာဉ်ကို တရားခံသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အတွင်းသို့ တင်သွင်းခဲ့ကြောင်း ကောက်ယူနိုင်ရန် အကြောင်း မရှိပါ။

ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဦးမောင်မောင် (၁၉၆၇၊မတစ၊စာ-၄၈၀) အမှု တွင်

တရားခံ ဦးမောင်မောင်၏နေအိမ်ကိုရှာဖွေကြရာ အလေးချိန် ၈ ကျပ် ၉ ပဲ နှင့် ၃ ရွေးရှိ ယိုးဒယားစာများပါသော ရွှေဆွဲကြိုးသုံးကုံးအပြင် အခြားကျောက်မျက် ပစ္စည်း လက်စွပ်များဖမ်းဆီးရမိသဖြင့် The Control of Imports and Exports (Temporary) Act, 1947 ပုဒ်မ ၅(၁) နှင့် Foreign Exchange Regulation Act ပုဒ်မ ၂၄(၁) အရ တရားခံ ဦးမောင်မောင်အပေါ် တရားစွဲဆိုခဲ့ပါသည်။

ယင်းအမှုတွင် နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး ဦးကျော်ဇံဦး၏ အောက်ပါ သုံးသပ်ချက်မှာ အတုယူ မှတ်သားဖွယ်ဖြစ်ပါသည်။

“ဤရွှေဆွဲကြိုးများသည် နိုင်ငံခြားလုပ်ဖြစ်စေကာမူ အယူခံ တရားခံအိမ်မှ ရရှိရုံနှင့် နိုင်ငံခြားမှ ခိုးသွင်းယူလာသည်ဟု မည်သို့မျှ မဆို နိုင်ပေ။
ဤသို့သာ ယူဆရမည်ဆိုလျှင် ယခုအခါ ပါတိတ်လုံခြည်များကို ၀တ်ဆင်သော အမျိုးသမီးအားလုံးတို့ကိုပင် ဘမ်းချုပ် တရားစွဲဆိုပြီး ထောင်ချရမည်သာ ရှိပေသည်။ ဤကား ဥပဒေ မဟုတ်။
Foreign Exchange Regulation Act ပုဒ်မ ၉ သော်၄င်း၊ The Sea Customs Act ပုဒ်မ ၁၉ သော်၄င်း ပိုင်ဆိုင်ခြင်းကို မှုပြစ်ဟု မဆိုလို၊ ပြည်တွင်းသို့ယူဆောင်ခိုးသွင်းလာခြင်းကိုသာဆိုသည်။ အယူခံတရားခံ သည် ပြည်တွင်းသို့ ဤသက်သေခံပစ္စည်းများကို ယူဆောင်သွင်းယူ လာသည်ဟု သက်သေထွက်ဆိုချက် တစိုးတစေ့မျှ မရှိ။ ဤပစ္စည်းများကို ၄င်း၏အိမ်မှသာတွေ့သည်ဟု ထွက်ဆိုချက်ရှိသည်။
မြန်မာပြည်တွင် ရာခိုင်နှုန်း ၅၀ ကျော်ခန့် ပစ္စည်းများသည် နိုင်ငံခြားမှ တရားဥပဒေအရ၊ အစိုးရက သော်၄င်း၊ လုပ်သားပြည်သူက သော်၄င်း၊ သွင်းယူခဲ့သောပစ္စည်းများဖြစ်သည်မှာ မငြင်းနိုင်ပေ။ ဤပစ္စည်း တစ်ခုခုကို လုပ်သားပြည်သူ တစ်ဦးတစ်ယောက်ထံမှ တွေ့ရှိရုံနှင့်ပင် နိုင်ငံခြားမှ ခိုးသွင်းယူလာခဲ့သည်ဟု မည်သို့မျှ မဆိုနိုင်ပေ။
The Sale of Good Act ပုဒ်မ ၄ နှင့် ၅ တို့ကို ဘတ်ရှု စစ်ဆေးကြည့်သော် ရွှေ့ပြောင်းနိုင်သောပစ္စည်းတစ်ခုခုကို အရောင်း အ၀ယ်ပြုလုပ်ရာ၌ နှုတ်ဖြင့်လည်း ပြုလုပ်နိုင်ကြောင်း တွေ့ရှိရသည်။ အရေးကြီးသောအချက်မှာ တန်ဖိုးပေး၍ ပစ္စည်းကို လက်ရောက်ပေးအပ် လျှင်ပင် အရောင်းအ၀ယ်မြောက်သည်။ စာချုပ်စာတမ်းများ မလိုပေ။”

---

ထို့ပြင် ကျွန်တော်တို့နေအိမ်များတွင် အသုံးပြုလျက်ရှိသော ရုပ်မြင် သံကြားဖမ်းစက်(TV)၊ ဗွီဒီယိုဖွင့်စက်များသည် ရုပ်မြင်သံကြားနှင့်် ဗွီဒီယိုဥပဒေ (ဥပဒေအမှတ်-၈/၁၉၉၆)အရ လက်၀ယ်ထားရှိခွင့်လိုင်စင်ကို လက်၀ယ်ရရှိပြီး ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားရယူရပါသည်။ စာတိုက်တွင် လိုင်စင်ကြေး သွင်းရပါသည်။ သက်တမ်းတိုး ရပါသည်။ ယင်းပစ္စည်းများသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း တင်သွင်းလျှင် ခွင့်ပြုချက်လိုသော ပစ္စည်းများ ဖြစ်ပါသည်။

ယင်း ရုပ်မြင်သံကြားဖမ်းစက်(TV)၊ ဗွီဒီယိုဖွင့်စက်များကို လိုင်စင်ပြုလုပ် ထားခြင်းမရှိသည့်အကြောင်းဖြင့် ယင်းပစ္စည်းများကို လက်၀ယ်တွေ့ရှိသူသည် နိုင်ငံခြားမှ ယင်းပစ္စည်းများကို တင်သွင်းလာသည်ဟု ယူဆလျက် ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ အရေးယူမည်ဆိုပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးပြီး အရေးယူရမည်ဖြစ်ရာ အကျဉ်း ထောင်ပင်ဆံ့မည် မဟုတ်ပါ။ ဥပဒေသည် ကွက်ကြား မိုးရွာရန် အကြောင်းမရှိပါ။

---

အဓိကထားတင်ပြချင်သည်မှာ နိုင်ငံအတွင်း တည်ဆဲဥပဒေတစ်ရပ်အရ မှတ်ပုံတင်ခြင်း၊ မတင်ခြင်းက သီးခြားကိစ္စဖြစ်ပြီး၊ ခွင့်ပြုချက်ရယူရန် လိုအပ်သော ကုန်ပစ္စည်းကို ခွင့်ပြုချက်ရယူခြင်းမပြုဘဲ နိုင်ငံအတွင်း တင်သွင်းခြင်း၊ တင်ပို့ခြင်း က သီးခြားကိစ္စဖြစ်ပါသည်။

မှတ်ပုံတင်မထားခြင်းကြောင့် လက်၀ယ်တွေ့သူသည် ယင်းပစ္စည်းကို နိုင်ငံအတွင်း တင်သွင်းခြင်းပြုသူဟု လိုရာဆွဲယူ၍ ကောက်ယူနိုင် မည် မဟုတ်ပါ။

မောင်မြင့်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ(ရွေးချယ်ထားသော စီရင်ချက်များ (၁၈၇၂-၁၈၉၂)အောက်မြန်မာပြည်၊စာ-၁၃၄)တွင် The word “necessary inference” must mean the only reasonable inference possible, not merely a “probable” inference from the facts appearing in evidence. ဟု လမ်းညွှန်ပါသည်။ ယင်းမူသဘောကို မတင်ရွှေ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ (၁၉၆၅၊ မတစ၊ စာ - ၆၅၀)တွင် လိုက်နာပါသည်။

က.ည.န တွင် မှတ်ပုံတင်ထားခြင်းမရှိသော ယာဉ်ကို တရားခံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ အရောင်းပြခန်းတစ်ခုခုမှ ၀ယ်ယူခဲ့ ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှာပင် အချင်းဖြစ်ယာဉ်သည် အခြားအကြောင်းတစ်ရပ်ရပ်ဖြင့် တရားခံလက်၀ယ် ရောက်ရှိခြင်းလည်း ဖြစ်နိုင်သည်။ ယုတ်စွအဆုံး နိုင်ငံအတွင်း တစ်နေရာရာမှ ခိုးမှု ကျူးလွန်၍ သော်လည်းကောင်း၊ ခိုးရာပါပစ္စည်း လက်ခံ၍သော်လည်းကောင်း တရားခံ၏လက်၀ယ် ရောက်ရှိနေခြင်းလည်း ဖြစ်နိုင်ပေသည်။

က.ည.နတွင် မှတ်ပုံတင်ထားခြင်း မရှိသည်ကိုအကြောင်းပြု၍ အချင်းဖြစ် ယာဉ်ကို တရားခံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းသို့တင်သွင်း ခဲ့ကြောင်း ကောက်ယူမည်ဆိုပါက အထက်တွင်ဆိုခဲ့သည့် မောင်မြင့်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ(S.J.L.B (၁၈၇၂-၁၈၉၂)အောက်မြန်မာပြည်၊ စာ-၁၃၄) အမှု လမ်းညွှန်ချက်အရ တရား၀င်သော လိုအပ်သည့် ယူဆချက် (necessary inference)မဟုတ်ဘဲ စိတ်ကူးယဉ်မျှသာ ဖြစ်ပါမည်။

အထက်ပါ ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဦးမောင်မောင် (၁၉၆၇၊ မတစ၊ စာ-၄၈၀)အမှုတွင် သုံးသပ်သကဲ့သို့ပင် ပြည်တွင်း၌ နိုင်ငံခြားဖြစ်ပစ္စည်း လက်၀ယ် တွေ့ရှိသူအားလုံးကို ဘမ်းချုပ်တရားစွဲဆိုပြီး ထောင်ချရမည့်ကိစ္စ ဖြစ်သဖြင့် မလျော်သော ကောက်ယူချက် ဖြစ်ပေမည်။ ဥပဒေသည် မဖြစ်နိုင်သည်ကို မရည် ရွယ်ပေ။

---

ပြစ်မှုများတွင် တရားခံသည် ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှား ပြသရန်တာ၀န်မှာ အစဉ်တစိုက် တရားလိုအပေါ်တွင် ကျရောက်သည်။ ထိုတာ၀န်ကို မည်သည့်အခါမှ တရားခံအပေါ်သို့ ပြောင်းရွှေ့ကျရောက်ခြင်း မရှိ ဟု အစိုးရ နှင့် ဦးဓမ္မပါလ (အိန္ဒိယစီရင်ထုံးများ၊ အတွဲ - ၁၄၊ ရန်ကုန်၊ စာ - ၆၆၆) အမှုတွင် လမ်းညွှန်ဆုံးဖြတ်ခဲ့ပါသည့်။

ထိုမူသဘောကို ဦးစိန်လှ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၁၉၅၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး (လွှတ်တော်) စာ - ၂၈၉)အမှု၊ ဒေါ်စီစီနှင့် ပြည် ထောင်စုမြန်မာနိုင်ငံတော် (၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာ - ၈၇၆) အမှုနှင့် ဥာဏ်ဝြေဖိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် (၂၀၀၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ - ၂၄) အမှုတွင် အစဉ်တစိုက်လိုက်နာခဲ့သည်။

ရာဇ၀တ်မှုတစ်ခုတွင် တရားခံသည် စွပ်စွဲသောပြစ်မှုကို ကျူးလွန်ကြောင်း ပြည့်စုံစွာ သက်သေထင်ရှားပြရန်တာ၀န်သည် တရားလိုအပေါ်တွင် ကျရောက် သည်။ တရားလိုဘက်မှ စွပ်စွဲပြီးလျှင် တာ၀န်ကျေပွန်ပြီးဆုံးပြီး စွပ်စွဲခံရသူက မဟုတ်လျှင် ခိုင်လုံစွာချေပရမည်ဟု တာ၀န်ကိုပခုံးပြောင်း၍ မရပေ ဟု ပြည်ထောင်စုမြန်မာနိုင်ငံတော် နှင့် ဖိုးနီ ပါ ၅ (၁၉၉၆ ၊ မတစ ၊ စာ-၁၂၄) တွင် ထုံးဖွဲ့လမ်းညွှန်သည်။

မောင်ကြီးမောင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (၁၉၆၈ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး(အထူးရာဇ၀တ်ရုံးအယူခံအဖွဲ့)၊စာ-၅၂)တွင်လည်း တရားလိုဘက် ကစွပ်စွဲပြီးလျှင် တာ၀န်ကျေပွန်ပြီးဆုံးပြီး စွပ်စွဲခံရသူက မဟုတ်လျှင် ခိုင်လုံစွာချေပရမည်ဟု တာ၀န်ပခုံးပြောင်း၍မရချေ။ ပြည်စုံစွာစုံစမ်း၍ ခိုင်လုံစွာသက်သေ ထူရန်တာ၀န်သည် ယေဘုယျအားဖြင့် တရားလိုပေါ်တွင် တည်နေသည်။ ဤသို့မဟုတ်လျှင် မသမာသူတို့က လွယ်လွယ်စွပ်စွဲကာ အပြစ်မဲ့သောသူတို့က ခုခံချေပရခြင်းဖြင့် ပင်ပန်းဆင်းရဲကြလိမ့်မည် ဟု ညွှန်ပြခဲ့ပါသည်။

---

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် မျိုးရန်နိုင်( ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရာဇ၀တ်အထွေထွေလျှောက်လွှာ(အထူး) အမှတ် ၂၄၂/၂၀၁၅၏ (၃၀-၈-၂၀၁၆)ရက်စွဲပါအမိန့်)တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အောက် ပါအတိုင်း ညွှန်ပြပါသည်။

"တရားခံ ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှားပြရန်မှာ သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၁ အရ တရားလို၏တာ၀န်သာ ဖြစ်သည်။ သက်သေပြရန်တာ၀န်မှာ လက်၀ယ်ထားရှိသူအပေါ်တွင် ကျရောက်သည်ဟု ၂၀၁၂ ခုနှစ်၊ ပို့ကုန်သွင်းကုန်ဥပဒေတွင် ပြဋ္ဌာန်း ထားသည်ကို မတွေ့ရပေ။"

----

သို့ဖြစ်ရာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူဆောင်ရွက်သော အမှုများတွင်

- တရားခံသည် ယင်းဥပဒေပုဒ်မ ၅ ပါ ကန့်သတ် တားမြစ်ပိတ်ပင် ထားသော ကုန်ပစ္စည်းများကိုဖြစ်စေ၊ ပုဒ်မ ၆ ပါ ခွင့်ပြုချက်ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်းများကို ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ဖြစ်စေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းသို့ တင်ပို့ ခြင်း သို့မဟုတ် တင်သွင်းခြင်းပြုကြောင်း သက်သေပြရန်တာ၀န်သည် စွပ်စွဲသူတရားလိုအပေါ် ကြီးလေးစွာ ကျရောက်ပါကြောင်း၊

- သက်သေပြရန်တာ၀န် ကြီးလေးသည်ဟု တရားစွဲ အဖွဲ့အစည်း အနေဖြင့် ထင်မြင်ယူဆပါက ပို့ကုန်သွင်းကုန်ဥပဒေတွင် သက်သေ ပြရန်တာ၀န်နှင့် စပ်လျဉ်း၍ The Sea Customs Act ပုဒ်မ ၁၆၇-က ကဲ့သို့သော အလားတူပြဋ္ဌာန်းချက်မျိုးကို ထည့်သွင်းပြဋ္ဌာန်းနိုင်ရန် ဥပဒေပြုအာဏာပိုင်သို့ တင်ပြ၍ ဥပဒေကိုပြင်ဆင်ရန် အားထုတ် သင့်ပါကြောင်း
လေ့လာတင်ပြအပ်ပါသည်။

---

လေးစားစွာဖြင့်။
Crd ဦးထွန်းမျိုးဌေး

 #ယနေ့ထုတ်သတင်းစာ_ဆောင်းပါး◼ မိဘပိုင်ပစ္စည်း သားသမီးသို့ ရောင်းချခွင့်မောင်ဝသည် ဥပဒေအကြံဉာဏ် လာတောင်းသည့်အခါ အဘက်ဘက်မှ စ...
23/09/2025

#ယနေ့ထုတ်သတင်းစာ_ဆောင်းပါး
◼ မိဘပိုင်ပစ္စည်း သားသမီးသို့ ရောင်းချခွင့်

မောင်ဝသည် ဥပဒေအကြံဉာဏ် လာတောင်းသည့်အခါ အဘက်ဘက်မှ စဉ်းစားပြီးပြောရန်အလေ့အကျင့် ဖြစ်နေ၏။ နားထောင်ကောင်းရုံ မပြောတတ်။ မသိ၍ သိချင်သောကြောင့် မေးခြင်းဟု ယူဆသည့်အတွက် အသုံးတည့်ရန်လည်းလိုမည်ဟု မောင်ဝ တွေးပါသည်။

အထူးသဖြင့် မိသားစုအတွင်းရေးများကို ရှေ့နေ အား ထုတ်ပြောပြခြင်းသည် အားကိုးစိတ်ကြောင့်သာ ဖြစ်ပါသည်။ ထိုသို့အားကိုးခြင်းအပေါ် ရှေ့နေကလည်း အားကိုးထိုက်သူ ဖြစ်ထိုက်သည့် စိတ်ထားရှိရန် လိုအပ် ပါသည်။ ရှေ့နေဆိုသူသည်လည်း သာမန်လူသားသာ ဖြစ်ပါသည်။ လေ့လာဆည်းပူးထားသမျှသာ သိရှိမည် ဖြစ်ပါသည်။ အရာရာ ပြီးပြည့်စုံစွာ သိမြင်သူ မဟုတ်ပါ။ မောင်ဝထံ မေးလာသမျှ သိသမျှသာ ဖြေပေးနိုင်ကြောင်း ဦးစွာ အသိပေးလေ့ရှိပါသည်။ ကျွမ်းကျင်သူတို့ထံ သွား ရန် နတ်လမ်းညွှန်ပေးပါသည်။

ထို့ပြင် မောင်ဝသည် ဥပဒေရေးရာနှင့်ပတ်သက် ပါက မိမိနှင့်နီးစပ်သော၊ မိမိအား မှန်ကန်စွာပြောလိုစိတ် ရှိသော ရှေ့နေရှေ့ရပ်ထံ ချဉ်းကပ်မေးမြန်းပါဟု အကြံပြု လေ့ရှိပါသည်။ မိမိနှင့်အနေနီးသော်လည်း မှန်မှန်ကန် ကန် မပြောနိုင်သောသူအား မေးမြန်းနေခြင်းဖြင့် အချိန် ကုန် လူပန်းမဖြစ်စေချင်၍ ဖြစ်ပါသည်။ စာနာမှုဖြင့် စောင့်ရှောက်ခြင်းပြုရန် မောင်ဝ၏မိဘတို့က သွန်သင် ထားပါသည်။

မောင်ဝတို့ရှေ့နေများသည် အသိပေးအကြောင်း ကြားစာ(Notice)ပေးရလေ့ရှိပါသည်။ ထိုသို့ အကြောင်း ကြားစာ ပေးပို့ခြင်းသည် သက်ဆိုင်သူနှစ်ဖက်ပုဂ္ဂိုလ်ချင်း ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာနိုင်ကြရန် ဖြစ်ပါသည်။ ရန်လိုစွာ ဆောင်ရွက်မှုမဟုတ်ပါ။ အမှုအခင်းမဖြစ်ကြ ဘဲ ပြေလည်စေချင်သူများတွင် ရှေ့နေများလည်း ပါဝင် ပါသည်။ မလွှဲသာမှ တရားစွဲပေးကြခြင်း ဖြစ်ပါသည်။

ဒေါ်နီတို့မောင်နှများ ပြဿနာသည် မောင်နှမ ချင်း ဆွေးဆွေးနွေးနွေးပြုခဲ့လျှင် မောင်ဝ ဤစီရင်ထုံးကို မည်သို့ ဖတ်ခွင့်ရပါမည်နည်း။ ညှိနှိုင်းပြောဆိုခြင်းမရှိ၊ အထင်အမြင်လွဲမှားစွာနှင့် တရားရုံးရှေ့ရောက်ကြပြီး ပင်ပန်းခဲ့ကြပါသည်။

ဦးတင်လှက အဆိုလွှာတွင် ဒေါ်ပေါ်လီ၊ ဒေါ်နီ၊ ဒေါ်ဂျက်စီနှင့် ဒေါ်မြသန်းတို့သည် မောင်နှမများ ဖြစ် ကြပါသည်ဟု ဖော်ပြ၏။ မိခင် ဒေါ်နှင်းဥသည် သမီး ဒေါ်နီနှင့် အတူနေ၏။ ဒေါ်နီ၏သမက်သည် ဒေါ်နီနှင့် အတူနေပြီး ၁၉၇၈ ခုနှစ်တွင် အချင်းဖြစ်မြေပေါ်တွင် ရော်ဘာမှိုင်းခံရုံ ဆောက်လုပ်သည်။ ဤတွင် ပြဿနာ

စတင်ပေါ်ပေါက်လာပါသည်။

မော်လမြိုင်မြို့ မောင်ငံရပ် အမှတ်(၇ဝဝ) စာရင်း ပေါက်သော နေအိမ်နှင့်မြေကွက်ကို ဒေါ်နှင်းဥသည် ၎င်း မကွယ်လွန်မီ ၁၉၆၂ ခုနှစ်တွင် အတူနေသည့်သမီး ဒေါ်နီသို့ ရောင်းချသည့်စာချုပ် ချုပ်ပေးခဲ့ပါသည်။

ဦးတင်လှသည် ဒေါ်နီသို့ဒေါ်နှင်းဥက အချင်းဖြစ် မြေကွက်နှင့် အိမ်တို့ကိုမှတ်ပုံတင်စာချုပ်ဖြင့် ရောင်းချ ထားကြောင်း ရော်ဘာမှိုင်းခံရုံ ဆောက်လုပ်ခြင်းကို ကန့် ကွက်သည့်အခါမှ သိခဲ့ရ၏။ ဒေါ်နှင်းဥသည် အသက် (၈၄) နှစ်အရွယ်တွင် စိတ်မမှန်၊ သူငယ်ပြန်နေသည်ဟု ဦးတင်လှက ဆို၏။ ဦးတင်လှနှင့် ဒေါ်ပေါ်လီတို့က တရားလိုများပြုလုပ်ပြီး ဒေါ်နီ၊ ဒေါ်ဂျက်စီ၊ မောင်အောင် မြင့်၊ ဒေါ်မြသန်းတို့ကို တရားပြိုင်ထား၍ ဒေါ်နီနှင့် ဒေါ်နှင်းဥတို့ ပြုလုပ်ချုပ်ဆိုထားသည့် အိမ်နှင့်မြေ အရောင်းအဝယ် စာချုပ်အမှတ် ၄၇၅/၆၂ကို မလျော် ဩဇာသုံး၍ ချုပ်ဆိုခြင်းဖြစ်၏။ သို့ဖြစ်၍ ပယ်ဖျက်ပေးရန် မော်လမြိုင်မြို့နယ်တရားရုံးတွင် တရားမကြီးမှု စွဲဆိုပါ သည်။

စွဲဆိုသောအမှုအား ဒေါ်နီနှင့် ဒေါ်မြသန်းတို့က သာ ခုခံချေပကြပါသည်။ ဒေါ်နီက အချင်းဖြစ် ဥပစာကို ၎င်းက ဝယ်ယူခဲ့ခြင်း ဖြစ်ပါသည်။ ဝယ်ယူစဉ်က ဒေါ်နှင်းဥအမည်နှင့် ဝယ်ခဲ့၏။ ထို အချိန်က ဒေါ်နီသည် ဒုတိယအိမ်ထောင်နှင့်ဖြစ်၍ ထိုဒုတိယအိမ်ထောင်က ဝင်မရှုပ်စေရန်၊ ပထမ အိမ်ထောင်မှ သားသမီးများ ထိပါး မှုမရှိစေရန် ဒေါ်နှင်းဥအမည်နှင့် ဝယ်ခဲ့သည်ဟု ချေပ သည်။ ဒေါ်နှင်းဥက ၎င်းမရှိသည့်အခါ အရှုပ်အရှင်း မဖြစ်စေရန် ဒေါ်နီ၏အမည်သို့ပြန်လည်လွှဲပြောင်းပေးထားခဲ့ခြင်းသာဟုလည်း ချေလွှာတွင် ဖော်ပြခဲ့ပါသည်။

စာချုပ်စာတမ်းများကို ပယ်ဖျက်ပေးစေလိုပါက ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အမှတ် စဉ်၉၁ အရ ထိုစာချုပ်ကို ပယ်ဖျက်နိုင်သည့် အကြောင်း အရာများကို တရားလိုသိရှိသည့်နေ့မှ သုံးနှစ်အတွင်း တရားစွဲဆိုရပါသည်။ ယခုပယ်ဖျက်ပေးစေလိုသည့် စာချုပ်သည် ၁၉၆၂ ခုနှစ်က ချုပ်ဆိုခြင်းဖြစ်ပြီး မော်လမြိုင်မြို့ နယ်တရားရုံးတွင် စတင်တရားစွဲသည်မှာ ၁၉၇၈ ခုနှစ် ဖြစ်ပါသည်။ ဒေါ်နီ၏သမက် ရော်ဘာ မှိုင်း ခံရုံဆောက်သည့်အခါမှ ဦးတင်လှက ဤစာချုပ်ရှိသည် ကို သိခဲ့ခြင်းဟုဆိုပါသည်။

မော်လမြိုင်မြို့နယ်တရားရုံးက ဦးတင်လှသည် ဒေါ်နီက ဒေါ်နှင်းဥအပေါ်မလျော်ဩဇာသုံး၍ ချုပ်ဆိုခဲ့ သောစာချုပ်ဖြစ်ကြောင်း အဆိုပြုခဲ့သော်လည်း သက်သေထင်ရှား ပြနိုင်ခြင်းမရှိဟု သုံးသပ်ပြီး အမှုကို ပလပ်ခဲ့ပါသည်။

ဦးတင်လှက မွန်ပြည်နယ်တရားရုံးသို့တရားမ ပထမ အယူခံမှု တင်သွင်း၏။ အယူခံရုံးတော်က အခြားမောင် နှမများအား အသိမပေးဘဲ တိတ်တဆိတ် စာချုပ်ချုပ်ဆို ဝယ်ယူခြင်းသည် မမှန်မကန် ဝယ်ယူထားခြင်းသာ ဖြစ် သည်ဟု သုံးသပ်ဆုံးဖြတ်ခဲ့ပါသည်။ ဒေါ်နီက ပြည်နယ် တရားရုံး၏ ဆုံးဖြတ်ချက်ကို မကျေနပ်။ အမှုသည်တို့ အတွက် မကျေနပ်လျှင် အထက်တရားရုံးသို့ အယူခံတက်ခြင်းသည် ဥပဒေနှင့်အညီ အဖြေရှာခြင်း ဖြစ်ပါ သည်။ ဒေါ်နီလည်း ဗဟိုတရားရုံးတော်သို့ တရားမ ဒုတိယအယူခံမှု ဆက်လက်တင်သွင်းပါသည်။

ဒေါ်နီ၏ရှေ့နေကြီးက အယူခံအကြောင်းပြချက် နှစ်ချက်တင်ပြ၏။ ဦးတင်လှ စွဲဆိုမှုသည် ကာလစည်း ကမ်းသတ် ကျော်လွန်မှ စွဲဆိုကြောင်းနှင့် ဒေါ်နီနှင့် ဒေါ် နှင်းဥ ချုပ်ဆိုသည့်စာချုပ် သည် မလျော်ဩဇာဖြင့် ချုပ်ဆို ခြင်း မဟုတ်ကြောင်းတို့ ဖြစ်ပါသည်။

ဗဟိုတရားရုံးတော် တရားစီရင်ရေးအဖွဲ့က နှစ် လျှောက်လဲ ဖက်ရှေ့နေကြီးများ၏ကျယ်ကျယ်ပြန့်ပြန့် ခြင်းကိုကြားနာခဲ့ကြပါသည်။ အမှုတွဲပေါ်ပေါက်ချက်များ အပေါ် စိစစ်သုံးသပ်မှုပြုခဲ့ပါသည်။ ဦးတင်လှသည် ဒေါ်နီ၏သမက် ဦးသန်းအောင် အချင်းဖြစ်ဥပစာတွင် ရော်ဘာမှိုင်းခံရုံဆောက်သော ၁၉၇၈ ခုနှစ်တွင်မှ အချင်းဖြစ်စာချုပ် ရှိကြောင်းသိရှိပြီး ၄-၈-၁၉၇၈ ရက် တွင် တရားစွဲဆိုသည်ဖြစ်၍ စည်းကမ်းသတ်ကာလ အတွင်း ကျရောက်သည်ဟု ရှုမြင်ကြပါသည်။

ပဋိညာဉ်အက်ဥပဒေပုဒ်မ ၁၁ အရ ရူးသွပ်သူ မဟုတ်သူတစ်ဦးသည် ပဋိညာဉ်ပြုနိုင်၏။ စာချုပ်ရေးသူက ရုံးရှေ့တွင် လာရောက်သက်သေထွက်ဆိုစဉ် ဒေါ်နှင်းဥ သည်စာချုပ်တွင် လက်မှတ်ထိုးစဉ်က ကျန်းကျန်းမာမာ ဖျတ်ဖျတ်လတ်လတ်ရှိပြီး သတိလည်းကောင်းစွာ ရှိပါ သည်ဟု ထွက်ဆို၏။ ဤအခြေအနေကို တရားရုံးချုပ် တရားသူကြီးက ဒေါ်နှင်းဥ စိတ်ဖောက်ပြန်သူ ဖြစ်သည် ဟု မဆိုနိုင်ကြောင်း မှတ်ချက်ပြုပါသည်။

မိခင်က သူပိုင်ပစ္စည်းကို ရောင်းချသည့်အခါ သား သမီးများကို အသိပေးရမည်ဟု ဥပဒေသ မရှိ။ မိဘက ကိတ္တိမသားသမီး မွေးစားသကဲ့သို့ကျော်စောမှုရှိရန်မလို၊ တိတ်တဆိတ်အရောင်းအဝယ် ပြုထားရုံမျှဖြင့် မလျော် ဩဇာသုံးပြီး ရောင်းဝယ်ခြင်းဟု တထစ်ချမဆိုနိုင်ဟု တရားရုံးချုပ် တရားသူကြီးက သုံးသပ်ခဲ့ပါသည်။

မောင်ဝ အနည်းငယ်ဆန့်၍ တွေးမိပါသည်။ မိဘ က အတူနေ သားသမီးတစ်ဦးဦးသို့ သူပိုင်ပစ္စည်းတစ်ရပ် ရပ်ကို ရောင်းချခွင့်ရှိပါသည်။ ထို့ပြင် မိဘက သားသမီး တစ်ဦးဦးသို့ တိတ်တဆိတ် ရောင်းချခြင်းပြုရုံမျှဖြင့် မလျော်ဩဇာသုံးခြင်းဟုဆိုရန် ခဲယဉ်းပါသည်။

မလျော်ဩဇာသုံးသည်ဟုဆိုလျှင် အဆိုပြုသူ၌ သက်သေပြရန် တာဝန်ရှိမည်ဖြစ်ပါသည်။

ကိုးကား-

- ဒေါ်နီနှင့် ဦးတင်လှ -၅ (၁၉၈၅၊ မတစ၊ ၆ဂ)။

ရေးသူ - ရှေ့နေမောင်ဝ

📑
24/06/2025

📑

 #အထက်တန်းရှေ့နေလိုင်စင် #၂၀၂၄ ခုနှစ် ဇွန်လ အတွင်း အထက်တန်းရှေ့နေအဖြစ်စာရင်းတင်သွင်းခဲ့သူများ ၂.၅.၂၀၂၅ ရက်‌နေ့တွင်အထက်တန...
02/05/2025

#အထက်တန်းရှေ့နေလိုင်စင်
#၂၀၂၄ ခုနှစ် ဇွန်လ အတွင်း အထက်တန်းရှေ့နေအဖြစ်စာရင်းတင်သွင်းခဲ့သူများ ၂.၅.၂၀၂၅ ရက်‌နေ့တွင်အထက်တန်း‌ရှေ့နေလိုင်စင်ထုတ်ယူနိုင်ကြောင်းကြေညာချက်

သက်သေခံဥပဒေပုဒ်မ-၂၆
02/05/2025

သက်သေခံဥပဒေပုဒ်မ-၂၆

MOFA မှ မေလပထမအပတ်မှစပြီး နိုတြီထပ်ဆင့်ထောက်ခံခြင်းကို ဖုန်းSMSမှ Booking ရယူလျှောက်ထားနိုင်ရေး အသိပေးကြေညာ
29/04/2025

MOFA မှ မေလပထမအပတ်မှစပြီး နိုတြီထပ်ဆင့်ထောက်ခံခြင်းကို ဖုန်းSMSမှ Booking ရယူလျှောက်ထားနိုင်ရေး အသိပေးကြေညာ

 #စာချုပ်စာတမ်းကိုမှတ်ပုံတင်ပေးခြင်းအတွက် ပေးဆောင်ရမည့် မှတ်ပုံတင်ခ နှုန်းထားများစာရင်း
29/04/2025

#စာချုပ်စာတမ်းကိုမှတ်ပုံတင်ပေးခြင်းအတွက်
ပေးဆောင်ရမည့် မှတ်ပုံတင်ခ နှုန်းထားများစာရင်း

ရာဇသတ်ကြီးပုဒ်မ-၄၁၄
26/04/2025

ရာဇသတ်ကြီးပုဒ်မ-၄၁၄

 #သတင်းစာကြော်ငြာခနှုန်းထားများကြေညာများ ထည့်သွင်းလိုပါက 09 44990015509 402558180
25/04/2025

#သတင်းစာကြော်ငြာခနှုန်းထားများ
ကြေညာများ ထည့်သွင်းလိုပါက
09 449900155
09 402558180

Address

Maymyo

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Shwe Pyi Win Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share